← Chapters

သဘောတူညီမှု

Vol. 64 Ch. 895

သဘောတူညီမှု

Vol. 64 Ch. 895

အခန်း (၈၉၅) သဘောတူညီမှု

ရန်ကျောက်ကဲကိုနှုတ်ဆက်စကားဆိုပြီးနောက် ဖန်းယွင်ရှန်းက တံခါးပိတ်ကျင့်ကြံခြင်း ဝင်ရောက်ခဲ့သည်။

ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည်လည်း ကျင့်ကြံရန်အတွက် တောင်ပေါ်တွင် ကျန်နေခဲ့မည်ဖြစ်ပြီး ရန်ကျောက်ကဲတို့နှင့်အတူ ခရီးစဉ်လိုက်ပါလာမည် မဟုတ်ပေ။

မျှော်လင့်မထားသောအခြေအနေများ မဖြစ်မလာဘူးဆိုလျှင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားအနေဖြင့် ဤအခွင့်အရေးကိုအသုံးချပြီး နတ်ဘုရားသိခြင်မြင့် နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။

မုန်တိုင်းမွှေလိပ်၏အသွေးအသားများအပြင် ရန်ကျောက်ကဲက တာအိုဆရာ’ရှီ’ ၏ ပိုင်ဆိုင်မှုများထဲမှ ပိဖန်းငှက်၏သွေးအချို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

ပိဖန်းငှက်များက ဆေးလုံးများနှင့်ဆက်တူပြီး ရှည်လျားသော အဖြူရောင်နှုတ်သီးများ ရှိကြသည်။

မီးတောက်ပုံဆောင်ခဲများကတော့ နိမိတ်ဆိုးများကိုယူဆောင်လာသည့်အရာများဖြစ်ပြီး ကပ်ဘေးကျရောက်မည်ကို ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းရှိသည်။

ဤမိစ္ဆာမျိုးနွယ်များ၏သွေးကို တာအိုဆရာ’ရှီ’ က အစီအရင်တည်ဆောက်ရန်အတွက် စုဆောင်းထားခဲ့ခြင်း ဖြစ်၏။

သို့သော် ရန်ကျောက်ကဲလက်ထဲရောက်ရှိလာပြီဖြစ်ရာ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သန့်စင်ကျင့်ကြံသွားမည် ဖြစ်သည်။ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် ရန်ကျောက်ကဲ စီစဉ်ထားသည့်လမ်းကြောင်းအတိုင်း တည်ငြိမ်စွာ တိုးတက်လျှက် ရှိသည်။

ဂိုဏ်း၏အရေးကိစ္စများစီစဉ်ပြီးသည့်နောက် ရန်ကျောက်ကဲနှင့် ရန်တိတို့ ဖုထင်နှင့်အတူ ဝါဒတောင်မှ ထွက်ခွာခဲ့ကြသည်။

လမ်းခရီးတွင် အနည်းငယ် အတွေးလွန်နေဟန်ရှိသောရန်ကျောက်ကဲကိုကြည့်ရင်း ရန်တိ မနေနိုင်ဘဲ ပြုံးလိုက်၏။

“တူမလေး’ဖန်း’အကြောင်း အဖေ သိပြီးပါပြီ ၊ အဲဒါက အန္တရယ်များတယ်ဆိုပေမယ့် သိုင်းကျင့်ကြံသူတစ်ယောက်မှာရှိသင့်တဲ့ စိတ်ထားမျိုးပဲလေ”

ရန်ကျောက်ကဲ နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။

သူက ဤသဘောတရားကိုနားလည်ပြီးသားဖြစ်သည်။ မဟုတ်ပါက ဖန်းယွင်ရှန်း ခရီးထွက်မည့်ကိစ္စကို သူ သဘောတူမည် မဟုတ်ပေ။

သူ နာကျင်ခံစားနေရသည်က စောစောက ဖန်းယွင်ရှန်း သူ့ကိုအနိုင်ကျင့်သွားခြင်းကြောင့် ဖြစ်သည်။

“မကျေနပ်စရာကောင်းလိုက်တာ... မင်းက အနိုင်ကျင့်ပြီး ချက်ချင်းထွက်ပြေးသွားပြီ”

ရန်ကျောက်ကဲ မကျေမနပ်ဖြင့် တွေးလိုက်သည်။

“နောက်တစ်ခါပြန်တွေ့လို့ကတော့ မင်း ငါ့ကိုသေချာပေါက်ပြန်ပေးဆပ်ရမယ်”

ရန်ကျောက်ကဲ ထိုအကြောင်းများကို တွေးတောနေစဉ်မျာပင် သူတို့အဖွဲ့၏ ပထမဆုံးမှတ်တိုင်ဖြစ်သည့် ကျင်းထင်တောင်သို့ ရောက်ရှိလာခဲ့သည်။

ပိုးသားဧကရာဇ်နှင့် အရှေ့တောင်ထိပ်တန်းအရှင်သခင်က အတော်လေးခင်မင်ကြသလို ရန်ကျောက်ကဲ ၊ ဝါဒတောင်တို့သည်လည်း အလားတူပင် အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့် ဆက်ဆံရေးကောင်းမွန်ကြသည်။

ထို့ကြောင့် ဖုထင်က အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်သို့ ရောက်လာသည့်အခါ ကျင်းထင်တောင်သို့ဝင်ရောက်ပြီး အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့် တွေ့ဆုံရန် လိုအပ်လေသည်။

ထို့ပြင် ရန်ကျောက်ကဲရော ဖုထင်ရောက ယင်စန်းတောင်ဓားဘုရင်လင်ဟန့်ဟွာနှင့် ခင်မင်ကြသည်ဖြစ်ရာ ယခု လင်ဟန့်ဟွာပြဿနာတက်သည့်အခြေအနေမျိုးတွင် သူတို့လာရောက်သင့်သည်မှာ သဘာဝပင်။

တစ်ချိန်ချိန်မှာ ဒီလိုဖြစ်လာမည်ဟု ခံစားမိသည့်အခါ ရန်ကျောက်ကဲစိတ်ထဲ အတော်လေး ခံစားချက် ပြင်းထန်သွားသည်။

ဖုထင်ကတော့ ရန်ကျောက်ကဲထက်ပိုပြီး စိတ်ရှုတ်ထွေးနေဟန်ပင်။

သူမက လင်ဟန့်ဟွာနှင့် အတော်လေး ခင်မင်သူ ဖြစ်၏။ လင်ဟန့်ဟွာက ကျင့်ကြံခြင်းအဆင့်ရော အသက်အရွယ်ရော သူမထက်သာလွန်သည်ဖြစ်ရာ ဖုထင်ကို သိုင်းပညာနှင့်ပတ်သက်ပြီး လမ်းညွှန်မှုများ ပြုလုပ်ပေးဖူးသည်။

သို့ပသေိ လင်ဟန့်ဟွာက စန့်ချင်အဆက်အနွယ်တစ်ယောက်ဖြစ်နေကြောင်း သူမ သတိမထားခဲ့မိပေ။

ယခု သတင်းများထွက်လာသည့်အခါ သူမက ယုံကြည်ခြင်းမရှိခဲ့ဘဲ ဖခင်ဖြစ်သူ ပိုးသားဧကရာဇ်ကိုယ်တိုင် အတည်ပြုမှသာ အမှန်တရားကို လက်ခံခဲ့ခြင်းပင်။

ခရီးထွက်လာရင်းဖြင့်ပင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏လေထုက တဖြည်းဖြည်းမငြိမ်သက်ဖြစ်လာသည်ကို ခံစားကြရသည်။

အချိန်ကြာလာသည်နှင့်အမျှ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှလူများဆီသို့ ဤသတင်းက တဖြည်းဖြည်း ပျံ့နှံ့သွားသည်။

လူအများစုက သံသယများဖြင့် ပြည့်နက်နေကြသော်လည်း အမျိုးမျိုးသော အပြောအဆိုများလည်း ထွက်ပေါ်လျှက်ပင်။

ဥပမာ...

“ယင်စန်းတောင်ဓားဘုရင်က စန့်ချင်အဆက်အနွယ်တစ်ယောကလား... ၊ ဒါဆို အရှေ့တောင်ထိပ်တန်းအရှင်သခင်ကလည်း...”

“ယင်စန်းတောင်ဓားဘုရင်က သူ့အကြောင်းဖုံးကွယ်ဖို့အတွက် အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို လှည့်စားခဲ့တာလား ၊ ဒါမှမဟုတ် ကျင်းထင်တောင်တစ်ခုလုံးက စန့်ချင်အဆက်အနွယ်တွေများ ဖြစ်နေမလား”

“အရှေ့တောင်ထိပ်တန်းအရှင်သခင်နဲ့ပတ်သက်လို့ ဘာမှပြဿနာမရှိဘူးဆိုရင််တောင် ယင်စန်းတောင်ဓားဘုရင်က အထက်ဘုံကမ္ဘာမှာ နှစ်ပေါင်းများစွာနေထိုင်ခဲ့တာ ၊ သူဘာတွေလုပ်ခဲ့သလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ”

“ပြီးတော့ ယင်စန်းတောင်ဓားဘုရင်အပြင် တခြားစန့်ချင်အဆက်အနွယ်တွေရော ရှိသေးလား တွေးနေမိတယ်...”

ကောလဟလများက အမျိုးမျိုးထွက်ပေါ်လျှက်ရှိပြီး အချို့က လုပ်ကြံဖန်တီးထားခြင်းများဖြစ်ကာ အချို့ကတော့ အမှန်တရားအနည်းငယ် ပါဝင်သည်။

အခြေအနေမှန်ကို သိရှိသူများအတွက်ကတော့ သတင်းအတုအများစုက ဟာသတစ်ခုလိုပင်။

သို့သော် အမှန်တရားကို မသိရှိသူများအတွက် သတင်းအတုစျေးကွက်ကလည်း အတော်လေးကို ကျယ်ပြန့်လျှက် ရှိ၏။

သို့တိုင် ကိစ္စရပ်တစ်ခုလုံးခြုံကြည့်မည်ဆိုလျှင် အရှေ့တောင်ထိပ်တန်းအရှင်သခင် ‘ချောင်ကျယ်’ နှင့် လင်ဟန့်ဟွာတို့သည် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် ဂုဏ်သတင်းကြီးမားနေဆဲ ဖြစ်၏။ ထို့ကြောင့် လူအများစုက ထိုသတင်းများကို သံသယဝင်ပြီး ယုံကြည်ခြင်း မရှိကြပေ။

သို့သော် ရန်ကျောက်ကဲကတော့ လင်ဟန့်ဟွာအတွက် အခြေအနေကောင်းသည်ဟု မထင်မှတ်ခဲ့ပေ။

ဖုထင်စကားအရဆိုလျှင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်အပြင်ဘက် ဒေသများတွင် လင်ဟန့်ဟွာကို လူထုက အလွန်ဆန့်ကျင်သော သဘောထားရှိနေသည်။

ကျင်းထင်တောင်သို့ရောက်ရှိပြီး လင်ဟန့်ဟွာနှင့်တွေ့ဆုံသည့်အခါ သူက အလွန်တရာ တည်ငြိမ်လျှက် ရှိသည်။

ဓားတစ်လက်ကဲ့သို့ထက်မြက်သောအသွင်ရှိပြီး ဓားကျင့်ကြံသူတစ်ယောက်အသွင်ဖြင့် အပြည့်အဝ လွှမ်းမိုးနိုင်စွမ်းမြင့်မားနေဆဲပင်။

သူ၏ကျောပြင်သည်ဖြောင့်တန်းလျှက် ပုံစံက တည်တံ့လွန်း၏။

“ချင်းယွမ်ဧကရာဇ်ဆီသတင်းရောက်သွားကတည်းက ဒီလိုနေ့မျိုးရောက်လာမယ်ဆိုတာ ငါသိထားပြီးသားပါ”

လင်ဟန့်ဟွာက အေးဆေးတည်ငြိမ်စွာဆိုသည်။

“ရှန်လင်ကျီရဲ့ တန်ခိုးစွမ်းအားနဲ့ ပိုင်းခြားသိမြင်မှုနှစ်ခုလုံးက အားမနည်းဘူး ၊ ကုဟုန်နဲ့ ကျိုးဟောက်ရှန်းကို သူ့လက်က ကယ်တင်လိုက်တုန်းက တချို့ကိစ္စတွေကို သူ့ဆီကနေဖုံးကွယ်နိုင်စွမ်းမရှိ ဖြစ်သွားခဲ့တယ်”

“ရှန်လင်ကျီက ငါ့အကြောင်းကို အထောက်အထားမခိုင်လုံဘဲ သတင်းပြန်ပို့ရင်တောင် ဧကရာဇ်ကတော့ ပြောနိုင်ဆဲပါပဲ”

လင်ဟန့်ဟွာက...

“ဒီကိစ္စကြောင့်နဲ့တော့ ကျင်းထင်တောင်ရဲ့အားနည်းချက်ကို ချုပ်ကိုင်ဖို့ကြိုးစားမယ်ဆိုရင်တော့ မဖြစ်နိုင်ဘူးလေ”

“အားလုံးက ငါကအစပြုခဲ့တာဆိုတော့ ငါနဲ့ပဲ အဆုံးသတ်ရမှာပါ”

လင်ဟန့်ဟွာပြုံးလိုက်သည်။

သူ ပြုံးလိုက်သည့်အခါ သူ၏ဓားသွားပမာထက်ရှမှုက လျော့ကျသွား၏။

“ငါ အထက်ဘုံကမ္ဘာမှာ ဆက်နေလို့ မရတော့ဘူး ၊ နောက်ဆို ငါတို့တွေ ဆုံတွေ့ဖို့ ခက်ခဲသွားပြီ...”

သူက ဆက်ပြောသည်။

“ငါ မကြာခင်ပဲ ထွက်သွားတော့မလို့ပဲ ၊ ဒီနေ့ ညီမလေး’ဖုထင်’ ရောက်လာတာ နှုတ်ဆက်ဖို့အတွက် အတော်ပဲ ဖြစ်သွားတာပေါ့”

ရန်ကျောက်ကဲကလည်း ဤသို့ပင်ဖြစ်လာမည်ဟု မျှော်လင့်ထားခဲ့သည်ပင်။

တိဟွမ်မြေကမ္ဘာဧကရာဇ်၏ အချုပ်အချာအမိန့်က တည်ဆဲဖြစ်သဖြင့် လင်ဟန့်ဟွာ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်လိုက်သည်နှင့် သူ့အတွက် တစ်ခုတည်းသောနည်းလမ်းမှ အထက်ဘုံကမ္ဘာမှ ကိုယ်ဘာသာ ထွက်ခွာသွားရန်သာ ရှိတော့သည်။

သူသာ ထွက်ခွာမသွားပါက ချင်းယွမ်ဧကရာဇ်နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်တို့က ကိစ္စရပ်များ ရှုတ်ထွေးကုန်အောင် မွှေနှောက်ပစ်မည် ဖြစ်သည်။ အရှေ့တောင်ထိပ်တန်းအရှင်သခင် ‘ချောင်ကျယ်’ က လင်ဟန့်ဟွာကို ကာကွယ်ပေးမည်ဆိုလျှင် သူတို့က ပိုပြီးပျော်ရွှင်မည် ဖြစ်သည်။

ထိုသို့သာဖြစ်လာလျှင် အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ နေရာသည်ပင် ထိခိုက်လာနိုင်ဖွယ် မရေရာသောအနေအထား ရောက်သွားနိုင်၏။

ပိုးသားဧကရာဇ်ပင် ကူညီပေးရန် ခက်ခဲပေလိမ့်မည်။

လင်ဟန့်ဟွာက သူ့အပြစ်ကိုသူသိပြီး ထွက်ခွာသွားခြင်းအားဖြင့် ချောင်ကျယ်မှာ လင်ဟန့်ဟွာ လှည့်စားခြင်းကို ခံရသည်ဟုသာ အပြစ်တင်ခံရမည်ဖြစ်ပြီး အခြားသောဖိအားများ လျော့နည်းသွားပေမည်။

တိဟွမ်မြေကမ္ဘာဧကရာဇ်က လင်ဟန့်ဟွာအကြောင်း နဂိုကပင်သိရှိခဲ့သော်လည်း လင်ဟန့်ဟွာက ထူးခြားသူတစ်ယောက်ဖြစ်သဖြင့် ချွင်းချက်အနေဖြင့် လက်ခံထားရန် ချောင်ကျယ်အား ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

တကယ်တော့ တိဟွမ်မြေကမ္ဘာဧကရာဇ်က စန့်ချင်အဆက်အနွယ်များအားလုံး အထက်ဘုံကမ္ဘာသို့ ဝင်ရောက်မလာစေရန် တားမြစ်ထားခဲ့၏။

လင်ဟန့်ဟွာကိုတော့ တိတ်တဆိတ်ခွင့်ပြုထားခဲ့ပြီး သူ့အကြောင်းပေါ်သွားသည့်တစ်နေ့မှာတော့ ယင်စန်းတောင်ဓားဘုရင်အနေဖြင့် အထက်ဘုံကမ္ဘာမှ ထွက်ခွာသွားရမည် ဖြစ်သည်။ ဤသည်က မပြောဘဲနားလည်သည့် သဘောတူညီမှု ဖြစ်သည်။

လင်ဟန့်ဟွာ မည်သူဖြစ်ကြောင်း ပေါက်ကြားသွား၍ မဖြစ်ပေ။ အကယ်၍ သတင်းပေါက်ကြားသွားသည်နှင့် သူ့အနေဖြင့် အထက်ဘုံကမ္ဘာမှ ထွက်သွားရမည်ဖြစ်ပြီး ထွက်ခွာမသွားဘူးဆိုလျှင် ကရုဏာမရှိ ကွက်မျက်ခံရပေမည်။

ယခု လင်ဟန့်ဟွာအကြောင်း ပေါက်ကြားသွားပြီဖြစ်ရာ ထိုသဘောတူညီချက်ကို လိုက်နာရမည်သာပင်။

လင်ဟန့်ဟွာမှာ ဖုထင်အပေါ်တွင်လည်း အပြစ်မကင်းသလိုခံစားရပြီး တောင်းပန်စကားဆိုမိသည်။

“ညီမလေး’ဖုထင်’ ကို နှစ်ပေါင်းများစွာ လျှို့ဝှက်ထားခဲ့မိတယ် ၊ အဲဒါအတွက် တကယ်ကို စိတ်မကောင်းပါဘူး”

ဖုထင်က ခေါင်းခါယမ်းရင်း...

“ဒီလိုမပြောပါနဲ့ အစ်ကို’လင်’ ၊ အစ်ကိုက ကျွန်မကို နှစ်ပေါင်းများစွာ ဂရုစိုက်ပေးခဲ့တဲ့သူပါ”

လင်ဟန့်ဟွာက သက်ပြင်းချရင်း...

“ငါ့စိတ်ထဲ ဆိုးဆိုးရွားရွားခံစားနေရတဲ့အရာ (၂)ခု ရှိတယ်”

သူက ဆက်ပြောသည်။

“ဒီနှစ်တွေတစ်လျှောက်လုံး ငါ့ရဲ့ဂိုဏ်းတူညီအစ်ကိုတွေနဲ့ အချိန်အများကြီးကုန်လွန်ခဲ့တယ် ၊ ဒါပေမဲ့ ငါက သူတို့ကို အမြဲတမ်းလျှို့ဝှက်ထားခဲ့တယ် ၊ အခု ဒီလိုခွဲခွာရပြီဆိုတော့ သူတို့အပေါ် အမှားပြုမိသလိုပဲ”

“ပြီးတော့ ဆရာ့ရဲ့ သင်ပြပေးမှုအောက်မှာ နှစ်အတန်ကြာအောင် နေခဲ့ပေမယ့် နောက်ဆုံးတော့ ဆရာ့ကို ဒုက္ခဖြစ်စေခဲ့တယ် ၊ ဒါကြောင့် ငါ့စိတ်တွေ လွယ်လွယ်နဲ့အနားမရနိုင်ဘူး”

ရန်ကျောက်ကဲ ၊ ရန်တိနှင့် ဖုထင်တို့က လင်ဟန့်ဟွာ၏ ခံစားချက်ကိုနားလည်နိုင်သဖြင့် စကားမဆိုဘဲ တိတ်ဆိတ်နေခဲ့ကြသည်။

သို့သော် လင်ဟန့်ဟွာ၏ ပူဆွေးဝမ်းနည်းခြင်းက ခဏမျှသာဖြစ်ပြီး သူက ချက်ချင်းပင် ရယ်မောလိုက်၏။

“ဒါပေမဲ့ ဆရာ့ရဲ့သင်ပြမှုအောက်မှာ သိုင်းပညာသင်ယူခဲ့ပြီး ဂိုဏ်းတူညီအစ်ကိုတွေနဲ့ ရင်းနှီးခဲ့ရတာက... ဒီကမ္ဘာမှ နှစ်ပေါင်းများစွာ အလကား အချိန်ကုန်ခဲ့တာ မဟုတ်ဘူးပဲလေ...”

“ကဲ... အခု ခွဲခွာရတော့မယ်ဆိုတော့... မင်းတို့အားလုံးနဲ့ တစ်နေ့ပြန်ဆုံဖို့ မျှော်လင့်နေပါ့မယ်”

ရန်ကျောက်ကဲတို့အားလုံးက လင်ဟန့်ဟွာကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

“ယင်စန်းတောင်ဓားဘုရင်က တကယ့်ကိုကြီးမြတ်တဲ့သူပါ ၊ ငါတို့တွေ အမြဲတမ်းလေးစားနေမှာပါ”

လင်ဟန့်ဟွာက ရန်ကျောက်ကဲကိုလှမ်းကြည့်ပြီး ရယ်မောလိုက်သည်။

“မင်းက တကယ့် လူငယ်သူရဲကောင်းတစ်ယောက်ပဲ ၊ မင်း ရှန်လင်ကျီကိုသတ်ပစ်လိုက်တယ်ဆိုတော့... အခု ငါ ထွက်သွားရပေမယ့် စိတ်ထဲအတော်လေးပေါ့ပါးသွားပါတယ်”

All Chapters