ဧည့်သည်ရောက်လာပေမယ့် အိမ်ရှင်ကပျောက်နေ
Vol. 64 Ch. 896
အခန်း (၈၉၆) ဧည့်သည်ရောက်လာပေမယ့် အိမ်ရှင်ကပျောက်နေ
လင်ဟန့်ဟွာက ရန်ကျောက်ကဲကို အတော်လေး အားပေးခဲ့သည်ပင်။
အပြင်ပန်းအရတွင်တော့ ရန်တိနှင့် ဖုထင်တို့ကဲ့သို့ပင် ကွဲပြားခြင်းမရှိဆက်ဆံခဲ့သည်။
သို့တိုင် သူတို့ (၂)ယောက် အကြည့်ချင်းဖလှယ်ကြသည့်အခါ ထုတ်ဖော်ပြောစရာမလိုဘဲ တိတ်ဆတ်သည့်နားလည်မှုတစ်ခု သူတို့ကြားတွင် ရှိနေသည့်အလား ဖြစ်၏။
လင်ဟန့်ဟွာသည် လုန်ချွမ်ဧကရာဇ်၏မွေးရပ်မြေသို့ လာရောက်လိုသဖြင့် အထက်ဘုံကမ္ဘာတွင်နေထိုင်ရန် ရောက်လာသူ ဖြစ်သည်။
ထို့ကြောင့် သံသယကင်းစေရန်နှင့် အန္တရယ်မရှိစေရန် လင်ဟန့်ဟွာက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ဆက်သွယ်ခဲ့ခြင်း သိပ်မရှိပေ။
သူက အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ တပည့်တစ်ယောက်အဖြစ် ဤနေရာတွင် နေထိုင်ခဲ့သည်။
ယခု အဓိကပြဿနာများဖြစ်ပွားပြီး အထက်ဘုံကမ္ဘာမှ အတင်းအကျပ်ထွက်ခွာရန် ဖိအားပေးခံရသဖြင့် သူ့အနေဖြင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့်ဆက်သွယ်ရန် ကြိုးစားရပေမည်။
သူနှင့် ရန်ကျောက်ကဲက ပတ်သက်ဆက်နွယ်မှုမရှိသော်လည်း ရန်ကျောက်ကဲက နတ်ဘုရားအဆုံးသတ်ဓားသိုင်း ကျွမ်းကျင်ကြောင်း တစ်ချိန်က တွေ့ရှိခဲ့ရသဖြင့် အတော်လေး ဂရုစိုက်ပေးခဲ့သည်။ ဤသို့ဂရုစိုက်ပေးသည်မှာ ရန်ကျောက်ကဲ၏ နောက်ခံကို အတည်မပြုနိုင်သောကြောင့်လည်း ဖြစ်၏။
သို့တိုင် ယခုတော့ ရန်ကျောက်ကဲက လင်ဟန့်ဟွာ၏မျက်ဝန်းများထဲတွင် သေချာမှုတစ်ခုကို တွေ့မြင်ရသည်။
ဤသည်က ရန်ကျောက်ကဲကို တွေးထင်စေသည်မှာ...
“လင်ဟန့်ဟွာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ဆက်သွယ်တုန်းက သူတို့က သူ့ကို တစ်ခုခုများပြောခဲ့သလားပဲ”
ရန်ကျောက်ကဲစိတ်ထဲ သံသယများစွာပေါ်လာသည်။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက သူ့အား နတ်ဘုရားထောင်ချောက်ဓားသိုင်းကို အဘယ့်ကြောင့် ပေးအပ်ခဲ့ပါသနည်း။
သူက စန်းချင်း (၃)ပါး တစ်ပြိုင်တည်းကျင့်ကြံသည့်ကိစ္စက လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲပင်။ သူက စန့်ချင်အဆက်အနွယ်များနှင့် သိပ်ပြီး သိကျွမ်းခြင်းလည်း မရှိသဖြင့် သူ၏ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး သတိပြုမိရန်မှာ မဖြစ်နိုင်ပေ။
ရန်ကျောက်ကဲကိုယ်တိုင်သာ ဖွင့်မပြောဘူးဆိုလျှင် နတ်ဘုရားသိမြင်ခြင်းအဆင့်ကို ဖြတ်ကျော်နိုင်ရန် စန့်ချင်အဆက်အနွယ်၏ အဆင့်မြင့်သိုင်းပညာတစ်ရပ် လိုအပ်နေသည့်အကြောင်း မည်သူသိနိုင်ပါမည်နည်း။ ထို့ပြင် ရန်ကျောက်ကဲ အဓိကလိုအပ်နေသည်ကလည်း နတ်ဘုရားထောင်ချောက် ဓားသိုင်းပင် ဖြစ်သည်။
နတ်ဘုရားထောင်ချောက်ဓားသိုင်းကိုသာ မကျင့်ကြံခဲ့ဘူးဆိုလျှင် ရန်ကျောက်ကဲအနေဖြင့် ကျူတောပင်လယ်ဒေသတိုက်ပွဲတွင် အနိုင်ရရန် ခက်ခဲမည်ဖြစ်သည်။
အနိုင်အရှုံးသည်ပင် မသေချာ မရေရာ ဖြစ်သွားနိုင်၏။
ကျင့်ကြံခြင်းအဆင့်မြင့်မားသူများ တိုက်ခိုက်ကြရတွင် အနိုင်အရှုံးဆိုသည်က မျဉ်းပါးပါးလေးတစ်ခုမျှသာ ဖြစ်သည်။
ရှန်လင်ကျီနှင့် ခန်းဖင်းတို့က ဓားသိုင်းကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့၏ အချိန်ရေစီးကြောင်းဓားသိုင်းကို အပြည့်အဝ ဆန့်ကျင်ထိန်းချုပ်ရန်မှာ ခက်ခဲလှသည်။
ပြီးတော့ သူတို့ (၂)ယောက်လုံးက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များ ဖြစ်ကြသဖြင့် ကျင့်ကြံခြင်းအဆင့် မြင်မားကြလေရာ မိုးကောင်းကင်ကိုပင် အံတုနိုင်သည့် ပါရမီရှင်များ ဖြစ်ကြသည်။
ယေဘူယျအားဖြင့် သူတို့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသူများကိုပင် အနိုင်ယူနိုင်စွမ်း ရှိသည်။ သို့သော် နတ်ဘုရားထောင်ချောက်ဓားသိုင်းဖြင့်ဆိုလျှင်တော့ သေချာပေါက် ထိုးနှက်ခံရပေမည်။
တောင်ထိပ်နှင့် ချောက်ကမ်းပါးအကြား ကွာဟချက်ရှိသည်ကတော့ အမှန်ပင်။
ရန်ကျောက်ကဲ မည်သို့မှမနေနိုင်ဘဲ စဉ်းစားလိုက်သည်။
“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကတော့ ရှန်လင်ကျီနဲ့ တာအိုဆရာ’ရှီ’ ပြန်ရောက်လာတယ်ဆိုတာကို သိမှာမဟုတ်ဘူး ၊ ဒါပေမဲ့ သူတို့တွေ ကျူတောပင်လယ်ဒေသအကြောင်း အချက်အလက်တွေ သတင်းတွေ စုဆောင်းမယ်ဆိုရင်တော့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ငါ့ကိုခြိမ်းခြောက်နေတဲ့ အချိန်ရေစီးကြောင်း ဓားသိုင်းကျင့်ကြံသူတွေဖြစ်တဲ့ ခန်းဖင်း ၊ ကုကျန်းနဲ့ ဟယ်တုန်းချန်တို့ရှိတယ်ဆိုတာ သတိထားမိဖို့က မခဲယဉ်းဘူး”
ဟုတ်ပေ၏။
အပြာရောင်ခရီးရည်ကောင်းကင်ဘုံမှလူများက ရန်ကျောက်ကဲနှင့် ဝါဒတောင်ကို အတိုင်းအတာတစ်ခုအထိ လျှော့တွက်ထားမည်မှာ သေချာသည်။
မည်သို့ပင်ဖြစ်စေ သူတို့က ရန်ကျောက်ကဲကို နတ်ဘုရားထောင်ချောက်ဓားသိုင်း လက်ဆောင်ပေးအပ်ပြီး ကူညီခဲ့သည်မှာတော့ အသေအချာပင်။
စွန်းကျုန်းတာ့ကို ပြန်လည်ရွေးယူရန်အတွက် ပြုလုပ်ခဲ့သည်ဆိုလျှင် စွန်းကျုန်းတာ့ကိုယ်တိုင်တောင် ယုံမည်မဟုတ်ပေ။
ရန်ကျောက်ကဲကတော့ အမြတ်ထွက်သွားသည်က အမှန်ဖြစ်၏။ ဤနေရာတွင် ထိခိုက်နစ်နာမှုများရှိမရှိဆိုသည်ကတော့ စောင့်ကြည့်ရဦးမည်သာ။
သို့တိုင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံပဲဖြစ်ဖြစ် ၊ သူ့အရှေ့မှ လင်ဟန့်ဟွာပဲဖြစ်ဖြစ် ရန်ကျောက်ကဲနားမလည်နိုင်လောက်အောင် သူ့အပေါ် စေတနာကောင်းခဲ့ကြသည်။
ဤသည်က သူ့ကို ပဟေဠိ ဖြစ်စေသည်။
“ထူးဆန်းလိုက်တာ...”
ရန်ကျောက်ကဲစိတ်ထဲ သံသယများစွာဖြင့် ခေါင်းတစ်ချက်ခါယမ်းလိုက်သည်။
လင်ဟန့်ဟွာက ရန်ကျောက်ကဲစိတ်ထဲမှ ပဟေဠိများကို ခံစားမိဟန်ဖြင့် ရန်ကျောက်ကဲကိုကြည့်ရင်း မည်သည့်စကားမှမဆိုဘဲ ပြုံးနေခဲ့သည်။
လင်ဟန့်ဟွာက ဤသို့သောနေ့မျိုးအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားဟန် ရှိသည်။ သူ့ပုံစံက အမှန်တကယ်ပင် တည်ငြိမ်နေ၏။
သူက တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၏ ကျူးကျော်မှုကို ချေမှုန်းခဲ့ပြီး သူ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည့် ရှန်လင်ကျီမှာလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
လင်ဟန့်ဟွာ အထက်ဘုံကမ္ဘာမှ ထွက်မသွားချင်သည့်တိုင် နောင်တ မရရှိခဲ့ပေ။
နောက် (၂)ရက်မှာတော့ လင်ဟန့်ဟွာ ကျင်းထင်တောင်မှ ထွက်ခွာသွားပြီး အထက်ဘုံကမ္ဘာကို စွန့်ခွာကာ မည်သည့်နေရာသို့သွားမှန်းမသိ ပျောက်ကွယ်သွားတော့သည်။
ကျင်းထင်တောင်ထိပ် ၊ လင်ဟန့်ဟွာနေထိုင်ရာ ကျောက်ဂူအိမ်တော်သို့ မုကျွင်းနှင့် ကျင်းထင်တောင်မှတပည့်များ ၊ ရန်ကျောက်ကဲ ၊ ရန်တိနှင့် ဖုထင်တို့အားလုံး လင်ဟန့်ဟွာကို လိုက်ပါပို့ဆောင်ခဲ့ကြသည်။
သူတို့အားလုံး၏ စိတ်ခံစားချက်များ ရှုတ်ထွေးနေပြီး အချို့က လှည့်စားခံရသည့်အတွက် နာကျည်းမုန်းတီးမှုများ ခံစားနေကြရသည့်တိုင် ကျင်းထင်တောင်မှ တပည့်အများစုက လင်ဟန့်ဟွာနှင့် ခွဲခွာချင်စိတ် မရှိခဲ့ကြပေ။
မုကျွင်းက လင်ဟန့်ဟွာ နေထိုင်ရာနေရာ နောက်တစ်ခုဖြစ်သည့် ယင်စန်းတောင် အိမ်တော်သို့ ထွက်ခွာသွားပြီး ထိုနေရာကို ပုံမှန်အတိုင်း ထိန်းသိမ်းထားရန် အစေခံများကို မှာကြားခဲ့သည်။
အရှေ့တောင် ထိပ်တန်းအရှင်သခင် ချောင်ကျယ်ကတော့ ရောက်မလာခဲ့ပေ။ သူ့အနေဖြင့် နှုတ်ဆိတ်နေခဲ့ခြင်းက ဤလုပ်ရပ်များအားလုံးကို ခွင့်ပြုသည့်သဘောပင် ဖြစ်၏။
အရှေ့တောင်နတ်ဓားမယ်နှင့် ကျင်းထင်တောင်မှ အခြားသောဝါရင့်အကြီးအကဲများကလည်း ဤကိစ္စနှင့်ပတ်သက်ပြီး တိတ်ဆိတ်နေခဲ့ကြသည်။
“’ဖု’မိန်းကလေး... ငါတို့လည်းခရီးဆက်သင့်ပြီထင်တယ်”
လင်ဟန့်ဟွာထွက်ခွာသွားပြီးနောက် အရှေ့တောင်ထိပ်တန်းအရှင်သခင်နှင့်လည်း တွေ့ဆုံခဲ့ကြပြီးဖြစ်ရာ ရန်ကျောက်ကဲက အတွေးများကိုရပ်တန့်ရင်း ဖုထင်အား ပြောလိုက်သည်။
ဖုထင်က ခေါင်းညိတ်ရင်း...
“’ရန်’ သခင်လေး ၊ ‘ရန်’ ဂိုဏ်းချုပ်... ကြွပါ...”
အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ် ၊ ကျင်းထင်တောင်မှ ထွက်ခွာလာပြီးနောက် ဖုထင်က အရိပ်ကျုံ့အိတ်တစ်လုံးကို ထုတ်ယူလိုက်သည်။
သူမက အရိပ်ကျုံ့အိတ်အတွင်းမှ ရတနာပစ္စည်းများစွာကို ထုတ်ယူလိုက်ပြီး အလျှင်အမြန်ပင် လေထုထဲတွင် အစီအရင်တစ်ခု တည်ဆောက်လိုက်သည်။
အစီအရင်က ရှုတ်ထွေးခြင်းမရှိသော်လည်း အတော်လေးနက်ရှိုင်းပြီး ထူးခြားသောအခြေခံမူများ ပါရှိသည်။
အစီအရင်အခြေခံမူက ရိုးရှင်းသော်လည်း ခမ်းနားကြီးကျယ်သည့် ယာဇ်ပလ္လင်တစ်ခု ဖြစ်တည်လာသည်။
ဖုထင်က ယာဇ်ပလ္လင်ထက်သို့တက်လိုက်ပြီး လက်ဖဝါးများကိုဆန့်တန်းကာ လက်တစ်ဖက်ကို ကောင်းကင်ထက်သို့ပင့်မြှောက်ကာ ကျန်လက်တစ်ဖက်ကို ပလ္လင်အောက်သို့ ရိုက်ချလိုက်သည်။
ထိုအခါ ယာဇ်ပလ္လင်ထက်မှ အလင်းတိုင်လုံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ထိုးဖောက်ဝင်ရောက်သွားသည်။
အဆုံးမရှိဟု ထင်မှတ်ရပြီး ထူးခြားလှသော အလင်းတိုင်လုံကြီးက ဗလာနယ်ကိုထိုးဖောက်ကာ ထက်ကောင်းကင်ယံတွင် အပေါက်တစ်ခုပွင့်သွားသည်။
ရန်ကျောက်ကဲနှင့် ရန်တိတို့လည်း ဖုထင်နှင့် မြောက်ဖေးတောင်ထွတ်မှ သိုင်းသမားများနောက်သို့လိုက်သွားပြီး ထိုအလင်းတိုင်လုံးအတွင်းဝင်ရောက်ကာ ပြင်ပလောကသို့ ဦးတည်ထွက်ခွာသွားကြသည်။ အလင်းတိုင်လုံး၏လမ်းညွှန်မှုဖြင့် သူတို့အားလုံး၏ ပုံရိပ်များသည် မရေမတွက်နိုင်သော အာကာသဗလာနယ်အလွှာများကို ဖြတ်ကျော်ကာ အလင်းတိုင်လုံးနှင့် တစ်သားတည်းပေါင်းစပ်သွားကြသည်။
ထိုခဏတွင် အချိန်စီးဆင်းမှုက ထာဝရနှင့်တစ်ခဏတူညီနေသဖြင့် လုံးဝအဓိပ္ပါယ်ပေါ်လွင်ခြင်းမရှိဟု ထင်မှတ်ရသည်။
ရန်ကျောက်ကဲနှင့် အခြားသူများ၏မျက်စိရှေ့တွင် ပရမ်းပတာအာကာသဗလာနယ်ဖြစ်စဉ်များ ပျောက်ကွယ်သွားပြီး အလင်းရောင်များ ပြန်လည်တွေ့မြင်ရချိန်တွင် သူတို့ရှေ့တွင်ရှိနေသည့် နတ်ဘုရားနယ်မြေတစ်ခုကို တွေ့မြင်လိုက်ရသည်။
ဤနေရာတွင် ဗလာနယ်နှင့်ပတ်သက်သည့်လက္ခဏာထူးခြားချက်များမတွေ့ရှိရဘဲ သန့်စင်သော မူလချီစွမ်းအား (၂)ခုဖြစ်သည့် ယင်နှင့် ယန်က ငြိမ်သက်စွာရှိနေသည်။
ယင်နှင့်ယန်က ဗလာနယ်ထဲတွင် တောက်ပလာလိုက် မှေးမှိန်သွားလိုက်ဖြင့် မရပ်မနား လှည့်ပတ်လျှက် ရှိသည်။
အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ ဤနေရာအလယ်ဗဟိုတွင် အမွှာချီစွမ်းအားဖြစ်သော အဖြူရောင်နှင့်အနက်ရောင်ချီစွမ်းအားတို့ ရောယှက်နေသည့် ရှေးရိုးရာဆန်သော နန်းတော်ကြီးတစ်ခုကို တွေ့လိုက်ရသည်။
ထိုနန်းတော်ကြီးကိုမြင်တော့ ရန်ကျောက်ကဲနှင့် ရန်တိတို့တွေးလိုက်ကြ၏။
“ဒီနန်းတော်က ပိုးသားဧကရာဇ်စံမြန်းနေထိုင်တဲ့ အမုန်းတရားမဲ့တာအိုနန်းတော် ဖြစ်ရမယ်”
ဖုထင်နှင့် အခြားသူများက သူတို့နှစ်ယောက်ကို လမ်းပြခေါ်ဆောင်သွားလေရာ ထိုနေရာမှာ အမုန်းတရားမဲ့တာအိုနန်းတော်ဖြစ်ကြောင်း ပိုပြီးသေချာသွားသည်။
နန်းတော်တံခါးပွင့်သွားပြီး လူတစ်ယောက်ထွက်လာကာ ဖုထင်ကို ဦးညွှန်ဂါရဝပြုလိုက်သည်။
“ဆရာဒေါ်လေး ‘ဖုထင်’”
ထိုသူက မြောက်ဖေးတောင်ထွတ်မှတပည့်တစ်ယောက်ဖြစ်ပြီး ဖုထင်ထက်မျိုးဆက်တစ်ဆက်ငယ်ရွယ်သူ ဖြစ်သည်။
ထိုသူကိုတွေ့သည်နှင့် ဖုထင်က ချက်ချင်းပင် စကားဆိုသည်။
“ဒီနှစ်ယောက်က အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသ ၊ ဝါဒတောင်က ‘ရန်’ ဂိုဏ်းချုပ်နဲ့ ‘ရန်’ သခင်လေးပါ ၊ ခမည်းတော်ရဲ့ဖိတ်ကြားမှုနဲ့ တာအိုနန်းတော်ကို ရောက်လာကြတာပါ”
မြောက်ဖေးတောင်ထွတ်မှတပည့်က ချက်ချင်းပင် ရန်ကျောက်ကဲ ၊ ရန်တိနှင့် ဖုထင်နှင်အတူပါလာသော တပည့်များအားလုံးကို နှုတ်ဆက်စကားဆိုလိုက်သည်။
သို့သော် ထိုသူက ရန်ကျောက်ကဲနှင့် ရန်တိကို တစ်ချက်အကဲခတ်လိုက်ပြီး ဖုထင်ကို အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။
“ဆရာဒေါ်လေး... ဆရာဘိုးဘိုး ဒီမှာမရှိဘူး”
ထိုစကားကြားတော့ ဖုထင်အံ့အားသင့်သွားပြီး...
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ ခမည်းတော်ပဲ ဧည့်သည်တွေကို ဒီကိုလာဖို့ ဖိတ်ကြားခိုင်းထားတာလေ ၊ အရေးပေါ်ကိစ္စရှိလို့များ အထက်ဘုံကမ္ဘာက ခွန်လွန်တောင်ကို ပြန်သွားတာများလား”
မြောက်ဖေးတောင်ထွတ်မှတပည့်က ပြုံးရန်ကြိုးစားရင်း...
“တကယ်တော့ ဆရာဘိုးဘိုးထွက်သွားတာ သိပ်မကြာသေးဘူး ၊ ဘာကိစ္စလဲဆိုတာ ကျွန်တော်လည်း အတိအကျမသိဘူး ၊ သူက ဆရာဒေါလေးအတွက် စာတစ်စောင်ချန်ထားခဲ့ပါတယ်”
ဖုထင်က မျက်မှောင်ကြုံ့ရင်း...
“ဒါဖြင့် ဧည့်သည်နှစ်ယောက်အတွက် နေရာထိုင်ခင်း ပြင်ဆင်ပေးလိုက်ပါ ၊ ပြီးတော့ ခမည်းတော်ချန်ထားခဲ့တဲ့စာက ဘယ်မှာလဲ ၊ ငါ့ဆီယူလာခဲ့ပါ”