ပျောက်ဆုံးနေတဲ့’ပိုးသားဧကရာဇ်’
Vol. 64 Ch. 897
အခန်း (၈၉၇) ပျောက်ဆုံးနေတဲ့’ပိုးသားဧကရာဇ်’
အရင်တုန်းကဆိုလျှင်...
ပိုးသားဧကရာဇ်နားထဲသို့ သတင်းစကားပျံ့နှံ့လာသည့် မျိုးဆက်သစ်လူငယ်များထဲမှ ပါရမီရှင် တန်ခိုးစွမ်းအားရှင်များ ရှိခဲ့ဖူးသည်။
သိချင်စိတ်ဖြစ်ခြင်း ၊ အရည်အချင်းကို လေးစားခြင်းများကြောင့် ပိုးသားဧကရာဇ်က ထိုပါရမီရှင်များကို ကိုယ်တိုင်ခေါ်ယူတွေ့ဆုံလေ့ ရှိခဲ့သည်။ သူ သဘောကျသောလူငယ်များဆိုလျှင် ပိုးသားဧကရာဇ်က တာအိုကျင့်ကြံခြင်းနှင့်ပတ်သက်သော လမ်းညွှန်မှုများကိုပင် ပြုလုပ်ပေးသေးသည်။
သို့သော် ယခုတစ်ကြိမ် ရန်ကျောက်ကဲနှင့် ရန်တိတို့ကို ဖိတ်ကြားခြင်းမှာ ကိုယ်ရေးကိုယ်တာတွေ့ဆုံခြင်းထက် တရားဝင်ဖိတ်ကြားခြင်းဖြစ်ကြောင်း ဖုထင် သိရှိခဲ့သည်။
အကြောင်းပြချက်ကို ခန့်မှန်းရလျှင် ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူ ၊ ယိုးမင်ဂမ္ဘီရစက်ဝန်းများဖြင့် ဆက်စပ်နိုင်ခြေ ရှိ၏။
ထိုသို့သောအခြေအနေမျိုးတွင် ပိုးသားဧကရာဇ်အနေဖြင့် အမုန်းတရားမဲ့တာအိုနန်းတော်မှထွက်ခွာသွားရန် အကြောင်းပြချက် မရှိပေ။
ပိုးသားဧကရာဇ်က သူ၏ကိုယ်ပိုင်ကိစ္စရပ်များကိုကိုင်တွယ်ရာတွင် အရေးမစိုက်လုပ်နိုင်သော်လည်း သူကိုယ်တိုင်ဖိတ်ကြားထားသည့်ဧည့်သည်တော်များကိုတော့ လျစ်လျူရှုထားမည် မဟုတ်ပေ။
အရေးကြီးကိစ္စရှိသဖြင့် ဧည့်သည်တော်များနှင့်မတွေ့ဆုံခင် ခဏမျှစောင့်ခိုင်သည်က ပုံမှန် ဖြစ်သည်။
သို့သော် ပိုးသားဧကရာဇ် ယခုကဲ့သို့ အမုန်းတရားမဲ့တာအိုနန်းတော်မှ လုံးဝပျောက်ကွယ်သွားခြင်းက ပုံမှန်မဟုတ်ဟု ယူဆနိုင်သည်။
ဖခင်ဖြစ်သူက သူမအတွက်စာတစ်စောင်ထားခဲ့သည်ဟု သတင်းကြားတော့ ဖုထင် ပိုပြီး စိတ်မသက်မသာ ခံစားရသည်။ ဤစာတစ်စောင်၏တည်ရှိမှုက ပိုးသားဧကရာဇ် အချိန်တိုအတွင်းပြန်လည်မည်မဟုတ်ကြောင်း အတိအကျ ဖော်ပြနေ၏။
သူမက ဂိုဏ်းတူတပည့်များအား ဧည့်သည်များကို ဂရုစိုက်ပေးရန် မှာကြားပြီးနောက် နန်းတော်အတွင်းပိုင်းသို့ ဝင်ရောက်သွားသည်။
ရန်ကျောက်ကဲနှင့်ရန်တိတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး အခြေအနေက ပုံမှန်မဟုတ်ကြောင်း နားလည်လိုက်ကြသည်။
ရန်တိက တည်ငြိမ်စွာဖြင့်...
“ငါတို့ စောင့်ကြည့်ကြတာပေါ့”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးသက်သောင့်သက်သာဖြင့်ပင်ရှိနေပြီး လုံဝ စိုးရိမ်ဟန် မပြပေ။ သူကျင့်ကြံထားသည့်သိုင်းပညာများနှင့်ပတ်သက်ပြီး အခြေခံကျကျ ခွဲခြမ်းစိတ်ဖြာမှုများကို စတင်ပြုလုပ်လိုက်၏။
အမုန်းတရားမဲ့တာအိုနန်းတော်တည်ရှိရာ နတ်ဘုရားနယ်မြေအတွင်း ဝင်ရောက်ပြီးသည်နှင့် ယင်နှင့်ယန်ချီစွမ်းအားများက အခြားနေရာများနှင့် မတူကွဲပြားကြောင်း ရန်ကျောက်ကဲ တွေ့ရှိခဲ့သည်။ ထို ယင်နှင့်ယန် စွမ်းအားများက တစ်ခုနှင့်တစ်ခု ချောမွေ့စွာချိတ်ဆက်သွားပြီး အဆုံးမရှိစီးဆင်းသွားကြသည်။
ယင်ယန်ကောင်းကင်ဘုံကျမ်းစာ သို့မဟုတ် ရှန်းထျန်းဝူထိုက်မှ ထိုက်ကျိကို ကျင့်ကြံသူများအတွက် တကယ့်စံပြနယ်မြေတစ်ခု ဖြစ်၏။
ပတ်ဝန်းကျင် ဝိညာဉ်စွမ်းအားများကလည်း အထက်ဘုံကမ္ဘာ ၊ ခွန်လွန်တောင် ၊ မြောက်ဖေးတောင်ထွတ်ထက်ပင် ပိုမိုများပြားပြီး အံ့သြစရာကောင်းလှသည်။ ထိုက်ကျိပညာကို ကျင့်ကြံကြသော ပိုးသားဧကရာဇ်၏တပည့်များအတွက် ဤတာအိုနန်းတော်က သိသိသာသာ ကောင်းမွန်လွန်းလှသည်။
ဤနေရာတွင် ကျင့်ကြံရင်း သူအသုံးပြုသော ထိုက်ကျိယင်ယန်လက်ဝါးသိုင်းတွင် မူကွဲအသစ်များပင် မွေးဖွားလာနိုင်သည်ဟု ရန်ကျောက်ကဲခံစားမိသည်။
ရန်ကျောက်ကဲကိုကြည့်ရင်း ရန်တိက မနေနိုင်ဘဲ ပြုံးလိုက်သည်။
“မင်းကတော့ အချိန်ကိုကောင်းကောင်းအသုံးချတတ်တာပဲ”
ပြောပြီးသည်နှင့် ရန်တိသည်လည်း ယင်ယန်ကောင်းကင်ကျမ်းစာကို ခွဲခြမ်းစိတ်ဖြာရင်း ကျင့်ကြံခြင်း စတင်လိုက်သည်။
ရန်ကျောက်ကဲတို့သားအဖကို ဧည့်ခံရန်တာဝန်ယူထားသော မြောက်ဖေးတောင်ထွတ်မှ တာဝန်ခံတပည့်များသည်ပင် သူတို့၏တည်ငြိမ်ခြင်းကိုတွေ့မြင်ရသည့်အခါ အံ့အားတသင့် ဖြစ်ခဲ့ကြရသည်။
သို့သော် စောင့်ဆိုင်းရမှုက အချိန်အတော်ကြာခဲ့သည်။
ဤသည်က ဧည့်သည်များအပေါ် အတော်လေး မယဉ်ကျေးရာ ရောက်သည်ပင်။
ပိုးသားဧကရာဇ်၏ အဆင့်အတန်းဖြင့်ဆိုလျှင် အမတကူးပြောင်းခြင်းအဆင့်သို့ မရောက်သေးသည့် သာမန်သိုင်းကျင့်ကြံသူ (၂)ယောက်အပေါ် ဤသို့ပြုမူသည်က မောက်မာသည်ဟု မယူဆနိုင်ပေ။ သို့သော် ပိုးသားဧကရာဇ်တွင် ထိုသို့ပြုလုပ်ရန် အကြောင်းမရှိဟု ခံစားမိသည်။
ရန်ကျောက်ကဲလက်ထဲတွင် ရွှမ်ရှောက်ကျိကျွင်းမီးပြင်းဖိုရှိနေသည်ဟု သေချာလျှင်ပင် ပိုးသားဧကရာဇ်အနေဖြင့် ဤသို့ပြုမူခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း လှုပ်ရှားမှုပြုနိုင်သည်။ ရန်ကျောက်ကဲနှင့် ရန်တိကို ဤနေရာတွင် ဤအတိုင်းထားပြီး မေ့လျော့ထားခြင်းမျိုး ပြုလုပ်ရန် မလိုအပ်ပေ။
“အရေးကြီးကိစ္စတစ်ခုခု ပေါ်လာတာများလား”
ရန်ကျောက်ကဲ တွေးလိုက်သည်။
ချင်းယွမ်ဧကရာဇ်နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင်က တစ်ခုခုလှုပ်ရှားလိုက်ကြသောကြောင့်လား။
ရန်ကျောက်ကဲ စိတ်ထဲမှ အမျိုးမျိုးသောမှန်းဆချက်များကို မျိုသိပ်ပြီး ငြိမ်သက်စွာ ထိုင်နေလိုက်သည်။
ထိုအချိန် သူ့နားထဲ ရန်တိ၏စကားသံက ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
“အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှာ တစ်ခုခုထပ်ဖြစ်ပြန်ပြီလား မသိဘူး”
ရန်တိလည်း ရန်ကျောက်ကဲကဲ့သို့ပင် မှန်းဆနေခဲ့သည်။
ရန်ကျောက်ကဲက...
“အခုလောလောဆယ်တော့ သေချာမပြောနိုင်သေးဘူး ၊ ယုတ္တိကျကျ ပြောရရင်တော့ မဖြစ်နိုင်ဘူးလို့ ခံစားရတယ်”
“အထက်ဘုံကမ္ဘာမှာ တန်ခိုးစွမ်းအားနဲ့ သြဇာအာဏာအမြင့်မားဆုံးက ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါးနဲ့ အရှင်သခင် (၁၀)ပါးပဲ ၊ ဒါပေမဲ့ အထက်ဘုံကမ္ဘာကို စောင့်ကြပ်နေတဲ့ အရှင်သခင် (၁၀)ပါးနဲ့ယှဉ်ရင် ဧကရာဇ်တွေနဲ့ အုပ်စိုးရှင်တွေက အချိန်နည်းပါးကြပုံရတယ်”
“သူတို့က သူတို့နေရာမှာ နေထိုင်မယ်ဆိုရင်တောင် တံခါးပိတ်ကျင့်ကြံရင်း အချိန်ဖြုန်းနေနိုင်တာပဲ”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“ကျန်တဲ့အချိန်တွေမှာတော့ သူတို့က ပြင်ပဗလာနယ်အာကာသထဲမှာ လှုပ်ရှားနေကြတယ်”
မဟာကပ်ဘေးကြီးမတိုင်ခင် အဆုံးမရှိသော အသင်္ချေကမ္ဘာကြီးက ကပ်ဘေးကြီးပြီးဆုံးသည့်နောက် မရေမတွက်နိုင်သည့် ကမ္ဘာများနှင့် အနန္တဗလာနယ်အာကာသများအဖြစ် ပြိုကွဲသွားခဲ့သည်။
အမည်မသိ တည်ရှိမှုများစွာအပြင် ကျယ်ပြန့်ပြီး အကန့်အသတ်မရှိသော ဖန်တီးခြင်းတရားများလည်း ရှိခဲ့သည်။
ဤအရာများအားလုံးကို စုံစမ်းသိရှိရန်မှာ လုံလောက်သောတန်ခိုးစွမ်းအားနှင့် ကြိုးစားအားထုတ်မှုများစွာ လိုအပ်သည်။
ထို့ပြင် ဗုဒ္ဓဘာသာ၏တည်ရှိမှုက ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါး၏ အချိန်နှင့် စိတ်အာရုံကို ကန့်သတ်ထားနိုင်ဖွယ် ရှိ၏။
ပြီးတော့ ဘယ်တော့မှ လျှော့တွက်၍မရသလို လျစ်လျူမရှုနိုင်သော ငရဲကိုးထပ်သည်လည်း ရှိသေးသည်။
ထို့ကြောင့် တိဟွမ်မြေကမ္ဘာဧကရာဇ်အပါအဝင် အထက်ဘုံကမ္ဘာမှ အထွတ်ထိပ်တန်ခိုးစွမ်းအားရှင်များဖြစ်သော ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးတို့သည် မကြာခဏ အထက်ဘုံကမ္ဘာမှ ထွက်ခွာသွားကြခြင်း ဖြစ်၏။
လွန်ခဲ့သောနှစ်အနည်းငယ်ကတည်းက ပိုးသားဧကရာဇ်က ဗလာနယ်အာကာသထဲတွင် ရှိနေခဲ့သည်။
မကြာခင်ကမှ သူ၏မိတ်ဆွေ အရှေ့တောင်ထိပ်တန်းအရှင်သခင်ကိုကူညီရန် အမြန်ပြန်လာခဲ့ခြင်း ဖြစ်ပြီး ကံကောင်းစွာပင် အချိန်မီ ကူညီနိုင်ခဲ့၏။
ပိုးသားဧကရာဇ်ပြန်ရောက်လာသည်နှင့် ချင်းယွမ်ဧကရာဇ်နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင်တို့က သူတို့၏စစ်အလံရှည်များကို နှိမ့်ချပြီး စစ်ဗုံတီးခတ်မှုများကို ရပ်တန့်ခဲ့ကြသည်။
ယေဘူယျအားဖြင့်ဆိုရသော် ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါးနှင့် ထိပ်တန်းအရှင်သခင် (၁၀)ပါး အဆင့်ရှိသူများ၏ တိုက်ပွဲက ပေါ့ပေါ့တန်တန် ဖြစ်လိမ့်မည်မဟုတ်ပေ။
အရင်က ရန်ကျောက်ကဲကြုံတွေ့ဖူးသည့် အရှေ့မြောက်ထိပ်တန်းအရှင်သခင်နှင့် အရှေ့ပိုင်းထိပ်တန်းအရှင်သခင်တို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည့်တိုက်အမှန်တကယ် ထိုးနှက်တိုက်ခိုက်ခဲ့ကြခြင်း မရှိပေ။
ထို့ကြောင့် အရှေ့တောင် ထိပ်တန်းအရှင်သခင်နှင့် တောင်ပိုင်းထိပ်တန်းအရှင်သခင်တို့သည်လည်း ရွေးချယ်စရာမရှိဘဲ ထိပ်တိုက်တွေ့ကြသည့်တိုင် သူသေကိုယ်သေတိုက်ခိုက်ကြမည်တော့ မဟုတ်ပေ။
ဧကရာဇ်မင်းများအကြား နောက်ဆုံးတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
ထို့ကြောင့် ပိုးသားဧကရာဇ် ဗလာနယ်အာကာသထဲမှ ပြန်လာသည့်အခါ ချင်းယွမ်ဧကရာဇ်က ရိုးရှင်းစွာပင် ဆုတ်ခွာသွားခဲ့သည်။
သူတို့ (၂)ယောက် တိုက်ပွဲစတင်မည်ဆိုပါကလည်း အခြားသော အုပ်စိုးရှင်တစ်ပါးပါး သို့မဟုတ် ဧကရာဇ် (၃)ပါးထဲမှတစ်ပါးတို့က စေ့စပ်ညှိနှိုင်းရန်နှင့် သတိပေးရန် ထွက်ပေါ်လာမည် ဖြစ်၏။
ချင်းယွမ်ဧကရာဇ်က အရှေ့တောင်ထိပ်တန်းအရှင်သခင်ကို အင်အားသုံးရန်မလိုဘဲ စွမ်းအားရောင်ဝါတစ်ခုတည်းဖြင့် ဖိနှိပ်နိုင်ခဲ့သည်။
အချိန်အများစုတွင် အထက်ဘုံကမ္ဘာမှ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များ၏ အငြင်းပွားမှုများက နောက်ကွယ်တွင် ဖြစ်ပွားနေလေ့ရှိပြီး နှစ်ဖက်လုံးတွင် ထောက်ခံသူများရှိကြသလို နောက်ဆုံး ဆုံးဖြတ်ချက်ချခြင်းများတွင် နှစ်ဖက်လုံးမှ ထောက်ခံသူများက မိမိထောက်ခံသည့်ဘက် အနိုင်ရရန် ကြိုးပမ်းခဲ့ကြသည်။
ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသည့် သိုင်းကျင့်ကြံသူများကြား ပြင်းထန်သည့်တိုက်ပွဲများ ဆင်နွှဲလေ့ရှိကြသည့်တိုင် အထွတ်ထိပ်အဆင့် ကျင့်ကြံသူများကတော့ သူသေကိုယ်သေ အမှန်တကယ်တိုက်ခိုက်ခြင်းက အလွန်ရှားပါး၏။
အကြောင်းမှာ ကမ္ဘာလောကအပြင်ဘက်တွင် အင်အားကြီးရန်သူများ ရှိနေဆဲ မဟုတ်ပါလား။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် တာအိုဝါဒ၏အင်အားနှင့်စွမ်းအားများ ကြီးစွာထိုးနှက်ခံရပြီး တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာကာ နောက်ဆုံးတွင် အတိတ်တစ်ချိန်ကပမာ ပြန်လည်ထွန်းကားလာခဲ့သည်။
ထို့ကြောင့် အထက်ဘုံကမ္ဘာမှ ဧကရာဇ်များနှင့် အုပ်စိုးရှင်များအားလုံးက လက်ရှိအခြေအနေကို အလွန်တန်ဖိုးထားကြသည်။
ပိုးသားဧကရာဇ် အထက်ဘုံကမ္ဘာမှ တစ်ဖန်ပြန်လည်ထွက်ခွာသွားခြင်း သို့မဟုတ် ချင်းယွမ်ဧကရာဇ် အားကောင်းသည့် အင်အားဖြည့်တင်းမှုအသစ်များ မရရှိပါက ချင်းယွမ်ဧကရာဇ်အနေဖြင့် နောက်တစ်ကြိမ် လှုပ်ရှားတော့မည် မဟုတ်ပေ။
ရန်ကျောက်ကဲနှင့် ရန်တိတို့ ဆွေးနွေးနေကြစဉ်မျာပင် ဖုထင် ပြန်ရောက်လာသည်။
ဖုထင်၏မျက်နှာအမူအရာက သူတို့သားအဖကို အလေးအနက်တောင်းပန်နေဟန်ရှိသော်လည်း စိုးရိမ်ပူပန်ခြင်းတော့ မရှိပေ။
ကိစ္စရပ်များက သိပ်ပြီးအရေးကြီးဟန်မရှိကြောင်း နားလည်လိုက်သဖြင့် ရန်ကျောက်ကဲနှင့်ရန်တိတို့လည်း စိတ်သက်သာရာ ရသွားကြသည်။
“ကျွန်မရဲ့ ခမည်းတော်က အရေးပေါ်ကိစ္စတစ်ခုကြောင့် ထွက်သွားရတယ် ၊ ခပ်မြန်မြန်တော့ ပြန်လာနိုင်မှာ မဟုတ်ဘူး ၊ ဒီလိုဖြစ်သွားဖို့ တကယ်မရည်ရွယ်ပါဘူး ၊ ‘ရန်’ ဂိုဏ်းချုပ်နဲ့ ‘ရန်’ သခင်လေးတို့ ဒီကိစ္စအတွက် အပြစ်မယူဖို့ တောင်းပန်ပါတယ်”
ဖုထင်က တောင်းပန်စကားဆိုသည်။
ရန်ကျောက်ကဲက...
“ကိစ္စမရှိပါဘူး ၊ ငါတို့ အဆင်ပြေပါတယ်”
ဖုထင်က...
“ခမည်းတော်က အထက်ဘုံကမ္ဘာနဲ့အဝေးကြီးကို သွားမှာမဟုတ်ပါဘူး ၊ ဒါကြောင့် ရေတိုမှာ အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်မှာ ဘာပြဿနာမှ မဖြစ်လာနိုင်ဘူး ၊ ရှင်တို့နှစ်ယောက် အဲဒီကိစ္စအတွက် စိတ်မပူပါနဲ့”
ရန်တိက ခေါင်းညိတ်ရင်း...
“စောင့်ရတာ ဘာမှမဖြစ်ပါဘူး ၊ ဒါပေမဲ့ သိချင်တာက ပိုးသားဧကရာဇ် ဘယ်တော့လောက်များ ပြန်လာနိုင်မလဲ”
ဖုထင်က ထူးဆန်းစွာပြုံးလိုက်ရင်း...
“တကယ်တော့ ကျွန်မလည်း သေချာမသိဘူး ၊ ရှင်တို့နှစ်ယောက် ဒီမှာ ရက်နည်းနည်းလောက် စောင့်စေချင်ပါတယ်”
သူမက ဆက်ပြောသည်။
“ပြန်ချင်တယ်ဆိုရင်လည်း ပြဿနာတော့မရှိပါဘူး ၊ ဒါပေမဲ့ ခမည်းတော်ကို နည်းနည်းလောက် စောင့်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်”
အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ရန်ကျောက်ကဲနှင့် ရန်တိုတို့နှစ်ယောက်လုံး ခေါင်းညိတ်ပြလိုက်ကြသည်။
ရန်တိက...
“ကိစ္စမရှိပါဘူး ၊ ပိုးသားဧကရာဇ်က အရေးပေါ်ကိစ္စရှိလာလို့ ထွက်သွားတာြစ်ပါလိမ့်မယ် ၊ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်က ငါတို့ဂိုဏ်းအတွက် ကြီးကြီးမားမာ အနှောက်အယှက်မဖြစ်သရွေ့ ရက်နည်းနည်းလောက်ကြာလည်း ဘာမှမဖြစ်ပါဘူး ၊ ‘ဖု’ မိန်းကလေးတို့ကိုတော့ အနှောက်အယှက်ပေးရမှာပေါ့”
ဖုထင်က ပြုံးရင်း...
“’ရန်’ ဂိုဏ်းချုပ်က အားနာနေပြန်ပါပြီ”
မြောက်ဖေးတောင်ထွတ်မှ တပည့်တစ်ယောက်က ဝါဒတောင်တွင် ယာယီတည်းခိုနေသည်ဖြစ်ရာ ရန်ကျောက်ကဲ မရှိသည့်အချိန် ယိုးမင်ဂမ္ဘီရစက်ဝန်းအတွက် လှုပ်ရှားရန်မှာ လွယ်ကူသည့်ကိစ္စတော့ မဟုတ်ပေ။
ဘာမှလုပ်စရာမရှိသဖြင့် ရန်ကျောက်ကဲနှင့် ရန်တိတို့လည်း အမုန်းတရားမဲ့တာအိုနန်းတော်တွင် အချိန်ခဏမျှ နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ဤနေရာကို သူတို့အနေဖြင့် နက်နက်ရှိုင်းရှိုင်းနားမလည်ခဲ့ကြသော်လည်း ဖုထင်နှင့် မြောက်ဖေးတောင်ထွတ်မှ အခြားသောသိုင်းကျင့်ကြံသူများ စကားပြောဆိုသည်ကိုနားထောင်ရင်း ထိုက်ချင်အဆက်အနွယ်သိုင်းပညာအကြောင်းကို ရန်ကျောက်ကဲရော ရန်တိပါ ပိုမိုနားလည်ခဲ့ကြရသည်။
ထိုသို့ဖြင့်...
အချိန် (၁)ပတ်လုံးလုံး စောင့်ဆိုင်းခဲ့ကြသည့်တိုင် ပိုးသားဧကရာဇ်နှင့် မတွေ့ဆုံနိုင်ခဲ့ကြပေ။