← Chapters

မသက်ဆိုင်သည့်ပဋိပက္ခအတွင်းဆွဲသွင်းခံရခြင်း

Vol. 64 Ch. 898

မသက်ဆိုင်သည့်ပဋိပက္ခအတွင်းဆွဲသွင်းခံရခြင်း

Vol. 64 Ch. 898

အခန်း (၈၉၈) မသက်ဆိုင်သည့်ပဋိပက္ခအတွင်းဆွဲသွင်းခံရခြင်း

အချိန် (၁)ပတ်ခန့် ကြာသည့်တိုင် ပိုးသားဧကရာဇ်က ရောက်ရှိမလာခဲ့ပေ။

သူ့အစား ဖုထင်သာလျှင် ရောက်ရှိလာခဲ့သည်။

ဖုထင်ရောက်လာချိန်တွင် ရန်ကျောက်ကဲနှင့် ရန်တိတို့က ကျင့်ကြံနေကြဆဲ ဖြစ်၏။

ဖုထင်၏မျက်နှာအမူအရာက အနည်းငယ်ထူးဆန်းနေသော်လည်း တည်ကြည်လေးနက်လျှက် ရှိသည်။

“အဖေက ပြန်မလာသေးဘူး ၊ ကျေးဇူးပြုပြီး စိတ်မရှိကြပါနဲ့”

ဖုထင်က ဆိုသည်။

“အခု ဒီ အမုန်းတရားမဲ့တာအိုနန်းတော်မှာ ကိစ္စတွေဖြစ်လာတဲ့အတွက် ရှင်တို့နှစ်ယောက် ဒီမှာဆက်နေဖို့ အဆင်မပြေလောက်တော့ဘူး”

ရန်ကျောက်ကဲနှင့် ရန်တိ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

သူတို့စိတ်ထဲပထမဆုံးအကြိမ်ဝင်ရောက်လာသည့်အတွေးမှာ...

ချင်းယွမ်ဧကရာဇ်က ဧကရာဇ် (၃)ပါးထဲမှတစ်ပါးကို လှုပ်ရှားရန်ဖိတ်ခေါ်ခဲ့ပြီး ပိုးသားဧကရာဇ်ကို ဆုတ်ခွာသွားစေရန် အတင်းအကျပ်ဖိအားပေးခံရခြင်းလား ဆိုသည့်အတွေးဖြစ်၏။

သို့မဟုတ် ရန်ကျောက်ကဲလက်ထဲတွင်ရှိနေသည့် ယိုးမင်ဂမ္ဘီရစက်ဝန်းက လျှင်မြန်စွာ ပြဿနာတက်လာခဲ့ပြီး မြောက်ဖေးတောက်ထွတ်က သူတို့သားအဖကို အဝေးသို့ မြန်မြန်ပြန်စေခြင်းများ ဖြစ်လေမလား။

ဖိတ်ကြားထားသောဧည့်သည်အပေါ် ဤသို့ပြုလုပ်ရသည်က မသင့်လျော်ကြောင်း ဖုထင် ရှင်းရှင်းလင်းလင်း သိလေသည်။ သို့တိုင် သူမကိုကြည့်ရသည်မှာ ထုတ်ဖော်ပြောရန် ခက်ခဲနေဟန်ပင်။

သူမက ပိုးသားသေတ္တာတစ်လုံးထုတ်ယူပြီး ရန်တိဆီသို့ ကမ်းပေးလိုက်သည်။

“သူပြန်မလာဘူးဆိုရင် ရှင်တို့နှစ်ယောက် အမြန်ပြန်ကြဖို့အတွက် သတင်းစကားချန်ခဲ့တာပါ ၊ ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့ တောင်းပန်မှုသင်္ကေတအဖြစ် ဒီရတနာပစ္စည်းကို လက်ခံပါ”

“လက်ရှိအခြေအနေက ထူးခြားတယ် ၊ ဒီနေရာမှာ ဧည့်သည်တွေ ဆက်နေလို့ အဆင်မပြေလို့ပါ ၊ နားလည်ပေးစေချင်ပါတယ်”

ရန်တိက ပိုးသားသေတ္တာလေးကို ယူလိုက်ပြီး အလျင်စလိုဖွင့်ကြည့်ခြင်းမရှိဘဲ စကားဆိုလိုက်သည်။

“ဒီရက်ပိုင်း ငါတို့သားအဖနှစ်ယောက်လည်း စဉ်းစားနေကြတာ ၊ ပိုးသားဧကရာဇ် တစ်ခုခုဖြစ်တယ်ဆိုတာ ငါတို့ နားလည်ပါတယ် ၊ ဒါကြောင့် ဒီ’ရန်’ ကို မေးခွင့်ပြုပါ ၊ ဒီကိစ္စက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နဲ့ သက်ဆိုင်နေသလား”

ဖုထင်က သက်ပြင်းချရင်း...

“’ရန်’ဂိုဏ်းချုပ်က အစိုးရိမ်လွန်နေပြီ ၊ ဒီကိစ္စက ချင်းယွမ်ဧကရာဇ် ၊ တောင်ပိုင်းထိပ်တန်းအရှင်သခင် ၊ အရှေ့တောင်ထိပ်တန်းအရှင်သခင်တွေနဲ့မဆိုင်သလို ‘ရန်’ သခင်လေးဆီက အမတမှော်ဝင်ပစ္စည်းနဲ့လည်း မသက်ဆိုင်ပါဘူး”

သူမက ဆက်ပြောသည်။

“ခမည်းတော်က ကိစ္စတစ်ခုနဲ့တကယ်ပဲ အဝေးကိုရောက်နေတာပါ ၊ ဒါပေမဲ့ အဲဒါက ကိုယ်ရေးကိုဘ်တာကိစ္စဖြစ်သလို အခု ဒီတာအိုနန်းတော်မှာဖြစ်တဲ့ကိစ္စကလည်း တခြားကိစ္စတစ်ခုပါ ၊ ရှင်တို့နှစ်ယောက်နဲ့ ဘာမှမပတ်သက်ပါဘူး ၊ ကျွန်မတို့အတွက် ရှင်တို့ကိုဆက်ပြီး ဧည့်ခံဖို့အဆင်မပြေတော့လို့သာ ပြန်ခိုင်းရတာပါ...”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲနှင့် ရန်တိတို့နှစ်ယောက်လံး စူးစမ်းလိုစိတ်ဖြစ်သွားမိသည်။

ဤကိစ္စက ချင်းယွမ်ဧကရာဇ်နှင့် အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်ကိစ္စ မသက်ဆိုင်သလို ယိုးမင်ဂမ္ဘီရစက်ဝန်းနှင့်လည်း မသက်ဆိုင်ပါက အတော်လေး ထူးဆန်းသောကိစ္စ ဖြစ်၏။

“ပြီးတော့ စကားသံအရ အမုန်းတရားမဲ့တာအိုနန်းတော်မှာ ကပ်ဘေးတစ်ခု ကျရောက်တော့မယ့်ပုံပဲ ၊ မြောက်ဖေးတောင်ထွတ်က ငါတို့ကိုထွက်သွားခိုင်းတာ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ပဲ ၊ သူတို့က ငါတို့ကို ပြဿနာထဲ ဆွဲထည့်ချင်ပုံမရဘူး”

ရန်ကျောက်ကဲ အံ့အားသင့်သွားသည်။

ဖုထင်က မည်သည့်ကိစ္စဖြစ်ကြောင်း ပြောမပြချင်သည့်အတွက် ရန်ကျောက်ကဲနှင့် ရန်တိတို့ကလည်းသူ့ကို ဖိအားမပေးတော့ပေ။

တစ်ဖက်လူက ကောင်းမွန်သည့်ရည်ရွယ်ချက်ဖြင့် အိမ်ရှင်အဖြစ် လျောက်ပတ်စွာ ပြုမူသည်ဖြစ်ရာ ရန်ကျောက်ကဲနှင့် ရန်တိတို့က အိမ်ရှင်၏အစီအစဉ်အတိုင်း လိုက်နာရန်သာ ရှိသည်။

သူတို့ (၂)ယောက် ဖုထင်နှင့်အတူ နန်းတော်ထဲမှ လမ်းလျှောက်ထွက်ခွာလာကြသည်။

နန်းတော်ရှေ့ခန်းဆောင်ကို ဖြတ်သန်းလာစဉ် မတ်တတ်ရပ်နေသည့် လူတစ်စုကို တွေ့ရသည်။

သူတို့ထဲမှအချို့က မြောက်ဖေးတောင်ထွတ်မှတပည့်များဖြစ်ပြီး အချို့ကတော့ ပိုးသားဧကရာဇ်၏ အဆက်အနွယ်တပည့်များ မဟုတ်ကြပေ။

သူတို့ကို သေသေချာချာ ကြည့်လိုက်တော့ လူသားများမဟုတ်မှန်း သိလိုက်ရသည်။ သူတို့က လူသားအသွင်ဝတ်ရုံများ ဝတ်ဆင်ထားသော်လည်း သူတို့၏ဦးခေါင်းများကတော့ နဂါးအသွင် ရှိနေကြသည်။

အံ့သြစရာကောင်းစွာ သူတို့က နဂါးမျိုးနွယ်များပင်။

လူသားသိုင်းကျင့်ကြံများဖြင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ဤနဂါးမျိုးနွယ်များအားလုံးက အံ့အားသင့်စရာကောင်းလှစွာ အမတကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့အားလုံး၏ မွေးရာချီစွမ်းအားနှင့် သွေးစွမ်းအားများက လူသားများထက် ပိုမိုအစွမ်းထက်ပြီး တန်ခိုးစွမ်းအားကြီးမားသော ဝိညာဉ်များ ရှိကြသည်။

နဂါးများ၏ရောင်ဝါနှင့် အခွင့်အာဏာက အခြားသောသက်ရှိများ သူတို့ရှေ့တွင်ဦးညွှတ်လာစေရန် တွန်းအားပေးနေသည့်အလား ဖြစ်၏။

သို့သော် ယခုတော့ အမုန်းတရားမဲ့တာအိုနန်းတော်တွင် ဧည့်သည်များအဖြစ်ရောက်ရှိနေကြသဖြင့် သူတို့၏စွမ်းအားရောင်ဝါနှင့် အခွင့်အာဏာကို ရည်ရွယ်ချက်ရှိရှိ ရုတ်သိမ်းထားခဲ့ကြသည်။

ရန်ကျောက်ကဲ သတိထားမိသည်မှာ ဤနဂါးမျိုးနွယ် (၃)ယောက်လုံး အလွန်တရာ စိတ်မချမ်းမသာဖြစ်နေကြသည်မှာ သိသာထင်ရှားလှသည်။

နဂါးမျိုးနွယ်များက တည်ငြိမ်ပြီး အာရုံစူးစိုက်လျှက် လွှမ်းမိုးနိုင်စွမ်းမြင့်မားသူများဖြစ်ကြလေရာ ဤသို့ စိတ်မချမ်းမသာဖြစ်နေဟန်မှာ အတော်လေးရှားပါး‌သောကိစ္စ ဖြစ်၏။

သူတို့က ရန်ကျောက်ကဲနှင့် ရန်တိကို တစ်ချက်ကြည့်လိုက်ပြီး အရေးမစိုက်ဟန်ဖြင့် အကြည့်လွှဲလိုက်ကာ သူတို့အကြည့်များက ဖုထင်ထံသို့ကျရောက်သွားသည်။

ဖုထင်က သူတို့ကို ခေါင်းညိတ်နှုတ်ဆက်ရင်း...

“ကျွန်မ ဧည့်သည်တွေကိုလိုက်ပို့ပြီးရင် အကြီးအကဲတို့နဲ့ အသေးစိတ်ဆွေးနွေးပါ့မယ်”

ရန်ကျောက်ကဲနှင့် ရန်တိတို့က ဖုထင်နှင့်အတူ နန်းတော်ထဲမှထွက်ခွာလာရင်း နောက်သို့လည်ပြန်လှည့်ကြည့်လိုက်ကြသည်။

ရန်ကျောက်ကဲက...

“အထက်ဘုံကမ္ဘာမှာ ဒီလိုမျိုးကျင့်ကြံခြင်းအဆင့်ရှိတဲ့ နတ်မိစ္ဆာမျိုးနွယ်တွေကို တွေ့မြင်ရတာ ရှားပါးကိစ္စပါပဲ”

ဖုထင်က...

“မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက်... နဂါးမျိုးနွယ်တွေ အတော်လေး ယိုယွင်းသွားတယ် ၊ ဒီနေ့ခေတ်မှာ တကယ့်ကိုရှားပါးနေကြပါပြီ”

“ကျွန်မတို့အဆက်အနွယ်က မဟာကပ်ဘေးကြီးက လွတ်မြောက်ခဲ့တဲ့ နဂါးမျိုးနွယ်အကိုင်းအခက်တွေနဲ့ ဆက်စပ်မှုရှိတယ် ၊ ဒါက ကျွန်မတို့ရဲ့ ဘိုးဘေးဆရာသခင်လက်ထက်ကတည်းက ဖြစ်ပျက်ခဲ့တဲ့ကိစ္စပဲ”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

ဖုထင်က...

“ခဏနေရင်... ရှင်တို့နှစ်ယောက်ကို အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်ကိုပြန်ပို့ပေးဖို့ ဒီနေရာက ယန္တရားကို အသုံးပြုရမယ် ၊ ဒီတစ်ခါတော့ ကျွန်မတို့ဘက်က တကယ့်ကိုမယဉ်ကျေးသလို ဖြစ်ရပါတယ်”

သူမစကားမဆုံးခင်မှာပင် အဖြူရောင်နှင့်အနက်ရောင််ရောယှက်ထားသည့် နတ်ဘုရားနယ်မြေကြီး ရုတ်တရက် တုန်လှုပ်သွားသည်။

မူလက ရှင်းလင်းကွဲပြားနေသည့် ယင်နှင့်ယန်သည် ယခုတော့ ခွဲခြားရခက်သွားပြီး ပရမ်းပတာ ရှုတ်ထွေးသည့်အခြေအနေတစ်ခု ဖြစ်သွား၏။

ဖုထင်အံ့အားသင့်သွားပြီး...

“ဒီကိုရောက်လာပြီလား...”

ရန်ကျောက်ကဲနှင့် ရန်တိတို့၏မျက်နှာအမူအရာများလည်း ပြောင်းလဲသွားသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အမုန်းတရားမဲ့တာအိုနန်းတော်တွင် ကျင့်ကြံခဲ့ကြပြီးသည့်နောက် ဤနန်းတော်သည် ပိုးသားဧကရာဇ်ကိုယ်တိုင် ဖန်တီးထားသည့် နေရာတစ်ခုဖြစ်ကြောင်း သူတို့ သိရှိခဲ့ကြသည်။

ဤနေရာ၏ တည်ငြိမ်မှုက ခွန်လွန်တောင် ၊ မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးထက် အားနည်းသော်လည်း နေရာအများစုနှင့် နှိုင်းယှဉ်လျှင် အလွန်ခိုင်မာသည်ဟု ဆိုနိုင်သည်။

နန်းတော်ပိုင်ရှင်ဖြစ်သော ပိုးသားဧကရာဇ်မရှိသည့်တိုင် ဤနေရာကို မတည်မငြိမ်ဖြစ်အောင် ပြုလုပ်ခြင်းမှာ ကောင်းကင်ဘုံသို့တက်သည်ထက် ခက်ခဲမည် ဖြစ်၏။

ထို့ပြင် သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ခြင်းအားဖြင့် တစ်စုံတစ်ယောက်က အမုန်းတရားမဲ့တာအိုနန်းတော်ကို အပြင်ဘက်မှ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ညွှန်ပြနေသည်။

ပိုဆိုးသည်မှာ တစ်ဖက်လူက ပိုးသားဧကရာဇ်၏နန်းတော်ကဲ့သို့သော နေရာမျိုးကို ယခုကဲ့သို့ တိုက်ခိုက်နိုင်သည်ကို ကြည့်ခြင်းအားဖြင့် အလွန်အမင်း စွမ်းအားမြင့်မားကြောင်း သိနိုင်ခြင်းပင်။

တာအိုနန်းတော်၏ ဝိညာဉ်စွမ်းအားစီးဆင်းမှု အခြေခံအုတ်မြစ် ယိမ်းယိုင်သွားသဖြင့် အခြေအနေက ပရမ်းပတာ ဖြစ်သွားသည်။

ဖုထင်က ထိတ်လန့်သွားခြင်းမရှိဘဲ ကျောက်စိမ်းသလင်းတစ်ခုကို ထုတ်ယူလိုက်ပြီး လေထဲသို့ ပစ်လွှတ်လိုက်သည်။

ထိုအခါ ကျောက်စိမ်းသလင်းမှ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး နတ်ဘုရားနယ်မြေတည်ရှိရာ ကောင်းကင်ထက်တွင် ဝိညာဉ်အစီအရင်တစ်ခု ဖြစ်တည်လာပြီး အပေါက်တစ်ခု ဖြစ်ပေါ်လာသည်။

သို့သော် နောက်အခိုက်အတန့်တွင် အစီအရင်က ကိုးပျက်သွားပြီး ပုံပျက်ကာ တစ်စစီ ပျက်ဆီးသွား၏။

ဖုထင် မျက်မှောင်ကြုံ့ရင်း...

“တိုက်ခိုက်မှုက ပြင်းထန်လွန်းလို့ ယန္တရားကို အသက်သွင်းလို့မရတော့ဘူး”

သူမက ရန်ကျောက်ကဲနှင့် ရန်တိကိုလှမ်းကြည့်ရင်း ကူရာကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။

“ကျွန်မက ရှင်တို့နှစ်ယောက်ကို အထက်ဘုံကမ္ဘာကို ပြန်ပို့ပေးချင်ခဲ့တာ ၊ ဒါပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူးထင်တယ်”

ရန်ကျောက်ကဲနှင့် ရန်တိတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ကိစ္စရပ်များက အတော်လေးထူးဆန်းသည်ဟု နှစ်ယောက်လုံး ခံစားလိုက်ကြရ၏။

အခြေအနေကိုကြည့်ခြင်းအားဖြင့် တစ်စုံတစ်ယောက်က ပိုးသားဧကရာဇ်ကို ပြဿနာရှာရန် အမှန်တကယ် ရောက်လာခဲ့သည်။ သူတို့လည်း မရည်ရွယ်ပါဘဲ ပြဿနာထဲဆွဲသွင်းခံရလေပြီ။

“ဒါဖြင့်လည်း ရှင်တို့နှစ်ယောက် ကျွန်မနောက်လိုက်ခဲ့ပါ”

ဖုထင်က ပြောရင်းဆိုရင်း သူတို့နှစ်ယောက်ကို နန်းတော်ထဲ ပြန်ခေါ်ဆောင်သွားသည်။

တာအိုနန်းတော်၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုများက အတော်လေး ရှုတ်ထွေးနေပြီဖြစ်သည့်တိုင် ဤနေရာက ပိုးသားဧကရာဇ်စံမြန်းနေထိုင်ရာနေရာဖြစ်သည့်အတွက် အလွယ်တကူ ပျက်ဆီးသွားမည် မဟုတ်ပေ။

လမ်းလျှောက်လာရင်း ရန်ကျောက်ကဲက နှုတ်ခမ်းများကို ပွတ်သပ်ရင်း...

“ကိစ္စရပ်တွေက ဖြစ်လာပြီဆိုမှတော့... ‘ဖု’ မိန်းကလေး အခြေအနေကို အသေးစိတ်များ ရှင်းပြနိုင်မလား ၊ အခု ငါတို့သားအဖ ဘာမှမသိရဘဲ အမှောင်ထဲမှာရောက်နေသလိုပဲ”

ရန်တိက အရှေ့သို့လှမ်းကြည့်ရင်း လေးလံသည့်အသံဖြင့်...

“အဲဒါက ဒီကိုရောက်လာတဲ့ နဂါးမျိုးနွယ်တွေနဲ့ ပတ်သက်နေတာလား”

ဖုထင်က ခဏမျှတုံ့ဆိုင်းနေပြီးမှ သက်ပြင်းတစ်ချက်ချရင်း...

“နဂါးမျိုနွယ်တွေနဲ့ ဆက်စပ်နေတယ်လို့ပြောလို့ရတယ် ၊ ဒါပေမဲ့ အခုရောက်လာတဲ့သူက ကျွန်မတို့အဆက်အနွယ်တွေကိုရှာဖို့ ရောက်လာတာပဲ”

“နဂါးမျိုးနွယ်ရဲ့ အကြီးအကဲ (၃)ယောက်က ဒီအကြောင်းကိုသတင်းပေးဖို့ ဒီနေရာကို အမြန်လာခဲ့ကြတာ ၊ ဒါပေမဲ့ ရန်သူက ဒီလောက်မြန်မြန် သူတို့နောက်လိုက်လာမယ်လို့ ထင်မထားဘူး”

ဖုထင်က ကူရာကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်ပြီး...

“ဒီတာအိုနန်းတော်မှာ ဖြေရှင်းရမယ့်ပြဿနာတွေ ရှိလာပြီ ၊ ကျွန်မတို့ ချက်ချင်းထွက်သွားလို့ မရတော့ဘူး ၊ အရင်က ရှင်တို့နှစ်ယောက်ကို ချက်ချင်းပြန်ပို့ပေးခငျ်ပေမယ့် အခုတော့ မတတ်နိုင်တော့ဘူး”

ရန်ကျောက်ကဲက...

“အဲဒီလူက ဘယ်သူလဲ”

တစ်ဖက်လူက ပိုးသားဧကရာဇ် အပြင်ထွက်သွားသည်ကို သိရှိဟန် မတူပေ။

တာအိုနန်းတော်တွင် ပိုးသားဧကရာဇ်ရှိနေကြောင်းသိသိကြီးဖြင့် ဤနေရာကို လာရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။

ပိုးသားဧကရာဇ်ဆိုသည်က အထက်ဘုံကမ္ဘာရှိ အထွတ်ထိပ် တန်ခိုးစွမ်းအားရှင်များထဲမှ တစ်ယောက်ဖြစ်သည်။ တစ်စုံတစ်ယောက်က သူ့ကိုပြဿနာရှာရန်အတွက် ရဲရဲတင်းတင်းရောက်ရှိလာခြင်းမှာ ရန်ကျောက်ကဲမျှော်လင့်သည်ထက်ပင် ကျော်လွန်သွားခဲ့သည်။

ထိုသူက ချင်းယွမ်ဧကရာဇ် မဟုတ်ပေ။

ထိုသို့ဆိုလျှင်...

အခြားမည်သူ ဖြစ်နိုင်မည်နည်း။

သူမှန်းဆနေချိန်မှာပင် ဖုထင်က စိတ်ရှုတ်ထွေးသည့်အသံဖြင့်...

“ရောက်လာတဲ့သူက လူသားမဟုတ်ဘူး”

All Chapters