← Chapters

လက်စားချေရန်ရောက်လာသောအမတမှော်ဝင်လက်နက်

Vol. 64 Ch. 899

လက်စားချေရန်ရောက်လာသောအမတမှော်ဝင်လက်နက်

Vol. 64 Ch. 899

အခန်း (၈၉၉) လက်စားချေရန်ရောက်လာသောအမတမှော်ဝင်လက်နက်

ဖုထင်၏ “ရောက်လာတဲ့သူက လူသားမဟုတ်ဘူး” ဆိုသောစကားကြောင့် ရန်ကျောက်ကဲ အံ့အားသင့်သွားသည်။

ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...

“နတ်မိစ္ဆာတန်ခိုးစွမ်းအားရှင်တွေလား...”

ဖုထင်က ခဏမျှစဉ်းစားရင်း...

“သူ့ကို နတ်မိစ္ဆာလို့ သတ်မှတ်လို့မရဘူး”

သူမက ရန်ကျောက်ကဲကိုကြည့်ရင်း...

“ငရဲကိုးထပ်က ထိပ်တန်းနတ်ဆိုးတစ်ကောင်လည်း မဟုတ်ဘူး”

ရန်ကျောက်ကဲနှင့် ရန်တိတို့ ဖုထင်ကို လှမ်းကြည့်လိုက်ကြသည်။

ဖုထင်က...

“သူ့ကို နတ်မိစ္ဆာမျိုးနွယ်လို့ပြောရင်တော့ မမှန်ဘူးလို့ပဲပြောရမယ် ၊ တကယ်တော့ ရောက်လာတဲ့သူက လက်နက်ပစ္စည်းတစ်ခုပါ ၊ အဲဒီလက်နက်ပစ္စည်းက အရမ်းကိုထူးခြားလွန်းတယ်”

“အရမ်းအစွမ်းထက်တဲ့ မိစ္ဆာဝိညာဉ်ကို အဲဒီလက်နက်ထဲမှာ ချိတ်ပိတ်ထားတာ ၊ အဲဒါကြောင့် အဲဒီလက်နက်က ကိုယ်ပိုင်ခံစားချက်နဲ့အသိဉာဏ်ရှိနေတယ်”

သူမက ဆက်ပြောသည်။

“ပြောရမယ်ဆိုရင် အဲဒီလက်နက်ပစ္စည်းက ထူးခြားတဲ့လက်နက်တစ်ခုဖြစ်သလို အမှီအခိုကင်းတဲ့ သက်ရှိပုံစံတစ်ခုလည်း ဖြစ်တယ် ၊ သူ့ကိုယ်သူထိန်းချုပ်နိုင်တယ် ၊ ဘယ်လိုပြောရမလဲ... လက်နက်တစ်ခုလိုရုပ်ခန္ဓာရှိနေတဲ့ နတ်မိစ္ဆာကြီးတစ်ကောင်လို့ ပြောလို့ရတယ်”

ဖုထင်က စကားမဆက်မီ ခဏမျှရပ်နားလိုက်ပြီးမှ...

“သူကတော့ သူ့ကိုယ်သူ လက်နက်တစ်ခုလို့ ကြွေးကျော်လေ့ရှိတယ်”

ရန်ကျောက်ကဲနှုတ်ခမ်းထောင့်များတွန့်ကွေးသွားပြီး...

“ဟုတ်ပြီ... အခြေခံအားဖြင့်တော့နားလည်သွားပါပြီ ၊ လက်ရှိမှာ ငါစိတ်ပူတဲ့တခြားပြဿနာတစ်ခု ရှိသေးတယ် ၊ အဲဒါက ဒီတာအိုနန်းတော်မှ ပိုးသားဧကရာဇ်ရှိနေနိုင်တယ်ဆိုတာ သိထားလျက်နဲ့ သူက ရောက်လာဖို့ သတ္တိရှိတယ်...”

“ဒီ... ဒီလက်နက်က အမတမှော်ဝင်ပစ္စည်းတစ်ခုလား”

ဖုထင်က ခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ ဉာဏ်အလင်းပွင့်နေတဲ့ အမတမှော်ဝင်ပစ္စည်းတစ်ခုပါပဲ”

“ထူးခြားတဲ့ဝိသေသလက္ခဏာတွေအရတော့... အဲဒီလက်နက်က နတ်ဘုရားတံခါးကိုဖွင့်နိုင်ပြီး နတ်ဘုရားအဆင့်ကို ဝင်ရောက်သွားတဲ့ တန်ခိုးစွမ်းအားရှင်တစ်ယောက်လို့ပြောရင် ပိုပြီးမှန်ကန်လိမ့်မယ်”

ထိုစကားကြားတော့ ရန်ကျောက်ကဲ နှုတ်ခမ်းများကို တွန့်ကွေးလိုက်ရင်း...

“သိပ်ကိုသဘောတူပါတယ်”

အရာအားလုံးကို ပွင့်လင်းမြင်သာမှုရှိစွာ ပြောဆိုပြီးပြီဖြစ်သဖြင့် ဖုထင်က မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်း မရှိတော့ပေ။

“အဲဒီလက်နက်က နဂါးမျိုးနွယ်တွေနဲ့ ရန်ငြိုးဖွဲ့ထားတယ် ၊ အရင်တုန်းက နဂါးအမြောက်အမြားကို သတ်ဖြတ်ခဲ့တယ် ၊ ဒါကြောင့် မဟာကပ်ဘေးကြီး ပြီးဆုံးတဲ့နောက် ယိုယွင်းပျက်ဆီးနေတဲ့ နဂါးမျိုးနွယ်အရေအတွက်က ပိုပြီးတော့တောင် လျော့နည်းလာခဲ့တယ်”

“အရင်တုန်းက နဂါးမျိုးနွယ်တွေက အထက်ဘုံကမ္ဘာက အကူအညီတောင်းခဲ့တယ် ၊ နောက်တော့... ကျွန်မတို့ရဲ့ ဘိုးဘေးဆရာသခင်အပါအဝင် ထိုက်ချင်အဆက်အနွယ်အချို့က ဒီလက်နက်ကို ချိတ်ပိတ်ဖို့အတွက် အစီအရင်တစ်ခု တည်ဆောက်ဖို့ နဂါးမျိုးနွယ်တွေကို ကူညီပေးခဲ့တယ်”

“လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဒီအမတမှော်ဝင်လက်နက်က ချိတ်ပိတ်ထားရာကနေလွတ်မြောက်သွားပြီး ပြန်လည်အားပြည့်လာမယ့်အချိန်ကို စောင့်နေခဲ့တယ် ၊ အခုတော့သူက လက်စားချေဖို့ ရောက်လာတာပဲ”

ဖုထင်၏မျက်နှာအမူအရာက တည်ကြည်လေးနက်နေပြီး...

“နဂါးမျိုးနွယ်တွေရဲ့နယ်မြေက အရင်ကတည်းက တိုက်ခိုက်ခံလိုက်ရပြီ ၊ အခု သူက ကျွန်မတို့ကို လိုက်ရှာနေတာ”

“အချိန်ကြာလာတာနဲ့အမျှ အရင်တုန်းက အဆက်အနွယ်တွေဟာလည်း မရှိတော့ပါဘူး ၊ အခု ထိုက်ချင်အဆက်အနွယ်ဆိုလို့ ကျွန်မတို့မြောက်ဖေးတောင်ထွတ်နဲ့ ကျင်းထင်တောင်က ဦးလေး’ချောင်’ တို့ပဲ ကျန်ရစ်တော့တယ်လေ”

ဤ အမတမှော်ဝင်လက်နက်၏ စိတ်နေသဘောထားက ရိုင်းစိုင်းကြမ်းတမ်းပြီး ဥပဒေမဲ့ဖြစ်သည်။ ပိုးသားဧကရာဇ်က သူ့ထက်ပိုပြီး အားနည်းသော်လည်း ထိုလက်နက်က မည်သည့်အရာကိုမှ အရေးမစိုက်ဘဲ တိုက်ခိုက်ရန် ဆုံးဖြတ်မည် ဖြစ်သည်။ သူ့ကို ချိတ်ပိတ်ခဲ့ခြင်းအတွက် ဆိးရွားစွာခံစားခဲ့ရသည်များကို ဒေါသတကြီး ဖွင့်ထုတ်ပစ်မည်မျာ သေချာပေသည်။

ဖုထင်က...

“သူက ခမည်းတော်ကိုတိုက်ခိုက်ဖို့ အမုန်းတရားမဲ့တာအိုနန်းတော်ကို ရောက်လာတာပဲ ၊ ဒါကြောင့် သူက အထက်ဘုံကမ္ဘာက ခွန်လွန်တောင်ကိုတောင်မသွားဘဲ ဒီကိုရောက်လာတာပေါ့”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲစိတ်ထဲ တစ်ခုခုပုံမှန်မဟုတ်သည်ကို နားလည်သဘောပေါက်လာပြီး သူ့စိတ်ထဲမှ မှတ်ဉာဏ်များသည်လည်း ထွက်ပေါ်လာသည်။

သူက မျက်မှောင်ကြုံ့ရင်း...

“ဧကရာဇ် (၃)ပါးနဲ့ အုပ်စိုးရှင် (၅)ပါးက ဒီလိုကိစ္စမျိုးဖြစ်လာရင် စည်းစည်းလုံးလုံး ရှိကြတယ် မဟုတ်လား ၊ ဒီ အမတမှော်ဝင်လက်နက်က ပိုးသားဧကရာဇ်ရဲ့နန်းတော်ကို ဒုက္ခပေးဖို့ရောက်လာတယ်ဆိုရင် ပိုးသားဧကရာဇ်တစ်ပါးတည်းကိုပဲ ရန်စတာမဟုတ်ဘဲ အားလုံကို ရန်စတာနဲ့မတူဘူးလား”

ဖုထင်က သက်ပြင်းချရင်း...

“ဧကရာဇ်တွေနဲ့ အုပ်စိုးရှင်တွေအများစုက အထက်ဘုံကမ္ဘာရဲ့အဝေးမျာ ရောက်နေကြတာလေ”

ထို့နောက် သူမက ခဏမျှ တိတ်ဆိတ်နေပြီးမှ ရန်ကျောက်ကဲနှင့် ရန်တိကိုကြည့်လိုက်ရင်း...

“ပြီးတော့... ဒီ အမတမှော်ဝင်လက်နက်က အထက်ဘုံကမ္ဘာနဲ့လည်း ဆက်စပ်မှုရှိနေတယ်”

“သူ့နာမည်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တဲ့”

ထိုနာမည်ကိုကြားတော့ ရန်ကျောက်ကဲနှင့် ရန်တိ၏မျက်ဝန်းများ မှေးစင်းသွားသည်။

"အင်္ဂါဂြိုဟ်..."

နာမည်တစ်ခုက သူတို့စိတ်ထဲ ဝင်ရောက်လာသည်။

အင်္ဂါဂြိုဟ်ကို ကိုယ်စားပြုသော "မီးလျှံထက်ယံအရှင်သခင်"။

သူက ယခင် ခွန်လွန်အထင်ကရ (၉) ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည်။

ဖုထင်က ဖြည်းညင်းစွာဖြင့်...

“ခွန်လွန်အထင်ကရကိုးပါက ရတနာပစ္စည်းတစ်မျိုးစီ ပြုလုပ်ခဲ့ကြတယ် ၊ အဲဒီရတနာပစ္စည်းအားလုံးက အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းတွေချည်းပဲ ၊ ဒါပေမဲ့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကတော့ ချွင်းချက်ပေါ့"

"အဲဒီထဲမှာ ချိတ်ပိတ်ထားတဲ့မိစ္ဆာဝိညာဉ်က ထူးခြားလွန်းပြီး အစွမ်းထက်လွန်းတာကြောင့် အမတမှော်ဝင်ပစ္စည်းတစ်ခုလို့ ဆိုကြတယ် ၊ ပြီးတော့ သူ့မှာ ကိုယ်ပိုင် အတွေးအမြင်တွေ ပိုင်ဆိုင်ထားပြီး မိမိဆန္ဒအရ လွတ်လပ်စွာ လှုပ်ရှားနိုင်သူလည်း ဖြစ်တယ်"

"ခမည်းတော်ရဲ့စကားအရတော့ မီးလျှံထက်ယံအရှင်သခင် သဲလွန်စမရှိ ပျောက်ကွယ်သွားပြီးတဲ့နောက် ဒီပစ္စည်းက ပိုင်ရှင်မဲ့သွားပြီး သူ့ဟာသူလှုပ်ရှားနေခဲ့တယ်"

ဖုထင်က ကြိုးစားပြီး ပြုံးလိုက်ရင်း...

“နောက်ဆုံးမှာတော့ သူက နဂါးမျိုးနွယ်ဝင်တွေကို သတ်ပစ်ပြီး ကြီးမားတဲ့ သောင်းကြမ်းမှုတစ်ခု စတင်ခဲ့တယ်၊ အဆုံးသတ်မှာ သူ့ကို ချိတ်ပိဆ်ထားနိုင်ခဲ့တယ်... ၊ အဲဒါက နှစ်တွေတော်တော်ကြာခဲ့ပါပြီ"

"နှစ်တွေ အများကြီးကုန်သွားပေမယ့် ငါ့ဒေါသမီးတောက်က ဘယ်တော့မှ မငြိမ်းဘူး"

အမုန်းတရားမဲ့တာအိုနန်းတော်တစ်ခုလုံး ရုတ်တရက် အသံတစ်သံပဲ့တင်ထပ်ထွက်ပေါ်လာသည်။

နန်းတော်ထဲတွင်ရှိနေသည့် မြောက်ဖေးတောင်ထွတ်မှ အခြားသောသိုင်းသမားများနှင့် နဂါးမျိုးနွယ် အကြီးအကဲ (၃) ပါးတို့နှင့်အတူ ဖုထင်ပါ မျက်နှာပျက်သွားသည်။

အမုန်းတရားမဲ့တာအိုနန်းတော်တစ်ခုလုံး အဆက်မပြတ်တုန်ခါလာလေသည်။

“တာအိုဆရာရွှမ်ကျုန်းရဲ့ သားမြေးတွေက ဘိုးဘေးတွေထက်သာလွန်ပြီး အုပ်စိုးရှင်ဧကရာဇ်တစ်ပါး မွေးထုတ်ပေးခဲ့ကြတယ်”

မိုးမြေတစ်ခွင့် အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

“မင်းက အုပ်စိုးရှင်ဧကရာဇ်ဆိုတော့ ငါနဲ့ထွက်ပြီးတိုက်စမ်း...”

ဖုထင်က လေးလံသောအသံဖြင့်...

“ငါ့ ခမည်းတော်က အပြင်ရောက်နေတယ် ၊ ဒီနေရာမှာ မရှိဘူး ၊ မင်း ခမည်းတော်နဲ့တိုက်ချင်တယ်ဆိုရင် နောက်ရက်မှလာခဲ့ပါ ၊ ငါ့ခမည်းတော်က တိုက်ပွဲကိုရှောင်တိမ်းမှာ မဟုတ်ဘူး”

တစ်ဖက်လူက ခဏမျှ တုံ့ဆိုင်းသွားချိန် ရန်ကျောက်ကဲနှင့် အခြားသူများမှာ အမုန်းတရားမဲ့တာအိုနန်းတော်မှ ဝိညာဉ်စွမ်းအားစီးဆင်းမှုများက ပိုပြီးရှုတ်ထွေးကာ ပရမ်းပတာဖြစ်လာကြောင်း ခံစားလိုက်ကြရသည်။

ရန်သူက တစ်ခုခုကို ရှာဖွေနေပုံရသည်။

ခဏကြာမှ ထိုအသံက...

“ဒါဆို သူ ဒီမှာ မရှိဘူးပေါ့...”

“ဒါဖြင့် ငါက လူငယ်မျိုးဆက်တွေကို အခက်တွေ့အောင် မလုပ်ပါဘူး ၊ ဒါပေမဲ့... ဟိုနဂါးလေး (၃)ကောင် ထွက်လာပြီး အသေခံစမ်း...”

ထိုစကားကြားတော့ နဂါးမျိုးနွယ် (၃)ယောက်မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာအမူအရာများ အလွန်အကျည်းတန်သွားကြသည်။

ဖုထင်က ပင့်သက်တစ်ချက်ရှိုက်ရင်း...

“သူတို့ (၃)ယောက်က ငါတို့မြောက်ဖေးတောင်ထွတ်ရဲ့ ဧည့်သည်တော်တွေပဲ ၊ သူတို့က အမုန်းတရားမဲ့တာအိုနန်းတော်ကို ရောက်လာမှတော့ ငါတို့အနေနဲ့ သူတို့ကို မင်းလက်အပ်ဖို့ အကြောင်းပြချက်မရှိတာ သဘာဝပဲ”

“တာအိုဆရာရွှမ်ကျုန်းရဲ့မျိုးဆက်တွေ... ငါက မင်းတို့လိုအငယ်တွေနဲ့ သိပ်စကားမပြောချင်ဘူး”

တစ်ဖက်လူက အေးစက်စွာဆိုသည်။

“နဂါးတွေအတွက်ကတော့ တစ်ကောင်မြင်ရင်တစ်ကောင်သတ်မှာပဲ ၊ ချွင်းချက်ဆိုတာ မရှိဘူး”

“ငါ သေရင်သေ ၊ မဟုတ်လို့ကတော့ နဂါးတွေအကုန်လုံး မျိုးဖြုတ်ပစ်မယ်”

စွမ်းအားကြီးမားသော ဖိအားတစ်ခုက မရပ်မနားလှုပ်ခါလာပြီး အမုန်းတရားမဲ့တာအိုနန်းတော်တစ်ခုလုံးကို မီးလောင်တိုက်သွင်းသည့်ပမာ ပူပြင်းလောင်မြိုက်လာစေသည်။

ယင်နှင့်ယန် ရောယှက်နေသော ချီစွမ်းအားများက ပွက်ပွက်ဆူလာသည်။

မီးကဲ့သို့တောက်လောင်နေသည့် ကြမ်းတမ်းခက်ထန်သော ရောင်ဝါကို ခံစားလိုက်ရသည့်အခါ ရန်ကျောက်ကဲအမူအရာက ထူးဆန်းသွားသည်။ ရန်တိသည်လည်း အံ့အားသင့်သွားဟန်ပင်။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“’ဖု’ မိန်းကလေး... အခုက မေးမြန်းဖို့ အချိန်ကောင်းမဟုတ်ပေမယ့်... ထိုက်ချင်အဆက်အနွယ်က ဘိုးဘေးတွေက အရင်တုန်းက ဒီ အမတမှော်ဝင်ပစ္စည်းကို ချိတ်ပိတ်ဖို့ နဂါးမျိုးနွယ်တွေကို ဘယ်လိုကူညီပေးခဲ့တာလဲဆိုတာ သိချင်မိတယ်”

ဖုထင်က အမုန်းတရားမဲ့တာအိုနန်းတော်မှ အပြောင်းအလဲများကို အကဲခတ်ရင်း...

“ဒီ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က မီးလိုတောက်လောင်ပူပြင်းလွန်းတယ် ၊ ဒါကြောင့် ဘိုးဘေးဆရာသခင်နဲ့ အခြားသူတွေက ကောင်းကင်ကြယ်စင်တွေရဲ့ စွမ်းအားကိုအသုံးပြုပြီး အေးစက်တဲ့ရှေးဟောင်းတွင်းနက်ကြီးတစ်ခုကို အသုံးပြုခဲ့ကြတယ်”

“အစီအရင်ထဲမှာ နဂါးမျိုးနွယ်များစွာ သေဆံးသွားကြတယ် ၊ သူတို့က ကိုယ့်ကိုယ်ကိုယ် စတေးခံပြီး ကြီးမားတဲ့အစီအရင် ဖြစ်တည်လာအောင် လှုံ့ဆော်ပြီး ဒီ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို နှိမ်နင်းခဲ့တယ်”

“အဲဒီနှစ်တစ်လျှောက်လုံး သူ့ကိုဖိနှိပ်နိုင်ခဲ့ပေမယ့်... အခုတော့ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က သူရရှိထားတဲ့ဒဏ်ရာတွေကနေ ပြန်လည်ကောင်းမွန်လာပြီ ထင်တယ်”

ရန်ကျောက်ကဲနှင့် ရန်တိတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး မျက်ဝန်းများထဲတွင် အံ့အားသင့်ထိတ်လန့်မှုများ ထွက်ပေါ်လာသည်။

“အသင်္ချေသောကြယ်စင်တွေကို ဆုံစည်းစေပြီး နဂါးတွေက ပင်လယ်ထဲကိုဆင်းသွားတယ် ၊ ရှေးကျပြီး အေးစက်တဲ့ ချောက်နက်ကြီးထဲမှာ စံနှုန်းကိုပြောင်းပြန်လှန်ပြီး လမင်းကို တုန်လှုပ်စေတယ်...”

ဤအကြောင်းရင်းက သမုဒ္ဒရာကမ္ဘာတွင် ရန်ကျောက်ကဲ တူးဖော်တွေ့ရှိခဲ့သော နဂါးသင်္ချိင်း၏ မူလအစဖြစ်သည်။

ထိုအချိန်က နဂါးသင်္ချိုင်းထဲတွင် တည်ရှိမှုတစ်ခုကို စည်းတံဆိပ်ခတ် ချိတ်ပိတ်ထားဟန်ရှိကြောင်း ရန်ကျောက်ကဲ ခံစားသိရှိခဲ့သည်။

ထိုစည်းတံဆိပ်ခတ်ချိတ်ပိတ်ခံထားရသောအရာသည် ရန်ကျောက်ကဲ နဂါးသင်္ချိုင်းအတွင်းရောက်ရှိစဉ်က လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။ ဘာတွေဖြစ်ပျက်ခဲ့သည်ကို ရန်ကျောက်ကဲသည်ပင် ထိုစဉ်က သိချင်နေမိခဲ့သေး၏။

ယခုတော့ နဂါးသင်္ချိုင်းတွင် ချိတ်ပိတ်ထားသည့်အရာမှ အမတမှော်ဝင်ပစ္စည်းတစ်ခုဖြစ်ကြောင်း ရန်ကျောက်ကဲ သဘောပေါက်သွားခဲ့သည်။

အမတမှော်ဝင်ပစ္စည်းတစ်ခု။

ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူ ၊ ရာဟုဓား ၊ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်...။

ခွန်လွန်အထင်ကရ (၉)ပါး ဖန်တီးခဲ့‌သော လက်နက်ပစ္စည်းများ။

All Chapters