← Chapters

ရည်ရွယ်ချက်ရှိရှိ

Vol. 64 Ch. 900

ရည်ရွယ်ချက်ရှိရှိ

Vol. 64 Ch. 900

အခန်း (၉၀၀) ရည်ရွယ်ချက်ရှိရှိ

“ထူးကဲယန်စည်းတံဆိပ်လား... မတွေ့ရတာ ကြာပြီပဲ ၊ ဒီလိုအခြေအနေမျိုးမှာ ပြန်တွေ့ရမယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး”

နဂါးသင်္ချိုင်းထဲမှ စည်းတံဆိပ် အပြည့်အဝ ပျက်ဆီးသွားချိန်ကို ရန်ကျောက်ကဲ အမှတ်ရနေသေးသည်။ အေးစက်သည့်ရှေးဟောင်းချောက်နက်ကြီး ပြိုကျပျက်ဆိးသွားခဲ့သည့်အချိန် ဖြစ်သည်။

ထိုအချိန်က စည်းတံဆိပ်ခတ်ထားသောတည်ရှိမှု၏ အကြွင်းအကျန် ရောင်ဝါတစ်ခုက နဂါးသင်္ချိုင်းထဲတွင် ကျန်ရှိနေခဲ့သည်။

ထိုရောင်ဝါထွက်ပေါ်လာသည်နှင့် စာကြောင်းတစ်ကြောင်းက ရန်ကျောက်ကဲစိတ်ထဲ လက်ကနဲပြန်ပေါ်လာသည်။

ထိုအချိန်က အလွန်တရာ ပဟေဠိဆန်သည်ဟု ခံစားခဲ့ရသည်။

တစ်ဖက်လူက ထူးကဲယန်စည်းတံဆိပ်ကို မှတ်မိသိရှိနေခဲ့သော်လည်း သူက ထိုအကြောင်း ဆက်မတွေးဘဲ ပြီးဆုံးသွားခဲ့၏။

ဒါပေမယ့် အခုတော့ အရာအားလုံး ဇာတ်ရည်လည်လာပြီ ဖြစ်သည်။

ရန်ကျောက်ကဲ နဂါးမျိုနွယ် (၃)ယောက်ကို လှမ်းကြည့်ရင်း သူ့မျက်ဝန်းများက ထူးဆန်းစွာ ပြောင်းလဲသွားသည်။

ထိုစဉ်အချိန်က နဂါးနန်းတော်အတွင်းမှ အကြောင်းအရာများစွာကို သူ သုတ်သင်ရှင်းလင်းပစ်ခဲ့သည် မဟုတ်ပါလား။

ယခုတော့ နဂါးမျိုးနွယ် (၃)ယောက်မှာ ဒေါသတကြီးမျက်နှာထားများဖြင့် ‘အင်္ဂါဂြိုဟ် ပုဆိန်သွားလှံရှည်’ ကို အာရုံစိုက် ကြည့်နေကြသည်။

“ငါတို့တွေ ထွက်သွားကြရအောင်”

နဂါးမျိုးနွယ် (၁)ယောက်က လေးလံသည့်အသံဖြင့် ဆိုသည်။

ဖုထင်က ခေါင်းခါယမ်းရင်း စကားပြောရန်ဟန်ပြင်လိုက်စဉ် အပြင်ဘက်မှ စကားသံ ထွက်ပေါ်လာသည်။

“မင်းတို့အတွက် ထွက်လာတယ်ဆိုတာ မရှိစေရဘူး”

အမုန်းတရားမဲ့တာအိုနန်း‌တော်တစ်ခုလုံးက နှိုင်းယှည်မရလောက်အောင် ပူလောင်လာပြီး ကြီးမားသော တန်ခိုးစွမ်းအားတစ်ခုက ကြမ်းတမ်းစွာ ဝင်ရောက်လာသည်။

မူလက အတူယှဉ်တွဲရှိနေသည့် ယင်နှင့်ယန် အဖြူရောင်နှင့် အနက်ရောင် ချီစွမ်းအားများသည် ယခုတော့ သွေးနီရောင်အဖြစ် ပြောင်းလဲသွားကာ လောင်ကျွမ်းပျက်ဆီးသွားသည်။

“ငါ ဝင်လာခဲ့မယ်”

ရက်စက်ကြမ်းကြုတ်သောအသံနှင့်အတူ အမုန်းတရားမဲ့တာအိုနန်းတော်တည်ရှိရာ နတ်ဘုရားနယ်မြေကောင်းကင်ယံ အက်ကွဲသွားပြီး တောက်ပသည့်အနီရောင်အလင်းတန်းတစ်ခုက နန်းတော်ထိပ်မှ ထိုးဖောက်ဝင်ရောက်လာသည်။

အနီရောင်အလင်းတန်းထဲတွင် ‌တောက်ပသောမီးတော်ကများ ထွက်ပေါ်လာပြီး မီးတောက်များက တဖြည်းဖြည်း သိပ်သည်းသွားက မိုးမြေတစ်ခွင်တွင် ပုံရိပ်တစ်ခု ဖြစ်တည်လာသည်။

ထိုပုံရိပ်အသွင်သဏ္ဌန်ကို ရှင်းလင်းစွာ မတွေ့မြင်ရသော်လည်း အရပ် (၉)ပေရှည်ပြီး များပြားလှစွာသော နဂါးမီးလျှံများက သူ၏ခန္ဓာကိုယ်အား လှည့်ပတ်နေသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးက မီးလျှံများတောက်လောင်နေသည့် နတ်ဘုရားတစ်ပါးနှင့် ဆင်တူည်။

ပြင်းထန်ကြမ်းတမ်းပြီး ရက်စက်ကြမ်းတမ်းသော ရောင်ဝါတစ်ခုက အမုန်းတရားမဲ့တာအိုနန်းတော်သို့ ဖြတ်ကျော်ဝင်ရောက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို မီးတောက်ပင်လယ်အဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲပစ်လိုက်သည်။

ဖုထင်နှင့် မြောက်ဖေးတောင်ထွတ်မှ အခြားသောသိုင်းကျင့်ကြံသူများအားလုံး၏မျက်နှာအမူအရာများ တည်ကြည်လေးနက် နေကြသည်။

တစ်ဖက်လူက ဧကရာဇ်အဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် မဟုတ်သည်ကို နဂိုကပင် သိရှိပြီးသား ဖြစ်သည်။ ပိုးသားဧကရာဇ်ကိုယ်တိုင် ဤနေရာတွင် ရှိနေလျှင်တောင်မှ ဆိုးရွားသည့်တိုက်ပွဲတစ်ခု ဖြစ်လာပေမည်။

သို့သော် ရန်သူက အမုန်းတရားမဲ့တာအိုနန်းတော်အတွင်း လျှင်မြန်စွာ ထိုးဖောက်ဝင်ရောက်လာသဖြင့် အားလုံး ထိတ်လန့်နေကြသည် အမှန်ပင်။

ပိုးသားဧကရာဇ် မရှိသည့်တိုင် ဤနေရာက သူကိုယ်တိုင် ဖန်တီးတည်ဆောက်ခဲ့သောနေရာ ဖြစ်သည်။

ယခုတော့ ရန်သူက ခံစစ်များစွာကို လျှင်မြန်စွာ ဖြတ်ကျော်လာပြီဖြစ်ရာ လူတိုင်းတွေးထင်ထားသည်ထက် ပိုပြီးကြောက်စရာ ကောင်းနေသည်။

အသွင်သဏ္ဌန်မရှိ ထွက်ပေါ်လာသော နတ်ဘုရားမီးလျှံက ရန်ကျောက်ကဲရှိရာသို့ ဦးစွာစိုက်ကြည့်လာသည်။

ရန်ကျောက်ကဲ၏ အနီးပတ်ဝန်းကျင်မှအရာအားလုံး ပေါက်ကွဲထွက်တော့မည့်အလား မီးရှို့လောင်မြိုက်သွားသည့်ပမာ ရုတ်ခြည်းခံစားလိုက်ရသည်။

ဤသည်က ရိုးရိုးရှင်းရှင်း မြင်သာထင်သာရှိသော ပေါက်ကွဲမှုတစ်ခု မဟုတ်ပေ။ တည်ရှိနေသော သေးငယ်သည့်အမှုံအမွှားလေးများသည်ပင် မီးလောင်ကျွမ်းပေါက်ကွဲသွားခြင်း ဖြစ်၏။

သန်းနှင့်ချီသည့် မရေမတွက်နိုင်သော မော်လီကျူးအမှုံအမွှားလေးများသည်ပင် တပြိုင်နက် ပေါက်ကွဲတော့မည် ထင်ရသည်။

ဤသို့သောဖြစ်ရပ်ကို ဆန့်ကျင်ရန်မလွယ်ကူသဖြင့် တည်ရှိနေသော အရာအားလုံးသည်လည်း ပျက်စီးသွားလိမ့်မည်။

“ထူးကဲယန်စည်းတံဆိပ် ၊ မတွေ့ရတာ အတော်ကြာပြီပဲ...”

မီးလျှံများလွှမ်းခြုံထားသောအရာထံမှ အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“ကောင်လေး... မင်းက ‌ကောင်းဟန်ရဲ့ အဆက်အနွယ်လား”

ရန်ကျောက်ကဲ မျက်ခုံးများ တွန့်ချိုးလိုက်သည်။

ဤအခိုက်အတန့်တွင် သူ၏ ထူးကဲယန်စည်းတံဆိပ်သည် ပြင်းထန်စွာ လှုပ်ယမ်းနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

သာမန် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများထက် အဆပေါင်းများစွာသာလွန်သော ထူးကဲယန်စည်းတံဆိပ်၏ ဝိညာဉ်စွမ်းအားက တစ်ခါမှ မဖြစ်စဖူး စူးရှထက်မြက်လာသည်။

သို့သော် ဤသည်က မိတ်ဆွေ‌ဟောင်းနှင့် ပြန်တွေ့ရသည့် ပျော်ရွှင်မှုမျိုးတော့မဟုတ်ပေ။ ထိုအစား ကြောက်ရွံ့မှုနှင့် သတိထားနေခြင်းနှင့် ပိုမိုဆင်တူသည်။

ထိုအခိုက်အတန့်တွင် ရန်ကျောက်ကဲစိတ်ထဲ အတွေးများစွာ ဝင်ရောက်လာသည်။

အတိတ်တစ်ချိန်က ခွန်လွန်အထင်ကရ (၉)ပါးကို အတူတကွ ချီးကျူးခဲ့ကြသော်လည်း သူတို့အကြားတွင် မည်သို့သော အဖြစ်အပျက်များ ဖြစ်ပွားခဲ့ကြောင်း မည်သူသိနိုင်ပါမည်နည်း။

သူတို့အားလုံးက လုပ်ဖော်ကိုင်ဖက်များဖြစ်သည်ဆိုလျှင်တောင်မှ ရင်းနှီးသည့်ဆက်ဆံရေးရှိရန် မသေချာလှပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့အကြားတွင် တင်းမာမှုအများအပြားပင် ရှိနေနိုင်သည်။

ထူးကဲယန်စည်းတံဆိပ်နှင့် ထူးကဲယင်သရဖူ ဆုံတွေ့သည့်အခါ တုံ့ပြန်မှုက ရင်းနှီးမှုရှိလွန်းသည်။ ထို့ပြင် တစ်ချိန်တုန်းက နေဝန်းထက်ယံအရှင်သခင်က ထူးကဲယန်စည်းတံဆိပ်ကို အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ချန်ထားခဲ့ကြောင်း သိရသည့်အခါ လဝန်းထက်ယံအရှင်သခင်ကလည်း ထူးကဲယင်သရဖူကို ထိုနေရာတွင် ချန်ထားရစ်ခဲ့သည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် သူတို့ကြားမှဆက်ဆံရေး အလွန်ကောင်းမွန်သည်ကို ပြသနေ၏။

သို့‌သော် ယခု ‘အင်္ဂါဂြိုဟ် ပုဆိန်သွားလှံရှည်’ ကို ရင်ဆိုင်ရသည့်အခါ ထူးကဲယန်စည်းတံဆိပ်၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် ဤပစ္စည်းများ၏ မူလပိုင်ရှင်များအနေဖြင့် လိုက်လျောညီထွေရှိသော ဆက်ဆံရေးကို မျှဝေခံစားခဲ့ခြင်း မရှိခဲ့ကြောင်း သိရှိရသည်။

ရလဒ်အနေဖြင့် ရန်ကျောက်ကဲအနေဖြင့် သတိထားရမည်ဖြစ်ပြီး သူတို့ကြားမှ ဆက်ဆံရေးကိုလည်း ပေါ့ပေါ့တန်တန် သဘောထားရန် မဖြစ်နိုင်ပေ။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အနေဖြင့် နေဝန်းထက်ယံအရှင်သခင်ကောင်းဟန်ကို အနည်းငယ်မျက်နှာသာပေးရန် ဆန္ဒရှိပါက အကောင်းဆုံး ဖြစ်ပေမည်။

သို့သော် ယခုပုံစံအရတော့ နေဝန်းထက်ယံအရှင်သခင်နှင့် ဆက်စပ်နေသည်ဟု ဆိုခြင်းက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ပိုပြီးဆန့်ကျင်ရာ ရောက်နိုင်သည့်အနေအထား ဖြစ်၏။

ရန်ကျောက်ကဲတွင် ထူးကဲယန်စည်းတံဆိပ်ရှိနေကြောင်း သိရှိထားကြသည့် မြောက်ဖေးတောင်ထွတ်မှ တပည့်များသာမက နဂါးမျိုးနွယ် (၃)ယောက်သည်လည်း ယခုတော့ သူ့ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် လှမ်းကြည့်နေကြသည်။

ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်ရင်း အေးဆေးတည်ငြိမ်စွာဖြင့်...

“ငါက နေဝန်းထက်ယံအရှင်သခင်ရဲ့ အဆက်အနွယ် မဟုတ်ဘူး ၊ ထူးကဲယန်စည်းတံဆိပ်ကို အမှတ်မထင်ရရှိခဲ့ပြီး မဟာနေမင်းကျမ်းဂန်ကိုလည်း ကျင့်ကြံခဲ့တယ် ၊ ဒါတောင်မှ နေဝန်းထက်ယံအရှင်သခင်အကြောင်းကို နည်းနည်းပါးပါပဲ သိရှိနိုင်ခဲ့ပါတယ် ၊ အကြီးအကဲဟာ အခု ဘယ်ဆီရောက်နေမှန်းတောင် မသိပါဘူး”

မီးလျှံနတ်ဘုရားက ရန်ကျောက်ကဲကို တည်ငြိမ်စွာစိုက်ကြည့်ရင်း...

“မင်းက ကောင်းဟန်ရဲ့အဆက်အနွယ်ဆိုရင်တောင် ငါက အငယ်တွေကို အခက်တွေ့အောင် မလုပ်ပါဘူး”

သူက ဆက်ပြောသည်။

“မင်းပြောတဲ့စကားတွေကို ငါယုံကြည်ပါတယ် ၊ ဒါပေမဲ့ စဉ်းစားဖို့ရှိတာက... ကောင်းဟန်ရဲ့အတွေးတွေက နားမလည်နိုင်လောက်အောင် ထူးဆန်းလွန်းတယ် ၊ သူ့ကိုနားလည်နိုင်ဖို့ဆိုတာ ခပ်ရှားရှားပဲ ၊ ဒါကြောင့် တချို့ကိစ္စတွေက မတော်တဆလို့ထင်ရပေမယ့် သူတို့က ရည်ရွယ်ချက်ရှိရှိလုပ်တာလည်း ဖြစ်နိုင်တယ်”

ထို့နောက် သူ့အကြည့်များက နဂါးမျိုးနွယ် (၃)ယောက်ထံသို့ ကျရောက်သွားသည်။

ခဏအကြာမှာတော့ တောက်လောင်နေသည့် မီးအလင်းလုံး (၃)လုံးထွက်ပေါ်လာပြီး ထိုနဂါးမျိုးနွယ် (၃)ယောက်ကို လွှမ်းခြုံသွားသည်။

ရန်ကျောက်ကဲ ၊ ရန်တိနှင့် မြောက်ဖေးတောင်ထွတ်မှတပည့်များ အနားတွင်ရှိနေသော်လည်း ကြောက်မက်ဖွယ်ရာ တောက်လောင်နေသော မီးအလင်းလုံးများက နဂါးမျိုးနွယ် (၃)ယောက်ကိုသာ လွှမ်းခြုံထားပြီး ကျန်လူများကို ထိခိုက်ခြင်း မရှိပေ။

မီးလျှံများက ပုံသေဧရီယာအတွင်း ကန့်သတ်ထားသည့်တိုင် ဤနေရာတစ်ခုလုံးကတော့ ကြေးချွတ်သန့်စင်ဘုံတွင် တောင်လောင်နေသည့်မီးတောက်များပမာ ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့လျှက်ရှိသည်။

နဂါး (၃)ကောင်ကတော့ တပြိုင်နက်တည်းနာကျင်စွာ အော်ဟစ်လိုက်ကြပြီး လူသားအသွင်ပျောက်ကွယ်ကာ မူလနဂါးအသွင်ပြောင်းလဲသွားပြီး ကောင်းကင်ထိတိုင်မြင့်မားသော နဂါးအစစ်များအဖြစ် ထွက်ပေါ်လာကြသည်။

ဤနဂါး (၃)ကောင်က ထိုစဉ်အချိန် နဂါးသင်္ချိုင်းထဲတွင် တွေ့ခဲ့ရသော နဂါးအလောင်းများထက်ပိုမိုကြီးမားပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ရောင်ဝါကို ပိုင်ဆိုင်ထားသည်။

နဂါးအစစ် (၃)ကောင်၏ ချီစွမ်းအားနှင့် သွေးစွမ်းအားများ ပေါက်ကွဲထွက်သွားပြီး မိုးမြေတစ်ခွင်ကို တုန်လှုပ်စေကာ ကြယ်စင်များကိုဖမ်းယူ လကို ဆွတ်ခြူသည့်ပမာ လူသားမျိုးနွယ်များအတွက် မိုးမြေချိတ်ဆက်ပေးထားသည့် နတ်ဘုရားတံခါးကြီး (၃)စင်းပမာ ထင်မှတ်ရသည်။

သို့သော်လည်း တောက်လောင်နေသော မီးလျှံများကို မငြိမ်းသတ်နိုင်ဘဲ ရုန်းကန်နေကြရသည်။

နဂါးအစစ်တစ်ကောင်က သူ၏ ကြီးမားသောမေးရိုးကြီးများကို ဖွင့်ဟလိုက်ပြီး များပြားလှစွာသော ရေများကို အန်ထုတ်လိုက်သည်။

အန်ထုတ်လိုက်သည့် ရေပမာဏက ကျူတောပင်လယ်ဒေသအရွယ်အစားလောက်ရှိသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး သမုဒ္ဒရာအဖြစ်ပြောင်းလဲသွားရန် လုံလောက်သည်။

သို့သော် နဂါးများ၏ ချီစွမ်းအားအနှစ်သာရပါရှိသော ဤသမုဒ္ဒရာရေများသည် သူတို့ခန္ဓာကိုယ်အားလောင်ကျွမ်းနေသော မီးတောက်များနှင့် ထိတွေ့မိသည်နှင့် ချက်ချင်း အငွေ့ပျံပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲကတော့ မပျော်မရွှင်ဖြင့်ပင် သုံးသပ်မှုတစ်ခု ပြုလုပ်လိုက်သည်။

“ဒီလူသာ ကျူတောပင်လယ်ဒေသကိုရောက်လာလို့ကတော့ ဒေသတစ်ခုလုံးကပင်လယ်ရေတွေ အငွေ့ပျံသွားနိုင်တယ်”

မဟာကပ်ဘေးကြီးမတိင်ခင်ကာလတင် ကောင်းကင်မီးတောက်ကိုပိုင်ဆိုင်သော ဧကရာဇ်တစ်ပါးရှိခဲ့ပြီး သူ့ကို မီးတောက်မိစ္ဆာဧကရာဇ်ဟု ခေါ်ကြသည်။

ရန်ကျောက်ကဲက မီးတောက်မိစ္ဆာဧကရာဇ်နှင့် ကိုယ်တိုင်မဆုံတွေ့ဖူးသော်လည်း အခြားသူများပြောပြချက်အရ ယခုကြုံတွေ့နေရသူထက်ပိုပြီး အစွမ်းထက်မည် မဟုတ်ပေ။

ဖုထင်က လက်ရှိအခြေအနေကို အတော်လေး ထိတ်လန့်သွားသည်။

သူမက ခဏမျှတုံ့ဆိုင်းပြီးနောက် ရန်ကျောက်ကဲနှင့် ရန်တိကို လှမ်းကြည့်ရင်း လေးလံသည့်အသံဖြင့်...

“ရှင်တို့ကို ဒီပြဿနာထဲဆွဲသွင်းမိတာ တကယ်စိတ်မကောင်းပါဘူး ၊ သတိထားကြပါ...”

သူတို့စကားပြန်မပြောနိုင်ခင်မှာပင် ဖုထင်က ကောင်းကင်ထက်မှ မီးလျှံသဏ္ဌန်ကိုကြည့်ပြီး အော်ဟစ်လိုက်သည်။

“ဒီ နဂါးမျိုးနွယ်အကြီးအကဲ (၃)ယောက်က ကျွန်မတို့ အမုန်းတရားမဲ့တာအိုနန်းတော်က ဧည့်သည်တွေပဲ ၊ ဒီတော့ တိုက်ခိုက်ရတာကို စိတ်မရှိပါနဲ့”

ပြောပြီးသည်နှင့် သူမက ကိုယ့်ကိုယ်ကိုယ်သတ်သေသည့်အသွင်ဖြင့် သူမ၏နဖူကို လက်ဖဝါးဖြင့် ရိုက်ချလိုက်လေသည်။

သို့သော် ဖုထင်သေဆုံးသွားခြင်းမရှိဘဲ သူမ၏ လက်ဖဝါးနှင့် နဖူးထက်တွင် ထိုက်ကျိကားချပ်အသွင်များ တပြိုင်တည်း ထွက်ပေါ်လာလေ၏။

All Chapters