ကမ္ဘာကိုခွင်းတဲ့လှံရှည်တစ်စင်း
Vol. 64 Ch. 901
အခန်း (၉၀၁) ကမ္ဘာကိုခွင်းတဲ့လှံရှည်တစ်စင်း
ဖုထင်၏ လက်ဖဝါးနှင့် နဖူးထက်တွင် ထိုက်ကျိကားချပ်ထွက်ပေါ်လာပြီး ‘အမုန်းတရားမဲ့တာအိုနန်းတော်’ တည်ရှိရာ မိုးမြေတစ်ခွင် အချိန်နှင့်နေရာက ရုတ်တရက် ပြောင်းလဲသွားသည်။
မီးတောက်မီးလျှံပင်လယ်ပြင်၏ ဝါးမျိုခြင်းခံနေရသော ဤနေရာပတ်ဝန်းကျင်တွင် အချိန်နှင့်နေရာက ရုတ်တရက် ပုံပျက်သွားသည်။
အစွန်းနှစ်ဖက်ဖြစ်တည်ခြင်းစွမ်းအားက ပြောင်းပြန်လှည့်ပတ်သွားပြီး လူတိုင်း၏ခြေထောက်အောက်တွင်ရှိသော နန်းတော်ဗဟိုချက်နေရာဆီသို့ ပေါင်းစပ်သွား၏။
သို့သော် သူမ၏လက်ဖဝါးနှင့် နဖူးထက်သို့ ရုတ်တရက် မီးလျှံများကျရောက်လာပြီး ထိုက်ကျိကားချပ်များကို ဖိနှိပ်ထားလိုက်သည်။
မီးလျှံနတ်ဘုရား၏အသံက လေထုထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“ငါက မင်းတို့ကို လူငယ်တွေဆိုပြီး လျစ်လျူရှုဖို့ကြိုးစားပေမယ့် မင်းတို့က ငါ့ကိုရန်လာစနေကြတာပဲ ၊ မင်းကိုသတ်ရလို့ ဘာမှဖြစ်မသွားဘူးဆိုတာ မင်းသိသင့်တယ်”
ထို့နောက် မီးလျှံသင်္ကေတတစ်ခုက ဖုထင်၏ ထိုက်ကျိကားချပ်များကို ဝါးမျိုသွားသည်။ မီးတောက်များ ဖုထင်၏မျက်နှာနှင့်လက်များတွင် ကပ်နေသကဲ့သို့ ဖြစ်သည်။
ထိုအချိန် ငွေဖြူရောင်အလွှာတစ်ခုက တောက်ပလာပြီး ရုတ်တရက်လှည့်ပတ်လိုက်ကာ အဆုံးမရှိသည့် သွေးနီရောင်မီးတောက်များကို ထိန်းထားလိုက်သည်။ မီးလျှံအင်းသင်္ကေတများဖြင့် ရင်ဆိုင်လိုက်ရသည့်အခါ ငွေဖြူရောင်အလင်းတန်းများမှာလည်း ခက်ခက်ခဲခဲ ခုခံနေရဟန်ပင်။
သို့သော် မူလက ဖိနှိပ်ခံထားရသော ဖုထင်၏နဖူးထက်မှ ထိုက်ကျိကားချပ်က ရုတ်တရက် တောက်ပလာသည်။
ဖုထင်၏ ခြေထောက်အောက်မှ အစပြုပြီး နန်းတော်ဧရီယာ အလယ်ဗဟိုတစ်ခုလုံး အလင်းတန်းများတောက်ပလာသည်။
ပြောင်းပြန်လှည့်ပတ်နေသော အစွန်းရောက်စွမ်းအားနှစ်ခု တစ်ဖန်ပြန်လည်မြင့်တက်လာပြီး အရင်ကထက် ပိုမိုခမ်းနားကာ ကြောက်မက်ဖွယ်ရာ ကောင်းလာသည်။
မီးလျှံနတ်ဘုရားက ခဏမျှ တိတ်ဆိတ်သွားပြီး...
“မင်းက ငါ့ရဲ့တိုက်ခိုက်မှုကို ဖိနှိပ်ပြီး လျှို့ဝှက်ထိန်းချုပ်အလွှာကို ဒုတိယအကြိမ် လှုံ့ဆောက်ပေးလိုက်တာပဲ ၊ မင်းတို့မျိုးဆက်က မင်းရဲ့ဘိုးဘေးတွေဖြစ်တဲ့ တာအိုဆရာရွှမ်ကျုန်းထက်ပိုပြီးတောက်ပတာ အံ့သြစရာမရှိတော့ပါဘူး”
လက်ရှိအခိုက်အတန့်တွင် အမုန်းတရားမဲ့တာအိုနန်းတော်တစ်ခုလုံး ပြိုကျလုနီးပါး ဖြစ်နေပေပြီ။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကြောင့် ထိုသို့ဖြစ်ခြင်းမဟုတ်ပေ။ တာအိုနန်းတော်မှ ထွက်ပေါ်လာသော တန်ခိုးစွမ်းအားများကြောင့် ဖြစ်သည်။
မိုးမြေတစ်ခွင်လုံးက နန်းတော်ဗဟိုချက်ဆီသို့ ပြိုကျသွားသည်။
ဖုထင်ထံမှ ခမ်းနားကြီးကျယ်သော တန်ခိုးစွမ်းအားက အားကောင်းစွာ ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်ပြီး မီးတောက်မီးလျှ့များက သူမကို ထိခိုက်စေခြင်း မရှိတော့ပေ။
အရာအားလုံးက တစ်ခဏအတွင်း ဖြစ်ပျက်သွားခြင်းပင်။
သို့သော် ထိုအချိန်ခဏလေးကပင် ဖုထင်အတွက် အသုံးချရန် လုံလောက်ပေသည်။
သူမက လက်ဖဝါးနှစ်ဖက်ယှက်လိုက်သည်နှင့် နန်းတော်တစ်ခုလုံး အဖြူရောင်နင်အနက်ရောင်အလင်းမှုံများ တောက်ပသွားသည်။
ယင်နှင့်ယန်လှည့်ပတ်သွားပြီး ထိုက်ကျိကားချပ်ဖြစ်တည်လာကာ ဖုထင် ၊ မြောက်ဖေးတောင်ထွတ်မှ သိုင်းကျင့်ကြံသူများ ၊ ရန်ကျောက်ကဲ ၊ ရန်တိနှင့် မီးလောင်ကျွမ်းနေသည့် နဂါးမျိုးနွယ် (၃)ယောက်တို့ကို လွှမ်းခြုံသွားပြီး အားလုံးမှာ နန်းတော်အလယ်ဗဟို ပြိုကျနေသောနေရာသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားတော့သည်။
အမုန်းတရားမဲ့ကောင်းကင်နန်းတော်တစ်ခုလုံး ပြိုကျပျက်ဆီးရာမှ ထွက်ပေါ်လာသော တန်ခိုးစွမ်းအားက နဂါးမျိုးနွယ် (၃)ယောက်၏ ခန္ဓာကိုယ်ထက်မှ မီးလျှံများကို ငြိမ်းသတ်သွားစေသည်။
ဖုထင်သည် ဖခင်ဖြစ်သူ ပိုးသားဧကရာဇ် တည်ဆောက်ထားသော အစီအရင်ကို အသုံးပြုကာ နဂါးမျိုးနွယ် (၃)ယောက်ကို သေမင်းခံတွင်းဝမှ ဆွဲထုတ်လာနိုင်ခဲ့သည်။
မိုးမြေတစ်ခွင်လုံးပြိုကျလာပြီး လှိုင်းများလေများပြင်းထန်နေသည်ကို အရေးမစိုက်ဟန်ဖြင့် မီးလျှံနတ်ဘုရားက ရွေ့လျားလာသည်။
“မင်းအဖေရဲ့အသွင်အပြင်ကို ပိုင်ဆိုင်ထားတဲ့ သိပ်တော်တဲ့ မိန်းမပျိုလေးပဲ”
ကျယ်ပြန့်နက်ရှိုင်းသည့် အဆုံးမရှိအဝေးတစ်နေရာမှ ခမ်းနားသည့် နဂါးဟိန်းသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ထို့နောက်မှာတော့ (၉)ပေရှည်လျားသော မီးလျှံအသွင်ကပေါက်ကွဲထွက်သွားပြီး စီးဆင်းနေသည့် မီးလျှံများအဖြစ် ပြောင်းလဲသွားသည်။ မီးတောက်ပင်လယ်ကြီး အလယ်တွင် လှံသွားနှစ်ခုထွက်ပေါ်လာပြီး ရန်ကျောက်ကဲစိတ်ထဲတွင်မှတ်မိနေသည့် မိုးကောင်းကင်လှံရှည်နှင့် အလွန်ဆင်တူသည်ကို တွေ့ရသည်။
ဤလှံရှည်က လုံးဝသွေးနီရောင်တောက်ပနေပြီး လှံရှည်ထက်တွင် နဂါးသဏ္ဌန်များ ရေးထွင်းထားသည်။
“မင်းက သတ္တိရှိသလို အရည်အချင်းလည်းရှိတယ် ၊ မင်းကို မသတ်ချင်ပေမယ့် နည်းနည်းတော့ အပြစ်ပေးရမယ်”
ထို့နောက် သွေးနီရောင်လှံရှည်က လေထဲသို့ ပျံတက်လာ၏။
ပြိုကျနေသည့် အနက်ရောင်နှင့်အဖြူရောင်ထိုက်ကျိကားချပ်အလယ်ဗဟို မိုးမြေတစ်ခွင်တွင် မီးတောက်အလင်းတန်းတစ်ခု လက်ခနဲတောက်ပသွားသည်။
ထိုက်ကျိကားချပ်နှင့်အတူ ရန်ကျောက်ကဲ ၊ ရန်တိ ၊ ဖုထင်နှင့် အခြာသူများက အမုန်းတရားမဲ့တာအိုနန်းတော်အဝေးတစ်နေရာသို့ ဗလာနယ်လမ်းကြောင်းတစ်ခုမှ သယ်ဆောင်သွားတော့မည် ဖြစ်သည်။
သို့သော် မီးရောင်အလင်းတန်းတောက်ပလာသည်နှင့် ဗလာနယ်လမ်းကြောင်းက ချက်ချင်းပင်ပျက်ဆီးသွားပြီး အပိုင်းပိုင်းအက်ကွဲသွားသည်။
လူတိုင်းက သူတို့ကိုယ်သူတို့ တည်ငြိမ်ရန် ကြိုးစားခဲ့ကြသော်လည်း သူတို့၏ထိန်းချုပ်နိုင်စွမ်းနှင့် စိတ်ဆန္ဒကိုကျော်လွန်ကာ နှစ်နေရာ သို့မဟုတ် သုံးနေရာသို့ အသီးသီး ကွဲထွက်သွားကြသည်။
ရန်ကျောက်ကဲနှင့် အခြားသူများ နောက်ဆုံးတွေ့လိုက်ရသည်မှာ သွေးနီရောင်မီးတောက်များ လင်းလက်သွားပြီး နဂါးမျိုးနွယ် (၃)ယောက်လုံး သေဆုံးသွားခြင်းပင် ဖြစ်သည်။ ကြီးမားသော နဂါးခန္ဓာကိုယ်ကြီးများ အလယ်ခေါင်မှ ထက်ပိုင်းပြတ်သွားပြီး မီးလျှ့များက နဂါးအလောင်းများကို ချက်ချင်းပင် လောင်ကျွမ်းတိုက်စားပစ်လိုက်သည်။
ထို့နောက် လေထုထဲသို့ ပြာမှုန့်အဖြစ်လွင့်စင်သွားကာ မည်သည့်သဲလွန်စမှ ကျန်ရစ်ခြင်း မရှိတော့ပေ။
အဝေးတစ်နေရာမှ အက်ကွဲနေသော ဗလာနယ်များကြားတွင် မီးအလင်းတန်းက သိပ်သည်းသွားပြီး မီးလျှံနတ်ဘုရားမီးတောက်အဖြစ် ပြန်လည်ပေါင်းစည်းသွားသည်ကို တွေ့ရသည်။
မီးလျှံနတ်ဘုရားက ဖုထင်တို့နောက်သို့ လိုက်ပါလာြခင်းမရှိဘဲ လေထုထဲတွင် မလှုပ်မယှက် မတ်တတ်ရပ်ရင်း ကျန်ရစ်ခဲ့သည်။
သူ့ကိုကြည့်ရသည်မှာ ပိုးသားဧကရာဇ်ပြန်လာမည်ကို စောင့်မျှော်နေဟန်ပင်။
ပရမ်းပတာဗလာနယ်ထဲတွင် ရန်ကျောက်ကဲ တခြားနေရာသို့ လှမ်းကြည့်လိုက်တော့ နောက်ထပ် ပရမ်းပတာဗလာနယ်စီးကြောင်းတစ်ခုထဲတွင် ပိတ်မိနေသည့် ဖခင်ဖြစ်သူ ရန်တိကို တွေ့ရသည်။
သားအဖနှစ်ယောက် အကြည့်ချင်းဖလှယ်ရင်း ရယ်ရမလား ငိုရမလားမသိပေ။
သူတို့နှစ်ယောက်မှာ လုံးဝဆက်စပ်မှုမရှိသော ပဋိပက္ခတစ်ခုထဲသို့ ဆွဲငင်ခံခဲ့ရပြီး မြောက်ဖေးတောင်ထွတ်မှသိုင်းသမားများ ၊ နဂါးမျိုးနွယ်များနှင့် လုံးထွေးရစ်ပတ်နေခဲ့ရသည်။ ဤနေရာသို့မလာခင်က ဤသို့သောအဖြစ်မျိုးကြုံမည်ဟု တစ်ခါမှ တွေးမထားခဲ့မိပေ။
သို့သော် နှစ်ယောက်လုံးက စိတ်ပူစရာမရှိဟု သဘောထားလိုက်ကြပြီး တည်ငြိမ်စွာပင် ရင်ဆိုင်လိုက်ကြသည်။ ထို့နောက် အက်ကွဲနေသော အာကာသထဲတွင် ဗလာနယ်စီးကြောင်းများအတိုင်း တစ်ယောက်တစ်လမ်းစီ ဝေးကွာသွားကြတော့သည်။
သူတို့၏ လက်ရှိကျင့်ကြံခြင်းအဆင့်များကြောင့် သူတို့အတွက် အန္တရယ်တစ်စုံတစ်ရာရှိမည် မဟုတ်ပေ။
အထက်ဘုံကမ္ဘာသို့ ပြန်နိုင်ရန်ကတော့ အနည်းငယ်ကြိုးစားအားထုတ်ရပေမည်။
ရန်ကျောက်ကဲက သက်ပြင်းချရင်း...
“အစီအစဉ်တွေက အပြောင်းအလဲတွေကို လိုက်မမီတော့ဘူး ၊ ချင်းယွမ်ဧကရာဇ်က ပိုးသားဧကရာဇ်ကို လာပြီးတိုက်ခိုက်မယ်လို့ အဆိုးဆုံးတွေးထင်ထားခဲ့တာ ၊ ဒီ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က လာပြီးပြဿနာရှာမယ်လို့ ဘယ်ထင်ထားမှာလဲ”
“တကယ်ပါပဲ... ကံဆိုးတာတွေက ဖြစ်ဖြစ်လာတယ်”
ရန်ကျောက်ကဲ ခေါင်းခါယမ်းရင်း ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်စေလိုက်သည်။
သူက နတ်ဘုရားထောင်ချောက်ဓားသိုင်းကို ကျင့်ကြံထားသဖြင့် ဗလာနယ်တာအိုကို နားလည်သူဖြစ်လေရာ ဗလာနယ်စီးကြောင်းများကြားပိတ်မိနေခြင်းက သူ့အတွက် ကြီးမားသောပြဿနာ မဟုတ်ပေ။
တိုက်ဆိုင်စွာပင် သူနှင့်တူညီသည့် ဗလာနယ်စီးကြောင်းထဲတွင် လွင့်မျောလာသည့် ဖုထင်ကို တွေ့လိုက်ရသည်။
သို့ဖြစ်ရာ နတ်ဘုရားထောင်ချောက်ဓားသိုင်းကို ပွင့်ပွင့်လင်းလင်းအသုံးပြုရန်မှာ အဆင်မပြေတော့ပေ။
ဖုထင်က ရန်ကျောက်ကဲကိုတွေ့သည်နှင့် တောင်းပန်စကားဆိုသည်။
“တာအိုနန်းတော်မှာ အဖေချန်ထားခဲ့အစီအရင်ကို အသက်သွင်းပြီး နဂါးမျိုးနွယ် (၃)ယောက်ကို ကူညီဖို့ ကြိုးစားခဲ့တာ ၊ ဒါပေမဲ့ နောက်ဆုံးတော့ အလုပ်မဖြစ်ဘဲ ရှင်နဲ့ရှင့်အဖေကိုပဲ ဒုက္ခရောက်စေခဲ့ရပြီ ၊ တောင်းပန်ပါတယ် ‘ရန်’ သခင်လေး”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဘာမှမဖြစ်ပါဘူးဗျာ ၊ ‘ဖု’ မိန်းကလေးက အားနာနေပြန်ပါပြီ”
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ကိုယ်ပိုင်စိတ်နေစိတ်ထားပိုင်ဆိုင်သဖြင့် ဧကရာဇ်တစ်ပါးနှင့်မခြားသော တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်သည်။
သူ၏ စိတ်နေစိတ်ထားမှာ ကြမ်းတမ်းသော်လည်း ကြီးမြတ်လှသည်။
ဖုထင်သာ နဂါး (၃)ကောင်ကို ကယ်တင်ရန်မကြိုးစားလျှင် ရန်ကျောက်ကဲနှင့် ရန်တိတို့သည်လည်း ဤသို့သောပြဿနာရင်ဆိုင်ရမည် မဟုတ်ပေ။
ထိုနဂါးမျိုးနွယ် (၃)ယောက်ကို သတ်ဖြတ်ပြီးသည်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ရန်ကျောက်ကဲနှင့် ရန်တိတို့ကို ထွက်ခွာသွားခွင့်ပြုနိုင်သည်။ ဖုထင်နှင့်အခြားသူများကိုတော့ ပိုးသားဧကရာဇ် ထွက်ပေါ်လာစေရန် ဤနေရာတွင် ထိန်းသိမ်းထားနိုင်သော်လည်း ကြီးကြီးမားမား အန္တရယ်ပြုမည် မဟုတ်ပေ။ အထူးသဖြင့် အသက်အန္တရယ်ကျရောက်လောက်သည်အထိ မဖြစ်နိုင်ပေ။
သို့ရာတွင် ဖုထင်က နဂါးမျိုးနွယ်များကို ကယ်တင်ရန် ကြိုးစားလိုက်သဖြင့် အမုန်းတရားမဲ့တာအိုနန်းတော် လုံးလုံးလျားလျား ပျက်ဆီးသွားပြီး သူတို့အားလုံး ဗလာနယ်စီးကြောင်းထဲတွင် တကွဲတပြားလွင့်မျောသွားကြရသည်။
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲက ဖုထင်ကို အပြစ်မတင်ခဲ့ပေ။
အခြားရှုထောင့်မှကြည့်လျှင် ယခုအချိန်ရောက်လာသူက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်မဟုတ်ဘဲ ချင်းယွမ်ဧကရာဇ်ဖြစ်နေပါက ဖုထင်အနေဖြင့် ရန်တိနှင့် ရန်ကျောက်ကဲကို ကယ်တင်ရန် ဤသို့ပင် အတတ်နိုင်ဆုံး ကြိုးစားမည်ဖြစ်သည်။
ရန်ကျောက်ကဲတို့သားအဖပဲဖြစ်ဖြစ် ၊ နဂါးမျိုးနွယ် (၃)ယောက်ပဲဖြစ်ဖြစ် အားလုံးက မြောက်ဖေးတောက်ထွတ်၏ ဧည့်သည်တော်များပင် မဟုတ်ပါလား။
ဟုတ်ပေ၏။
ရန်ကျောက်ကဲအတွက်တော့ လက်ရှိအခြေအနေက အလွန်ဆိုးရွားကြောက်စရာကောင်းသည့်အနေအထားမဟုတ်ဘဲ လက်ခံနိုင်သည့်အဆင့်မှာ ရှိနေဆဲ ဖြစ်သည်။
သို့သော် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် စောစောကပြောခဲ့သည့်စကားက သူ့နားထဲ ပဲ့တင်ထပ်ကြားယောင် နေမိသည်။
“ဒါကြောင့် တချို့ကိစ္စတွေက မတော်တဆလို့ထင်ရပေမယ့် သူတို့က ရည်ရွယ်ချက်ရှိရှိလုပ်တာလည်း ဖြစ်နိုင်တယ်”
ဟု ထိုပုဆိန်သွားလှံရှည်က ပြောခဲ့သည်။
“ငါ့အတွက်က မတော်တဆဆိုပေမယ့်... တခြားသူတွေက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာများလား”
ရန်ကျောက်ကဲ အတွေးများသွားလေသည်။