← Chapters

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် (ဝူလျန့်ထျန်းကျွင်း)

Vol. 64 Ch. 902

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် (ဝူလျန့်ထျန်းကျွင်း)

Vol. 64 Ch. 902

အခန်း (၉၀၂) အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် (ဝူလျန့်ထျန်းကျွင်း)

နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ ကိစ္စနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲ အတော်လေး စိတ်ပူပန်နေသော်လည်း ကောင်းဟန်အကြောင်းသိရှိသည်မှာနည်းပါးလှသဖြင့် ထိုအကြောင်းကို သိပ်ပြီးမစဉ်းစားတော့ပေ။

လက်ရှိတွင်အ‌ရေးကြီးဆုံးက အထက်ဘုံကမ္ဘာသို့ မည်သို့ပြန်မည်လဲဆိုသည့်အချက်ပင်။

ရန်ကျောက်ကဲက ဖုထင်ကိုမေးကြည့်တော့ သူမက မချိစွာပင် ရယ်မောသည်။

“ကျွန်မမှာတော့ ဘာနည်းလမ်းမှမရှိသေးဘူး ၊ ဖြည်းဖြည်းချင်း ပြန်ဖို့နည်းလမ်းရှာကြတာပေါ့”

သူမဆိုလိုသည့်အဓိပ္ပါယ်ကို ရန်ကျောက်ကဲ နားလည်သည်။ အမုန်းတရားမဲ့တာအိုနန်းတော်မှ အစီအရင်ကို အသက်သွင်းလိုက်သည့်တိုင် ဖုထင်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ခြင်း မရှိပေ။ မဟုတ်ပါက ပိုးသားဧကရာဇ်က သမီးဖြစ်သူ ဤသို့သောအခြေအနေရင်ဆိုင်ရမည်ကိုသိရှိလျှင် ခွန်လွန်တောင်သို့ ပြန်လည်နိုင်မည့်နည်းလမ်းအချို့ ချန်ထားခဲ့မည်မှာ သေချာသည်။

ယခုတော့ မည်သည့်နည်းလမ်းမှ အသုံးပြုနိုင်ခြင်း မရှိတော့ပေ။

သို့သော် စောစောက တာအိုနန်းတော်တွင် ပွင့်လာသည့် ဗလာနယ်လမ်းကြောင်းသာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကြောင့် အက်ကွဲပျက်ဆီးသွားခြင်းမရှိလျှင် အထက်ဘုံကမ္ဘာသို့ အန္တရယ်ကင်းစွာ ပြန်လာနိုင်မည် ဖြစ်သည်။

စိတ်မကောင်းစရာမှာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အမတမှော်ဝင်ပစ္စည်းတစ်ခုဖြစ်ပြီး ကိုယ်ပိုင်အစွမ်းအစကြီးမားသူဖြစ်လေရာ လမ်းကြောင်းကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်သည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်အကြောင်းတွေးမိတော့ ရန်ကျောက်ကဲနှင့်ဖုထင် အကြည့်ချင်းဖလှယ်ရင်း မချိပြုံးပြုံးလိုက်ကြသည်။

စောစောက သူတို့တွေ့မြင်ခဲ့ရသမျှတွင် အမုန်းတရားမဲ့တာအိုနန်းတော်ပျက်ဆီးသွားသည့်တိုင် ရန်သူက ထိုနေရာမှ ထွက်ခွာသွားရန် ရည်ရွယ်ချက်ရှိဟန်မတူပေ။

သူက ပိုးသားဧကရာဇ် ပြန်လာရန်အတွက် ထိုနေရာတွင် စောင့်ဆိုင်းနေပုံရသည်။ သူ၏ ရက်စက်ကြမ်းကြုတ်သောသဘောသဘာဝနှင့်အတူ မောက်မာမှုများကိုပါ တွေ့မြင်နိုင်သည်။

ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်ပြီး သူတို့ မည်သည့်နေရာသို့ ဦးတည်နေကြောင်းကို ပိုင်းခြားကြည့်လိုက်၏။

“ထားလိုက်တော့... အဲဒီအကြောင်းမစဉ်းစားတော့ဘူး ၊ အခု ဘယ်နေရာရောက်နေလဲဆိုတာက ပိုပြီးအရေးကြီးတယ်”

ထိုစကားကြားတော့ ဖုထင်သည်လည်းစိတ်ဓာတ်ကိုမြှင့်တင်လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။

အမုန်းတရားမဲ့တာအိုနန်းတော်ကို စတေးခံလိုက်သော်လည်း အဆုံးသတ်မှာတော့ နဂါးမျိုးနွယ် (၃)ယောက်ကို ကယ်တင်နိုင်ခဲ့ခြင်း မရှိပေ။ မည်သို့မှမတတ်နိုင်စွာ နဂါးမျိုးနွယ်များ သေဆုံးသွားသည်ကို ကြည့်နေရတော့သည်။

ကောင်းကင်ဘုံ၏မျက်နှာသာပေးခြင်းခံရသော သမီးပျိုဖြစ်သည့် ဖုထင်အတွက် ဤဖြစ်ရပ်က ရှားရှားပါးပါး မအောင်မြင်မှု တစ်ခုဖြစ်သည်။ တကယ်တော့ သူမဘဝတွင် အရာအားလုံးက သူမအလိုအတိုင်း ဖြစ်ခဲ့သည်ချည်းသာပင်။

မကြာသေးမီနှစ်များအတွင်း သူမစိတ်ထဲ မသက်မသာခံစားရစေသည်မှာ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုပျောက်ကွယ်သွားပြီး သူမတို့ဂိုဏ်းမှ အကြီးအကဲများသည်လည်း တွင်းနက်ကြီးထဲ ပျောက်ဆုံးသွားသည့်ကိစ္စ ဖြစ်၏။

သူမဘဝ၏အခက်ခဲဆုံးအချိန်များတွင် ရန်ကျောက်ကဲက အမြဲတမ်းပါဝင်ပတ်သက်နေသဖြင့် ဖုထင်မှာ ရယ်လည်းရယ်ချင်သလို ဒေါသလည်းထွက်ရသည်။

သို့တိုင် သူမသည် စိတ်သဘောထားကို အလျင်အမြန် ချိန်ညှိရင်း စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်သည်။

သူတို့ (၂)ယောက် ဗလာနယ်စီးကြောင်းအတိုင်း အာကာသထဲ မည်မျှကြာအောင် လွင့်မျောသွားသည်မသိ ၊ သူတို့အရှေ့ ဗလာနယ်ထဲတွင် ယောင်ဝါးဝါးကမ္ဘာတစ်ခု ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရသည်။

ရန်ကျောက်ကဲနှင့်ဖုထင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ထိုကမ္ဘာဆီသို့ ဝင်ရောက်လိုက်ကြသည်။

သူတို့ ထိုနေရာသို့ ဝင်ရောက်လိုက်သည်နှင့် မိုးမြေအကန့်အသတ်များက ပုံပျက်တုန်ခါသွားပြီး အပြင်ဘက်မှ သူတို့ (၂)ယောက်ကို ငြင်းဆန်လိုသည့်အရိပ်အယောင်များ ပြသလာသည်။

သူတို့နှစ်ယောက်လုံးက ယင်နှင့်ယန် အပြောင်းအလဲများနှင့် ကွဲပြားမှုများကို တွက်ချက်ရာတွင် ကျွမ်းကျင်လေရာ ထိုကမ္ဘာနှင့်လိုက်လျောညီထွေပေါင်းစည်းပြီး လက်မခံလိုသောစွမ်းအားကို နည်းပါးသွားအောင် ပြုလုပ်ခဲ့ကြသည်။

သူတို့ ဝင်ရောက်လိုက်သည်နှင့် သိပ်သည်းသောပင်လယ်ရေနှင့် သစ်ပင်တောအုပ်များက သူတို့မျက်ဝန်းထဲ ဝင်ရောက်လာ၏။

ရန်ကျောက်ကဲက သူ့ကိုယ်သူတည်ငြိမ်အောင်ကြိုစားရင်း အဝေးသို့ လှမ်းကြည့်လိုက်သည်။

“ဒီနေရာက ဝိညာဉ်စွမ်းအားစီးဆင်းမှုက အတော်လေးဆန်းကျယ်တာပဲ...”

သူတို့နှစ်ယောက်လုံးက နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များဖြစ်ကြသော်လည်း ဤကမ္ဘာက သူတို့၏တန်ခိုးစွမ်းအားများကို လက်ခံနိုင်စွမ်းရှိနေသည်။ သမုဒ္ဒရာကမ္ဘာနှင့် ယန်ဖူကမ္ဘာများကဲ့သို့ အောက်ဘုံကမ္ဘာများနှင့်မတူညီစွာ သူတို့၏ကျင့်ကြံခြင်းအဆင့်ကို ဖိနှိပ်ရန် မလိုအပ်ပေ။

သို့သော် ဤနေရာက အထက်ဘုံကမ္ဘာလည်း မဟုတ်ပေ။

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဒါက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံလား ဒါမှမဟုတ် ဗုဒ္ဓဘာသာကမ္ဘာတစ်ခုခုလားပဲ”

ဖုထင်က အံ့အားသင့်သွားပြီး...

“’ရန်’ သခင်လေးလည်း ဗုဒ္ဓဘာသာကမ္ဘာတွေရှိတယ်ဆိုတာကို သိနေတာလား”

ပိုးသားဧကရာဇ်၏သမီးတော်ဖြစ်သည့် ဖုထင်အနေဖြင့် ကျင့်ကြံခြင်းအဆင့်တူညီသူများအလယ်တွင် သူမက အခြားသူများမသိရှိသော အကြောင်းအရာများစွာကို သိရှိထားသည်။

ယခု မမျှော်လင့်စွာပင် ရန်ကျောက်ကဲသည်လည်း လျှို့ဝှက်ချက်များကို သိရှိနေခဲ့သည်။

“ဦးလေး’ချောင်’က ရှင့်ကိုပြောပြထားတာလား”

ဖုထင်ကမေးတော့ ရန်ကျောက်ကဲက ခဏမျှတိတ်ဆိတ်နေပြီးမှ...

“အရှေ့တောင်ထိပ်တန်းအရှင်သခင် ပြောပြတာ မဟုတ်ပါဘူး ၊ တကယ်တော့... အရင်တုန်းက ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကိုလိုက်ရှာရင်း ပရမ်းပတာ ဗလာနယ်ထဲရောက်သွားတယ် ၊ ငါနဲ့အတူ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက ကောင်းချင်တို့အုပ်စုနဲ့ ဗုဒ္ဓဘာသာကမ္ဘာတစ်ခုကို ရောက်သွားတယ် ၊ ဒါကြောင့် ဒီအကြောင်းတွေ သိထားတာပါ”

ဖုထင်က ခေါင်းညိတ်ကာ သက်ပြင်းချရင်း...

“အင်း... မအံ့သြတော့ပါဘူး”

သူမက ရန်ကျောက်ကဲကိုလှမ်းကြည့်ရင်း...

“ကျွန်မရဲ့ခမည်းတော်နဲ့ တခြားဧကရာဇ်တွေ အုပ်စိုးရှင်တွေက ဒီလျှို့ဝှက်ချက်ကို ထိန်းထားတာဟာ အောက်ဘုံကမ္ဘာတွေ အန္တရယ်ကင်းဖို့ ထည့်သွင်းစဉ်းစားထားတာကြောင့်ပါ”

သူမကဆက်ပြောသည်။

“တကယ်တော့... ဒီကိစ္စမှာ ကျွန်မတို့သတိမထားမိတဲ့အရာတစ်ခု ရှိနေပုံရတယ် ၊ ကျွန်မဖေက အဲဒီကိစ္စကို ရှင်းရှင်းလင်းလင်းပြောမပြဘူး ၊ ကြည့်ရတာ အတော်လေးရှုတ်ထွေးပုံပဲ”

သူ့စကားကြားတော့ ရန်ကျောက်ကဲက...

“’ဖု’ မိန်းကလေး စိတ်မပူပါနဲ့ ၊ ဒီ’ရန်’ က ဗုဒ္ဓဘာသာကမ္ဘာက ပြန်လာပြီးတဲ့နောက်မှာ ဒီအကြောင်း ကြုံရာကျပန်း လျှောက်မပြောခဲ့ပါဘူး ၊ လျှို့ဝှက်ချက်တွေကို အမြဲတမ်း ကောင်းကောင်းထိန်းထားပါတယ်”

ဖုထင်က ပြုံးရင်း...

“ကျွန်မ ယုံပါတယ်”

ထို့နောက် သူတို့နှစ်ယောက် လက်ရှိကမ္ဘာ၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုကွန်ယက်ကို အာရုံခံလိုက်ကြသည်။

အရှေ့ဆီတွင် လူသားတစ်ယောက်ရှိနေပုံရသည်။

သို့သော် ဒဏ္ဍာရီဆန်သည့် မီးခိုးငွေ့များက သိမ်မွေ့သည့်ရတနာအလင်းတန်းတစ်ခုပမာ ကောင်းကင်ထက်သို့ လွင့်ပျံနေသည်ကိုလည်း တွေ့ရပြန်၏။

ထိုအရာက ကိုးကွယ်ယုံကြည်ခြင်း၏စွမ်းအားဖြစ်သလို တိကျသည့်အတိုင်းအတာတစ်ခုဖြစ်သော ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲသွားသည့် ရတနာအလင်းတန်း အသွင်မျိုးဖြစ်သည်။

“ဒါက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ မဟုတ်ဘူး ၊ ဆိုတော့ ဗုဒ္ဓဘာသာကမ္ဘာတစ်ခုခုများလား...”

ရန်ကျောက်ကဲ မျက်မှောင်ကြုံ့လိုက်သည်။

“နေဦး... မဟုတ်သေးဘူး”

သူ အံ့အားသင့်သွားသည်။

“အဲဒါက ဗုဒ္ဓရောင်ခြည်အလင်းတန်းလည်း မဟုတ်ဘူး”

ကောင်းကင်ထက်သို့ တက်သွားသည့် ရတနာအလင်းတန်းကို သေသေချာချာကြည့်ရင်း ဖုထင်၏မျက်နှာအမူအရာသည်လည်း ပြောင်းလဲသွားသည်။

“ဟုတ်တယ် ၊ ဒါပေမဲ့ ယုံကြည်ခြင်းစွမ်းအားကထွက်ပေါ်လာတဲ့ ရောင်ခြည်အလင်းတန်းနဲ့ ဘာလို့တူနေရတာလဲ”

အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သူတို့နှစ်ယောက်လုံး၏မျက်ဝန်းများထဲတွင် စိတ်ရှုတ်ထွေးမှုများ ထင်ဟပ်လာသည်။

တာအိုဝါဒတွင်လည်း ကိုးကွယ်ယုံကြည်သည့် ဓလေ့တစ်ခု ရှိသည်။

ဝါဒတောင် ၊ မြောက်ဖေးတောင်ထွတ်နှင့် အခြားသောတာအိုဝါဒဆက်ခံသူများက ကိုးကွယ်ယုံကြည်မှုများ ပြုလုပ်ထားရှိကြသည်သာပင်။

သို့သော် မိမိတို့ဘိုးဘေးများအပြင် စန်းချင်း (၃)ပါး (စင်ကြယ်ခြင်း (၃)ပါး) ကို ကိုးကွယ်ကြခြင်းဖြစ်ပြီး ဤသည်က လေးစားသမှုဖြင့် အရိုးရှင်းဆုံး ဝတ်ပြုခြင်းသာလျှင် ဖြစ်၏။

အရင်တစ်ချိန် တထာဂတဿဗုဒ္ဓ သက်ရှိထင်ရှားရှိစဉ်က ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသကဲ့သို့ပင် ဖြစ်သည်။

သို့သော် ဤနေရာတွင်ရှိနေသည့် တာအိုဝါဒ ကိုးကွယ်ယုံကြည်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရတနာအလင်းတန်းက ကွဲပြားခြားနားသောအဓိပ္ပာယ်ကိုပိုင်ဆိုင်သည်။

ရှေးယခင်က ဗုဒ္ဓကျမ်းဂန်များကဲ့သို့ များပြားလှသောသက်ရှိများ၏ ယုံကြည်ခြင်းစွမ်းအားကို ပေါင်းစပ်ထားသည်။ ကိုယ်တိုင်ကျင့်ကြံစရာမလိုဘဲ ယုံကြည်ခြင်းဖြင့် မြင့်မားသည့်အဆင့်တစ်ခုသို့ ရောက်ရှိနိုင်သည်။

ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်ရင်း ဖုထင်ကို လှမ်းကြည့်လိုက်သည်။

“ကောင်းချင်တို့အုပ်စုတွေနေတဲ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံဆိုရင်တော့ ဒီလိုမျိုးကိစ္စတွေ သေချာပေါက် ရှိနေမှာ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ကောင်းချင်တို့အဆက်အနွယ်နဲ့ပတ်သက်ပြီး ဘယ်လိုအတည်ပြုနိုင်မလဲ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ ဒီလိုမျိုးလုပ်ရပ် လုပ််တဲ့သူတွေ ရှိနေမလားဆိုတာ ဘယ်လိုလုပ်သိနိုင်မလဲ”

ဖုထင်က စိတ်ရှုတ်ထွေးသည့်အမူအရာဖြင့်...

“ကျွန်မသိသလောက် သူတို့တွေလည်း ဒီလိုအလုပ်မျိုးတွေ မလုပ်ကြဘူး”

ရန်ကျောက်ကဲက ကောင်းကင်နှင့်ချိတ်ဆက်ထားသည့် ရတနာအလင်းတန်းကို စူးစိုက်ကြည့်ရင်း...

“ဒီနေရာက အထက်ဘုံကမ္ဘာလည်းမဟုတ်သလို အစွန်းရောက်ရှစ်ပါးကမ္ဘာလို အောက်ဘုံကမ္ဘာလည်း မဟုတ်ဘူး”

နှစ်ယောက်သာ ခဏမျှစဉ်းစားပြီး အရှေ့မှ လူနေထူထပ်ရာနေရာသို့ ဆက်လျှောက်လာကြသည်။

အရှေ့ဆီမှလွင်ပြင်ဒေသတွင် မြို့တစ်မြို့ရှိနေသည်ကိုတွေ့ရပြီး ပတ်ပတ်လည်တွင်လည်း ရွာငယ်များ ဝိုင်းရံလျှက် ရှိ၏။

ရွာများနှင့် မြို့မှထွက်ပေါ်နေသည့် ရတနာအလင်းတန်းက သိပ်သည်းသည်ရှိသလို မှိန်ဖျော့နေသည်လည်းရှိသည်။ မြို့ဆီမှထွက်ပေါ်နေသော အလင်းတန်းက ပိုမိုသိပ်သည်းပြီး ကြည်လင်ခိုင်မာသည်။

ရန်ကျောက်ကဲနှင့်ဖုထင်တို့ တိတ်ဆိတ်စွာပင် မြို့ထဲသို့ ဝင်လာကြသည်။

ဤနေရာတွင်အသုံးပြုသည့်ဘာသာစကားက အထက်ဘုံကမ္ဘာနှင့်မတူဘဲ အလွန်ခက်ခဲပြီး နားလည်ရခက်လှသည်။ ရန်ကျောက်ကဲသည်ပင် အဓိပ္ပါယ်ဖော်ရန် ခက်ခဲနေရ၏။

သို့သော် လူတိုင်းကိုးကွယ်ဆည်းကပ်နေသူက မည်သူမည်ဝါဖြစ်ကြောင်း ရန်ကျောက်ကဲ တဖြည်းဖြည်း နားလည်သဘောပေါက်လာသည်။

“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ‘ဝူလျန့်ထျန်းကျွင်း’”

ရန်ကျောက်ကဲနှင့် ဖုထင်တို့ လုံးဝအံ့အားသင့်သွားပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

စန်းချင်း(၃)ပါး၏ တပည့်များက ရိုးရာပူဇော်ပွဲကျင်းပရာတွင် ထုံးတမ်းအစဉ်အလာအရ -

“အတိုင်းအဆမဲ့ (၃)ပါးအရှင်” သို့မဟုတ် “ကောင်းချီးရ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ၊ စိတ်ကူး၍မရနိုင်သော ကောင်းကျိုးကုသိုလ်များ”

စသည်ဖြင့် ပေါ့ပေါ့ပါးပါးပင် ရွတ်ဆိုလေ့ ရှိကြသည်။

ဤနေရာတွင် ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် (ဝူလျန့်ထျန်းကျွင်း)’ ဆိုသည်မှာ တကယ်တော့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းကိုရည်ရွယ်ခြင်းမဟုတ်ဘဲ များပြားလှစွာသော ကောင်းကင်ဘုံအရှင် ဧကရာဇ်မင်းများကို ရည်ညွှန်းကိုးကွယ် ပူဇော်ခြင်း ဖြစ်သည်။

အမှန်တကယ် ရွတ်ဆိုကြသည့်အပြည့်အစုံမှာ ““ကောင်းချီးရ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်” ဟု ရွတ်ဆိုပြီးသည့်နောက် “စိတ်ကူး၍မရနိုင်သော ကောင်းကျိုးကုသိုလ်များ” ဟူ၍ ဆက်လက်ရွတ်ဆိုရမည် ဖြစ်သည်။

သို့သော် ဤကမ္ဘာမှ သိုင်းကျင့်ကြံသူများနှင့် သာမန်လူသားများက ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် (ဝူလျန့်ထျန်းကျွင်း)’ ဆိုသည့်ခေါင်းစဉ်ကို ဗုဒ္ဓဘာသာဝင်များ ‘အော်မီတော်ဖူ’ ဟု ရွတ်ဆိုသကဲ့သို့ တစ်ဦးတစ်ယောက်သော ကောင်းကင်ဘုံအရှင်ကို ရည်ညွှန်းကိုးကွယ်နေကြခြင်း ဖြစ်၏။

ထိုအမည်နာမမှာ ကောင်းကင်ဘုံအရှင်များစွာ ၊ တန်ခိုးစွမ်းအားရှင်များစွာကို ပေါင်းစည်းရည်ညွှန်းထားခြင်း မဟုတ်ပေ။

ပြဿနာမှာ တာအိုဝါဒတောင် ‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ (ဝူလျန့်ထျန်းကျွင်း) ဆိုသည်မှာ တစ်ခါမှ မရှိခဲ့ပေ။

ရန်ကျောက်ကဲ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း...

“ဘာလဲဟ...”

All Chapters