တာအိုတရားကိုစွဲလန်းခြင်းနှင့်ကောင်းကင်ဘုံအရှင်၏ကောင်းချီးမင်္ဂလာ
Vol. 64 Ch. 904
အခန်း (၉၀၄) တာအိုတရားကိုစွဲလန်းခြင်းနှင့်ကောင်းကင်ဘုံအရှင်၏ကောင်းချီးမင်္ဂလာ
ထိုသူများတိုက်ခိုက်သည်ကို ရန်ကျောက်ကဲ စောင့်ကြည့်နေခဲ့သည်။
သူ့မျက်ဝန်းများက အတွေးနက်နဲသွားပြီး...
“ဒါက မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက တည်ရှိခဲ့တဲ့ သိုင်းပညာပဲ ၊ ပြီးတော့ ကောင်းကောင်းလည်း ထိန်းသိမ်းထားနိုင်တယ် ၊ ကြည့်ရတာ...”
ဤသိုင်းသမားများ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရနှင့် ချီစွမ်းအား ၊ သွေးစွမ်းအား သန့်စင်ကျင့်ကြံခြင်းများ၏အခြေခံအုတ်မြစ်မှာ ခန္ဓာကိုယ်ထဲမှထွက်ပေါ်လာသည့် ယုံကြည်ခြင်းစွမ်းအားသာလျှင် ဖြစ်သည်။
နောက်မှလိုက်လာသူများက အလွန်လျှင်မြန်လှသည်။
သို့သော် ထွက်ပြေးလာသူ၏ခန္ဓာကိုယ်ထဲမှ ယုံကြည်ခြင်းစွမ်းအား ရတနာအလင်းတန်းက အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။
သူ့နောက်မှ လိုက်ပါလာသူများကတော့ ကျင့်ကြံခြင်းအဆင့် မည်မျှရှိပါစေ သူတို့ခန္ဓာကိုယ်ထဲမှ ရတနာအလင်းတန်းက အလွန်တည်ငြိမ်ပြီး ပုံသေဖြစ်၏။ သို့တိုင် ရှေ့မှပြေးနေသူ၏ခန္ဓာကိုယ်တွင်းမှ ရတနာအလင်းတန်းက တောက်ပလာလိုက် မှိန်ဖျော့သွားလိုက်ဖြင့် အဆက်မပြတ် ဖြစ်တည်နေသည်။
သေသေချာချာကြည့်လိုက်တော့ ထိုသူက အနီရောင်ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်ပြီး ခက်ထန်တင်းမာသောအသွင်းအပြင်ရှိကြောင်း ရန်ကျောက်ကဲနှင့် ဖုထင်တို့ တွေ့လိုက်ရသည်။
သူ၏ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်မားပြီး သူ၏သွေးကြောဆုံချက်များအားလုံးက ခုန်လှုပ်နေကာ သူ၏ခန္ဓာကိုယ် အဓိကသွေးကြောဆုံချက်က နတ်ဘုရားသိမြင်ခြင်းအဖြစ် သန့်စင်ထားပြီး ဖြစ်သည်။ များပြားလှစွာသော သွေးကြောစုံချက်များသည်လည်း စကြာဝဠာအတွင်းမှ ကြယ်စင်များဖြင့် ပဲ့တင်ထပ်နေသည်။
ဤသည်မှာ သိုင်းသူတော်စင် ဆဋ္ဌမအဆင့် ၊ နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့် လက္ခဏာဖြစ်၏။
နတ်ဘုရားသိမြင်ခြင်းအလယ်ဆင့် သိုင်းကျင့်ကြံသူတစ်ယောက်သည် အဓိကသွေးကြောဆုံချက်များအားလုံးကို ကြယ်စင်များနှင့် ပဲ့တင်ထပ်အောင် ကျင့်ကြံနိုင်ပေသည်။
နောက်ပိုင်းတွင် မထင်ရှားသော သွေးကြောဆုံချက်များကို ကြယ်စင်များဖြင့် ပဲ့တင်ထပ်အောင်ကြိုးစားပြီးသည့်နောက် နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ယခု ရှေ့မှပြေးနေသော ယန်ချုန်းဆိုသည့်လူရွယ်က ဤအဆင့်ကိုအောင်မြင်ထားသည်မှာ အတိအကျပင် သေချာသည်။
သူ ကျင့်ကြံထားသည့်သိုင်းပညာမှာ ပရမ်းပတာကောင်းကင်ကျမ်းစာမှ ပရမ်းပတာကောင်းကင်လက်ဝါးသိုင်းဖြစ်ကြောင်း ရန်ကျောက်ကဲ မှတ်မိလိုက်သည်။ ဤကျမ်းစာကို ကောင်းကင်ဘုံနန်းတော် သိုင်းကျမ်းစာကြည့်တိုက်တွင် မဟာကပ်ဘေးကြီးမတိုင်ခင်က သိမ်းဆည်းထားခဲ့သည်။
သူ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က အဆုံးစွန်သော ယုံကြည်ခြင်းဖြစ်သည့် ရတနာအလင်းတန်းပေါ်တွင် အခြေခံထားသော်လည်း ပရမ်းပတာကောင်းကင်လက်ဝါးသိုင်း အနှစ်သာရကို သိရှိထားသဖြင့် သူ၏သိုင်းပညာက အတော်လေးထက်မြက်ကြောင်း တွေ့မြင်ရသည်။
သို့သော် နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ ယခုမှရောက်ရှိသူများနှင့် ကိုယ်ခွဲပေါင်းစပ်ခြင်းအဆင့် သိုင်းသူတော်စင်များ နောက်မှလိုက်ပါလာခြင်းကို အတော်လေးခုခံနေရပြီး အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေသည်။
ပြန်လည်တိူက်ခိုက်ရန်ပင် မဖြစ်နိုင်ဘဲ ဒရောသောပါး ထွက်ပြေးရုံသာ တတ်နိုင်ခဲ့သည်။
သူ့နောက်မှ လိုက်ပါလာသူများကလည်း ပရမ်းပတာကောင်းကင်ကျမ်းစာ ကျင့်ကြံထားသူများဖြစ်ရာ ဂိုဏ်းတူညီအစ်ကိုများဖြစ်သည်မှာ ထင်ရှားသည်။
“သူ ဒဏ်ရာရထားတာလား...”
ရန်ကျောက်ကဲ တွေးလိုက်သည်။
“ဒါမှမဟုတ်...”
ထိုစဉ် နောက်မှလိုက်လာသူများထဲမှ တစ်ယောက်က အော်ဟစ်လိုက်သည်။
“ဆရာဦးလေး’ယန်’ ၊ ဒီလောက်မိုက်တွင်းနက်ပြီးရင် ရပ်တန်းကရပ်သင့်ပါပြီ ၊ ငါတို့နဲ့အတူ ဂိုဏ်းကိုပြန်လိုက်ခဲ့ပြီး ကောင်းကင်ဘုံအရှင်ရဲ့ပလ္လင်ရှေ့မှာ စိတ်ရင်းအမှန်နဲ့ အပြစ်ဝန်ခံလိုက်ပါ ၊ ဒါဆို လွတ်မြောက်နိုင်ပါသေးတယ်”
ယန်ချုန်း စကားပြန်မပြောခင်မှာပင် သူတို့ကြားမှ အသံများစွာ ထွက်ပေါ်လာသည်။
“ချွမ်ဟောင်လုန် ၊ မင်းက ဒီကောင် ပုတ်ခတ်ပြောဆိုတာကို ကာကွယ်ပေးဖို့ ကြိုးစားနေတာလား”
စောစောက စကားအော်ပြောသည့်လူငယ်၏မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။
ယန်ချုန်းက ချွမ်ဟောင်လုန်ကို ကျေးဇူးတင်ဟန်ဖြင့် ခေါင်းညိတ်ပြရင်း ခံစားချက်အပြည့်ဖြင့် စကားဆိုလိုက်သည်။
“ပြင်ပတာအိုကို တာအိုမဟုတ်ဘူးလို့ ပြောလို့မရဘူး ၊ ရှေးရိုးစွဲတာအိုတစ်ခုတည်းကလည်း တာအိုမဟုတ်ဘူး ၊ လမ်းကြောင်းတွေအများကြီးရှိတဲ့အတွက် ကိုယ်သွားချင်တဲ့လမ်းကို ကိုယ်လျှောက်ခွင့်ရှိတယ်”
“လက်ရှိ ငါတို့နေထိုင်တဲ့ကမ္ဘာက အစစ်အမှန်ဆိုပေမယ့် ပြီးပြည့်စုံခြင်း မရှိဘူး ၊ အခု ငါတို့နေထိုင်တဲ့ကမ္ဘာက ထိပ်တန်းတန်ခိုးစွမ်းအားရှင်တွေက သူတို့မြင်စေချင်သလောက်လေးပဲ လှစ်ဟပြထားတဲ့ကမ္ဘာတစ်ခုပဲ”
ယန်ချုန်း၏မျက်ဝန်းများတုန်ခါသွားပြီး...
“ကိစ္စရပ်တွေကို ပိုပြီးသိမြင်လာတဲ့အခါ ငါတို့မျက်စိရှေ့က ကမ္ဘာက မတူကွဲပြားတဲ့အရာတစ်ခု ဖြစ်သွားလိမ့်မယ်”
ဤစကားများကိုကြားတော့ နောက်မှလိုက်ပါလာသူများ အကြီးကျယ်မျက်နှာပျက်သွားကြသည်။
“ပေါက်ကရတွေပြောနေတယ် ၊ မကောင်းဆိုးဝါးလှည့်စားတာခံနေရပြီ”
သူတို့က ကြုံးဝါးသံများပြုလုပ်ပြီး တူညီသည့် ပရမ်းပတာကောင်းကင်လက်ဝါးသိုင်းဖြင့် ယန်ချုန်းကို ဝိုင်းဝန်းတိုက်ခိုက်လိုက်ကြသည်။
သူတို့၏လက်ဝါးရိူက်ချကများဖြတ်သန်းသွားသည်နှင့် မိုးမြေတစ်ခွင်မြင်ကွင်းများ အဆက်မပြတ်ပြောင်းလဲသွားသည်။
စီးဆင်းနေသည့်လေက ရပ်တန့်သွားပြီး လေထုသည် နွံတောထဲသိ့ ကျွံဝင်သည့်အလား အတွင်းသို့ ကျွံဝင်သွားသည်။
လွင့်မျောနေသည့်တိမ်တိုက်များက အေးခဲသွားပြီး ကောင်းကင်တစ်ခုလုံးကို ခိုင်မာစွာ အုပ်စိုင်းထားသည့်အလား ထင်မှတ်ရ၏။
ကမ္ဘာမြေမျက်နှာပြင် ပြိုကျသွားပြီး မြစ်ရေများမြင့်တက်လာကာ ကောင်းကင်ထိတိုင် ရေစီးကြောင်းများ ပျံတက်သွားသည်။
အရာရာတိုင်းက လူတစ်ယောက်၏ စိတ်ကူးစိတ်သန်းအတိုင်း ပရမ်းပတာအခြေအနေများကို ထင်ဟပ်လာစေသည်။
များပြားလှစွာသော ပရမ်းပတာဖြစ်စဉ်များ ထွက်ပေါ်လာသည့်အခါ မိုးကုတ်စက်ဝိုင်းကိုအက်ကွဲသွားစေသည်အထိ ကြီးမားသော ပုံပျက်ခြင်းတွန်းအားတစ်ခု ဖြစ်တည်လာသည်။
အက်ကွဲနေသော ဗလာနယ်များအကြားတွင် အရာအားလုံးက ထိတ်လန့်ဖွယ်ရာဖြစ်လာပြီး အတိုင်းအဆမဲ့ကပ်ဘေးများ မြင့်တက်လာသည်။
ဒါကိုမြင်တော့ ယန်ချုန်း သက်ပြင်းချလိုက်ပြီး သူ့လက်ဖဝါးနှစ်ဖက် ပြိုင်တူတွန်းထုတ်လိုက်ကာ ပရမ်းပတာကောင်းကင်လက်ဝါးသိုင်းဖြင့် တန်ပြန်တိုက်ခိုက်လိုက်၏။
ပရမ်းပတာက ပရမ်းတာနှင့်တွေ့ဆုံသည့်အခါ ပြန်လည်အစီအစဉ်ကျနသွားသည်။ ယန်ချုန်း၏ လက်ဝါးရိုက်ချက် ဖြတ်သန်းသွားသည်နှင့် မိုးမြေတစ်ခွင်မှ ပရမ်းပတာမြင်ကွင်းများက ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ရန်ကျောက်ကဲနှင့် ဖုထင်တို့ကတော့ မျက်မှောင်ကြုံ့ရင်း အခြေအနေကို စောင့်ကြည့်နေကြသည်။
ယန်ချုန်းထုတ်လွှတ်လိုက်သည့်တန်ခိုးစွမ်းအားက အလွန်တရာအားနည်းပြီး နတ်ဘုရားသိမြင်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ တန်ခိုးစွမ်းအား မဟုတ်ပေ။
အမတခုံရုံးတာအိုဝါဒကို ကျင့်ကြံသူဖြစ်သဖြင့် သူ၏တန်ခိုးစွမ်းအားက ရိုးရာတာအိုဖြစ်သော စန်းချင်း (၃)ပါးမှ ဆင်းသက်လာသည့်တာအိုကျင့်ကြံခြင်းထက် အားနည်းသည်။ သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ရှိပြီး သွေးကြောဆုံချက်များစွာကို သန့်စင်ထားသူတစ်ယောက်ဖြစ်သည့်တိုင် မိုးမြေတစ်ခွင်တုန်လှုပ်စေသည့် တန်ခိုးစွမ်းအားများ ရှိမနေခဲ့ပေ။
သူ၏ရန်သူများကလည်း အမတခုံရုံးတာအိုဝါဒကို ကျင့်ကြံသူများ ဖြစ်ကြသည်။ သို့သော် သူတို့ကတော့ ရန်ကျောက်ကဲနှင့် ဖုထင်တို့အား မယှဉ်နိုင်သည့်တိုင် အခြာသောသိုင်းကျင့်ကြံသူများကို ဖိနှိပ်ထားနိုင်စွမ်း ရှိကြ၏။
ထိုသို့သောအခြေအနေအောက်တွင် သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ရှိသော ယန်ချုန်းသည် သိုင်းသူတော်စင် စတုတ္ထအဆင့် အများဆုံးပါဝင်သည့် နောက်မှလိုက်လာသူများကို လွှမ်းမိုးနိုင်စွမ်းရှိရမည် ဖြစ်သည်။
သို့သော် ရလဒ်က မျှော်လင့်ထားသလို မဖြစ်ခဲ့ပေ။
ယန်ချုန်းသည် ရန်သူများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိခဲ့ပေ။
သူ့နောက်မှလိုက်လာသူများ၏ စုပေါင်းတိုက်ခိုက်မှုကို ခက်ခက်ခဲခဲရင်ဆိုင်ရင်း ဖိအားပေးခံနေရသည်။
ရန်ကျောက်ကဲနှင့် ဖုထင်တို့က တိုက်ပွဲကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အခြေအနေကိုနားလည်ရန် လုံလောက်သည်။
“သူက ဒဏ်ရာရထားလို့ အားနည်းနေတာမဟုတ်ဘူး”
“သူက တကယ်ပဲ သူ့နောက်ကလိုက်လာတဲ့ရန်သူတွေကို မတိုက်ခိုက်နိုင်တာပဲ”
“သူ့တန်ခိုးစွမ်းအားကို ရည်ရွယ်ချက်ရှိရှိကန့်သတ်ထားတာလား ၊ ဒါမှမဟုတ် သူ့တန်ခိုးစွမ်းအားကို တစ်ယောက်ယောက်က ကန့်သတ်ထားတာလား...”
ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်ရင်း...
“သူ့ရဲ့ကျင့်ကြံခြင်းအခြေခံအုတ်မြစ် လျော့နည်းသွားတာပဲ ၊ ဒါပေမဲ့ ဒဏ်ရာရသွားတာမဟုတ်ဘူး ၊ ယုံကြည်ခြင်း ရတနာအလင်းတန်းကြောင့် အဲဒီလိုဖြစ်သွာတာ”
“အရင်က နတ်ဘုရားသိမြင်ခြင်းအဖြစ် သွေးကြောဆုံခက်တွေကို သန့်စင်ဖို့အတွက် သူ့ရဲ့ကျင့်ကြံခြင်းအခြေခံကို အားကိုးခဲ့တယ် ၊ ဒီကျင့်ကြံခြင်းအခြေခံကြောင့်ပဲ ကြယ်စင်တွေနဲ့ သွေးကြောဆုံချက်တွေ ပဲ့တင်ထပ်နိုင်ခဲ့တယ်”
ဖုထင်သည်လည်း ယန်ချုန်းကြုံတွေ့နေရသည့် အခြေအနေကို သဘောပေါက်သွားသည်။
“အခု သူ့ခန္ဓာကိုယ်ထဲက ယုံကြည်ခြင်းအလင်းတန်းက မတည်မငြိမ်ဖြစ်နေတယ် ၊ ဒါကြောင့် မူလက နတ်ဘုရားသိမြင်ခြင်းရရှိထားတဲ့သွေးကြောဆုံချက်တွေက ငိုက်မျည်းသွားပြီး သုံးလို့မရတော့ဘူး”
ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...
“အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့ကျင့်ကြံခြင်းအခြေခံက မရပ်မနား ယိုယွင်းလာတာပဲ”
ယန်ချုန်းသည် သိုင်းသူတော်စင် စတုတ္ထအဆင့် ကျင့်ကြံသူလောက်ပင် တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိတော့ပေ။
ဤအတိုင်းသာဆက်သွားမည်ဆိုလျှင် မကြာမီ သိုင်းသူတော်စင် တတိယအအဆင့်အထိ ကျဆင်းသွားမည်ဖြစ်ပြီး သူ၏တန်ခိုးစွမ်းအားသည်လည်း ဆက်လက်ယိုယွင်းသွားမည် ဖြစ်၏။
သွေးကြောဆုံချက်များကို သန့်စင်ပြီး နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ရောက်ရှိခြင်းအပေါ်တွင် တန်ခိုးစွမ်းအားက မူတည်ခြင်းမရှိဘဲ ကျင့်ကြံမှုအားလုံးက ယုံကြည်ခြင်းစွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် ရတနာအလင်းတန်းတစ်ခုတည်းအပေါ်တွင်သာ အမှီပြုခဲ့သည်။
ယန်ချုန်းကို လိုက်လံတိုက်ခိုက်နေသော အဖွဲ့ခေါင်းဆောင်က အေးစက်စွာဖြင့်...
“ယန်ချုန်း... မင်းက လှည့်စားတဲ့စကားတွေသုံးပြီး ငါတို့စိတ်တွေရှုတ်ထွေးသွားအောင် ကြိုးစားနေတာမလား ၊ ဒါပေမဲ့ မင်း လွတ်မြောက်ဖို့ လွယ်မယ်ထင်သလား”
“အိပ်မက်မက်နေလိုက် ၊ ငါတို့အားလုံးက ကောင်းကင်ဘုံအရှင်ရဲ့ ကောင်းချီမင်္ဂလာတွေအပေါ်မှာ တာအိုတရားကို စိတ်ရင်းနဲ့အပ်နှံကြတယ် ၊ မင်းလိုမျိုး မကောင်းတဲ့အတွေးတွေ တွေးနေမှာမဟုတ်ဘူး”
“မင်းက အခုထိ ခေါင်းမာပြီး မျက်စိကန်းနေတုန်းပဲ ၊ သေဖို့သာ ပြင်ထားတော့...”
ထိုသူ့စကားဆုံးသွားသည်နှင့် ထိုသူ၏ခန္ဓာကိုယ်က ရိပ်ခနဲလှုပ်ရှားသွားပြီး အခြားသူများအားလုံးက ယန်ချုန်းကို ပိတ်ဆို့တိုက်ခိုက်လိုက်ကြသည်။
ပရမ်းပတာကောင်းကင်ကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် နောက်ထပ်သိုင်းပညာတစ်ရပ်ဖြစ်သော ‘မိုးမြေပြောင်းပြန်လက်ချောင်းသိုင်း’ ကို အသုံးပြုလိုက်ကြသည်။
လူအများဝိုင်းဝန်းတိုက်ခိုက်ခြင်းခံရသဖြင့် ယန်ချုန်းသည် လက်ချောင်းသိုင်းထိမှန်ခံရကာ ရှောင်တိမ်းနိုင်ခြင်း မရှိတော့ပေ။
သူ၏ပါးစပ်ထဲမှ သွေးများအန်ကျလာပြီး မျက်နှာက ရုတ်တရက်နီရဲလာသည့်တိုင် ချက်ချင်းဖြူဖျော့သွားသည်။
ထိုအချိန် အခြားသောကျင့်ကြံသူများက တစ်ပြိုင်နက်တည်း ထိုးနှက်တိုက်ခိုက်လိုက်ကြပြီး ကောင်းကင်ထက်မှ ပရမ်းပတာလက်ဝါးရိုက်ချက်များ ယန်ချုန်းထံသို့ အဆက်မပြတ်ကျရောက်လာသည်။
ယန်ချုန်း မြေပြင်ထက်သို့ ပျော့ခွေလဲကျသွားပြီး မလှုပ်ရှားနိုင်ဘဲ သေလုမျောပါး ဖြစ်သွားရသည်။
လူတစ်ယောက်က...
“သူ့ကိုသတ်ပစ်လိုက်ပါ တူလေး’ချွမ်ဟောင်လုန်’”
ထိုစကားကိုကြားတော့ ချွမ်ဟောင်လုန် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားလေသည်။