← Chapters

သတ်ဖြတ်ကြသူများ

Vol. 77 Ch. 1065

သတ်ဖြတ်ကြသူများ

Vol. 77 Ch. 1065

တဲရှေ့တွင် ရပ်နေရင်း ထွက်ခွာသွားသောပုယုဟမ်တို့နောက်သို့ ထန်ရှုက ငေးကြည့်နေခဲ့သည်။ ထို့နောက် သူက မိုအားဝူထံ ချက်ချင်းလှည့်ကြည့်ကာ ပြောလိုက်၏ “လူတိုင်းကို သတိထားဖို့ ပြောလိုက်။ အဲဒီပုကောင်က လူကောင်းတစ်ယောက်မဟုတ်ဘူး။ သူ့ခွန်အားက မသန်မာပေမယ့် မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနိုင်တယ်”

“သူတို့ကို ဘာလို့ တိုက်ရိုက်မသတ်လိုက်တာ

“တိုင်းပြည်က လက်ရှိမှာ လူတွေ လိုအပ်တယ်”ထန်ရှုက ခပ်ဖျော့ဖျော့ပြော၏ “ဒါ့အပြင် ပုယုဟမ်ပဲဖြစ်ဖြစ်၊ သူ့ဘေးနားကလူတွေပဲဖြစ်ဖြစ်၊ သူတို့က အားမနည်းဘူး။ အထူးသဖြင့် သူ့နောက်က သက်ကြားအိုနှစ်ယောက်ပဲ။ သူတို့က ရွှေအမြုတေအဆင့်ကျင့်ကြံသူတွေလောက် မသန်မာပေမယ့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကျွမ်းကျင်သူတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်။ သူတို့ကို သတ်တာက အမြောက်စာတွေကို ဖြုန်းတီးသလိုပါပဲ။ ဒါကြောင့် သူတို့ကို နတ်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်ခွင့်ပြုပြီး သားရဲတွေရဲ့လက်သည်းထဲမှာ သေစေတာ အကောင်းဆုံးပဲ”

မိုအားဝူက ထန်ရှု၏ရည်ရွယ်ချက်အား လျင်မြန်စွာ သဘောပေါက်သွားပြီး ပြုံးကာ ခေါင်းညိတ်လိုက်သည် “ ဂိုဏ်းချုပ်ပြောတာ မှန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သေရမှာပဲလေ။ သူတို့က နတ်ဆိုးသားရဲအနည်းငယ်ကို သတ်ဖို့ ငါတို့ကို ကူညီပေးနိုင်တာပေါ့လေ။ ကောင်းပါပြီ၊ ငါ လူတိုင်းကို ချက်ချင်းပြောလိုက်ပါ့မယ်”

ထန်ရှုက တဲထဲသို့ ပြန်လာပြီး သူ၏ဆက်သွယ်ရေးကိရိယာအား ချက်ချင်း ယူထုတ်ကာ ကူးရှောင်ရွှယ်၏ဖုန်းနံပါတ်အား ခေါ်လိုက်၏။ တစ်ဖက်မှ ဖုန်းကိုင်လိုက်ပြီးနောက် သူက မေးလိုက်သည် “ရွှယ်ယုရဲ့အခြေအနေဘယ်လိုလဲ။ သူမ မထွက်လာသေဘူးလား”

“ငါ ဆရာနဲ့ ကိုယ်တိုင် တွေ့ပြီးပြီ၊ ဆရာအဘိုး။ ရွှယ်ယု ဘယ်အချိန်ထွက်လာမလဲ မသိဘူးလို့ သူမ ပြောတယ်။ အကြောင်းရင်းကတော့ သူမက နတ်ဆိုးအစုအဝေးအစီအရင်ထဲမှာ ရှိနေလို့ပဲ။ အစီအရင်ထဲမှာရှိတဲ့နတ်ဆိုးတွေအားလုံးကို အပြီးတိုင် မဖယ်ရှားရသေးဘဲနဲ့ သူမ ထွက်လာလို့ရမှာ မဟုတ်ဘူး”

“ယန်အာက တကယ်ပဲ နတ်ဆိုးအစုအဝေးအစီအရင်ကို တည်ဆောက်ခဲ့တာလား” ထန်ရှုက အံ့အားသင့်စွာ မေးလိုက်သည်။

“ဟုတ်ပါတယ်၊ ရှောင်ရွှယ်လဲ နတ်ဆိုးအစုအဝေးအစီအရင်ထဲကို ဝင်ချင်ခဲ့တယ်၊ ဒါပေမယ့် အစီအရင်ရဲ့စွမ်းအားက ငါ့အတွက် အားကောင်းလွန်းတယ်လို့ ဆရာက ပြောခဲ့တယ်။ ရွှေအမြုတေအဆင့်ဆယ်ယောက်ရှိရင် ကိုးယောက်က အထဲမှာပဲ သေရလိမ့်မယ်။ အခြေတည်စိတ်ဝိညာဉ်အဆင့်တွေပဲ အထဲမှာ အသက်ရှင်နိုင်လိမ့်မယ်လို့ သူမက ပြောခဲ့တယ်”

“ငါ သိပြီ”ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “ရွှယ်ယုထွက်လာတာနဲ့ တရုတ်ကို ချက်ချင်းပြန်လာဖို့ ယန်အာကို ပြောလိုက်ပါ။ သူ သူမကို ပြည်မမှာ စောင့်နေမယ်”

“နားလည်ပါပြီ” ကူးရှောင်ရွှယ်က ရိုသေလေးစားစွာနှင့် ပြန်ဖြေသည်။

ဖုန်းချပြီးနောက် ထန်ရှုက တစ်ခုခုအား စဉ်းစားနေပုံရ၏။ နတ်ဆိုးအစုအဝေးအစီအရင်က လေ့ကျင်ဖို့အတွက် အလွန်သင့်တော်သောအစီအရင်တစ်ခုဖြစ်ပြီး အင်မော်တယ်ကမ္ဘာတွင် သူတို့၏တပည့်များ လေ့ကျင့်ရန်အတွက် ဂိုဏ်းကြီးဂိုဏ်းငယ်များစွာက စွမ်းအားအဆင့်အမျိုးမျိုးရှိသည့်နတ်ဆိုးအစုအဝေးအစီအရင်အား တည်ဆောက်ခဲ့ကြသည်။ သူမလေ့ကျင့်ဖို့အတွက် နတ်ဆိုးအစုအဝေးအစီအရင်တစ်ခုကို တည်ဆောက်ခဲ့ပေးသဖြင့် ကူးယန်အာက သူမအား အမှန်တကယ် ဂရုစိုက်ပုံရ၏။

နောက်တစ်နေ့ရောက်လာပြီး ညနေခင်းတွင် သွမ်မုလင်က နတ်ဆိုးသားရဲများ ထွက်ပေါ်လာသည့်သတင်းအား ထန်ရှုထံ အကြောင်းကြားခဲ့သည်။ သို့သော် ထူးဆန်းတာတစ်ခုရှိ၏၊ ထိုနတ်ဆိုးသားရဲများက တားမြစ်စည်းအား ချက်ချင်း မတိုက်ခိုက်ဘဲ တစ်ခုခုအား စောင့်မျှော်နေသည့်အလား ငါးကီလိုမီတာအကွာခန့်တွင် ရပ်နေခဲ့သည်။

များမကြာမီ ထန်ရှုက ခံစစ်လိုင်းတွင် ထွက်ပေါ်လာပြီး ပုကလန်မျိုးဆက်ပုယုဟန်အပြင် သူ ဘယ်တော့မှ မမြင်ဖူးသည့် ကျင့်ကြံသူများစွာအား မြင်လိုက်လိုက်၏။

“ဟမ့်”

ထန်ရှုကို မြင်ပြီး ပုယုဟမ်က လည်ပင်းခုတ်ဖြတ်သည့်အမူအရာ တိုက်ရိုက်လုပ်ပြကာ မောက်မာစွာ ခေါင်းမော့လိုက်သည်။

သူ့အား ပြန်တုံ့ပြန်ရန် ပျင်းရိလွန်းသဖြင့် ထန်ရှုက သွမ်မုလင်ထံ လျှောက်သွားကာ မေးလိုက်သည် “အဲနေရာမှာ နတ်ဆိုးသားရဲတွေ ဘယ်လောက်ထိရှိနေလဲ၊ စီနီယာသွမ်မုလင်”

“စုစုပေါင်း နှစ်ရာခြောက်ဆယ်ခန့်” သွမ်မုလင်က ပြန်ဖြေ၏ “ဒါပေမယ့် အရေအတွက်သုံးရာပတ်လည်ရှိတဲ့နောက်ထပ်နတ်ဆိုးသားရဲတစ်အုပ်လဲ လာနေတယ်။ သူတို့က ဒီနေရာကို မလာသေးဘူး၊ အစွန်အဖျားမှာပဲ ရပ်နေတယ်။ ဒါပေမယ့် ဒီနတ်ဆိုးသားရဲနှစ်ဖွဲ့က စစ်တပ်တစ်ခုရဲ့ရှေ့ပြေးတပ်တွေလို လုပ်နေတယ်လို့ ငါ သံသယရှိတယ်။ သူတို့က အကြီးစားတိုက်ခိုက်မှုတစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေတာ ဖြစ်နိုင်မလား”

“အဲဒါ ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်” ထန်ရှုက ပြော၏ “လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ငါတို့က နတ်ဆိုးသားရဲအများကြီး သတ်ခဲ့တယ်၊ ဒါပေမယ့် သူတို့က အကြောက်အလန့်မရှိဘဲ တားမြစ်စည်းကို အကြိမ်ကြိမ်တိုက်ခိုက်လာနေတုန်းပဲ။ သူတို့က အခြေအနေကို စမ်းသပ်နေတာလို့ ငါ ထင်တယ်”

“နတ်ဆိုးသားရဲအရေအတွက်က တစ်ထောင်အောက်ဆိုရင် ငါတို့ ကိုင်တွယ်နိုင်တယ်၊ ဒါပေမယ့် အဲထက်ကျော်သွားရင်တော့ မဖြစ်နိုင်တော့ဘူး” သွမ်မုလင်က လေးလံသောမျက်နှာနှင့် ပြော၏ “အစီအရင်အတွက် လိုအပ်တဲ့ ပစ္စည်းတွေအားလုံးလည်း မရသေးဘူး၊ ဒါကြောင့် ငါတို့သာ သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်ရရင် ဆုံးရှုံးမှုကြီးမားနိုင်တာကို မျှော်လင့်လို့ရတယ်”

“ငါတို့မှာ ရွေးချယ်စရာမရှိဘူး၊ ငါတို့စွမ်းရည်တွေ အကောင်းဆုံးသုံးပြီး သူတို့ကို သတ်ဖြတ်ရမှာပဲ” ထန်ရှုက ပြော၏ “ငါတို့အားလုံး တိုက်ပွဲမှာ သေသွားရရင်တောင် သူတို့ကို တားမြစ်စည်းကို ကျိုးပေါက်ခွင့်ပြုလို့မရဘူး။ ဟုတ်တယ်၊ ငါ အရင်က မေ့နေတာ တစ်ခုရှိတယ်။ ဘာလို့ ဒီနတ်ဆိုးသားရဲတွေက ငါတို့ဆီကိုပဲ ဉီးတည်နေရတာလဲ။ ဟိမဝန္တာတောင်တန်းက ကျယ်ပြန့်တယ်။ ဒီနတ်ဆိုးသားရဲတွေက အခြားနေရာတွေက ထွက်လာရင် ဘယ်လိုလုပ်ကြမလဲ”

“စစ်တပ်အချို့ကို ငါတို့တိုင်းပြည်ရဲ့နေရာအချို့မှာ တားဆီးဖို့ စေလွှတ်ထားတယ်။ အရေးကြီးတဲ့နေရာတွေမှာဆိုရင်လဲ ထောက်လှမ်းရေးကိရိယာတွေ တပ်ဆင်ထားတယ်၊ စပိုင်ဂြိုလ်တုအချို့ကိုလဲ လွှတ်ထားတယ်။ ဒါပေမယ့် အခြားနေရာတွေမှာ နတ်ဆိုးသားရဲတွေရဲ့လက္ခဏာတွေ မတွေ့ရသေးဘူး။ ဟိမဝန္တာတောနက်ထဲမှာ ကြီးမားတဲ့အစီအရင်တစ်ခုရှိတယ်လို့ ငါ သံသယရှိတယ်၊ ဒါပေမယ့် ၎င်းက ကျိုးပေါက်နေပြီး ထွက်ပေါက်က ငါတို့တားမြစ်စည်းရဲ့အရှေ့တည့်တည့်မှာပဲလို့ ငါ ထင်တယ်”

ထန်ရှုက ခဏနှုတ်ဆိတ်သွား၏။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည် “ခင်ဗျားရဲ့ခန့်မှန်းချက်က သင့်တော်တယ်။ ဒါပေမယ့် ကျုပ်တို့က အခြားနေရာတွေကို စောင့်ကြပ်ဖို့ လစ်လျူရှူလို့မရဘူးလေ။ ကင်းလှည့်တပ်ဖွဲ့တစ်ခု လုပ်ကြရင် ဘယ်လိုလဲ။ သာမန်လူတွေက သူတို့ကို မတွေ့နိုင်ပေမယ့် ကျင့်ကြံသူတွေက သူတို့ကို ကြိုတင်ရှာတွေ့နိုင်ပါတယ်။ ဒီကိစ္စမှာ နည်းနည်းလေးတောင် ပေါ့ဆလို့မရတာကြောင့် ကြိုတင်ကာကွယ်ထားရုံပေါ့”

“ဒီတိုက်ခိုက်မှုကို ဖယ်ရှားပြီးရင် ငါ အဲဒါကို ချက်ချင်း စီစဉ်လိုက်ပါ့မယ်” သွမ်မုလင်က ခေါင်းညိတ်လိုက်သည်။

အချိန်က တရွေ့ရွေ့နှင့် မျက်စိတစ်မှိတ်အတွင်း လေးနာရီ ကုန်ဆုံးသွားသည်။ ကျင့်ကြံသူတစ်ယောက်က ညအမှောင်၏အကာအကွယ်အောက်တွင် တင်ပျဉ်ခွေထိုင်ရင်း နတ်ဆိုးသားရဲအုပ်ရောက်အလာအား တည်ငြိမ်စွာ စောင့်ဆိုင်းနေသည်။ ထောက်လှမ်းရေးကိရိယာများမှ ပို့ထားသော ဗီဒီယိုအရ နတ်ဆိုးသားရဲအရေအတွက်က တိုးတိုးလာနေပြီး လက်ရှိတွင် သားရဲတစ်ထောင်ကျော်က သူတို့မှ ငါးကီလိုမီတာကျော်အကွာတွင် စုဝေးနေ၏။

“တင်ပြပါတယ်၊ ဆရာ။ သူတို့က အခု ရွေ့လျားနေပြီ”

ရေမိန်းကလေးက ပြေးလာပြီး သွမ်မုလင်အရှေ့၌ ထွက်ပေါ်လာ၏။

အမူအရာပြောင်းလဲသွားလျက် သွမ်မုလင်က အော်လိုက်သည် “အားလုံးပဲ ဂရုစိုက်ကြ။ နတ်ဆိုးသားရဲအုပ်က ငါတို့ဆီ စတင်ပြေးလာနေပြီ။ တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ”

ထန်ရှုက မျက်လုံးစောင်းငဲ့လိုက်သည်။ သူက ဟောင်လဲ့နှင့်အခြားသူများအား ကြည့်လိုက်သည်။ သူတို့အားလုံးက စုဝေးနေပြီး ဟောင်လဲ့က ကူးရင်ဘေးနား၌ ရပ်နေ၏။

တစ်မိနစ်ကျော်ကြာပြီးနောက် နတ်ဆိုးသားရဲအရိပ်များက ထွက်ပေါ်လာခဲ့၏။ ဆလိုက်မီးများက ပတ်ဝန်းကျင်ဧရိယာအား နေ့ဘက်အလား အလင်းရောင်ပေးနေပြီး ကျင့်ကြံသူရာကျော်က နတ်ဆိုးသားရဲများထံ လျင်မြန်စွာ ပြေးဝင်တိုက်ခိုက်လာခဲ့ကြ၏။ ထန်ရှုက တိုက်ခိုက်ရန် ထန်ဂိုဏ်းသားများအား မဉီးဆောင်သေးဘဲ တားမြစ်စည်း၌သာ ငြိမ်သက်စွာ ရပ်နေသည်။

သွမ်မုလင်လည်း မလှုပ်ရှားခဲ့ပေ။ သူက ထန်ရှုအား လှည့်ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ငှက်မျိုးစိတ်နတ်ဆိုးသားရဲတွေကို မင်းတို့နဲ့ပဲ ငါ လွှဲထားမယ်။ ဒီငှက်မျိုးစိတ်နတ်ဆိုးသားရဲတွေက တကယ်မုန်းစရာကောင်းတယ်။ သူတို့က ကောင်းကင်မှာပဲ ဝဲရင်း ထိုးဆင်းပြီး ငါတို့ကို အကြိမ်ကြိမ် တိုက်ခိုက်ကြတယ်”

ထန်ရှုက ကောင်းကင်သို့ အကြည့်ပြောင်းလိုက်သည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြော၏ “ပြီးခဲ့တဲ့နှစ်ရက်အတွင်း အဆောင်အများကြီး ငါ လုပ်ထားတယ်။ ဟုတ်ပြီလေ၊ ဒီနတ်ဆိုးသားရဲတွေကို မီးလျှံတွေ လောင်ကျွမ်းခံစားရတဲ့အရသာကို မြည်းစမ်းခွင့်ပေးလိုက်ကြတာပေါ့”

သွမ်မုလင်က အနည်းငယ် ခေါင်းညိတ်ကာ ပြော၏ “ဒါဆို အခုပဲ လှုပ်ရှားကြရအောင်”

“ကောင်းပါပြီ၊ ကျုပ်နဲ့ပုကလန်ရဲ့သခင်လေးပုယုဟမ်ကြား အလောင်းအစားကို ခင်ဗျားကြားတယ်မလား။ ကျေးဇူးပြုပြီး လူအချို့ကို တာဝန်ပေးပြီး ကျုပ်တို့နှစ်ယောက်သတ်ခဲ့တဲ့နတ်ဆိုးသားရဲအရေအတွက်ကို ရေတွက်ပေးပါ”

“ဒါ မလိုဘူး။ ဒီဧရိယာကို ငါတို့ရဲ့ထောက်လှမ်းရေးကိရိယာတွေနဲ့ လွှမ်းခြုံထားတယ်။ မင်းတို့ရဲ့လှုပ်ရှားမှုနဲ့မင်းတို့သတ်မယ့်နတ်ဆိုးသားရဲအရေအတွက်တိုင်းကို မှတ်တမ်းတင်ထားလိမ့်မယ်။ တိုက်ပွဲပြီးတဲ့အခါကျမှ ငါတို့ ရေတွက်လို့ရတယ်”

“ဒါဆို ကောင်းပါပြီ”

ပြန်ဖြေပြီးနောက် ထန်ရှုက စတင်တိုက်ခိုက်ရန် လက်ပြလိုက်သည်။ ထန်ဂိုဏ်း၏ကျွမ်းကျင်သူနှစ်ရာက ကောင်းကင်သို့ တက်သွားပြီး ငှက်မျိုးစိတ်နတ်ဆိုးသားရဲများထံ လျင်မြန်စွာ ရှေ့သို့ လှမ်းလိုက်၏။ ထို့နောက် အချို့က အင်မော်တယ်ဓားများနှင့် ဓားဝင်္ကပါတစ်ခု ဖွဲ့စည်းခဲ့သည်၊ အချို့က မှော်ဓားများထုတ်လွှတ်ကာ သက်တံတစ်ခုနှင့်တူသောဓားအစီအရင်တစ်ခု ဖွဲ့စည်းခဲ့၏၊ ချက်ချင်းလျှင်ပင် ကောင်းကင်ရှိငှက်မျိုးစိတ်နတ်ဆိုးသားရဲများ၏စုဖွဲ့မှုအား ဖြိုခွဲလိုက်သည်။

“သတ်ကြ”

ထန်ရှုက သူ့နတ်ဘုရားဓားအား ထုတ်လွှတ်ထားသည်။ သူ့ခန္ဓာကိုယ်က တစ်နေရာမှတစ်နေရာသို့ အချိန်နှင့်အမျှ ရွေ့လျားနေခဲ့၏။ သို့သော် သူ လှုပ်ရှားသည့်အချိန်တိုင်း နတ်ဆိုးသားရဲအချို့အား သတ်ဖြတ်ခဲ့၏။

“ဒီလူသားစုတ်…”

ငှက်မျိုးစိတ်နတ်ဆိုးသားရဲဆယ်ကောင်က လျင်မြန်စွာ ချဉ်းကပ်လာနေ၏။ သူတို့က အခြားထန်ဂိုဏ်းသားများအား ပစ်မှတ်မထားဘဲ တောင်ပံတဖျပ်ဖျပ်ခတ်လျက် ထန်ရှုဆီသို့သာ ပျံသန်းလာခဲ့သည်။ သူတို့တောင်ပံအရိပ်များက ကြွယ်ကြွေကျသည့်အလား အလင်းတန်းများနှင့် တူပြီး သူတို့က ထန်ရှုအရှေ့၌ ချက်ချင်းထွက်ပေါ်လာ၏။

“မှော်မန္တန်နဲ့နတ်ဘုရားစွမ်းရည်တွေလား”

ထန်ရှု၏အမူအရာက ချက်ချင်းလေးနက်သွားသည်။ ယခင်က ရွှေအမြုတေအဆင့်ကျင့်ကြံခြင်းရှိသည့်ငှက်မျိုးစိတ်နတ်ဆိုးသားရဲများစွာအား သူ သတ်ဖြတ်ခဲ့သည်။ သို့သော် ယခုက မှော်မန္တန်များနှင့်နတ်ဘုရားစွမ်းရည်များအား အသုံးပြုနိုင်သည့် ငှက်မျိုးစိတ်နတ်ဆိုးသားရဲများအား ပထမဆုံးအကြိမ်တွေ့ရခြင်းပင်။ သူ့အား နောက်ထပ်အံ့အားသင့်စေသည်ကား ငှက်မျိုးစိတ်နတ်ဆိုးသားရဲဆယ်ကောင်လုံးက မှော်မန္တန်များနှင့်သူတို့၏ကိုယ်ပိုင်စွမ်းရည်များအား ထုတ်ဖော်နိုင်ခြင်းပင်။ အမှတ်အသားအပြုရဆုံးက သူတို့၏စွမ်းအားက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများနှင့် ယှဉ်နိုင်နေ၏။

‘သူတို့က ငါ့ကို ပစ်မှတ်ထားနေတာလား’

အေးစက်စက်အလင်းတစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွား၏။ သူက နတ်ဘုရားဓားအား ငှက်မျိုးစိတ်နတ်ဆိုးသားရဲဆယ်ကောင်ထံ ချက်ချင်းပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းတွင် သူက လျှို့ဝှက်ပညာရပ်တစ်ခု ထုတ်ဖော်၏၊ ကောင်းကင်ဘုံမိုးကြိုးသွားများက ကောင်းကင်မှ ကျဆင်းလာသည်။ လက်မောင်းအရွယ်အစားရှိ လျှပ်စီးများက လင်းလက်လာပြီး နတ်ဆိုးသားရဲတစ်ကောင်အား ပစ်ခတ်တိုက်ခိုက်လိုက်၏။

“ဗိုလ်ချုပ်…”

ရုတ်တရက် ငှက်မျိုးစိတ်နတ်ဆိုးသားရဲဆယ်ကောင်က လူသားဘာသာစကားဖြင့် အော်လိုက်သည်။ သူတို့၏အော်သံများကြားများတွင် နတ်ဆိုးသားရဲတစ်ကောင်က လေထဲမှ ထွက်လာ၏။ ဤနတ်ဆိုးသားရဲက တောင်ပံလေးခု၊ ခြေလေးချောင်းတို့ရှိပြီး အရေးကြီးဆုံးက ၎င်း၏နဖူးပေါ်တွင် ရေဘဝဲလက်များနှင့်တူသည့် တစ်မီတာဝက်ရှည်သောဉီးမှင်တစ်ခုရှိနေခြင်းပင်။

ဟိန်းသံ…

မိုးခြိမ်းသံအလားနားကွဲလုမတတ်အော်သံက လေထဲမှ ထွက်လာသည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိထန်ဂိုဏ်းသားများက နားစည်းများကိုက်ခဲလျက် ခန္ဓာကိုယ်ထဲရှိသွေးနှင့်စွမ်းအားများက ဖရိုဖရဲဖြစ်သွားကြ၏။ အခြားအလယ်ဆင့်နှင့်နှောင်းပိုင်းအဆင့်အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသူများက သက်သောင့်သက်သာမရှိပုံပေါ်၏။ ဟိန်းသံက သူတို့အား အကြီးအကျယ်သက်ရောက်ခဲ့မှန်း သိသာသည်။

“ဒီငှက်မျိုးစိတ်နတ်ဆိုးသားရဲမှာ အခြေတည်စိတ်ဝိညာဉ်အဆင့်စွမ်းအားရှိတာလား”

ထန်ရှုမျက်နှာက အပြင်းအထန်ပြောင်းလဲသွားသည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်ငှက်မျိုးစိတ်နတ်ဆိုးသားရဲတစ်ကောင်ထွက်ပေါ်လာလိမ့်မည်ဟု သူ ဘယ်တော့မှ မထင်ထားခဲ့ပေ။‌ သေချာသည်ကတော့ ထိုငှက်မျိုးစိတ်နတ်ဆိုးသားရဲများက သူ့အား ပစ်မှတ်ထားနေပြီး သူ့အတွက် ထောင်ချောက်တစ်ခုပင် ဆင်ထားခဲ့ကြ၏။

‘သူတို့အားလုံး ငါ့ခွန်အားကို လျော့တွက်ထားတာ သနားစရာပဲ”

ကပ်ဘေးအလယ်တွင် ထန်ရှုက တည်ငြိမ်နေလျက်ပင်။ သူက လျှို့ဝှက်ပညာရပ်အချို့နှင့်သူ့နတ်ဘုရားဓားအား အဆက်မပြတ်ထုတ်လွှတ်ကာ ငှက်မျိုးစိတ်နတ်ဆိုးသားရဲများအား အောင်မြင်စွာ တားဆီးခဲ့၏။ ထိုငှက်မျိုးစိတ်နတ်ဆိုးသားရဲဆယ်ကောင်က သူ့ထံ ထပ်မံပြေးဝင်လာချိန်တွင် သူက မီးလျှံအဆောင်ဒါဇင်ကျော်အား ချက်ချင်းဆုပ်ကိုင်အသက်သွင်းလိုက်လိုက်၏၊ မီးလျှံတစ်ခုက ထိုရွှေအမြုတေအဆင့်ငှက်မျိုးစိတ်နတ်ဆိုးသားရဲများအား အုပ်မိုးသွားခဲ့သည်။

“ငါ့ကို သတ်ချင်တယ်ဆိုရင် အသတ်ခံရဖို့ အသင့်ပြင်ထားကြ”

ဓားအလင်းလွှာများက နတ်ဆိုးသားရဲများထံ ဖိနှိပ်ချေမှုန်းလိုက်သည်။ သူတို့က ရှောင်တိမ်းရန် ကြိုးစားခဲ့သော်လည်း မရှောင်တိမ်းနိုင်ခဲ့ဘဲ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ကျန်ရစ်ခဲ့လေသည်။

အုန်း…

ပုံစံထူးဆန်းသောအရာဝတ္ထုတစ်ခုနှင့် ရစ်ပတ်ထားသည့် အနက်ရောင်မီးလျှံတစ်ခုက ထန်ရှုထိန်းချုပ်ထားသည့်နတ်ဘုရားဓားနှင့် ရုတ်တရက် ထိပ်တိုက်တွေ့သွားသည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်ငှက်မျိုးစိတ်နတ်ဆိုးသားရဲထံမှ မချိတင်ကဲဝေဒနာဟိန်းသံတစ်ခု ကြားနိုင်ပြီး မီးလျှံက အဝေးသို့ ရုတ်တရက် ပြန့်ကျဲသွားခဲ့၏။

***

All Chapters