မောက်မာခြင်း *
Vol. 77 Ch. 1068
ဟိမဝန္တာတောနက်ထဲတွင် မြင့်မားလှသောနှင်းဖုံးလွှမ်းတောင်တစ်လုံး၏အတွင်းပိုင်းထဲတွင် ထွင်းထုထားသည့် ကြီးမားသောနေရာလပ်တစ်ခုရှိ၏။ လျှို့ဝှက်ပညာရပ်တစ်ခု၏ပြောင်းလဲခြင်းခံလိုက်ရပြီး လိုဏ်ဂူတစ်ခုက မြေအောက်နေရာလပ်တွင် ထွက်ပေါ်လာသည်။ ချော်ရည်မြစ်တစ်စင်းက လိုဏ်ဂူကို ဖြတ်ကာ စီးဆင်းနေပြီး ဤနေရာ၏ပတ်ဝန်းကျင်အပူချိန်အား အလွန်အမင်း မြင့်မားသွားစေသည်။
ဟူး…ဟူး…
ချော်ရည်မြစ်အလယ်တွင် သွေးနီရောင်ခန္ဓာကိုယ်နှင့် ကြီးမားသော နတ်ဆိုးသားရဲတစ်ကောင်က ရုတ်တရက် ထလာသည်။ ၎င်းက ဖားပြုပ်တစ်ကောင်နှင့် တူပြီး အရွယ်အစားက အဆတစ်ရာပိုကြီး၏။ သို့သော် ၎င်း၏ပါးဟပ်ပေါ်တွင် ဆယ်မီတာရှည်သောလက်တံလေးခုရှိပြီး ချော်ရည်မြစ်မျက်နှာပြင်အား အဆက်မပြတ် ထုရိုက်နေရာ ချော်ရည်များက ပက်ဖျန်းနေလျက် ရှိ၏။
“မွန်းစတားနတ်ဆိုး…”
သွေးဆာသောသတ်ဖြတ်လိုစိတ်တို့က ဧရာမနတ်ဆိုးသားရဲ၏မျက်လုံးများထဲတွင် ပြည့်သွား၏။ ၎င်း၏မျက်လုံးများက ရိုက်ခတ်သွားပြီး ၎င်း၏အသံကို ကြားလိုက်ရသဖြင့် အဆောက်အဉီးအရွယ်အစားရှိသောစူပါနတ်ဆိုးသားရဲတစ်ကောင်က အပြင်ဘက်မှ အတွင်းဘက်သို့ လျင်မြန်စွာ ရွေ့လျားလာခဲ့၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက ဖားပြုပ်နတ်ဆိုးသားရဲ၏အရှေ့၌ ထွက်ပေါ်လာသည်။
“အိုး…အရှင်သွေးမိစ္စာဘုရင်၊ အရှင်က နောက်ဆုံးတော့ နိုးထလာပြီးပေါ့။ အရှင်ဆန္ဒရှိတဲ့အတိုင်း ငါတို့နတ်ဆိုးစစ်တပ်ရဲ့လက်ရွေးစင်တွေက ဒီကမ္ဘာကလူသားတွေကို အကြိမ်ကြိမ်စူးစမ်းခဲ့တယ်၊ ပြီးတော့ လူသားတွေကြားမှာ အရမ်းအားကောင်းတဲ့လူသားတွေ ရှိတာကို ရှာတွေ့ခဲ့တယ်။ ဒါပေမယ့် ဒီလူသားတွေကို ဖျက်ဆီးပစ်ပြီး ဒီကမ္ဘာကြီးကို အရှင်အတွက် သိမ်းပိုက်ပေးနိုင်ဖို့ ငါ ယုံကြည်ချက်ရှိတယ်”
ဖားပြုပ်နတ်ဆိုးသားရဲက ချော်ရည်အချို့ ထွေးထုတ်ပြီးနောက် ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒီကမ္ဘာရဲ့ကောင်းကင်ဘုံတာအိုက အရမ်းအားကောင်းတယ်။ ငါတို့ခွန်အားကို ဖိနှိပ်ထားပြီး ငါတို့စွမ်းအားရဲ့တစ်ထောင်ပုံတစ်ပုံပဲ အသုံးပြုနိုင်တယ်။ ဒါကြောင့် ငါတို့ ဒီကမ္ဘာကို အရင်ဆုံး စူးစမ်းလေ့လာရမယ်၊ အင်မော်တယ်၊ နတ်ဆိုးဘုရင်တွေနဲ့ အခြားစွမ်းအားရှင်တွေလို တည်ရှိမှုတွေ ရှိသလားကို ဖော်ထုတ်ရမယ်။ ဒီကမ္ဘာမှာ အဲလိုတည်ရှိမှုတွေ ရှိတယ်ဆိုရင် ငါတို့က ဒီနေရာက ချက်ချင်း ထွက်သွားပြီး အခြားအသိုက်တစ်ခုကို ရှာရမယ်။ မရှိဘူးဆိုရင်တော့ ငါတို့ရဲ့သတ်ဖြတ်မှုကို ဒီနေရာကပဲ စတင်ရမှာပေါ့”
မွန်းစတားနတ်ဆိုးဟုအမည်ရသောစူပါနတ်ဆိုးသားရဲက ခေါင်းညိတ်လိုက်သည်။ တုံ့ဆိုင်းခြင်းမရှိဘဲ ၎င်းက ဟိန်းဟောက်ကာ ထွက်ခွာသွားခဲ့သည်။ နေ့တစ်ဝက်အတွင်း နတ်ဆိုးသားရဲတစ်သိန်းနီးပါးက ဟိမဝန္တာအတွင်းပိုင်းတစ်ခုလုံးမှ လျင်မြန်စွာ စုဝေးလာခဲ့၏။ ကျယ်လောင်သောဟိန်းသံများက သူတို့ဘုရင်နိုးထလာမှုအား နှုတ်ဆက်ခဲ့သည်။
****
ယူဂလေ့မြို့။
စစ်တဲထဲတွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေရင်း ထန်ရှုက နတ်ဆိုးသားရဲဟိန်းသံများအား ကြားရလိုက်သည်။ သူ၏အမူအရာက ချက်ချင်း အပြင်းအထန် ပြောင်းလဲသွားခဲ့၏။ ဟိန်းနေသောနတ်ဆိုးသားရဲများ၏အရေအတွက်က တစ်သောင်းအောက်မကဘဲ သေချာပေါက် ငါးသောင်းကျော်မည်ကို သူ ဆုံးဖြတ်နိုင်သောကြောင့်ပင်။
ဝှစ်…ဝှစ်…ဝှစ်…
အရိပ်များက တားမြစ်စည်း၌ လျင်မြန်စွာ ထွက်ပေါ်လာခဲ့၏။ လူသားကျင့်ကြံသူအားလုံးက မြောက်ဘက်ရှိ ဟိမဝန္တာတောနက်ထဲသို့ ကြည့်နေကြ၏။ သူတို့က နတ်ဆိုးသားရဲများ၏အရိပ်အယောင်များအား မမြင်နိုင်သော်လည်း ကမ္ဘာမြေကိုပင် အနည်းငယ်တုန်ခါစေခဲ့သည့်ဟိန်းသံများအား ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။
“ထန်ရှု”
စိုးရိမ်မှုတို့ပြည့်နှက်နေသောမျက်လုံးများနှင့် သွမ်မုလင်က ထန်ရှုဘေးနား၌ ထွက်ပေါ်လာသည်။
“ကိုယ့်ကိုယ်ကိုယ်နဲ့ ရန်သူကို သိမှသာလျှင် တိုက်ပွဲတစ်ခုမှာ အောင်မြင်မှုရနိုင်တယ်လို့ ရှေးဆိုရိုးစကားတစ်ခုရှိတယ်။” ထန်ရှုက အားတင်းပြုံးကာ ပြော၏ “လက်ရှိမှာ ငါတို့က နတ်ဆိုးသားရဲတွေရဲ့အရေအတွက်ကိုရော၊ သူတို့ရဲ့အလုံးစုံခွန်အားကိုရော အတိအကျ မသိဘူး။ နောက်လာမယ့်တိုက်ပွဲကို အနိုင်ရဖို့က ခက်ခဲတဲ့အလုပ်တစ်ခုဖြစ်မှာကို ငါ စိတ်ပူတယ်။ စီနီယာသွမ်မုလင်ဖိတ်ခေါ်ထားတဲ့ကျန်တဲ့ကျင့်ကြံခြင်းအဖွဲ့တွေရော ရောက်ရှိလာကြပြီးလား”
“နှစ်ဖွဲ့တော့ မရောက်လာသေးဘူး” သွမ်မုလင်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဒါပေမယ့် ကျန်တဲ့လူတွေတော့ ရောက်ရှိလာကြပြီ။ ဒီနေရာကို ရောက်ရှိလာတဲ့လူတွေရဲ့အရေအတွက်ကို ရေတွက်ထားပြီးပြီ။ လက်ရှိ ငါတို့မှာ လူနှစ်ထောင်ကျော်ရှိတယ်။ ဒါပေမယ့် ငါတို့မှာ လူတွေ အများကြီး ရှိတယ်ထင်ရပေမယ့် နတ်ဆိုးသားရဲတွေရဲ့အရေအတွက်က ငါတို့ထက် အများကြီးသာတယ်။ ပြီးတော့ နတ်ဆိုးသားရဲတွေထဲမှာ အားအနည်းဆုံးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျွမ်းကျင်သူတွေနဲ့ ယှဉ်နိုင်တယ်၊ ဒါပေမယ့် အဲဒါက ငါတို့လူတွေရဲ့တစ်ဝက်နဲ့ အဆင့်အတူတူပဲ”
ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ သွမ်မုလင်က အမှန်တရားကို ပြောနေခြင်းပင်။ ယခုလိုငြိမ်းချမ်းသောခေတ်တွင် ကျင့်ကြံခြင်းလမ်းကြောင်းပေါ် လျှောက်လှမ်းသူအနည်းငယ်သာ ရှိ၏။
“ကြည့်ရတာ ငါတို့က အစီအရင်ကိုပဲ မှီခိုရမယ့်ပုံပဲ” ထန်ရှုက အကူအညီမဲ့စွာ
“မင်းမှာ ဝှက်ဖဲတစ်ခုရှိသေးတယ်လို့ ငါ့ကို ပြောခဲ့တယ်မလား၊ ထန်ရှု။ အဲဒါက အတိအကျ ဘာလဲ”သွမ်မုလင်က မေးလိုက်သည် “ကျေးဇူးပြုပြီး ငါ စိတ်အေးလို့ရအောင် ငါ့ကို အခု ပြောပြပါ”
ထန်ရှုက နဂါးကိုးကောင်ကျွန်းရှိရာ ဉီးတည်ဘက်သို့ ဖျတ်ခနဲ ကြည့်ပြီးနောက် ရေးတေးတေးပြောလိုက်၏ “အဲဒါ မကြာခင် ရောက်လာလိမ့်မယ်”
နာရီဝက်ကြာပြီနောက် ထန်ရှုက တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေချိန်တွင် ပြောင်မြောက်သောအရှိန်အဝါလေးခုက ယူဂလေ့ရှိရာဉီးတည်ဘက်မှ ထုတ်လွှင်လာခဲ့၏။ အသက်ရှုချိန်အနည်းငယ်အတွင်း အမျိုးသားသုံးယောက်နှင့်အမျိုးသမီးတစ်ယောက်တို့က တားမြစ်စည်းတွင် ထွက်ပေါ်လာခဲ့၏။
“စိတ်ဝင်စားစရာပဲ။ ဒီလောက်များတဲ့လူတွေ ဒီနေရာကို လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး” ကျောင်းတော်သားတစ်ယောက်နှင့် တူကာ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည့်လူရွယ်တစ်ယောက်က သာမန်ကာလျှံကာ ပြောလိုက်သော်လည်း သူ့အသံအား လူတိုင်း၏နားထဲသို့ ရှင်းရှင်းလင်းလင်း ကူးပြောင်းသွားခဲ့၏။
မျက်လုံးနှင့်မျက်ခုံးများက ဖော်ရွေကြင်နာသည့်အသွင်ပေါ်စေသည့် လမ်းလျှောက်တုတ်တစ်ချောင်းနှင့် လူအိုကြီးတစ်ယောက်က ပြန်ပြောလိုက်၏ “ဒီတရုတ်ကောင်လေးတွေက မဆိုးကြဘူးပဲ။ အရေးကြုံလာတဲ့အချိန်မှာ သူတို့က တိုင်းပြည်ကို ကူညီလိုစိတ်ရှိကြတယ်။ ဒါနဲ့ ငါတို့ နောက်ဆုံးအကြိမ် တောင်က ထွက်လာတာ ဘယ်အချိန်ကလဲ။ လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်ကျော်လားဒါမှမဟုတ်နှစ်ခုနှစ်ဆယ်ကျော်ကလား”
“လွန်ခဲ့တဲ့နှစ်ခုနှစ်ဆယ်ကျော်ခန့်လောက်က” သက်လတ်ပိုင်းအရွယ်လူတစ်ယောက်၊ မျက်နှာက နီရဲပြီး ခေါင်းအစခြေအဆုံးအထိ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထား၏၊ နတ်ဆိုးထိန်းချုပ်တုတ်ကို ကိုင်ထားလျက် ပဲ့တင်ထပ်သံနှင့် ပြောလိုက်သည်။
တာအိုဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်တာအိုသီလရှင်တစ်ယောက်က ပြုံးကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “အတိတ်အကြောင်း မပြောကြရအောင်။ ပြောသာပြောရတာ၊ တာအိုဆရာအဆိပ်ရဲ့နှလုံးသားက မကောင်းတဲ့ဆန္ဒတွေ မှီတွယ်နေတာ စိတ်မကောင်းစရာပဲ၊ ဒါကြောင့် သူက ဘယ်တော့မှ အဆင့်မတက်နိုင်ခဲ့တာ- မဟုတ်ရင် ငါတို့ငါးယောက်က အတူတကွ ရှိနေနိုင်မှာ”
တာအိုဆရာအဆိပ်လား။
သူတို့လေးယောက်မှ ဆယ်မီတာအကွာလောက်တွင် တင်ပျဉ်ခွေထိုင်နေသော ထန်ရှု၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
တာအိုဇီရွှယ်က လူအုပ်ကြီးမှ ထွက်လာခဲ့ပြီး သက်လတ်ပိုင်းအရွယ်တာအိုသီလရှင်၏အရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာခဲ့၏။ သူမက အရိုအသေပေးကာ ဆိုလိုက်၏ “ဇီရွှယ်က အရိုအသေပေးပါတယ်။ ဘာလို့ ထွက်လာရတာလဲ၊ ဘိုးဘေး”
“ဒီအဖိုးကြီးသုံးယောက်ဆီကနေ ဟိမဝန္တာတောနက်ထဲမှာ နတ်ဆိုးသားရဲတွေ အများကြီးရှိတယ်ဆိုတာ သတင်းရခဲ့လို့၊ ဒါကြောင့် တစ်ချက်လာကြည့်တာ” တာအိုသီလရှင်က ပြုံးကာ ပြောလိုက်၏ “အရိုးသားဆုံးပြောရရင် နတ်ဆိုးသားရဲတွေကို ငါ ဘယ်တော့မှ မမြင်ဖူးဘူး။ ဒါပေမယ့် သူတို့နဲ့ ပတ်သက်ပြီး ရှေးဟောင်းမှတ်တမ်းတွေမှာတော့ ငါ ဖတ်ဖူးတယ်။ ဇီရွှယ်လေး၊ ဒီနတ်ဆိုးသားရဲတွေရဲ့အနေအထားနဲ့ ပတ်သက်ပြီး ငါ့ကို ပြောပြ။ သူတို့က တကယ်ပဲ အားကောင်းတာလား”
“နတ်ဆိုးသားရဲတွေနဲ့ ပတ်သက်ပြီး အခြားသူတွေနဲ့စာရင် ငါ သိတာ နည်းနည်းလေးပဲ၊ ဘိုးဘေး” တာအိုဇီရွှယ်က ပြန်ဖြေ၏ “တာအိုထန်ကို ခေါ်ရင်ရော ဘယ်လိုလဲ။ သူက ဘိုးဘေးတို့ရဲ့မေးခွန်းကို ဖြေနိုင်တယ်”
“ဒါဆို သူ့ကို ခေါ်လိုက်ပါ” တာအိုသီလရှင်က ခေါင်းညိတ်လိုက်သည်။
ဝှစ်…
ထန်ရှု၏ပုံရိပ်က လျင်မြန်စွာ ရွေ့လျားသွားပြီး ထိုလေးယောက်၏အရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာ၏။ သူက သူတို့အား သေချာလေ့လာလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးပြုံးလျက် ပြောလိုက်သည် “ထန်ရှုက စီနီယာလေးယောက်ကို နှုတ်ဆက်ပါတယ်။ ဒီတောင်တန်းထဲမှာ အားကောင်းတဲ့နတ်ဆိုးသားရဲတွေ များလွန်းလို့ ငါ စိုးရိမ်နေတာ။ အခု အခြေတည်စိတ်ဝိညာဉ်အဆင့်စီနီယာလေးယောက်ရောက်လာပြီဆိုတော့ ငါတို့ စိတ်အေးသလို ခံစားမိပါတယ်”
သက်လတ်ပိုင်းအရွယ်တာအိုသီလရှင်က အံ့အားသင့်စွာနှင့် မေးလိုက်သည် “မင်းက အဲဒီထန်ရှုဆိုတာလား”
“ငါပါပဲ” ထန်ရှုက ပြုံးကာ ပြန်ဖြေ၏။
တာအိုသီလရှင်က တာအိုဇီရွှယ်ထံ အကြည့်ပြောင်းကာ မေးလိုက်သည် “မင်းတို့ရဲ့အလဲအလှယ်နဲ့ ပတ်သက်ပြီး ငါ ကြားခဲ့တယ်။ ဘယ်လိုလဲ၊ ရလဒ်က ဘယ်လိုရှိလဲ”
“တကယ်တော့ ငါတို့က ကျင့်ကြံခြင်းအရင်းအမြစ်အများကြီး မယူလာခဲ့ရဘူး၊ ဘိုးဘေး။ ဒါပေမယ့် တာအိုထန်က သူ့ရဲ့ကတိအတိုင်း ငါတို့ကို ပစ္စည်းတွေ ပေးခဲ့တယ်” တာအိုဇီရွှယ်က ကမန်းကတန်း ပြန်ဖြေ၏။
တာအိုသီလရှင်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွား၏။ သူမက ထန်ရှုအား နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ကာ ချီးကျူးလိုက်သည် “မင်းက တကယ်လေးစားစရာကောင်းတဲ့ ဂျူနီယာတစ်ယောက်ပဲ။ ငါတို့စည်းလုံးခြင်းဂိုဏ်းက ဒါကို မှတ်ထားပါ့မယ်။ နောက်ကျရင် လူအချို့ကို ကျင့်ကြံခြင်းအရင်းအမြစ်တွေ စုဆောင်းပြီး မင်းဆီ ပို့ခိုင်းလိုက်မယ်”
“ကောင်းပါပြီ၊ အစကတည်းက ငါက ဈေးဆစ်တတ်တဲ့လူစားမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် စီနီယာက ငါ့ကို ကျင့်ကြံခြင်းအရင်းအမြစ်အချို့ ပေးချင်မှတော့ ငါကလဲ စည်းလုံးခြင်းဂိုဏ်းကို လက်ဆောင်အချို့ ပေးရတာပေါ့”ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
အနီရောင်မျက်နှာနှင့် သက်လတ်ပိုင်းလူက သည်းမခံနိုင်တော့ပေ။ သူက ခပ်အုပ်အုပ်ခပ်ပြတ်ပြတ်ပြောလိုက်၏ “ဒီအသေးအဖွဲကိစ္စတွေကို ဘေးဖယ်ထားရအောင်။ ထန်…ထန်ရှုမလား။ ဒီနတ်ဆိုးသားရဲတွေနဲ့ ပတ်သက်ပြီး ငါတို့ကို ပြောစမ်းပါ။ သူတို့က ငါတို့နဲ့ ယှဉ်ပြိုင်နိုင်ရဲ့လား”
“ဟုတ်ပါတယ်၊ တောင်တန်းအတွင်းပိုင်းထဲမှာ အနည်းဆုံး နတ်ဆိုးသားရဲသောင်းချီရှိတယ်၊ အားအနည်းဆုံးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းစဉီးအဆင့်ရှိတယ်”ထန်ရှုက ခေါင်းညိတ်ကာ ရှင်းပြလိုက်၏ “ဒါပေမယ့် အသန်မာဆုံးတစ်ကောင်နဲ့ ပတ်သက်ပြီး ငါ မသေချာဘူး။ ငါ နတ်ဆိုးသားရဲများစွာကို သတ်ဖြတ်ပြီးနောက် သူတို့က ငါ့ကို အထူးပစ်မှတ်ထားတိုက်ခိုက်လာခဲ့တယ်၊ ရွှေအမြုတေအဆင့်နတ်ဆိုးသားရဲဆယ်ကောင်က အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတစ်ယောက်နဲ့ညီမျှတဲ့ နတ်ဆိုးသားရဲတစ်ကောင်ရဲ့ချောင်းမြောင်းတိုက်ခိုက်မှုကို ဖုံးကွယ်ထားပေးခဲ့တယ်။ ကံကောင်းစွာနဲ့ ငါ့ရဲ့တုံ့ပြန်မှုက မြန်ဆန်ခဲ့လို့ ငါ့အသက်ကို ထိန်းသိမ်းနိုင်ခဲ့တာ”
ရွှေအမြုတေအဆင့်နတ်ဆိုးသားရဲဆယ်ကောင်နဲ့ အခြေတည်စိတ်ဝိညာဉ်အဆင့်နတ်ဆိုးသားရဲတစ်ကောင်လား။
ဤသည်ကို ကြားပြီး သူတို့အားလုံးက လေးနက်တည်ကြည်သွား၏။ သူတို့က အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ထိုနတ်ဆိုးသားရဲများက ဘယ်လိုစွမ်းရည်မျိုးပိုင်ဆိုင်သလဲ သူတို့က မသိပေ။ ထန်ရှုပြောတာ မှန်လျှင် ထိုနတ်ဆိုးသားရဲများနှင့် တိုက်ခိုက်ရန် သူတို့က ခွန်အားအတော်လေးသုံးစွဲရပေလိမ့်မည်။
“ပြီးတော့ ငါခန့်မှန်းတာ မှန်ရင် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိတဲ့နတ်ဆိုးသားရဲအချို့လဲ ရှိမယ်”ထန်ရှုက ဆက်ပြော၏ “ဒါပေမယ့် အဲကောင်က အခုထိ မထွက်လာသေးဘူး၊ ဒါကြောင့် သူတို့ ဘယ်လောက်အားကောင်းလဲ ငါ မဆုံးဖြတ်နိုင်ဘူး”
“ဘာ...”
ထန်ရှုစကားများက ထိုလေးယောက်အား ထိတ်လန့်တုန်လှုပ်သွားစေခဲ့၏။
စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နဲ့ညီမျှတဲ့နတ်ဆိုးသားရဲတွေ ရှိတာလား။ ဒီလိုအားကောင်းတဲ့နတ်ဆိုးသားရဲတစ်ကောင်ရှိတယ်ဆိုရင် သူတို့လေးယောက်ပူးပေါင်းတိုက်ခိုက်ရင်တောင် အနိုင်ရဖို့ အခွင့်အရေး ငါးဆယ်ရာခိုင်နှုန်းပဲ ရှိမယ်မဟုတ်လား။
လူအိုကြီးက လေးနက်သောအမူအရာနှင့် မေးလိုက်သည် “မင်းရဲ့ခန့်မှန်းချက်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျွမ်းကျင်သူတွေနဲ့ညီမျှတဲ့နတ်ဆိုးသားရဲတွေ ရှိတယ်ပေါ့။ လက်ရှိ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ။ အခြေတည်စိတ်ဝိညာဉ်အဆင့်စွမ်းအားရှင်တွေရဲ့ခွန်အားကို မင်း ဘယ်လိုလုပ် ခန့်မှန်းနိုင်တာလဲ၊ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွေရောပဲ”
“ဘာလို့လဲဆို ငါ့ရဲ့လက်ရှိစွမ်းအားက စီနီယာတို့အားလုံးထက် အားမနည်းလို့ပဲ” ထန်ရှုက တည်ငြိမ်စွာ ပြော၏။
“ဒါ အဓိပ္ပါယ်မရှိတာ”
“ဘယ်လောက်တောင် ဝင့်ကြွားလိုက်သလဲ” တုတ်ခိုင်သန်မာသောလူကြီးက မာဆတ်ဆတ်ပြောလိုက်၏ “မင်းက အသက်နှစ်ဆယ်ကျော်ပဲ ရှိအုံးမှာပေါ့။ ဒါတောင် မင်းရဲ့ခွန်အားက ငါတို့ထက် အားမနည်းဘူးလို့ ဆိုရဲတယ်။ မင်းက ဟာသတွေ ပြောနေတာပဲ”
“ငါပြောခဲ့တာ ဘယ်အပိုင်းက ဟာသတစ်ခုဆိုတာ ငါ မသေချာပေမယ့် ခင်ဗျားတို့ စောစောက ပြောခဲ့တဲ့လူရဲ့ခွန်အားကိုတော့ ရှင်းရှင်းလင်းလင်းသိတယ်”ထန်ရှုက ပေါ့ပေါ့ပါးပါးပြော၏။
တုတ်ခိုင်သန်မာသောလူက ထန်ရှုအား ထပ်ဂရုမစိုက်တော့ပေ။ သို့သော် နောက်ဆုံးအပိုင်းကို ကြားပြီးနောက် သူက မစဉ်းစားဘဲ မေးလိုက်၏ “ငါပြောခဲ့တယ်ဆိုတဲ့လူက ဘယ်သူများလဲ”
“တာအိုဆရာသခင်အဆိပ်” ထန်ရှုက ပေါ့ပေါ့ပါးပါးပြော၏။
တုတ်ခိုင်သန်မာသောလူကြီး၏မျက်နှာက ချက်ချင်း အေးစက်သွား၏။ သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးများထဲတွင် လက်သွားပြီး သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “မင်းက တာအိုဆရာသခင်အဆိပ်ကို သိတာလား”
“ငါ သိတယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြော၏ “သိရုံတင်ဘယ်ကမလဲ၊ သူနဲ့တောင် တစ်ကြိမ် တိုက်ခိုက်ခဲ့တယ်”
“ထွက်သွားစမ်း…”ထန်ရှုစကားများက ပိုပိုမဖြစ်နိုင်သည်ဟု ခံစားမိပြီး တုတ်ခိုင်သန်မာသောလူကြီးက လက်ဝှေ့ယမ်းကာ သူ့အား မောင်းထုတ်လိုက်သည်။
***