အဆုံးအဖြတ်တိုက်ပွဲ ရောက်ရှိလာခြင်း *
Vol. 77 Ch. 1069
တုတ်ခိုင်သန်မာသောသူ၏မျက်လုံးထဲတွင် တာအိုဆရာသခင်အဆိပ်က မဖြောင့်မတ်သောနှလုံးသားရှိပြီး အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းရန် အခွင့်အလမ်းမရှိလျှင်ပင် သူက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သေး၏။ သို့သော် ဤကောင်လေးက မျက်တောင်တစ်ချက်မျှမခတ်ဘဲ အရှက်မရှိ ကြွားဝါပြောဆိုရဲခဲ့သည်။ ဒါက တကယ်ကို ရွံရှာစက်ဆုပ်စရာပင်။
“ကွမ်လဲ့…” တာအိုသီလရှင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ် အော်ပြောလိုက်သည်။
“အားလုံးပဲ၊ ဒီကောင်လေးရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေကို နားထောင်မနေနဲ့တော့၊ တောနက်ပိုင်းထဲကိုပဲ တန်းသွားကြရအောင်” တုတ်ခိုင်သန်မာသောလူကြီးက နှာခေါင်းရှုံ့လိုက်၏ “စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နဲ့ညီမျှတဲ့နတ်ဆိုးသားရဲတစ်ကောင်ရှိရင်တောင် ငါတို့လေးယောက်ပူးပေါင်းပြီး အဲနတ်ဆိုးသားရဲကို သတ်နိုင်ပါတယ်”
အဖြူရောင်ဝတ်ရုံနှင့်လူငယ်က ခေါင်းညိတ်ကာ သဘောတူလိုက်၏ “ကွမ်လဲ့ပြောတာ မှန်တယ်။ အကြွင်းမဲ့ခွန်အားနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ လှည့်ကွက်တွေက အလဟဿပဲ။ ငါတို့က နတ်ဆိုးသားရဲတွေကို သတ်ဖြတ်ဖို့ လာမှတော့ အချိန်ဖြုန်းမနေကြနဲ့တော့။ အားကောင်းတဲ့ကောင်တွေကို သတ်ပြီးရင် အသေးတွေကို ကျန်တဲ့လူတွေဆီ လွှဲပေးလိုက်ကြတာပေါ့”
“ငါ့အတွေးလဲ ထပ်တူပဲ” ဖော်ရွေဟန်ရှိသည့်လူအိုကြီးက ထောက်ခံလိုက်သည်။
သို့သော် တာအိုသီလရှင်မက အနည်းငယ် မျက်မှောင်ကြုတ်ကာ တုံ့ဆိုင်းနေခဲ့၏။ သူမက ထန်ရှုအကြောင်း ပိုသိ၏၊ သူ့စကားများကိုလည်း ယုံကြည်သည်။ သို့သော် သူတို့က တောနက်ထဲသို့ ဝင်ပြီး နတ်ဆိုးသားရဲများကို အမဲလိုက်သတ်ဖြတ်ရန် အသင့်ဖြစ်သောကြောင့် သူမမိတ်ဆွေလေးယောက်၏စကားကိုလည်း သဘောတူသည်။ သူတို့က တောနက်ထဲရှိ အားအကောင်းဆုံးနတ်ဆိုးသားရဲများအား မသတ်နိုင်လျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်မည်ဟုလည်း သူမက ယုံကြည်၏။
“ဘိုးဘေး…” တာအိုဇီရွှယ်က ကမန်းကတန်း အော်ခေါ်လိုက်သည်။
“မင်း ငါ့နောက်လိုက်လာဖို့ မလိုဘူး၊ ဇီရွှယ်”တာအိုသီလရှင်က လက်ဝှေ့ယမ်းကာ ပြုံးကာ ပြောလိုက်သည် “သူတို့က တောထဲကို တိုက်ရိုက်သွားပြီး အသန်မာဆုံးနတ်ဆိုးသားရဲတွေကို သတ်ဖြတ်ချင်ကြတယ်၊ ဒါကြောင့် ငါ သူတို့ကို လစ်လျူရှူလို့မရဘူး။ သူတို့နောက်လိုက်သွားပြီးရင် လက်ရှိကပ်ဘေးကို ပိုမြန်မြန်ဖြေရှင်းသွားနိုင်ချင်သွားနိုင်မယ်”
ဤသည်ကို ကြားပြီး တာအိုဇီရွှယ်က ချက်ချင်း ခိုကိုးရာမဲ့ပုံပေါ်ကာ ပြောလိုက်၏ “ဒါဆိုရင် ဘိုးဘေးက စိတ်ဆုံးဖြတ်ထားပြီမှတော့ ငါ ဘာမှ ထပ်မပြောတော့ပါဘူး။ ဒါပေမယ့် ဘိုးဘေးကို ငါ ပေးချင်တာတစ်ခုရှိတယ်”
ထိုသို့ပြောပြီးနောက် သူက သိုလှောင်လက်စွပ်အား သက်လတ်ပိုင်းအရွယ်သီလရှင်ထံ ကမ်းပေးလိုက်သည်။ အထဲတွင် ထန်ရှုထံမှ လဲလှယ်ထားသည့် ကျင့်ကြံခြင်းကျမ်းစာအုပ်သာမက အင်မော်တယ်ဓားလည်း ရှိ၏။
လည်ဆွဲအား လက်ခံပြီးနောက် တာအိုသီလရှင်က စိတ်ဝိညာဉ်အာရုံထုတ်လွှတ်ကာ အာရုံခံလိုက်သည်၊ နတ်ဘုရားဓားတစ်လက်အား ချက်ချင်း တွေ့လိုက်ရ၏။ ဓားမှ ကြောက်စရာကောင်းသောအရှိန်အဝါထုတ်လွှတ်နေသည်ကို အာရုံခံမိလိုက်ပြီး သူမစိတ်ထဲ၌ တုန်လှုပ်သွားသည်။ လှိုင်းများက သူမနှလုံးသားထဲ၌ လိမ့်တက်လာပြီး တောင်တန်းထဲရှိ နတ်ဆိုးသားရဲများအား အမဲလိုက်ရာ၌ သူမအား ပိုယုံကြည်ချက်ရှိလာစေ၏။
“သွားကြစို့”
မျက်နှာနီကွမ်လဲ့က တောနက်ထဲသို့ ပျံသန်းသွားခဲ့၏။
စက္ကန့်အနည်းငယ်အတွင်း အသစ်ရောက်လာသောအခြေတည်စိတ်ဝိညာဉ်အဆင့်လူသားကျွမ်းကျင်သူလေးယောက်က အမဲလိုက်ရန် ဟိမဝန္တာတောနက်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။ ထန်ရှုက သွမ်မုလင်အား လျင်မြန်စွာ ခေါင်းညိတ်ပြခဲ့ပြီး ဟောင်လဲ့နှင့်ကျန်လူများအား သူ့နောက် လိုက်လာရန် လက်ပြကာ ထိုလေးယောက်နောက်သို့ တိတ်တဆိတ်လိုက်ပါသွားခဲ့၏။
လက်ရှိအနေအထားအရ လူသားကျွမ်းကျင်သူတိုင်းက ရဲဘော်ရဲဘက်များဖြစ်ကြပြီး ထိုအခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူလေးယောက်က လူသားမျိုးနွယ်၏အသန်မာဆုံးတည်ရှိမှုများပင် ဖြစ်၏။ သူတို့၏မောက်မာမှုကြောင့် သူတို့က ဟိမဝန္တာတောထဲ၌ ကျဆုံးခဲ့လျှင် ထန်ရှုက လက်ခံနိုင်မည့်အရာတစ်ခုမဟုတ်ပေ။
ဟိမဝန္တာတောနက်ထဲတွင် နတ်ဆိုးသားရဲများက မြေပြင်အပြည့် လွှမ်းခြုံနေခဲ့၏။ အဆောက်အဉီးတစ်ခုအရွယ်အစားရှိသည့် စူပါနတ်ဆိုးသားရဲနှစ်ကောင်က လိုဏ်ဂူထဲမှ ထွက်လာပြီး သားရဲအုပ်စုက ထပ်၍ဟိန်းလိုက်ပြန်သည်။
“တိတ်တိတ်နေကြစမ်း…”
ပုံရိပ်တစ်ခု လက်သွားပြီး မွန်းစတားနတ်ဆိုးသားရဲက နတ်ဆိုးသားရဲနှစ်ကောင်၏အရှေ့၌ ထွက်ပေါ်လာခဲ့သည်။ ၎င်း၏သွေးနီရောင်မျက်လုံးများက ရိုက်ခတ်သွားပြီး သွေးဆာသောအရှိန်အဝါအား ထုတ်လွှတ်ကာ အော်လိုက်၏။
လျှပ်တစ်ပြက်အတွင်း အရာအားလုံး ဆိတ်ငြိမ်သွားခဲ့ပြီး နတ်ဆိုးသားရဲအားလုံးက မွန်းစတားနတ်ဆိုးသားရဲအား ကြောက်လန့်စွာ ကြည့်ကာ အမိန့်စောင့်နေခဲ့ကြ၏။
မွန်းစတားနတ်ဆိုးသားရဲက ခေါင်းမော့ကာ အကြိမ်အနည်းငယ် ဟိန်းလိုက်သည်။ ထို့နောက် သူက နတ်ဆိုးသားရဲဘာသာစကားဖြင့် ပြောလိုက်၏ “ငါတို့ရှင်ဘုရင်ဖြစ်တဲ့သွေးမိစ္ဆာက နောက်ဆုံးတော့ နိုးထလာပြီ၊ မကြာခင်မှာ ငါတို့တွေ ဒီဂြိုလ်ကို သိမ်းပိုက်ရလိမ့်မယ်။ နှစ်ထောင်ချီရှိပြီ၊ ငါတို့တွေ ဒီဂြိုလ်မှာ ပိတ်မိနေခဲ့တာ။ ဒီနေရာစုတ်မှာ ငါတို့တွေ ဆက်သည်းခံမနေနိုင်တော့ဘူး။ ဒါကြောင့် ဒီဂြိုလ်မှာရှိတဲ့လူသားတွေအားလုံးကို သတ်ပစ်ပြီး ဒီနေရာကို သိမ်းပိုက်ရမယ်။ ဒီဂြိုလ်ကို ပျဉ်ချပ်အနေနဲ့ အသုံးပြုပြီး နတ်ဆိုးကမ္ဘာကို ပြန်ကြမယ်၊ ပြီးရင် ငါတို့ရဲ့ရန်သူတွေကို သတ်ပစ်ပြီး ငါတို့ရဲ့ပိုင်နက်ကို ပြန်လည်သိမ်းယူကြမယ်”
“သတ်…”
“သတ်…သတ်…”
“သတ်…သတ်…သတ်…”
နတ်ဆိုးသားရဲတစ်သိန်းနီးပါးက ဟိန်းဟောက်လိုက်ကြ၏။ မွန်းစတားနတ်ဆိုးသားရဲနှင့်နှစ်မီတာမြင့်သောနတ်ဆိုးသားရဲနှစ်ကောင်၏ဉီးဆောင်မှုအောက်တွင် သူတို့အားလုံးက တောင်ဘက်ခြမ်းသို့ တစ်ဟုန်ထိုး ပြေးသွားခဲ့ကြ၏။
လေထဲတွင် အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူလေးယောက်က ရွေ့လျားနေရာမှ ရပ်သွားသည်၊ ရပ်နေလျက်သားနှင့် အရှေ့ရှိပျံသန်းနတ်ဆိုးသားရဲများအား မှင်တက်စွာ စိုက်ကြည့်လိုက်ကြသည်။ ကောင်းကင်တွင် ပြည့်နှက်နေသောပျံသန်းနတ်ဆိုးသားရဲများအား မြင်ပြီး သူတို့က အရိုးထိတိုင် အေးစိမ့်သွားခဲ့ကြ၏။ နတ်ဆိုးသားရဲအုပ်စုမှထုတ်လွှတ်သောအရှိန်အဝါနှင့်ဖိနှိပ်ခြင်းအရှိန်အဟုန်တို့အား သူတို့လည်း အာရုံခံနိုင်သည်။ သူတို့ကိုယ်သူတို့ အလွန်အားကောင်းသောကျွမ်းကျင်သူများဟု သတ်မှတ်ထားသော်လည်း ယခုက သူတို့အား ရိုးတွင်းခြင်ဆီထိတိုင် တုန်လှုပ်စေသည့်မြင်ကွင်းတစ်ခု ဖြစ်၏။
“သေကြစမ်း၊ လူသားတွေ”
နှစ်မီတာမြင့်မားသောနတ်ဆိုးသားရဲနှစ်ကောင်က ရှေ့သို့ ပျံသန်းလာပြီး အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူလေးယောက်အား တုံ့ဆိုင်းခြင်းမရှိဘဲ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့၏။
မွန်းစတားနတ်ဆိုးသားရဲက တိုက်ခိုက်ရန် ရှေ့မထွက်လာခဲ့ဘဲ လူသားလေးယောက်အား တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့၏၊ သို့သော် သူ့နှလုံးသားထဲတွင်မူ သတ်ဖြတ်လိုစိတ်က ဆူပွက်နေ၏။ ဒီလူသားများက ဟိမဝန္တာတောနက်ထဲသို့ ဝင်လာရဲသည်ကို မြင်ပြီး သူက အတော်လေးဒေါသထွက်သွားသည်။
ဘမ်း…ဘမ်း…ဘမ်း…
နတ်ဆိုးသားရဲနှစ်ကောင်က အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူလေးယောက်နှင့် တိုက်ခိုက်ခဲ့ပြီး လူသားများက လျင်မြန်စွာ အသာစီးမရဖြစ်လာခဲ့သည်။
ဤသည်ကို မြင်ပြီး မွန်းစတားနတ်ဆိုးက တုံ့ဆိုင်းမနေတော့ပေ။ သူက လေထဲသို့ ပြေးဝင်သွားခဲ့၏။ သူ့လှုပ်ရှားမှုက ကြီးမားသောနတ်ဆိုးသားရဲနှစ်ကောင်ထက် ပိုမြန်၏။ အနက်ရောင်စုပ်ဝဲတစ်ခုက ရုတ်ချည်း ထွက်ပေါ်လာပြီး အနက်ရောင်သံကြိုုးတစ်ခုက ရုတ်တရက် ပျံသန်းထွက်လာခဲ့၏။
ဘမ်း…ဘမ်း…
အဖြူဝတ်လူရွယ်က သတိပေါ့လျော့ခဲ့ပြီး ရင်ဘက်အား အနက်ရောင်ချိန်းကြိုးထိမှန်ကာ သွေးတစ်ပွက်အန်လိုက်ရ၏။ သူ့ခန္ဓာကိုယ်က ပြတ်ကျသွားသောစွန်တစ်ခုပမာ နောက်သို့ လွင့်ထွက်သွားသည်။ အခြားသုံးယောက်က အန္တရာယ်ကို ရှောင်နိုင်ခဲ့သော်လည်း သူတို့က အနက်ရောင်ရေဝဲ၏စုပ်အားအား ခုခံနေရသဖြင့် အဖြူဝတ်လူရွယ်အား မကယ်ဆယ်နိုင်ခဲ့ပေ။
“ဟမ့်၊ လွယ်လိုက်တာ”
မွန်းစတားနတ်ဆိုးက ရယ်လိုက်၏။ အခြားနတ်ဆိုးသားရဲနှစ်ကောင်နှင့် ပူးပေါင်းလျက် သေရေးရှင်ရေးကပ်ဘေးတစ်ခုက အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူလေးယောက်ထံ အုပ်မိုးလာသည်။
“အင်မော်တယ်သတ်သံကြိုး- သေစမ်း”
အနက်ရောင်စုပ်ဝဲနှင့်အနက်ရောင်သံကြိုးက မွန်းစတားနတ်ဆိုးပိုင်ဆိုင်သောတန်ခိုးစွမ်းရည်များဖြစ်ကြသည်။ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့်ညီမျှသောသူ၏ကိုယ်ပိုင်ခွန်အားကိုပါ ပေါင်းထည့်လျက် အဖြူဝတ်လူငယ်အား လွတ်မြောက်ခွင့်မပေးပေ။ အနက်ရောင်သံကြိုးဒါဇင်အား ပစ်လွှတ်လိုက်သည်၊ ၎င်းတို့က အဖြူဝတ်လူငယ်အား တင်းကျပ်စွာ ရစ်ပတ်လျက် အနက်ရောင်စုပ်ဝဲထဲသို့ ဆွဲခေါ်သွား၏။
ရုတ်တရက် ပုံရိပ်တစ်ခုက အဝေးမှ လျှပ်စစ်အလား ပြေးလာပြီး နတ်ဘုရားဓားမှပစ်လွှတ်လိုက်သောတစ်ရာမီတာရှည်ဓားအလင်းတစ်ခုက အနက်ရောင်သံကြိုးထံ ခုတ်ပိုင်းချလိုက်သည်။ ပြင်းထန်သောစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လေဆင်နှာမောင်းတစ်ခု ဖွဲ့စည်းကာ အဖြူဝတ်လူငယ်အား စုပ်ယူနေသောအနက်ရောင်သံကြိုးနှင့် ထိပ်တိုက်တွေ့လိုက်၏။
အုံးး…
အနက်ရောင်ချိန်းကြိုးက ပျက်ဆီးသွားပြီး လေဆင်နှာမောင်းက အနက်ရောင်စုပ်ဝဲအား ဖြိုခွဲခဲ့သည်။ ၎င်းက လျင်မြန်စွာ လွင့်စင်သွားပြီး နောက်ဆုံး၌ ပျောက်ကွယ်သွားခဲ့၏။ အဖြူဝတ်လူငယ်က လွတ်မြောက်သွားခဲ့သော်ငြား နောက်ထပ်အနက်ရောင်သံကြိုးတစ်ခုက သူ့ထံ ပစ်ဝင်လာသည်။
“ချိုးဖြတ်စမ်း”
ထန်ရှု၏အရှိန်အဝါက လိမ့်တက်လာပြီး တောက်ပသောအလင်းတစ်ခုက နတ်ဘုရားဓားမှ ဖြာထွက်လာ၏။ ထို့နောက် စွမ်းအင်စီးကြောင်းက အဖြူဝတ်လူရွယ်အား ရစ်ပတ်သွားပြီး ထန်ရှုက သူ့အား နောက်သို့ ချက်ချင်းဆွဲကာ ပြန်လှည့်ကာ ပြေး၏။
“ခင်ဗျားတို့တွေ ဘာကို စောင့်နေကြတာလဲ။ မြန်မြန်ပြေးကြတော့လေ”
ထိုအချိန်တွင် သူတို့က ထိုနတ်ဆိုးသားရဲများအတွက် လုံးဝပြိုင်ဘက်မဟုတ်သည်ကို ရုတ်တရက်ပေါ်လာသည့်သေရေးရှင်ရေးကြောင့် ထိတ်လန့်တုန်လှုပ်နေခဲ့သည့် တာအိုသီလရှင်၊ ဖော်ရွေသောအသွင်နှင့်လူအိုကြီးနှင့်မျက်နှာနီကွမ်လဲ့တို့က နောက်ဆုံးတော့ သဘောပေါက်သွားခဲ့၏။ သူတို့က ပြန်လှည့်ကာ တောင်တန်းအပြင်ဘက်သို့ ထန်ရှု၏ပုံရိပ်နောက်မှ လျင်မြန်စွာ လိုက်သွားခဲ့ကြသည်။
“သေမင်းတူ…”
“သေမင်းနတ်ဘုရားကောက်ရိတ်ဓား..”
တ်ဝိညာဉ်နှောင်းပိုင်းအဆင့်အခြားနတ်ဆိုးသားရဲနှစ်ကောင်က သူတို့၏မှော်စွမ်းရည်များအား တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်ကြ၏။ တာအိုသီလရှင်၊ လူအိုကြီးနှင့် ကွမ်လဲ့တို့က အလွန်လျင်မြန်စွာ ထွက်ပြေးနေသော်လည်း ဧရာမတူနှင့်အနက်လခြမ်းဓားတို့ ထိမှန်သွားကာ ဒဏ်ရာကြီးလေးစွာ ရရှိသွား၏။
များမကြာမီ သူတို့ငါးယောက်က တားမြစ်စည်းသို့ ပျံသန်းလာခဲ့သည်။ ထို့နောက် ထန်ရှုက ဒဏ်ရာရထားသောအဖြူဝတ်လူရွယ်အား မိုအားဝူထံ ပစ်ပေးကာ အော်လိုက်သည် “တိုက်ပွဲအတွက် အသင့်ပြင်ကြ…နတ်ဆိုးသားရဲအများကြီးလာနေပြီ…အနည်းဆုံးအရေအတွက်ကိုးသောင်းရှိတယ်…ငါ့ရဲ့ညွှန်ကြားချက်ကို မှတ်ထားပြီး အစီအရင်တွေကို ချက်ချင်းအသက်သွင်းလိုက်ကြ”
ပုံရိပ်ဆယ့်လေးခုက လျင်မြန်စွာ ပြေးလာပြီး အစီအရင်ကို အသက်သွင်းကာ အလယ်ဗဟို၌ ရပ်လိုက်ကြ၏။
ကွမ်လဲ့က အဖြူဝတ်လူရွယ်၏ဘေးနား၌ ထွက်ပေါ်လာခဲ့သည်။ သူ့အမူအရာက အလွန်အမင်း အရုပ်ဆိုးနေသည်။ ဤအချိန်တွင် သူက မောက်မာစွာနှင့် တောနက်ထဲသို့ ဝင်ရန် အကြုံပြုခဲ့မိသည်ကို ဝန်ခံရမည်။ ထိုနတ်ဆိုးသားရဲက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ခွန်အား အမှန်တကယ်ရှိ၏။ ၎င်းက အားကောင်းလွန်းသည်၊ အခြေတည်စိတ်ဝိညာဉ်အဆင့်စွမ်းအားရှိသည့်အခြားနှစ်ကောင်လည်း ရှိသေးသည်။ ထိုနတ်ဆိုးသားရဲသုံးကောင်၏ပူးပေါင်းတိုက်ခိုက်မှုအား သူတို့လေးယောက်အနေနှင့် ပြန်တိုက်ခိုက်ရန် မစွမ်းသာပေ။
“အခုက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမယ့်အချိန်မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့လက်နက်တွေကို ထုတ်ပြီး တိုက်ပွဲအတွက် ပြင်ဆင်ထားကြ။ ဒီနေ့က ကျုပ်တို့မဟုတ်ရင်ဒီနတ်ဆိုးသားရဲတွေ ပျောက်ကွယ်သွားရမယ့်နေ့ပဲ”
ကွမ်လဲ့က ခေါင်းမော့ကာ ထန်ရှုမျက်နှာအား ကြည့်လိုက်သည်။ ဒီမတိုင်ခင်တုန်းက သူက ထန်ရှုအား အထင်သေးခဲ့သည်၊ အပြန်အလှန်လေးစားမှုပင် မပေးခဲ့။ ထန်ရှုက ကြွားဝါတတ်သောကောင်လေးတစ်ယောက်ဟုသာ တွေးထင်ခဲ့၏။ သို့သော် ယခုလေးတင် သေရေးရှင်ရေးပြဿနာကို ဖြတ်သန်းပြီးနောက် ထန်ရှုက ဘယ်နေရာမှ အားမနည်းသည်ကို သဘောပေါက်ခဲ့သည်။ သူ၏မြန်နှုန်းဖြစ်စေသို့မဟုတ်ပေါက်ကွဲစေနိုင်သောသတ်ဖြတ်ကွက်ဖြစ်စေ၊ သူတို့ထက် သာလွန်ပေ၏။
“အရင်ကိစ္စအတွက် ငါ တောင်းပန်ပါတယ်၊ တာအိုထန်”
ကွမ်လဲ့က ထန်ရှုအား ကျေးဇူးတင်၏။ သူ၏အကူအညီကြောင့်သာ မဟုတ်လျင် သူ့အဖော်- အဖြူဝတ်လူရွယ်က နတ်ဆိုးသားရဲလက်ချက်ဖြင့် သေသွားခဲ့ပေလိမ့်မည်။
“တောင်းပန်ဖို့ မလိုပါဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏ “ခင်ဗျားက အပြစ်ရှိသလို ခံစားရရင် နတ်ဆိုးသားရဲတွေကို ပိုပြီးသတ်ပစ်။ မကြာခင်မှာ ပိုအန္တရာယ်များတဲ့အရာတွေကို ရင်ဆိုင်ရလိမ့်မယ်လို့ ကျုပ် ကြိုတင်သိနေတယ်”
ကွမ်လဲ့က သက်ပြင်းတစ်ချက်ရှိုက်ကာ ပျံဝဲတက်သွား၏။ သူက အစီအရင်ထဲသို့ ပြေးဝင်မည့်ဆဲဆဲတွင် ထန်ရှုက သူ့အား ချက်ချင်းတားဆီးလိုက်သည်။ “အလောတကြီးမဝင်နဲ့အုံး။ ဒီဝန်းကျင်မှာ အစီအရင်တစ်ခု ကျုပ် ခင်းကျင်းထားတယ်။ ဒီအစီအရင်တွေနဲ့ ကျုပ်တို့ ရသလောက် သတ်ဖြတ်ပြီးရင် နတ်ဆိုးသားရဲတွေကို ခင်ဗျား သတ်ဖြတ်နိုင်တယ်”
အစီအရင်တစ်ခုလား။ အစီအရင်တစ်ခုကို သုံးပြီး နတ်ဆိုးသားရဲတွေကို သတ်ဖြတ်တာလား။
ကွမ်လဲ့က အစီအရင်များနှင့် ပတ်သက်၍ နားမလည်သော်လည်း သူတို့၏စွမ်းအားအား သူ သိသည်။ ရုတ်တရက် ထန်ရှုအပေါ် သူ့အမြင်က ယခင်ကနှင့် လုံးဝကွဲပြားခြားနားသွားခဲ့၏။
“သတ်ကြ”
နတ်ဆိုးသားရဲအုပ်စုက တားမြစ်စည်းအရှေ့ဘက်ရှိ အစီအရင်ထဲသို့ လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။ ချက်ချင်းလျှင်ပင် ကျင့်ကြံသူဆယ့်လေးယောက်က အစီအရင်ကိုင်တွယ်ကာ ပြေးဝင်လာသောနတ်ဆိုးသားရဲများအား သတ်ဖြတ်ရန် စတင်ခဲ့၏။
***