ရေပမာ သွေးတို့ ယိုစီးခြင်း
Vol. 77 Ch. 1071
ဤအချိန်တွင် မျက်လုံးပေါင်းထောင်ချီက ထန်ရှုအပေါ် အာရုံစိုက်နေကြသည်။ သူ လဲကျချိန်တွင် ပုံရိပ်များက လျှပ်စစ်အလား သူ့ထံ ပြေးလာခဲ့၏။
“ဂိုဏ်းချုပ်…”
စိုးရိမ်မှုအပြည့်မျက်နှာနှင့် မိုအားဝူက ထန်ရှုဘေးနားသို့ ပြေးလာ၏။ သူက တုံ့ဆိုင်းမနေဘဲ သန့်စင်ဒဏ်ရာပျောက်ဆေးအနည်းငယ်ယူထုတ်ကာ ထန်ရှု၏ပါးစပ်ထဲသို့ လျင်မြန်စွာ ထည့်ပေးလိုက်သည်။
ထန်ရှု၏အသားအရောင်က စက္ကူပမာ ဖြူရော်နေပြီး သူ့ခန္ဓာကိုယ်က သွေးတို့နှင့် ရွှဲရွှဲစိုနေသည်။ သူက ဖျစ်ညှစ်ပြုံးပြလျက် အက်ကွဲသောအသံနှင့် ပြောလိုက်သည် “ငါ့ကို ထိုင်လို့ရအောင် ကူညီပေးပါ”
ထန်ရှုအား ဂရုတစိုက်တွဲပြီးနောက် မိုအားဝူက သူ့အား မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်စေသည်။ ထို့နောက် သူက စိုးရိမ်တကြီး မေးလိုက်၏ “မင်း အဆင်ပြေရဲ့လား၊ ဂိုဏ်းချုပ်”
“ငါ သွေးတစ်ဝက်နီးပါး ဆုံးရှုံးထားတယ်၊ ဒါကြောင့် ငါ အခု အားနည်းနေတာ”ထန်ရှုက ခေါင်းခါလိုက်၏ “ဒါပေမယ့် စိတ်အေးအေးထားပါ။ ငါ့အသက် ဘာမှ မဖြစ်ပါဘူး”
သွေးလောင်ကျွမ်းခြင်းအသက်က အင်မော်တယ်ကမ္ဘာတွင် ရှိစဉ်တုန်းက ထန်ရှုဖန်တီးခဲ့သည့် ကြောက်စရာကောင်းသောပညာရပ်တစ်ခုဖြစ်သည်။ ဤလျှို့ဝှက်ပညာရပ်အား အစီအရင်နှင့်တစ်ပြေးညီ အသုံးပြုနိုင်သည်၊ သို့နှင့် သူ့ထက် ဆယ်ဆပိုသန်မာသောရန်သူများအား သူ သတ်နိုင်၏။ ၎င်းက အစီအရင်တစ်ခုလုံးအား မီးပြင်းဖိုတစ်ခုအဖြစ်သို့ ပြောင်းလဲစေပြီး အတွင်းရှိ သက်ရှိအားလုံးအား အရည်ပျော်စေသည်။
ဤအချိန်တွင် အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူသုံးယောက်၊ သွမ်မုလင်နှင့် ဇီသာတီးခြင်းရပ်ထားသည့်ဟန်ကျင်းဝူတို့က ထန်ရှုထံ ပြေးလာ၏။ ထန်ရှု၏စကားကို ကြားပြီး သူတို့အားလုံး အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။ နတ်ဆိုးသားရဲများအား သတ်ရန် သွေးတစ်ဝက်နီးပါး ဆုံးရှုံးစေသည့်အထိ ထိုကဲ့သို့ပညာရပ်တစ်ခုအား ထန်ရှုက အသုံးပြုခဲ့လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
လူသားများအတွက် အင်မော်တယ်မဖြစ်ခင် သူတို့၏သွေးက အရေးကြီးဆုံးဖြစ်၏။ သွေးဆုံးရှုံးမှုများလွန်းလျှင် သူတို့က သေခြင်းတရားကိုသာ စောင့်မျှော်နေရလိမ့်မည်။
သွမ်မုလင်က အနည်းငယ် တုန်လှုပ်သွားသည်။ ထန်ရှုဘေးနားတွင် ဒူးထောက်ထိုင်ချပြီးနောက် ရိုသေလေးစားမှုအပြည့်မျက်နှာနှင့် သူ ပြော၏ “မင်း ဘာလုပ်ခဲ့တယ်ဆိုတာ ငါ မသိဘူး၊ ထန်ရှု။ ဒါပေမယ့် တိုင်းပြည်အတွက် မင်း လုပ်ခဲ့တာကိုတော့ ငါ ယုံကြည်တယ်၊ လူသားမျိုးနွယ်တစ်ခုလုံး ဘေးကင်းဖို့အတွက်ရောပေါ့။ ကျေးဇူးတင်ပါတယ်။ ကောင်းကောင်းအနားယူပြီး ပြန်အားဖြည့်နေပါ။ ဒီနတ်ဆိုးသားရဲတွေကို သတ်ဖြတ်ဖို့ ငါတို့နဲ့ လွှဲထားလိုက်ပါ”
ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ သို့သော် သူ့မျက်လုံးများက ရိုက်ခတ်သွားပြီး အလွန်စိုးရိမ်နေသည့်ဟန်ကျင်းဝူမျက်နှာပေါ်သို့ ရောက်ရှိသွားပြီးနောက် ခဏရပ်နားသွားခဲ့သည်။
“အားလုံးပဲ၊ ကျုပ် အနားယူလိုက်အုံးမယ်။ ကျုပ် အရင်ဆုံး ပြန်အားဖြည့်ဖို့ လိုအပ်တယ်၊ ဒါကြောင့် ခင်ဗျားတို့ လုပ်ရမယ့်အရာတွေ လုပ်ကြပါ”
ထိုသို့ပြောပြီးနောက် မျက်လုံးတန်းမှိတ်ကာ သူက ကျင့်ကြံခြင်းထဲသို့ နစ်မြုပ်သွားခဲ့၏။
သွမ်မုလင်က မိုအားဝူအား ကြည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ထန်ရှုကို ကာကွယ်ဖို့ လူအချို့ကို တာဝန်ပေးလိုက်ပါ။ ငါတို့တွေ ဒီနတ်ဆိုးသားရဲတွေကို သတ်ဖြတ်ရမယ်။ ဒါပေမယ့် စိတ်ထဲမှာ မှတ်ထားပါ၊ အနေအထားက ဆိုးဝါးလာရင် ထန်ရှုကို ခေါ်ပြီး ဒီနေရာကနေ ချက်ချင်းထွက်သွား”
“စိတ်ချပါ” မိုအားဝူက ခေါင်းညိတ်ကာ ပြော၏ “ဂိုဏ်းချုပ်ရဲ့အသက်က ငါ့ထက် ပိုအရေးကြီးပါတယ်”
ရုတ်တရက် အံ့အားသင့်စွာပြောသံတစ်ခုက လူအုပ်ကြီးမှ ထွက်ပေါ်လာသည် “ကောင်းကင်ဘုံ…ဘာဖြစ်တာလဲ။ ဘယ်လိုလုပ်ပြီး အစီအရင်က…လောင်ကျွမ်းနေရတာလဲ”
ချက်ချင်းလျှင်ပင် လူတိုင်း၏မျက်လုံးများက နတ်ဆိုးနှင့်အင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်ထံ ပြောင်းရွှေ့သွားခဲ့၏။ အစီအရင်မြင်ကွင်းက ကြက်သွေးရောင်အဖြစ် ပြောင်းလဲသွားနေ၏။ ၎င်းက ဧရာမပြုတ်အိုးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သလိုပင်၊ ကျင့်ကြံသူများက နတ်ဆိုးသားရဲသောင်းချီ၏အော်ညည်းသံများကိုပင် ကြားနေရသည်။
ဟန်ကျင်းဝူ၏မျက်လုံးများထဲတွင် သောကအကြည့်တစ်ခုရှိသည်။ ထို့နောက် သူမက ရေးရေးလေးပြောလိုက်၏ “အဲဒါက နတ်ဆိုးနှင့်အင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်နဲ့တပြေးညီအသက်သွင်းခဲ့တဲ့သွေးလောင်ကျွမ်းခြင်းပညာရပ်ကြောင့်ပဲ။ နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်တဲ့အခါ အစီအရင်ထဲမှာရှိတဲ့ရန်သူတွေအားလုံးကို လောင်ကျွမ်းစေလိမ့်မယ်၊ သူတို့က ထွက်ပြေးဖို့ လုံလောက်တဲ့သန်မာခြင်းမရှိခြင်းခဲ့ရင်ပေါ့။ ဒါပေမယ့် ဒီသွေးလောင်ကျွမ်းခြင်းအစီအရင်ကို ထုတ်ဖော်တဲ့သူက ကြီးမားတဲ့သွေးပမာဏကို ထုတ်ယူပြီး သွေးအဆီအနှစ်အဖြစ် သိပ်သည်းရတယ်၊ ဒါက ထုတ်ဖော်သူကို အလွန်အားနည်းတဲ့အခြေအနေတစ်ခုနဲ့ ကျန်ရစ်စေတယ်။ သူ…သူက အသုံးပြုခဲ့တယ်…နတ်ဆိုးသားရဲတွေကိုသတ်ဖို့အတွက်နဲ့ သူ့အသက်ကို…”
သွမ်မုလင်နှင့်အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူသုံးယောက်သာမက အနားတစ်ဝိုက်ရှိ အခြားကျင့်ကြံသူတစ်ရာနီးပါးက ပင့်သက်ရှိုက်လျက် သူမအား လှည့်ကြည့်လိုက်ကြသည်။
သွမ်မုလင်က ဟန်ကျင်းဝူထံ ခြေလှမ်းအနည်းငယ် လျှောက်လာကာ ပြောလိုက်သည် “ခဏက ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မစ္စဟန်။ ဒါနဲ့ ထန်ရှုရဲ့အခြေအနေက အရမ်းမကောင်းဘူးဆိုရင် မင်း သူ့ကို ကူညီပေးနိုင်မလား…”
ဟန်ကျင်းဝူက ခေါင်းခါယမ်းလိုက်ပြီး ခါသီးသောမျက်နှာနှင့် ကြားဖြတ်ပြောလိုက်သည် “ငါ့မှာ သူ့ကို ကူညီဖို့ နည်းလမ်းမရှိဘူး။ အကယ်လို့ ရှိရင်တောင် သူက ငါ့ကို ကူညီခွင့်မပြုမှာကို ငါ ကြောက်တယ်”
“ဟမ်” သွမ်မုလင်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏ “ဘာလို့လဲ။ မင်းတို့နှစ်ယောက်က အရမ်းနီးကပ်တာမလား”
အချစ်နှင့်စိုးရိမ်ခြင်းတို့က ဟန်ကျင်းဝူ၏မျက်နှာပေါ်တွင် ရောပြွန်းနေ၏၊ သူမက ထန်ရှုအား နက်ရှိုင်းသောအကြည့်နှင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ကောင်းကင်သို့ ပျံတက်ကာ တင်ပျဉ်ခွေထိုင်လျက် ဇီသာအား သူမပေါင်ပေါ်တွင် တင်ကာ နတ်ဆိုးနှင့်အင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်ထဲရှိနတ်ဆိုးသားရဲများအား တိုက်ခိုက်ရန် စတင်တီးခတ်လိုက်၏။
“ချီးလိုပဲ”
မွန်းစတားနတ်ဆိုးက ဒေါသတကြီး ထပ်ကာထပ်ကာ ဟိန်းလိုက်သည်။ အစီအရင်ထဲသို့ ပြေးဝင်ခဲ့သဖြင့် သူ့ကိုလည်း သက်ရောက်နေပေ၏။ အစက ထန်ရှုအား သူ၏ကိုယ်ပိုင်စွမ်းအားနှင့် သတ်ပြီး အစီအရင်အား ဖျက်ဆီးရန် ကြံရွယ်ခဲ့သည်။ သို့သော် ထန်ရှုအား သတ်ရန် ကျဆုံးခဲ့ရုံသာမက သူကိုယ်တိုင်အား ဤသနားစရာကောင်းသောအဖြစ်သို့ တွန်းပို့ခဲ့သည်။ သို့သော် သူ့အား ဒေါသအထွက်စေဆုံးက နတ်ဆိုးသားရဲမရေမတွက်များစွာ၏သေဆုံးခြင်းပင်။
“ပြေးရမယ်…”
“ထွက်ပြေးရမယ်”
မွန်းစတားနတ်ဆိုးနောက်မှ အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူများနှင့်ယှဉ်နိုင်သောအခြားနတ်ဆိုးသားရဲနှစ်ကောင်က အော်လိုက်ကြသည်။ ဤအစီအရင်အား သူတို့၏စွမ်းအားများနှင့် မချိုးဖြတ်နိုင်မှန်း သူတို့က ပြောနိုင်၏၊ သူတို့၏မျိုးနွယ်ဝင်များကိုလည်း မကယ်နိုင်ပေ။ အလွန်သန်မာသောသေရေးရှင်ရေးတစ်ခုက သူတို့ထံတွင် ရစ်ဝဲနေသည်ကိုပင် သူတို့က အာရုံခံမိသည်။ ဤမီးပြင်းဖိုနှင့်တူသောအစီအရင်က သူတို့အား ငရဲထဲသို့ ပို့လွှတ်နေသလိုပင်။
မွန်းစတားနတ်ဆိုးသားရဲက ဒေါသထွက်စွာ ဟိန်းလိုက်ပြန်သည်။ သေရေးရှင်ရေးတစ်ခုရစ်ဝဲလာသည်ကို အာရုံခံမိသဖြင့် ၎င်း၏မြင့်မားသောဉာဏ်ရည်အရ ထွက်ပြေးခြင်းကသာ အကောင်းဆုံးရွေးချယ်စရာဟု တဖြည်းဖြည်း တွေးမိလာခဲ့၏။
“ထိုးဖောက်ကြ…”
သဘာလွန်စွမ်းအားထုတ်ပြလျက် အရိပ်တစ်ရာကျော်က ချက်ချင်း ထွက်ပေါ်လာပြီး ရွှေအမြုတေအဆင့်နတ်ဆိုးသားရဲများအား ဖမ်းကိုင်လိုက်သည်။ အခြားအခြေတည်စိတ်ဝိညာဉ်အဆင့်နတ်ဆိုးသားရဲနှစ်ကောင်ကလည်း စုစည်းလိုက်ကြသည်။ ထို့နောက် အဆုံးမဲ့အနက်ရောင်တွင်းပေါက်များက ချက်ချင်း ထွက်ပေါ်လာပြီး အနက်ရောင်သံကြိုးတစ်ခုက နေရာအတိအကျတစ်ခုအား တိုက်ခိုက်ကာ အစီအရင်ထဲတွင် အပေါက်တစ်ခု ဆုတ်ဖြဲလိုက်၏။ တဖြည်းဖြည်းနှင့် အခြေတည်စိတ်ဝိညာဉ်အဆင့်နတ်ဆိုးသားရဲနှစ်ကောင်နှင့်ရွှေအမြုတေအဆင့်နတ်ဆိုးသားရဲများက အစီအရင်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
အုံး…
ကြီးမားသောစွမ်းအားတစ်ခုက နတ်ဆိုးနှင့်အင်မော်တယ်သတ်ဖြတ်ခြင်းအစီအရင်မှ ပေါက်ကွဲထွက်လာသည်။ ပေါက်ကွဲမှုက အဏုမြုမှိုပွင့်တစ်ခုပမာ ဉီးတည်ဘက်တိုင်းသို့ ပျံ့နှံ့သွား၏။ အထဲတွင် ပိတ်မိနေသော နတ်ဆိုးသားရဲသောင်းချီက ပေါက်ကွဲမှုနှင့်အတူ သေဆုံးသွားခဲ့ရပြီး မြေပြင်ပေါ်တွင် နတ်ဆိုးအမြုတေများသာ ချန်ထားခဲ့၏။
သူ့မျက်လုံးများ လင်းလက်သွားပြီး ခဏအားဖြည့်ပြီးနောက် လှုပ်ရှားနိုင်သည့်စွမ်းရည်အား ပြန်ရလာ၏။ သူက ဆယ်မီတာကျော်နက်ကာ ဆယ်ကီလိုမီတာကျော်ကျယ်သည့်တွင်းထဲသို့ လျင်မြန်စွာ ပြေးသွား၏။ သူ့ချီက ရိုက်ခတ်နေပြီး နတ်ဆိုးအမြုတေများအား လျင်မြန်စွာ စုဆောင်းလျက် သူ့သိုလှောင်လက်စွပ်ထဲသို့ ထည့်နေလေ၏။
“ဒါက…”
အသန်မာဆုံးအခြေတည်စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူသုံးယောက်အပါအဝင် လူသားကျင့်ကြံသူထောင်ချီက ကြောက်ရွံ့တုန်လှုပ်နေခဲ့၏။ အရှေ့ရှိသွေးပျက်ဖွယ်ရာမြင်ကွင်းအား ကြည့်ရင်း သူတို့က မှင်တက်နေမိသည်။
ဒါက…ကြောက်စရာကောင်းလွန်းတယ်…
နတ်ဆိုးသားရဲဘယ်လောက် အစီအရင်ထဲ ဝင်ခဲ့သည်ကို သူတို့ မသိသော်လည်း အစီအရင်မှ ပေါက်ကွဲမှုစွမ်းအားက ကြီးမားလွန်းသဖြင့် သူတို့၏နှလုံးသားထဲသို့ ဆူနာမီလှိုင်းတစ်ခု ဝင်သွားခဲ့သည့်အလား ကြောက်ရွံ့တုန်လှုပ်စေခဲ့၏။
တစ်မိနစ်ဝက်ကြာပြီးနောက် ထန်ရှုက သူ့သိုလှောင်လက်စွပ်ထဲသို့ နတ်ဆိုးအမြုတေအားလုံး ထည့်သွင်းနိုင်ခဲ့ပြီဖြစ်သည်။ အထဲသို့ အာရုံခံပြီးနောက် နတ်ဆိုးအမြုတေ၄၅၆၂၀ရှိသည်ကို ရေတွက်ခဲ့၏၊ သူက နတ်ဆိုးသားရဲ၄၅၆၂၀အား သတ်ဖြတ်နိုင်ခဲ့သည်ဟု ဆိုလိုသည်။
ကျေနပ်အားရစွာနှင့် ထန်ရှုက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက သွမ်မုလင်ထံ ပျံသန်းသွားကာ ကြည်လင်သောအသံနှင့် ပြုံးကာ ပြောလိုက်၏ “နတ်ဆိုးသားရဲတစ်ဝက်နီးပါးကို ငါ သတ်ဖြတ်ခဲ့တယ်၊ စီနီယာသွမ်မုလင်။ ဒါပေမယ့် ငါခင်းကျင်းထားတဲ့အစီအရင်အားလုံးလဲ ပျက်ဆီးသွားပြီ။ နောက်ကျရင် ငါတို့က သူတို့ကို ထိပ်တိုက်ပဲ ရင်ဆိုင်ရတော့မယ်”
“နတ်ဆိုးသားရဲတစ်ဝက်နီးပါးကို သတ်ဖြတ်နိုင်တယ်လို့ မင်း ပြောတာလား” သွမ်မုလင်က အံ့အားသင့်စွာ အော်လိုက်သည်။ သူ့မျက်ခုံးက ကျုံ့သွားလျက် သူက
“၄၅၆၂၀”ထန်ရှုက ဖြေလိုက်သည်။
“ဘာ”
ဤတစ်ချိန်တွင် သွမ်မုလင်သာမက ကျန်ရှိနေသည့်ကျင့်ကြံသူများအားလုံးက အံ့ဩတုန်လှုပ်သွားကြ၏။ ဤအချိန်တွင် မတွန့်ဆုတ်သည့်လူအချို့ ရှိသေးသည်၊ ဟန်ကျင်းဝူက သူတို့ထဲ၌ အပါအဝင်ဖြစ်မည်မှာ သံသယရှိစရာမလို။ သူမနှင့်ထန်ရှုက နှစ်ထောင်ချီကြာ အတူနေလာခဲ့၏၊ ထို့ကြောင့် သွေးလောင်ကျွမ်းခြင်းကျင့်စဉ်က ထောက်ပံ့ပေးထားသည့် အစီအရင်၏စွမ်းအားအား သူမက အလိုအလျောက် သိသည်။
အတိတ်တွင် ထန်ရှုက မျိုးနွယ်စုတစ်ခုအား အမဲလိုက်ခဲ့ပြီး မျိုးနွယ်ဝင်ဘီလီယံချီအား ဤနည်းလမ်းဖြင့် သတ်ဖြတ်ခဲ့သည်။ သူ၏လက်ရှိခွန်အားက အားနည်းနေသည်မှာ သနားစရာပင်။ သူ့အထွတ်အထိပ်နေ့ရက်တုန်းက ပိုင်ဆိုင်သော စွမ်းအားနှင့် ယှဉ်လျှင် သူ၏လက်ရှိစွမ်းအားက တစ်သောင်းပုံတစ်ပုံမျှသာရှိ၏။ သို့မဟုတ်လျှင် ထိုနတ်ဆိုးသားရဲများအား သူက အလွယ်တကူ ဖျက်ဆီးနိုင်ပေလိမ့်မည်။
“လုံးဝရှက်စရာပဲ…”
ရုတ်တရက် ဒေါသတကြီးဟိန်းသံတစ်ခုက ဟိမဝန္တာတောနက်ထဲမှ ထွက်ပေါ်လာ၏။ သွေးမိစ္ဆာဘုရင်၏ပုံရိပ်က လျှပ်စီးအလား လျင်မြန်စွာ ရွေ့လျားလာခဲ့သည်။ ထို့နောက် ၎င်းက တွင်းနက်အထက်ရှိလေထဲ၌ ထွက်ပေါ်လာခဲ့၏။ ပါးစပ်မှ အနက်ရောင်မီးလျှံများ ထွေးထုတ်ကာ ၎င်းအရှေ့ရှိ လူသားများထံ မှုတ်ထုတ်လိုက်သည်။
“အဲဒါကို တားဆီးကြ…”
ထန်ရှု၏အသားအရောင်က အပြင်းအထန် ပြောင်းလဲသွားသည်။ အေးစက်မှုတစ်ခုက သူ့နှလုံးသားထဲ ပြည့်သွားပြီး ၎င်း၏အရှိန်အဝါမှတစ်ဆင့် သွေးမိစ္ဆာဘုရင်၏စွမ်းအားအား အာရုံခံနိုင်၏။ ၎င်း၏စွမ်းအားက…ကိုယ်ခန္ဓာပေါင်းစည်းခြင်းကျွမ်းကျင်သူတစ်ယောက်နှင့် ယှဉ်နိုင်သည်။
ကြည့်ရတာ ကြယ်ဝါးမျိုအင်းဆက်ကိုပဲ အသုံးပြုရတော့မယ့်ပုံပဲ…
ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။ သူက ကြယ်ဝါးမျိုအင်းဆက်အား ထုတ်လွှတ်မည့်ဆဲဆဲတွင် ကြီးမားသောအရှိန်အဝါတစ်ခုက ယူဂလေ့မြို့မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့ပြင် ပြင်းထန်သောအပူချိန်က ကမ္ဘာမြေအား လင်းထိန်သွားစေပြီး ဆယ်ကီလိုမီတာတစ်ဝိုက်ရှိနှင်းများက စတင်အရည်ပျော်ကျလာ၏။
နောက်ထပ်နတ်ဆိုးသားရဲတစ်ကောင်လား။
၎င်းက ခန္ဓာကိုယ်အပြည့်မီးလျှံများနှင့် သုံးထပ်တိုက်တစ်ခုလောက်မြင့်မားသည့် မီးချီလင်တစ်ကောင်ပင်။ ၎င်းက တားမြစ်စည်းအထက် ကောင်းကင်သို့ တက်ကာ မီးလျှံအား ထုတ်လွှတ်လျက် နတ်ဆိုးမီးလျှံနှင့် ထိပ်တိုက်ရင်ဆိုင်၏။ ကြောက်စရာကောင်းသောစွမ်းအင်ပေါက်ကွဲမှုက ကျင့်ကြံသူအားလုံးအား ကြောက်ရွံ့စေပြီး သူတို့က ယူဂလေ့မြို့သို့ နောက်ဆုတ်ခဲ့ကြသည်။
နောက်ဆုတ်ရင်း ထန်ရှုက ယူဂလေ့မြို့အထက် ကောင်းကင်သို့ ကြည့်လိုက်သည်။ သူ့မျက်လုံးများက သွေးမိစ္ဆာဘုရင်နှင့် တိုက်ခိုက်နေသော မီးချီလင်အပေါ်တွင်သာ။
သူက ဤမီးချီလင်အား ရှင်းရှင်းလင်းလင်းမှတ်မိသည်။ သူက မြောင်ဝမ်ထန်နှင့်ရှောက်မင်ကျန်းတို့နှင့်အတူ ရတနာရှာဖွေခရီးထွက်တုန်းက မြေအောက်ဝင်္ကပါထဲရှိ ဤမီးချီလင်အသိုက်မှ အဖိုးသတ္တုများစွာအား ခိုးယူခဲ့သည်။
“ဒါက…သူက မြေအောက်ဝင်္ကပါထဲမှာ ပိတ်မိနေတာ မဟုတ်လား။ သူ ဘယ်လိုထွက်လာတာလဲ၊ ဘာလို့ သူက လူသားတွေဘက်ကနေ အဲဒီနတ်ဆိုးသားရဲနဲ့ တိုက်ခိုက်ရတာလဲ”
***