ကျင်းမန်ကျွန်း၌ ရပ်နားခြင်း *
Vol. 77 Ch. 1074
ရွှယ်ယု၏ချစ်စရာကောင်းသောမျက်နှာအား ကြည့်ရင်း ထန်ရှုက နွေးထွေးစွာ ပြုံးလိုက်သည်။ သူမက ရှက်ရွံ့မှုအား ဘေးချိတ်ကာ သူနှင့်အတူ ယခုထိတိုင် ရှိနေပေးသဖြင့် ရွှယ်ယုအပေါ် ချစ်မြတ်နိုးမှုက သူ့စိတ်ထဲ၌ ကြီးထွားလာသည်။
“လူတစ်ယောက်က ကံဆိုးမှုတစ်ခုနဲ့ ကြုံရပေမယ့် အဲဒါက ကောင်းချီတစ်ခု ဖြစ်သွားနိုင်တာပဲ”
ထန်ရှုက ပြတင်းပေါက်သို့ လျှောက်သွား၏။ အပြင်ဘက်ရှိ ပန်းရနံနှင့်သစ်ပင်အရိပ်များအား ကြည့်ရင်း လှပသောမျက်နှာတစ်ခုက သူ့စိတ်ထဲသို့ ရုတ်တရက် ဝင်လာသောအခါ သူက မတတ်နိုင်စွာနှင့် သက်ပြင်းချလိုက်မိလေသည်။
ရွှယ်ယုက သူ့နောက်မှ လျှောက်လာပြီး ဘေးနားတွင် ရပ်ပြီးနောက် ထူးဆန်းသောအမူအရာနှင့် မေးလိုက်သည် “ရှင် ဘာဆိုလိုတာလဲ”
“ဘာမှမဟုတ်ပါဘူး”ထန်ရှုက ပြုံးကာ ခေါင်းခါယမ်းလိုက်သည် “ပြောဖို့မထိုက်တန်တော့တဲ့အတိတ်က အကြောင်းအရာလေးတစ်ခုပါ။ ဒါနဲ့ ငါ မင်းကို တစ်ခုမေးလို့ရမလား။ ပြီးတော့ အဲဒါကို မင်း အလေးအနက်ထား ဖြေရမယ်”
အတွေးအကြည့်နှင့် ခေါင်းညိတ်လျက် ရွှယ်ယုက မေးလိုက်သည် “မေးပါ”
“မင်းက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်ပြီး ကမ္ဘာမြေပေါ်က အကောင်းဆုံးကျွမ်းကျင်သူတွေထဲကတစ်ယောက်ဖြစ်လာခဲ့ပေမယ့် ငါတို့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ငါ မင်းကို မေးချင်တာ တစ်ခုရှိတယ်”ထန်ရှုက မေးလိုက်သည် “မင်းက တကယ်ပဲ ငါ့ဘေးနားက အမျိုးသမီးတစ်ယောက် ဖြစ်ချင်ရုံပဲလား။ ဒါမှမဟုတ် ငါနဲ့အတူ အကောင်းအဆိုးတွေကို ဝေမျှချင်လား”
“ဒါက တကယ်တော့ ကျွန်မအတွက် ဖြေဖို့ အရမ်းလွယ်တဲ့မေးခွန်းတစ်ခုပဲ။”ရွှယ်ယုက ပြုံးကာ ပြန်ဖြေလိုက်သည် “ရှင်ဘယ်နေရာပဲသွားသွား ကျွန်မ ရှင်နဲ့အတူ အမြဲရှိနေမယ်။ ရှင်အတွက် ထမင်းတွေ ချက်ပေးမယ့် အဝတ်တွေ လျှော်ပေးမယ့် အမျိုးသမီးဖြစ်ရုံတင်မကဘူး၊ ရှင်နဲ့အတူ လက်တွဲပြီး ရှင့်ရန်သူတွေကို ရင်ဆိုင်မယ်”
ထန်ရှုက သူမပခုံးအား ဆွဲကာ ပွေ့ဖက်လျက် တီးတိုးပြောလိုက်သည် “မင်းက ဒုတိယတစ်ခုကို ရွေးချယ်မှတော့ နဂါးကိုးကောင်ကျွန်းကို ပြန်ရောက်တာနဲ့ ငါ့ကို ကူညီပြီး ကလေးစစ်သားတွေကို လေ့ကျင့်ပေးပါ။ နောက်လာမယ့်နှစ်အနည်းငယ်အတွင်းမှာ မင်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နဲ့ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများစွာကို လေ့ကျင့်ပေးနိုင်မယ်လို့ ငါ မျှော်လင့်တယ်”
ရွှယ်ယုက ခေါင်းညိတ်လိုက်ပြီး သူမမျက်လုံးများက ရုတ်တရက် လင်းလက်သွားသည်။ “ဟိမဝန္တာတောင်တန်းထဲက ကျန်ရှိနေတဲ့နတ်ဆိုးသားရဲတွေကို အပြီးပြတ် သုတ်သင်နိုင်မှာ မဟုတ်လောက်ဘူး။ သူတို့က ပုန်းရင်းနဲ့ မျိုးပွားနေမယ်ဆိုရင် အနာဂတ်မှာ သူတို့ရဲ့အရေအတွက်က တိုးလာနိုင်တယ်။ ရှင်က ကျွန်မကို ကလေးတွေကို လေ့ကျင့်ပေးစေချင်မှတော့ သူတို့ထဲက လက်ရွေးစင်အချို့ကို ရွေးချယ်ပြီး ဟိမဝန္တာတောင်တန်းထဲ ခေါ်သွားတာ ပိုကောင်းမယ်။ ယန်အာ ကျွန်မကို ပေးခဲ့တဲ့ လေ့ကျင့်မှုတွေကနေ အန္တရာယ်တိုက်ပွဲတွေကို ဖြတ်သန်းပြီးမှပဲ တစ်စုံတစ်ယောက်က အမှန်တကယ် သန်မာလာနိုင်မယ်ဆိုတာကို သဘောပေါက်ခဲ့တယ်”
“ဟိမဝန္တာတောနက်ထဲကနတ်ဆိုးသားရဲတွေတင်မကဘူး၊ ကမ္ဘာတစ်ဝှမ်းမှာ လေ့ကျင်စရာ စစ်မြေပြင်တွေရှိပါတယ်လေ” ထန်ရှုက ပြုံးကာ ထပ်ပြောလိုက်သည် “အနာဂတ်မှာ ပေါ်ပေါက်လာမယ့် ဘယ်လိုစစ်ပွဲတွေမှာမဆို ထန်ဂိုဏ်းရဲ့အရိပ်ကို တည်ရှိစေချင်တယ်။ ဒီနှစ်မှာ လုပ်စရာတွေ များလွန်းတဲ့အတွက် ငါ့အနေနဲ့ ဒါကို မကိုင်တွယ်နိုင်ဘူး။ လာမယ့်နှစ်မှာ ကြီးမားတဲ့လှုပ်ရှားမှုတစ်ခု လုပ်စရာရှိတာကိုတောင် ဖော်ပြစရာမလိုဘူး။ ငါက ထန်ဂိုဏ်းရဲ့ခွန်အားကို အဆများစွာ တိုးလာစေချင်တယ်၊ ကမ္ဘာ့ထိပ်သီးအဖွဲ့အစည်းသုံးခုကတောင် အညံ့ခံရလောက်တဲ့အထိပေါ့”
“လှုပ်ရှားမှုကြီးတစ်ခုလား။ အဲဒါ ဘာလဲ”ရွှယ်ယုက မေးလိုက်သည်။
“ဒါကို နောက်မှ ပြောကြတာပေါ့…မကြာခင် မင်း မြင်ရမှာပါ”ထန်ရှုက ဆန်းကြယ်သောအပြုံးနှင့် ပြန်ဖြေ၏။
ရွှယ်ယုက ထပ်မမေးတော့ပေ။ ထန်ရှုပြုလုပ်သမျှ ဘယ်လိုဆုံးဖြတ်ချက်ကိုမဆို ထောက်ပံ့ပေးရန် သူမက ဆုံးဖြတ်ထားသည်။ သူက ကမ္ဘာတစ်ခုလုံး၏ဘုရင်ဖြစ်ချင်သည်ဟု ပြောလျှင်ပင် သူမက သူ့နောက်လိုက်ရန် တွန့်ဆုတ်လိမ့်မည် မဟုတ်ပေ။
ဒေါက်…ဒေါက်…
အခန်းတံခါးခေါက်သံနှင့်အတူ ကူဝါကို၏အသံအား တံခါးအပြင်ဘက်မှ ကြားလိုက်ရသည် “ငါပါ၊ ကူဝါကိုပါ၊ သူဌေး”
ရွှယ်ယုက တံခါးသို့ လျှောက်သွား၏။ ဖွင့်ပြီးနောက် အနက်ရောင်သားရေဝတ်စုံနှင့် အပြင်ဘက်တွင် ရပ်နေသော ကူဝါကိုအား မြင်လိုက်ရသည်။
“သူဌေးကတော်”
ရွှယ်ယု၏စွမ်းအားကို မြင်ပြီးနောက် နက်ရှိုင်းသောလေးစားမှုတို့က ကူဝါကို၏နှလုံးသားထဲ၌ မွေးဖွားလာခဲ့သည်။ သူမ ဒီလောက် လေးစားရသည့်အကြောင်းပြချက်တစ်ခုက ရွှယ်ယူက ထန်ရှု၏အမျိုးသမီးဖြစ်သည်ကို သိသောကြောင့်ပင်။
မင်း စကားပြောချင်တယ်ဆိုရင် ထန်ရှုက အထဲမှာ ရှိပါတယ်”ရွှယ်ယုက ပြုံးကာ ပြောလိုက်သည်။
ရွှယ်ယုထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ကူဝါကိုက အခန်းထဲသို့ ဝင်လာသည်။ ထန်ရှုအနောက်သို့ ရောက်လာပြီးနောက် သူမက ရိုသေလေးစားစွာ ပြောလိုက်၏ “သူဌေးက ငါ့ကို ရှာနေတယ်လို့ မိုအားဝူက ပြောခဲ့တယ်”
ထန်ရှုက သူမအား လှည့်ကြည့်ပြီးနောက် ချီးကျူးလိုက်လေ၏ “ကောင်းပြီ၊ မင်းက ရွှေအမြုတေအဆင့်ကို ဒီလောက် မြန်မြန်ရောက်သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ အရင်တုန်းကတော့ ငါ့အတွက် ကိစ္စအချို့ကို ကိုင်တွယ်ပေးဖို့၊ ဂျပန်က ကျင့်ကြံခြင်းအရင်းအမြစ်တွေ ရရှိဖို့အတွက်နဲ့ ငါ မင်းကို နောက်လိုက်တစ်ယောက်အဖြစ် ခေါ်ယူခဲ့တာ။ အခု ကြည့်ရတာ ငါ့ရဲ့အရင်ရည်ရွယ်ချက်တွေကို ဘေးဖယ်ထားရတော့မယ်ပုံပဲ။ မင်းက ပါရမီရှိတဲ့လူတစ်ယောက်ပဲ၊ ငါကလဲ ပါရမီရှိတဲ့သူတွေကို အမြဲလိုအပ်တယ်”
ထန်ရှုဆင့်ခေါ်ကြောင်းအသိပေးမှုကို လက်ခံရရှိမိသည့်အတွက် ကူဝါကိုက စိတ်ထဲ၌ ကြိတ်ပျော်မိသည်။ အတိတ်တွင် တရုတ်သို့ လာရန် အကြောင်းကြားချက်ကို ရရှိစဉ်တုန်းက သူမက အရမ်းသန်မာနေပြီး ထန်ရှုနှင့် သိပ်မကွာတော့ဟု ခံစားမိခဲ့သေးသည်။ မကြာခင် သူ့အား ကျော်ဖြတ်နိုင်တော့မည်ဟုပင် ယုံကြည်ချက်ရှိခဲ့၏။ သို့သော် ဟိမဝန္တာရှိတိုက်ပွဲက သူမနှင့်ထန်ရှုကြားကွာဟချက်က မကျဉ်းမြောင်းရုံတင်မက ပိုပိုကြီးမားလာသည်ကို သဘောပေါက်လာစေခဲ့သည်။
ထိုကဲ့သို့ တွေ့ရှိမှုက ထန်ရှု၏ခွန်အားက သူမ ရောက်ရှိနိုင်သည်ထက် အများကြီး ဝေးကွာလွန်းသည်ဟု သဘောပေါက်လာစေခဲ့၏။ ထို့ပြင် သူ့လက်အောက်ရှိအားကောင်းသောနောက်လိုက်များ၏အရေအတွက်က သူမမော့ကြည့်ရုံသာတတ်နိုင်သည့်အရာဖြစ်သည်။ သူမ စိတ်ပြောင်းသွားပြီး ထန်ရှုအား လုံးဝနာခံလာစေသည့်အကြောင်းပြချက်လည်းဖြစ်၏။ သူမက သစ္စာဖောက်ရန် မတွေးရဲတော့ပေ။
ထို့ပြင် ထန်ရှုက ထန်ဂိုဏ်းအား တည်ထောင်ပြီး ပထမဆုံးဂိုဏ်းချုပ်ဖြစ်သည်ကို သိရှိပြီးနောက် သူမက စိတ်ထဲ၌ မျှော်လင့်ချက်အပြည့်ရှိနေသည်၊ သူမက ထန်ဂိုဏ်းသားတစ်ယောက်ဖြစ်လာပြီး သူယုံကြည်ရသောလက်ထောက်တစ်ယောက်ဖြစ်ရန် မျှော်လင့်နေခဲ့သည်။ ဤအချိန်တွင် သူမ၏ဆန္ဒက အထမြောက်လိမ့်မည်ဟု ရေးတေးတေးခံစားမိနေ၏။
“ငါ့ရဲ့လူတွေကို စီမံခန့်ခွဲဖို့အတွက် ငါ့မှာ ငါ့ရဲ့ကိုယ်ပိုင်နည်းလမ်းတွေ ရှိတယ်”ထန်ရှုက ဆက်ပြော၏ “သန်မာတဲ့လူတွေက မြင့်တက်ပြီး အားနည်းတဲ့သူတွေက နိမ့်ကျလာရမှာပဲ။ ဘယ်သူ့ရဲ့ဇာစ်မြစ်ကိုမှ ငါ ဂရုမစိုက်ဘူး။ မင်းက အားကောင်းတဲ့ခွန်အားကို ပိုင်ဆိုင်သရွေ့ ငါ့ရဲ့ယုံကြည်မှုကို ရရှိပြီး အရေးကြီးတဲ့နေရာတွေကို ကိုင်တွယ်ခွင့်ရမယ်၊ ထန်ဂိုဏ်းမှာ ထင်ရှားကျော်ကြားတဲ့အဆင့်အတန်းတစ်ခု ရှိလာစေရမယ်။ ရွှေအမြုတေအဆင့်ကို ပထမဆုံးတက်လှမ်းနိုင်တဲ့ခြောက်ယောက်က ထန်ဂိုဏ်းရဲ့စောင့်ရှောက်သူအကြီးအကဲတွေ ဖြစ်လာစေရမယ်လို့ ငါ ကြေညာပြီးသား။ မင်းက ဂျပန်းလူမျိုးတစ်ယောက်ဖြစ်လို့ ငါ ဘက်လိုက်မှာ မဟုတ်ဘူး။ ဒါကြောင့် အခုကစပြီး မင်းက ထန်ဂိုဏ်းသားတစ်ယောက်ဖြစ်ဖို့ ငါ ခွင့်ပြုတယ်။ ဒါ့အပြင် မင်းက ထန်ဂိုဏ်းရဲ့စောင့်ရှောက်သူအကြီးအကဲပဲ၊ ဒါကြောင့် မင်းကိုမြင်တဲ့ဘယ်တပည့်မဆို အရိုအသေပေးရမယ်။ ဒါ့အပြင် အကြီးအကဲတွေအတွက် နှစ်စဉ်ခွဲတမ်းကျင့်ကြံခြင်းအရင်းအမြစ်တွေကို ရရှိမယ်”
ကျေနပ်ဝမ်းသာသောအကြည့်တစ်ခုက ကူဝါကို၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သူမက ချက်ချင်း ဒူးထောက်ကာ ဘယ်ဘက်ရင်ဘက်ပေါ်တွင် ညာလက်တင်လျက် ရိုသေလေးစားစွာ ပြောလိုက်သည် “ကျေးဇူးတင်ပါတယ်…သူဌေး…ဂိုဏ်းချုပ်။ သင်က ငါ့အသက်ကို ပေးခဲ့သလို ငါ့ကို ကျင့်ကြံခြင်းသင်ကြားပေးခဲ့တဲ့သူလဲ ဟုတ်တယ်၊ ဒါကြောင့် ငါက ဒီလောက် အားကောင်းလာရတာ။ အခုကစပြီး ငါ့အသက်ကို သင်ပိုင်တယ်လို့ ငါ ကျိန်ဆိုတယ်။ သင့်အတွက် အရာအားလုံးကို စွန့်လွှတ်ဖို့ ငါ ဆန္ဒရှိပါတယ်”
ထန်ရှုက မျက်လုံးစောင်းငဲ့လျက် သူမမျက်လုံးများမှ သစ္စာရှိမှုအား အာရုံခံမိသည်။ ခေါင်းညိတ်တုံ့ပြန်ပြီးနောက် သူမအား ထစေကာ သူ ပြောလိုက်သည် “ ငါ ဒီနေ့ပြောတာတွေကို စိတ်ထဲမှာ မြဲမြဲမှတ်ထားပါ။ အနာဂတ်မှာ မင်းက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်နိုင်မယ်လို့ ငါ မျှော်လင့်တယ်။ ထိုအချိန်ကျရင် မင်း ငါ့နောက်လိုက်ပြီး ကမ္ဘာမြေကနေ ထွက်သွားရမယ်။ အဲမတိုင်ခင် မင်းအပေါ်မှာ ငါ ဖော်ထုတ်ထားတဲ့ ချိတ်စည်းကိုလဲ ဖယ်ရှားပေးမယ်။ ဒါ့အပြင် မင်းက အခြေတည်စိတ်ဝိညာဉ်အဆင့်ကို မြန်မြန်ရောက်ခဲ့မယ်ဆိုရင် ငါ မင်းကို ငါ့ရဲ့ညာလက်ရုံးအဖြစ် သတ်မှတ်ပြီး အရေးကြီးတဲ့နေရာတစ်ခုကို ပေးအပ်မယ်”
ကူဝါကို၏မျက်နှာရိပ်က အနည်းငယ် ပြောင်းလဲသွားပြီး သူမက အလျင်စလို မေးလိုက်သည် “ဂိုဏ်းချုပ်…စောစောက ငါ့ကို ကမ္ဘာမြေကနေ ခေါ်သွားမယ်လို့ ပြောခဲ့တယ်မလား။ အတိအကျ ဘယ်နေရာကိုလဲ”
ထန်ရှု၏မျက်လုံးများက အဓိပ္ပါယ်ရှိသောအကြည့်တစ်ခု ပြည့်နှက်သွားပြီး သူက ပြန်ဖြေလိုက်သည် “ဒီကမ္ဘာမြေက စကြာဝဠာရဲ့ဖုန်မှုန့်တစ်စက်မျှပဲ။ ကူဝါကို၊ အဲဒီကမ္ဘာက မင်းစိတ်ကူးနိုင်တာထက် အများကြီး ပိုကြီးတယ်။ အဲကမ္ဘာမှာ မျိုးနွယ်စုအသင်္ချေနဲ့ စွမ်းအားရှင်တွေ မရေမတွက်နိုင်လောက်အောင် ရှိတယ်။ အနာဂတ်ကျရင် အဲနေရာက ငါတို့ရဲ့စစ်မြေပြင်ဖြစ်လာလိမ့်မယ်။ ဒါကြောင့် မင်း ငါ့နောက်လိုက်ပြီး ပိုကျယ်ပြောတဲ့ကမ္ဘာကြီးကို မြင်ချင်တယ်ဆိုရင် ငါနဲ့အတူ ရန်သူတွေကို ရင်ဆိုင်ရလိမ့်မယ်”
“ဒီစကြာဝဠာမှာ ကမ္ဘာမြေအပြင် အခြားနေရာတွေ၊ မရေမတွက်နိုင်လောက်တဲ့သက်ရှိတွေရှိတယ်လို့ ဆိုလိုတာလား” ကူဝါကိုက အံ့အားသင့်လျက် အတည်ပြုရန် မေးလိုက်သည်။
“ပြောရမယ်ဆိုရင် လူသားတွေက သူတို့ရဲ့သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုမျှပဲ”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ဒါကို ဒီနေရာမှာပဲ ရပ်လိုက်ကြရအောင်။ လက်ရှိမှာ ငါ ပြောခဲ့တာတွေကို မင်း စိတ်ကူးယဉ်လို့ရနိုင်မှာ မဟုတ်ဘူး။ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုပဲ တက်လှမ်းနိုင်အောင် အရင်ကြိုးစားပါ။ ထိုအခါကျရင် မင်း ငါနဲ့အတူ အဲနေရာကို လိုက်ပါဖို့ အရည်အချင်း ပြည့်မှီလိမ့်မယ်။ ထိုအချိန်ကျရင် မင်းက ကမ္ဘာနဲ့ဆန့်ကျင်ပြီးတိုက်ခိုက်ဖို့ အခွင့်အရေးရှိလာပြီး စွမ်းအားရှင်မရေမတွက်များစွာက မော့ကြည့်ရမယ့် တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မယ်”
တောက်ပသောအလင်းတစ်ခုက ကူဝါကို၏မျက်လုံးများထဲ၌ လက်သွား၏။ သူမ၏နှလုံးခုန်သံက အဆအနည်းငယ် ပိုမြန်လာသည်။ ရည်မှန်းချက်ရှိသောအမျိုးသမီးတစ်ယောက်အနေနှင့် ထန်ရှုဖော်ပြခဲ့သည့်မြင်ကွင်းက သူမ၏တိုက်ခိုက်လိုစိတ်အား နိုးကြွားစေခဲ့သည်။
“ဂိုဏ်းချုပ်က အဲနေရာကလာတာလို့တော့ ငါ့ကို မပြောဘူးမလား”ထိုသို့အတွေးတစ်ခုက ကူဝါကို၏စိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် ထန်ရှုက သူမအား သိုလှောင်လက်စွပ်တစ်ကွင်းကမ်းပေးလိုက်သည် “ဒီအပေါ်မှာ မင်းရဲ့သွေးတစ်စက်ကို ချလိုက်ပါ၊ ပြီးရင် မင်းရဲ့စိတ်ဝိညာဉ်အာရုံကို သုံးပြီး စစ်ဆေးကြည့်လိုက်ပါ။ အထဲမှာ မင်းရဲ့ဆုလာဒ်အနေနဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေရှိတယ်။ နောက်ကျမှ မင်း သူတို့ကို ဖြည်းဖြည်းချင်း ကြည့်ပေါ့။ လောလောဆယ် ဂျပန်ကို မပြန်နဲ့အုံး၊ ငါနဲ့အတူ ထန်ဂိုဏ်းရဲ့မြင့်မြတ်မြေကို လိုက်လာပြီး အဲနေရာမှာ ခဏတဖြုတ်ကျင့်ကြံပေါ့”
“နားလည်ပါပြီ…”ကူဝါကိုက ရိုသေလေးစားစွာ ပြန်ပြော၏။
“မကြာခင် ဂျပန်မှာ မင်း ရင်ဆိုင်စရာ အရေးတကြီးကိစ္စတစ်ခုခု ရှိလား”ထန်ရှုက မေးလိုက်သည်။
ကူးဝါကိုက တုံ့ဆိုင်းပုံပေါ်ပြီးနောက် ပြန်ဖြေလိုက်သည် “မကြာသေးခင်က အခွင့်အရေးတစ်ခုရဖို့ ပြင်ဆင်နေခဲ့တယ်။ ဒီအစီအစဉ်က အလုပ်ဖြစ်ခဲ့ရင် ငါက ယာမာမိုတိုအိမ်တော်ရဲ့ခေါင်းဆောင်ဖြစ်လာလိမ့်မယ်၊ မြောက်ပိုင်းကြယ်ဓားသွားတစ်ချက်ကျောင်းရဲ့ကျောင်းအုပ်ရောပဲ ဖြစ်လာလိမ့်မယ်။ အဲဒါတွေအားလုံးက ငါ့ရဲ့အဆင့်အတန်းကို အကြီးအကျယ် မြှင့်တင်ပေးလိမ့်မယ်”
ထန်ရှုက သူမအား နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ပြုံးကာ ပြောလိုက်၏ “ဒါဆိုရင် ငါတို့ထန်ဂိုဏ်းရဲ့မြင့်မြတ်မြေကို ရောက်တာနဲ့ မင်းကို ကလေးဆယ်ယောက် ရွေးချယ်ခွင့်ပြုမယ်။ အနာဂတ်မှာ သူတို့က မင်းရဲ့ညာလက်ရုံးတွေ ဖြစ်လာလိမ့်မယ်။ ကျင်းမန်ကျွန်းပေါ်မှာ ကျင့်ကြံပြီးရင် မင်း ဂျပန်ကို ပြန်တဲ့အခါ သူတို့ကို ခေါ်သွားနိုင်တယ်”
“အာ။ ကလေးတွေလား” ကူဝါကိုက ရှုပ်ထွေးသောမျက်နှာနှင့် ရေရွတ်လိုက်သည်။
“ဒီအကြောင်း အရင်မမေးနဲ့အုံး”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ကျွန်းကို ရောက်ပြီးရင် မင်း သိလာလိမ့်မှာပါ။ အခု သွားလို့ရပြီ။ ဒီနေရာမှာ နှစ်ရက်လောက် နေပြီးရင် ငါတို့ ထွက်ခွာမယ်”
“သိပါပြီ…”ကူဝါကိုက အခန်းမှ ထွက်ခွာသွားလိုက်သည်။
ထန်ရှုက သူ့အကြည့်အား ပြတင်းပေါက်သို့ ပြန်ပြောင်းကာ ကိစ္စအချို့အား တိတ်တဆိတ် စဉ်းစားလိုက်၏။ နတ်ဆိုးသားရဲများကြောင့် သူက ထန်ဂိုဏ်း၏တည်ရှိမှုအား ထုတ်ဖော်ခဲ့ရသည်။ ထန်ဂိုဏ်း၏စွမ်းအားက လူအချို့အား ဟန့်တားနိုင်သော်လည်း အချို့က သူ့အား သတိထားနေမည်မှာ သံသယရှိစရာမလိုပေ။
သွမ်မုလင်နှင့်အထူးစွမ်းရည်ဗျူရိုနှင့်ဆက်စပ်သောလက်ရှိအခြေအနေကိုလည်း သူက ခွဲခြမ်းစိတ်ဖြာကြည့်၏။ လက်ရှိတွင် ဤအေဂျင်စီက စွမ်းရည်အသုံးပြုသူများစွာ ဆုံးရှုံးထားခဲ့ရသည်၊ အေဂျင်စီတွင် လိုအပ်သောနေရာများဖြည့်ရန်အတွက် တိုင်းပြည်ထဲရှိ ပက်သတ်ဆက်နွယ်မှုမရှိသည့်ကျင့်ကြံသူအချို့အား သွမ်မုလင်က စုဆောင်းရပေမည်။ တိုင်းပြည်က သူ့အား သတိထားလာခဲ့လျှင် အနာဂတ်တွင် သူ့အတွက် အတော်လေး ဒုက္ခများလာပေလိမ့်မည်။
***