အဆင့်မြှင့်တင်ခြင်း (အပိုင်း - ၃)
Vol. 5 Ch. 68
အခန်း (၆၈) အဆင့်မြှင့်တင်ခြင်း (အပိုင်း - ၃)
အနက်ရောင်ဖြင့် တောက်ပြောင်သော အဝိုင်းပုံသဏ္ဍာန် အရာဝတ္ထု ၆၀သည် ဟန်ရှောင်ရှေ့ရှိ အခင်းနှစ်ခုအတွင်း သပ်ရပ်စွာ ခင်းကျင်းထားသည်။ ၎င်းတို့သည် ဌာန၁၃မှ ဝယ်ယူခဲ့သော 'Highly Explosive Delay-action Shrapnel Bombs' (ပေါက်ကွဲအားအလွန်ပြင်းထန်ပြီး ပေါက်ကွဲချိန် နှောင့်နှေးနိုင်သည့် ဖောက်ထွင်းနိုင်သောဗုံး) များဖြစ်ပြီး ချိန်ကိုက်ဗုံးများဟု အတိုကောက်ခေါ်ဝေါ်ကြသည်။ ၎င်းတို့၏ မလိုအပ်ဘဲ ရှည်လျားသော နာမည်မှာ ၎င်းတို့၏ ဖျက်ဆီးနိုင်စွမ်းကို ပြောပြနေခြင်း ဖြစ်သည်။
"ဗုံးတစ်လုံးကို ဒေါ်လာ ၈၀၀၊ ၆၀ ဆိုတော့ ၄၈,၀၀၀။ အင်း ဟုတ်တယ်... တွက်တာ မှန်လောက်ပါတယ်။"
ဗုံးတွေက အဆင်သင့် အသုံးပြုနိုင်သော်လည်း ဟန်ရှောင်းက ပြုပြင်မွမ်းမံမှုအချို့ ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ [အခြေခံယန္တရားအင်ဂျင်နီယာပညာ] ကို အသုံးပြု၍၊ ၎င်းတို့တွင် ပန်ကာအသေးစားလေးများ တပ်ဆင်ပြီး ပျံသန်းနိုင်အောင် ပြုလုပ်လိုက်၏။ ထိုအရာက ၎င်းတို့၏ တိုက်ခိုက်မှုအကွာအဝေးကို အများကြီး တိုးတက်သွားစေသည်။
ဤကဲ့သို့ ပြုပြင်မွမ်းမံခြင်း၏ တစ်ခုတည်းသော မကောင်းသည့်အချက်မှာ ၎င်းတို့ကို ကြည့်ရသည်မှာ ရယ်စရာကောင်းနေ၏။ ယခုအခါ ၎င်းတို့သည် Doraemon က သူ၏အိတ်ထဲမှ ဆွဲထုတ်မည့် ကိရိယာလေးနှင့် ဆင်တူနေပြီဖြစ်သည်။
အလင်းမျက်နှာဖုံး၊ Desert Eagle၊ အပေါ့စားယန္တရားလက်၊ ပြန်သိမ်းနိုင်တဲ့ဓါး၊ ကောင်းကင်ပျံလွှားဂလိုက်ဒါ၊ သံလိုက်ဓာတ်ဖြင့် ထိန်းချုပ်နိုင်သောချပ်ဝတ်တို့အပြင် နောက်ဆုံး ဤပျံသန်းနိုင်သောဗုံးများက သူ့လက်နက်တိုက်ထဲတွင် တစ်စုတစ်ပေါင်းတည်း ရှိနေကြပြီး၊ ဟန်ရှောင်းလည်း အဆင့်မြှင့် ပြုပြင်မွမ်းမံမှုများ ပြီးဆုံးသွားလေသည်။ ဌာန၁၃က ပစ္စည်းကိရိယာများ ထပ်၍ထောက်ပံ့မည်မှာ သေချာသော်လည်း ဟန်ရှောင်း၏ လက်ရှိအဆင့်တွင် သူ့အသုံးအဆောင်များက နတ်ဘုရားတစ်ဝက်အဆင့် ရောက်နေပြီဖြစ်သည်။
ဒီပစ္စည်းတွေနဲ့ဆို လုံလောက်မှာပါ။
ဟန်ရှောင်းက သူ၏စာရင်းရှိ 'မိမိအတွက် အဆင့်မြှင့်မှုများ' ကို ခြစ်လိုက်သည်။ နောက်တစ်ခုမှာ 'သယ်ယူပို့ဆောင်ရေးယာဉ်'ဖြစ်သည်။
ယာဉ်တစ်စီးလုံးကို အစမှ တည်ဆောက်ခြင်းက အချိန်အရမ်းကြာပေလိမ့်မည်။ ဌာန၁၃မှ ယာဉ်တစ်စီး တိုက်ရိုက် ဝယ်လိုက်ပြီး ပြန်၍ ပြုပြင်မွမ်းမံသည်က ပိုကောင်းလိမ့်မည်။
အရည်အသွေးပိုင်းတွင်၊ ဌာန၁၃က လုံးဝစိတ်မပျက်စေပေ။ အချိန်တစ်ချို့ပေး၍ ရရှိနိုင်သော ယာဉ်များကို ရှာဖွေလိုက်ပြီး၊ ဖြုတ်၍ရသော ကုန်တင်ကားက သူတို့လိုအပ်ချက်အတွက် ကိုက်ညီလိမ့်မည်ဟု ဆုံးဖြတ်လိုက်သည်။ ၎င်းက ရွေ့လျားနိုင်သော ဂိုထောင်နှင့် ဝပ်ရှော့ကဲ့သို့ ဆောင်ရွက်ပေးနိုင်ပြီး အဖွဲ့အတွက် ထောက်ပံ့ရေးယာဉ်တစ်စီးလည်းဖြစ်သည်။
ဟန်ရှောင်းက ကုန်တင်ကားကို ပိုက်ဆံဖြင့် သို့မဟုတ် ဂုဏ်သတင်းအမှတ်များကို အသုံးပြု၍ ဝယ်ယူနိုင်သည်။ ဒုတိယတစ်ခုမှာ သူ့ကို ကုန်တင်ကားပေးရန် ဌာန၁၃ကို တောင်းဆိုခြင်းပင်ဖြစ်သည်။
လက်ရှိ သူ့တွင် ၂.၈ သန်းခန့်ရှိသည်။ ယန္တရားပညာရှင်တစ်ယောက်၏ ပိုက်ဆံသုံးဖြုန်းနိုင်သောစွမ်းရည်က စတင်တောက်ပလာပြီဖြစ်သည်။ ထိုအရာများက ဟန်ရှောင်း၏ ရှေးကရှိခဲ့သော ပိုက်ဆံရှာရာတွင် ကူညီပေးနိုင်သည့် အတွေ့အကြုံများမရှိဘဲ ဖြစ်လာနိုင်မည်မဟုတ်ပေ။
ငွေကြေးများအားလုံးကို ပျော်ပျော်ကြီး မသုံးစွဲဘဲ၊ လစာဖြင့်သာ နေထိုင်သည့်ပုံစံကို ကျင့်သုံးပါက ထူးချွန်သော ယန္တရားပညာရှင်တစ်ယောက် ဖြစ်မလာနိုင်ပေ။
သို့ရာတွင်၊ သူက ဂုဏ်သတင်းအမှတ်ဖြင့်သာ ပေးချေရန် ဆုံးဖြတ်လိုက်သည်။ နောက်ဆုံးတော့လည်း ထိုအမှတ်တွေက ဒီလိုသုံးဖို့ပဲ မဟုတ်ဘူးလား။ ငွေကြေးဖြင့် ပေးချေပါက သူ့ကို မလိုအပ်ဘဲ ဒေါ်လာ ၈၀၀,၀၀၀ ကုန်ကျစေလိမ့်မည်။ ဟန်ရှောင်းက ဖုန်းကျွင်းကို ဖုန်းခေါ်လိုက်၏။
…
ငါ့ကို ကားတစ်စီး ပေးပါလား။ ငါ့နေရာကို ပို့ဖို့ အချိန်ဘယ်လောက်ကြာမလဲ။"
"စစ်တပ်စက်ရုံကနေထုတ်ပြီး ယူလာရမှာ။ ၂နာရီလောက် ကြာမယ်။"
ဖုန်းကျွင်း၏ အချိန်တိကျမှုက ထပ်ပြီး သက်သေပြလိုက်ပြန်သည်။ အတိအကျပင် ၂နာရီကြာပြီးနောက်၊ ဖုန်းကျွင်းသည် ဟန်ရှောင်း၏ တံခါးဝသို့ ကုန်တင်ကားနှင့် ရောက်လာသည်။
အခက်အခဲတစ်ခုက ချက်ချင်းပင် ပေါ်လာ၏။ ကားက ဂိုထောင်ထဲသို့ထည့်ရန် အလွန်ကြီးမားနေသည်။
ဟန်ရှောင်းနှင့် ဖုန်းကျွင်းမှာ တစ်ယောက်ကို တစ်ယောက် ကြက်သေသေပြီး ကြည့်နေသည်။ သူတို့က အားလုံးကို အသေးစိတ် တွက်ချက်စဥ်းစားခဲ့သော်လည်း ဒီတစ်ခုကိုသာ မေ့ခဲ့ခြင်းဖြစ်သည်။
"အခု ဘာလုပ်ကြမလဲ။"
"မင်းတို့လူတွေနဲ့ ဂိုထောင်ကို ချဲ့ပေးရင်ရော ဘယ်လိုလဲ။"
"နေစမ်းပါ။ အင်ဂျင်နီယာဌာန ဝန်ထမ်းတွေက အချိန်ပိုတွေ အများကြီးရှိတယ် ထင်နေတာလား။"
ဟန်ရှောင်းက မေးစေ့ကို ပွတ်သပ်နေရင်း မျက်လုံးများ အရောင်လက်သွားသည်။
"မင်း ဒီစီရင်စုကို စောင့်ကြည့်ဖို့ လူတွေခေါ်ထားတယ် မဟုတ်လား။ သူတို့ ဘယ်မှာလဲ။"
"နည်းနည်းစဉ်းစားစမ်းပါ ငပိန်းရဲ့။ ငါတို့တွေ အရမ်းအာရုံစိုက်ခံနေရတယ် မထင်ဘူးလား။"
ဟန်ရှောင်းက ဖုန်းကျွင်းကို အကြည့်လွှဲလိုက်ပြီး စစ်တပ်သုံးကုန်တင်ကား၏ အရွယ်အစားကို ခန့်မှန်းကြည့်လိုက်သည်။ ကားက ၄မီတာမြင့်ပြီး ၃.၅မီတာ ကျယ်သည်။ ၁၁မီတာရှည်သော ကုန်သေတ္တာကြီးက နောက်တွင် တွဲလျက်ရှိပြီး ကား၏ ရှေ့ပိုင်းထက်ပင် ကျယ်သေးသည်။
"ဘာကို အာရုံစိုက်ခံရမှာလဲ။ ငါတော့မထင်ပါဘူး။" ဟန်ရှောင်းက ပေါက်ကရပြောနေသည့်အချိန်မှာပင် လုံးဝ ပျာယာခတ်မသွားပေ။
"မျက်မမြင်တွေပဲ ဒီလောက်ကြီးတဲ့ ကားကြီးကို မမြင်မှာ။" ဖုန်းကျွင်း၏ တံတွေးများက ဟန်ရှောင်း၏ မျက်နှာကို စင်ကုန်၏။
"မင်းစကားပြောရင် တံတွေးစင်တာက ဘယ်လိုဖြစ်တာလဲဟ။" ဟန်ရှောင်းက ဖုန်းကျွင်း၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး မျက်နှာကို သုတ်လိုက်ပြီး အထင်သေးသလိုကြည့်ကာ "မင်းကို ဝေဖန်တာတော့မဟုတ်ဘူး၊ ဒါပေမယ့် မင်းပါးစပ်ကထွက်တဲ့ တံတွေးတွေက အရမ်းကြီးလွန်းတယ်။"
အဘိုးကြီးလူက ထိုအခိုက်တွင် အိမ်ထဲမှ ထွက်လာပြီး တအံ့တဩပြောလိုက်သည်။ "ဘယ်လောက်တောင်ကြီးတဲ့ ကားကြီးလဲ။"
"ငါတို့ ဂိုထောင်တစ်ခုလုံးကို ဘာလို့မဖြိုပစ်တာလဲ။" ဟန်ရှောင်း၏ မျက်လုံးများ တောက်ပလာသည်။
"သွားစမ်းပါ။" အဘိုးကြီးလူက သုန်သုန်မှုန်မှုန်နှင့် ကြိမ်းမောင်းလိုက်သည်။ သူ၏ နဖူးကိုပွတ်ရင်း တခဏမျှ စဉ်းစားပြီးနောက်၊ အိတ်ထဲမှ သော့တစ်ချောင်းကို ထုတ်ကာ ဟန်ရှောင်းကို ပစ်ပေးလိုက်သည်။
"ဟိုဘက်လမ်းမှာ ဂိုထောင်တစ်လုံးရှိတယ်။ မင်းကို ငှားလိုက်မယ်။"
ဟန်ရှောင်းက လုံးလုံးကြီး အံ့ဩသွားသည်။ "သဘောကောင်းလှချည်လား အဘိုးကြီးလူ၊ ဒီနေ့ ဆေးမှားသောက်လာတာလား။"
"သွားစမ်း။" အဘိုးကြီးလူက ထပ်ပြီး ကျိန်ဆဲလိုက်သည်။ လမ်းပိတ်ရပ်နေသည့် သူတို့ကို တွန်းဖယ်ကာ အေးဆေးဆေးဆေးပင် လမ်းလျှောက်ထွက်သွားတော့သည်။
…
ဟန်ရှောင်းက ကုန်တင်ကားကို မောင်းပြီး ၁၀မိနစ်အကြာတွင် ဂိုထောင်သို့ ရောက်လာ၏
"ဝေါ့___"
"ဟယ်လို၊ မင်းအဲလိုလုပ်ဖို့ တကယ်လိုလို့လား။"
ကားပြတင်းပေါက်မှ အပြင်သို့ ထွက်နေရင်း ဖုန်းကျွင်း၏ မျက်နှာက စာရွက်တစ်ရွက်လို ဖြူဆုပ်နေသည်။ သူက အန်နေရင်း လက်ကို ကယောင်ကတမ်း ယမ်းပြနေ၏။
ဟန်ရှောင်းက ဖုန်းကျွင်း ဘာပြောချင်နေလဲကို နားမလည်ပေ။ သူက ငါ့ကားကို နောက်တစ်ခါမစီးတော့ဘူးလို့ ပြောချင်တာလား ဒါမှမဟုတ် သူ့ကို ဂရုစိုက်စရာမလိုဘူးလို့ ပြောချင်တာလား။
ဟန်ရှောင်း ခေါင်းသာယမ်းနေလိုက်ပြီး အရေးမကြီးသည့် မေးခွန်းတွေ မေးမနေတော့ပေ။ မအီမသာဖြစ်နေသည့် ဖုန်းကျွင်းကို ပြန်လွှတ်လိုက်ပြီးနောက်၊ ဟန်ရှောင်းက စစ်တပ်သုံးကုန်တင်ကားကြီးကို စတင်ပြုပြင်မွမ်းမံလေသည်။
သူသည် ကား၏ တစ်လက်မချင်းစီကို နှံ့နှံ့စပ်စပ် ရှာဖွေရာ၊ လျှို့ဝှက်ကင်မရာ သို့မဟုတ် ထောက်လှမ်းရေးကိရိယာများ မတွေ့ရပေ။
စစ်တပ်စက်ရုံ၏ ထုတ်ကုန်များသည် အရည်အသွေးကောင်းမွန်လှ၏။ ကားကို အစိတ်အပိုင်းများစွာ တပ်ဆင်ထားပြီး ဆလင်ဒါ ၁၀လုံးနှင့် မြင်းကောင်ရေအားကို မြှင့်တင်ပေးသည့် တာဗိုချာဂျာတို့ ပါဝင်သည်။ အမြင့်ဆုံးအမြန်နှုန်း ၁၃၅ km/h ဖြင့် မောင်းနှင်နိုင်သည်။ တစ်ဖက်စီတွင် အကြမ်းပတမ်းခံသော ဘီးမချော်နိုင်သည့် တာယာ ၅လုံး ပါရှိသည်။ ကုန်သေတ္တာအကန့်သည်လည်း ကြီးမားပြီး ပစ္စည်းကိရိယာတစ်ချို့ကို ထည့်သွင်းထားနိုင်သည်။ ဟန်ရှောင်းက ထိုအကန့်ကို ဝပ်ရှော့အသေးစားလေးအဖြစ် ပြုပြင်မွမ်းမံချင်နေသည်။ ထို့ကြောင့် ဝပ်ရှော့သုံး ကိရိယာများ ရွှေ့ပြောင်းလာရန် လိုအပ်သည်။
ကုန်တင်ကား၏ အောက်ခံပြားကို မြေအနေအထား အမျိုးမျိုးတွင် အသုံးပြုနိုင်အောင် ပြုပြင်ထား၏။ စပရိန် ဆိုင်းထိန်းစနစ်နှင့် လေအိတ်ဆိုင်းထိန်းစနစ်တို့ကြောင့် မညီညာသော မြေပေါ်မှာပင် ချောချောမွေ့မွေ့ သွားလာနိုင်သည်။ ထို့ပြင် ကားသေးများ ကုန်တင်ကားအောက်သို့ မဝင်ရောက်နိုင်ရန် အကာအရံများလည်း တပ်ဆင်ထားသည်။
ရှေ့ခေါင်းခန်းမှာလည်း မသေးငယ်လှပေ - လူ ၆ယောက် ချောင်ချောင်ချိချိ စီးနိုင်၏။ ဂီယာ ၁၀ချက်ပါဝင်ပြီး မည်သည့် ရွေ့လျားမှုပုံစံမျိုးမဆို မောင်းနှင်နိုင်သည်။
ဟန်ရှောင်းက အကာအကွယ် လေအိတ်များကို စစ်ဆေးလိုက်သည်။ အားလုံးပေါင်း ၈ခု ပါဝင်၏။ တစ်ခုခုနှင့် တိုက်မိသည့်အခါ ခရီးသည်က ယာဉ်ပေါ်မှ လွင့်ထွက်မသွားသေးသ၍ လုံးဝ ဒဏ်ရာရနိုင်မည် မဟုတ်ပေ။ ထို့ပြင် ခရီးသည်များအနေဖြင့် ရင်သားကြီးကြီးများ ဖိထားသလို ခံစားရလိမ့်မည်။ 🙄😏
တိုက်မိသည့်အကြောင်း ပြောရလျှင်၊ ကား၏ ရှေ့ပိုင်းကို ဘန်ပါဖြင့် ခိုင်ခံ့အောင် ပြုလုပ်မထားပေ။ ဟန်ရှောင်း ကိုယ့်ဖာသာ တပ်ဆင်ရန် လိုအပ်သည်။ ပြတင်းပေါက်များကို ကြည့်သည့်အခါ မှန်များအားလုံးက ကျည်ကာမှန်များ ဖြစ်ကြသည်။ ဌာန၁၃က လုံးဝ ကပ်စေးမနည်းပေ။
အားလုံးခြုံကြည့်လျှင်၊ ကုန်တင်ကားက အဆင့်မီ၏။ အကြီးစား ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် မလိုပေ။ ဟန်ရှောင်းက ကား၏အရှိန်ကို မြှင့်ပေးနိုင်ရန် နိုက်ထရိုဘူးတစ်ချို့ ထည့်ရန် ဆုံးဖြတ်လိုက်သည်။ ကားတွင် နိုက်ထရိုပါမည်ကို တွေးလိုက်ခြင်းကပင် ဟန်ရှောင်း အတော်ကို စိတ်လှုပ်ရှားနေ၏။ သူ့ကားက လမ်းပေါ်တွင် ပြိုင်ဘက်ကင်း ဘုရင်ကြီး ဖြစ်လာနိုင်ပေသည်။
ဟန်ရှောင်းက ကုန်တင်ကားကို ပြုပြင်မွမ်းမံမှုများ စတင်လိုက်တော့သည်။
ကုန်သေတ္တာအကန့်၏ အတွင်းပိုင်းကို ဝပ်ရှော့အသေးစားလေးအဖြစ် ပြောင်းလဲလိုက်သည်။ အောက်ခံပြားနှင့် ရှေ့ဘန်ပါကိုလည်း အကြမ်းခံ သံချပ်ကာကဲ့သို့ အတော်လေး ခိုင်ခံ့အောင် ပြုလုပ်လိုက်၏။ နိုက်ထရိုဘူး ၄လုံးကို အရေးကြီးသည့် အခိုက်အတန့်များတွင် အရှိန်တင်နိုင်ရန် တပ်ဆင်ထားသည်။ ထို့ပြင် အရံတာယာများလည်း ဝယ်ယူထား၏။ ရေဒီယိုလှိုင်းများနှင့် ဝိုင်ဖိုင်အတွက်လည်း ရေဒါတစ်ခု တပ်ဆင်လိုက်သေးသည်။
ထိုကဲ့သို့ အဆင့်မြှင့်မွမ်းမံမှုများအတွက် ဟန်ရှောင်းမှာ ဒေါ်လာ ၁၀,၀၀၀ကျော် သုံးလိုက်ရသည်။ ဟန်ရှောင်းလည်း ခေါင်းယမ်းနေရုံသာ တတ်နိုင်၏။ အဆင့်မြှင့်ရတာ အတော်လေးကို ကုန်ကျတာပဲ။
မေးစေ့ကို ပွတ်သပ်နေရင်း သူ့ရှေ့ရှိ အနက်ရောင် ကုန်တင်ကားကို ကြည့်ပြီး၊ နာမည်တစ်ခုပေးရန် အကြံရသွားတော့သည်။
ဟန်ရှောင်းက ရိုးရိုးရှင်းရှင်းနှင့် သိသာထင်ရှားသော နာမည်ကို ပေးရန် ဆုံးဖြတ်လိုက်သည်။
"Big Black"
အင်းးး နာမည်က သိပ်တော့မဆိုးပါဘူး။
အခန်း (၆၈) ပြီး၏။
လင်းဆက်
+++++