← Chapters

တိမ်မြူရွှေကြာပန်း

Vol. 17 Ch. 225

တိမ်မြူရွှေကြာပန်း

Vol. 17 Ch. 225

“အဆင်ပြေပါတယ်။ စိတ်ဝင်စားဖို့ကောင်းလာပြီ”

ဟန်မူယဲ့က ထန်ယွမ်ဟောင်ကိုကြည့်ပြီး ခေါင်းညိတ်သည်။

“ကြွေကျလာတဲ့ပန်းပွင့်တွေနဲ့ သစ်ရွက်ကို ဖမ်းဖို့ ငါ ရည်ရွယ်ထားတယ်။ နောက်တစ်ဆင့်ကတော့ ပန်းပွင့်လာပြီး ကြွေကျတဲ့အခါမှာ အရာအားလုံး ဓားဖြစ်လာတာပဲ”

ဟန်မူယဲ့၏ စကားကို ကြားလိုက်ရသောအခါတွင် ထန်ယွမ်ဟောင်၏ မျက်လုံးထဲမှာ အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။

သူက လက်ထဲတွင် ရှိသော ဓားကျိုးကို သိမ်းလိုက်ပြီး ဦးညွတ်သည်။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“စီနီယာအစ်ကိုဟန် ပီသပါတယ်”

ထို့နောက် သူက ဟန်မူယဲ့နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသော ဘုန်းကြီး၊ လင်းရှန်နှင့် ကျားမုဟယ်ကို ကြည့်လိုက်သည်။

“အစ်ကိုဟန်၊ ဒီလူတွေကို သတ်လိုက်ရမလား”

ထန်ယွမ်ဟောင်၏ အကြည့်ကြောင့် ကျားမုဟယ်မှာ နှလုံးခုန်ရပ်သွားသည်ဟု ခံစားလိုက်ရသည်။

သူ့အကြည့်ထဲတွင် ရှိနေသော သတ်ဖြတ်လိုစိတ်သည် နှလုံးသားကို ထွင်းဖောက်နိုင်၏။

လင်းရှန်၏ မျက်နှာထားက ပြောင်းလဲမသွားပေ။

ဘုန်းကြီးက လက်အုပ်ချီလိုက်ပြီး တစ်ခုခုကို တီးတိုးရွတ်ဆိုနေသည်။

ဟန်မူယဲ့က ခေါင်းခါသည်။

“မသတ်နဲ့တော့…”

ထန်ယွမ်ဟောင်က ခေါင်းညိတ်သည်။ သူက ရှေ့တိုးလာပြီး ထိုင်ချလိုက်သည်။

“အစ်ကိုဟန်က ဒီနေရာကို တိမ်မြူရွှေကြာပန်းအတွက် ရောက်လာတာလား”

ထန်ယွမ်ဟောင်သည် ထိုအကြောင်းကို မသိလောက်ဟု ဟန်မူယဲ့ တွေးထားသည်။ သို့ပေမဲ့ သူက သိနေပုံရသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

မည်သို့ပင်ဖြစ်စေ တိမ်မြူရွှေကြာပန်းအကြောင်း သူ မည်သို့ သိလာသည်ကို ထန်ယွမ်ဟောင် မသိပေ။

ထန်ယွမ်ဟောင်က ဘုန်းကြီးကိုကြည့်သည်။

“တိမ်မြူရွှေကြာပန်းကို ရွှမ်ခုန်းဘုရားကျောင်းရဲ့ စီနီယာတစ်ယောက်က စိုက်ထားခဲ့တာ”

ဘုန်းကြီးက လက်အုပ်ချီပြီး ကျယ်လောင်စွာပြောသည်။

ထန်ယွမ်ဟောင်က ဘုန်းကြီးကို တစ်ချက်ကြည့်ပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“အစ်ကိုဟန်၊ ငါတို့ ဒီဘုန်းကြီးကို သတ်ကြမလား”

ဘုန်းကြီး၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။

ဟန်မူယဲ့က ရယ်သည်။

“အကြံကောင်းပဲ”

သူတို့က ဘယ်သူ့ကိုမှ မသတ်ပါ။ သူတို့ အဝေးတစ်နေရာတွင် ထိုင်လျှက် သေရည်သောက်ကြသည်။

ဓားအမှတ်အသားကမ်းပါးမှ ထွက်လာကြပြီးနောက် လေများတိုက်ခတ်နေသော ကျောက်မြေပြင်၏ ကျောက်တုံးတစ်တုံးပေါ်တွင် ဝိုင်နှင့်အသားများရှိနေသည်။

“ဘုန်းကြီးရဲ့ဝိုင်က တကယ်ပြင်းတာပဲ”

ထန်ယွမ်ဟောင်က တစ်ငုံသောက်လိုက်ပြီး မျက်နှာရှုံ့မဲ့သွားသည်။

သူ့အကြည့်ကြောင့် ခွက်ကိုယူနေသော ကျားမုဟယ်၏ လက်က တောင့်တင်းသွားသည်။

လင်းရှန်က ဗလာဖြစ်သွားသောခွက်ကို ချလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“မင်း ခွက်တစ်ဝက်သောက်လို့ရတယ်”

ကျားမုဟယ်က သူ့ကို ကျေးဇူးတင်စွာကြည့်လိုက်ပြီး ခွက်ကိုမကာ နည်းနည်း သောက်လိုက်သည်။

ဝိုင်သည် မီးတောက်ကဲ့သို့ သူ့လည်ပင်းတစ်လျောက် လောင်ကျွမ်းသွားပြီး အူနှင့် အစာအိမ်ဆီသို့ ရောက်သွားသည်။

ဒန်ထျန်မှ အပူများထွက်လာသည်။

သူ့ဝိညာဉ်သွေးကြောများသည် မီးတောက်ကြောင့် လောင်ကျွမ်းသွားပုံရပြီး သူ့အ‌ရိုးနှင့် သွေးကြောများ သန့်စင်ခံလိုက်ရသည်။

ထို့နောက် သူက ငေးမောနေပြီး ဟန်မူယဲ့တို့ ပြောနေသောစကားများကို ရှင်းရှင်းလင်းလင်းမကြားရတော့ပေ။

ထိုသို့ဖြစ်သွားကြောင်း မြင်လိုက်ရသောအခါတွင် ထန်ယွမ်ဟောင်က ရယ်လိုက်သည်။

ထို့နောက် ဟန်မူယဲ့ကိုကြည့်ပြီး ပြောသည်။

“အစ်ကိုဟန်၊ ငါက တိမ်မြူရွှေကြာပန်းတစ်စေ့ကိုပဲ လိုချင်တာပါ”

ဟန်မူယဲ့က ခေါင်းညိတ်ပြီး ဘုန်းကြီးကိုကြည့်သည်။

ထန်ယွမ်ဟောင်ကလည်း ဘုန်းကြီးကိုကြည့်နေသည်။

ဘုန်းကြီးက ခဏလောက်တိတ်ဆိတ်သွားပြီး ခေါင်းညိတ်သည်။

“ငါလည်း တစ်စေ့ပဲယူမယ်”

ဟန်မူယဲ့က မငြင်းပေ။

ကမ္ဘာပေါ်တွင် ရှိသောအခွင့်အရေးတိုင်းသည် လူတိုင်းနှင့် သက်ဆိုင်နေသည်။

ကျင့်ကြံခြင်းလောကတွင် အခွင့်အရေးများက အဆုံးမရှိဟု ပြောကြသည်။ လောဘကြီးလွန်းလျှင် အခွင့်အရေးကို လက်လွှတ်ရနိုင်သည်။

တစ်ဖက်မှာတော့ အမြဲတမ်း အခွင့်အရေးတစ်ခု ရှိလိမ့်မည်။

သူတို့က သဘောတူညီမှုရသွားပြီး အသားနှင့် ဝိုင်ကိုသုံးဆောင်လျက် စကားပြောနေသည်။

ထန်ယွမ်ဟောင်သည် ဟန်မူယဲ့၏ လမ်းညွှန်မှုကို ရခဲ့သောကြောင့် ဓားသိုင်းမှာ အတော်လေး ထူးခြားကွဲပြားသည်။

သူသည် သူ့အားလိုက်ဖမ်းသောလူများကို ရက်စက်စွာ သတ်ဖြတ်ပစ်ခဲ့သည်။

ထိုအဖြစ်အပျက်ကို ပန်းပွင့်ရွက်ကြွေခန်းဆောင်၏ အကြီးအကဲတစ်ယောက်ကမြင်သွားပြီး သူ့ကို ခေါ်ဆောင်သွား၏။

သူက တာဝန်များဆောင်ရွက်ရာတွင် သေဆုံးခြင်းကို မကြောက်ပေ။ ထို့ကြောင့် မကြာခင်မှာပဲ ခန်းဆောင်၏ အာရုံစိုက်ခြင်းကို ရရှိခဲ့သည်။

သူက အရင်းအမြစ်များ ပိုရခဲ့ပြီး ကျင့်ကြံဆင့်က လျင်မြန်စွာတိုးတက်လာသည်။

“ဒီတစ်ကြိမ်မှာ ပန်းပွင့်ရွက်ကြွေခန်းဆောင်က အစ်ကိုဟန်ကို သတ်ဖို့တာဝန်ထုတ်ပြန်ခဲ့တယ်။ အဲ့ဒါကြောင့် ကျွန်တော် သူတို့နဲ့အတူ လိုက်လာတာပဲ”

ထန်ယွမ်ဟောင်က ဟန်မူယဲ့ကိုကြည့်လိုက်သည်။

“သူတို့က အစ်ကိုဟန်ကို မထိခိုက်နိုင်တာ ကျုပ် သိတယ်။ ကျွန်တော် ဒီတိုင်းပဲ လိုက်လာခဲ့တာ”

ထို့နောက် သူက ခေါင်းခါလိုက်ပြီး ပြောသည်။

“တိမ်မြူရွှေကြာပန်းအစေ့ကိုရရင် ပန်းပွင့်ရွက်ကြွေခန်းဆောင်ကနေ ထွက်လိုက်တော့မယ်။ သူတို့က ကျုပ်ကို ရှာနိုင်မှာမဟုတ်ဘူး”

“ဘာလို့ထွက်သွားမှာလဲ”

ဟန်မူယဲ့က သူ့ကိုကြည့်သည်။

ထန်ယွမ်ဟောင်က ကြောင်အသွားသည်။ သူက ဟန်မူယဲ့ကိုကြည့်ပြီး ခဏအကြာမှာ အသံတိုးတိုးနဲ့ပြောသည်။

“အစ်ကိုဟန်က ကျုပ်ကို ပန်းပွင့်ရွက်ကြွေခန်းဆောင်မှာ နေစေချင်လို့လား”

ဟန်မူယဲ့က ခေါင်းညိတ်ပြီး အသာအယာပြောသည်။

“ငါကိုယ်တိုင်လုပ်ဖို့မသင့်တော်တဲ့ ကိစ္စတွေအများကြီးရှိတယ်လေ”

“ကောင်းပြီ။ ကျွန်တော် အစ်ကိုဟန်အတွက်လုပ်ပေးမယ်”

ထန်ယွမ်ဟောင်က ခေါင်းညိတ်ပြီး တိုးတိုးလေးပြောသည်။

“ကျုပ်ကို အချိန်ဆယ်နှစ်ပေးပါ။ ပန်းပွင့်ရွက်ကြွေခန်းဆောင်တစ်ခုလုံးကို သိမ်းပိုက်လိုက်မယ်”

ထန်ယွမ်ဟောင်၏ မျက်လုံးများက တောက်ပလာသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်မျိုးဆက်သစ်လူငယ် ဓားအင်မော်တယ် ဟန်မူယဲ့။

သူ့ကို သင်ကြားပေးခဲ့သောလူသည် ဟန်မူယဲ့ ဖြစ်ကြောင်း သိလိုက်ရသောအခါတွင် ထန်ယွမ်ဟောင်မှာ အတွေးများရှိလာသည်။

အစစ်အမှန်အင်အားကြီးသော လူတစ်ယောက်၏ နောက်ကိုလိုက်မှ သူက ပိုမိုကျယ်ပြန့်သောကမ္ဘာနှင့် ထိတွေ့နိုင်လိမ့်မည်။

အချိန်မရွေး အမဲလိုက်ခံရနိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် နှစ်တစ်ရာကြာလျှင်ပင် အောင်မြင်မည် မဟုတ်ပေ။

ဟန်မူယဲ့၏အဆင့်အတန်း၊ နောက်ခံ၊ ပါရမီနှင့် အနာဂတ်တို့သည် လောင်းကြေးထပ်ရန် လုံလောက်၏။

ဟန်မူယဲ့က ထန်ယွမ်ဟောင်နှင့် အပေးအယူလုပ်ပြီးသောအခါတွင် ဘုန်းကြီးအား အနောက်ဘက်နယ်စပ်ကုန်းမြေသို့ လာရသောအကြောင်းအရင်းကို မေးလိုက်သည်။

ဘုန်းကြီး၏ပြောစကားအရ သူသည် မြောက်ဘက်ကုန်းမြေမှဖြစ်သည်။

သူသည် မြောက်ပိုင်း၏ အကြီးဆုံးဗုဒ္ဓကျင့်ကြံခြင်းဂိုဏ်းဖြစ်သော ရွှမ်ခုန်းဘုရားကျောင်းမှ ဖြစ်သည်။

မြောက်ပိုင်းကုန်းမြေတွင် ထိုဘုရာ‌ကျောင်း၏ အဆင့်အတန်းသည် လင်တောက်ဂိုဏ်းနှင့် တူညီသည်။

သို့ပေမဲ့ မြောက်ပိုင်းကုန်းမြေသည် ရေခဲနယ်မြေ ဖြစ်သည်။ ပတ်ဝန်းကျင်မကောင်းသောကြောင့် လူသားနှင့် တခြားမျိုးနွယ်စုများက အတူတကွ နေထိုင်ကြသည်။ ထိုကုန်းမြေတွင် ကျွမ်းကျင်သူများ သိပ်မရှိပေ။

ရွှမ်ခုန်းဘုရားကျောင်းတွင် တပည့်တစ်သောင်းနှင့် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ တစ်ယောက်သာ ရှိသည်။

“ဆရာတော်က မြောက်ပိုင်းကုန်းမြေကဆိုတော့ တင်းချွန်ကန်းလို့ခေါ်တဲ့ ဓားကျင့်ကြံသူတစ်ယောက်အကြောင်း ကြားဖူးလား”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နံပတ်တစ်တိုက်ရိုက်တပည့်ဖြစ်သူ တင်းချွန်ကန်းသည် မြောက်ပိုင်းကုန်းမြေကို ထွက်သွားသောကြောင့် ဟန်မူယဲ့က မေးလိုက်သည်။

ဘုန်းကြီးက ခဏလောက်စဉ်းစားပြီး ခေါင်းခါသည်။

“မြောက်ပိုင်းကုန်းမြေမှာ ဓားသုံးတဲ့ကျင့်ကြံသူတွေ သိပ်မရှိဘူး”

“အသန်မာဆုံးဓားကျင့်ကြံသူက ပေတစ်သိန်းမြင့်တဲ့နှင်းတောင်သုံးလုံးကို ဓားတစ်ချက်နဲ့ ထိုးခွဲပြီး နှင်းမိစ္ဆာကလန်ကို ဖိနှိပ်ခဲ့တဲ့ နှင်းတောင်ဓားဘုရင်ဖြစ်လိမ့်မယ်”

“အဲဒီနာမည်နဲ့ ဓားကျင့်ကြံသူကို ငါ မကြားမိဘူး”

မြောက်ပိုင်းကုန်းမြေသည် အေးစက်ပြီး ကျယ်ပြန့်သည်။ တင်းချွန်ကန်းကို မကြားဖူးသောဖြစ်ရပ်က ပုံမှန်သာ ဖြစ်သည်။

ဟန်မူယဲ့က ထိုကိစ္စကို ဆက်မမေးတော့ပေ။

သူက မတ်တပ်ရပ်လိုက်ပြီး ထန်ယွမ်ဟောင်နဲ့ ဘုန်းကြီးကိုကြည့်သည်။

“ကျုပ် သိသလောက်တော့ တိမ်မြူရွှေကြာပန်း ရင့်မှည့်လာရင် အာရုံခံနိုင်စွမ်းကောင်းတဲ့ မိစ္ဆာသားရဲတွေကို ဆွဲဆောင်လိမ့်မယ်”

“အရင်ဆုံးသွားပြီး မိစ္ဆာသားရဲတွေကို တားဆီးရအောင်။ တိမ်မြူရွှေကြာပန်း ရင့်မှည့်လာရင် ခူးပြီးထွက်သွားကြမယ်”

ဘုန်းကြီးနှင့် ထန်ယွမ်ဟောင်က ထိုအစီအစဉ်ကို ငြင်းစရာအကြောင်းမရှိပေ။

ထန်ယွမ်ဟောင်က မူးဝေနေသောကျားမုဟယ်ကို ဆွဲလာခဲ့သည်။ သူက လင်းရှန်နောက်မှ လိုက်လာ၏။

သူတို့က အဝေးသို့ ပျံသန်းသွားကြသည်။

တစ်နာရီအတွင်းမှာ သူတို့သည် တောင်စောင်းတစ်ခုသို့ ရောက်လာသည်။

ဤနေရာတွင် သဘာဝပေါက်ပင်များနှင့် ပြည့်နေသည်။ သူက တည်နေရာကို ကြိုမသိလျှင် ဤနေရာကို ဂရုစိုက်မိမှာမဟုတ်ပေ။

သူတို့က အက်ကွဲကြောင်းတစ်ခုထဲသို့ဝင်သွားပြီး အထဲသို့ရောက်လေ ပိုပူလေဖြစ်သည်။

အက်ကွဲကြောင်းသည် မြေအောက်မှာရှိနေသော ချော်ရည်များနှင့် ဆက်သွယ်နေသည်။

အက်ကွဲကြောင်းအတိုင်း ပေတစ်ထောင်ခန့်လျှောက်လာသောအခါတွင် ရှေ့တွင် စီးဆင်းနေသော ချော်ရည်ပူများကို မြင်လိုက်ရသည်။

သူတို့၏ ပတ်ပတ်လည်မှာ ဝိညာဉ်စွမ်းအင်နှင့် ဓားချီများပေါ်ထွက်လာပြီး ခန္ဓာကိုယ်ကိုကာကွယ်ရန် အလွှာတစ်ခုဖြစ်သွားသည်။

ရှေ့ဆုံးတွင် သွားနေသောဟန်မူယဲ့၏ ပတ်ပတ်လည်မှာ အစိမ်းရောင်အလွှာတစ်ခု ရှိနေသည်။ သူ့အဝတ်များက လှုပ်ရှားနေပြီး သူသည် အေးအေးဆေးဆေး လမ်းလျှောက်နေ၏။

ဘုန်းကြီးက လက်အုပ်ချီထားသည်။ ဗုဒ္ဓအလင်းများသည် သူ့ပတ်ပတ်လည်မှာ ရှိနေပြီး သူ့ခေါင်းတုံးမှ ရွှေရောင်အလင်းလွှာတစ်ခု တောက်ပနေသည်။

လင်းရှန်နှင့် ထန်ယွမ်ဟောင်တို့က ဓားချီဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားသည်။

သူတို့က ချော်ရည်ကန်တစ်လျှောက် ပေတစ်သောင်းခန့် လျှောက်ခဲ့ရသည်။

စီးဆင်းနေသောချော်ရည်များမှာ နီရဲနေပြီး အလွန်ပူသည်။ အပူလှိုင်းများက အကာအကွယ်အလွှာများနှင့် ထိတွေ့သွားပြီး အနီရင့်ရောက်တောက်လာစေသည်။

ကျားမုဟယ် နိုးလာသောအခါတွင် ရှေ့မှာ ရှိနေသော မီးတောက်များကို မြင်လိုက်ရသည်။

သူက ခဏလောက်ရုန်းကန်ပြီး နောက်သို့လှည့်ကြည့်သည်။ သူ့ကော်လံကို ဆွဲထားပြီး ဓားချီနှင့် ပတ်ဝန်းကျင်ကို ကာကွယ်ထားသော ထန်ယွမ်ဟောင်ကို မြင်လိုက်ရသည်။

“မလှုပ်နဲ့။ မဟုတ်ရင် မင်းကို ချော်ရည်ထဲပစ်ချလိုက်မယ်”

ထန်ယွမ်ဟောင်က အေးစက်စွာပြောသည်။

ကျားမုဟယ် လည်ပင်းကျုံ့လိုက်ပြီး မလှုပ်ရဲတော့ပေ။

သူက ရှေ့သို့ကြည့်လိုက်သောအခါတွင် အနည်းငယ်တုန်ခါသွားသည်။

ချော်ရည်ကန်၏ အလယ်တွင် ရွှေရောင်တောက်နေသော ကြာပန်းများပွင့်နေသည်။

ကြာပန်းများ၏ အလယ်တွင် ပွင့်ချပ်အများဆုံးရှိသော ကြီးမားလှသည့် ကြာခွက်ကြီးတစ်ခု ယိမ်းထိုးနေသည်။

ထိုရွှေရောင်ကြာပန်းများကို သူ မသိသော်လည်း ချော်ရည်ကန်ထဲတွင် ကြီးထွားနေသောကြောင့် ရတနာတစ်ခု ဖြစ်လိမ့်မည်။

“ဒီကြာပန်းတွေမှာ ခုနစ်ကိုင်းရှိတယ်။ ဒီတိမ်မြူရွှေကြာပန်းက ကြီးထွားမှုရဲ့ အကန့်အသတ်ကိုရောက်နေပြီပဲ”

ယိမ်းထိုးနေသော ရွှေကြာပန်းကိုကြည့်လိုက်ပြီး ဟန်မူယဲ့က ပြောသည်။

ဤနေရာတွင်ရှိနေသော သဘာဝစွမ်းအားများသည် ရွှေကြာပန်းတစ်ပင်ကိုသာ ပျိုးထောင်ပေးနိုင်သည်။

ထို့ကြောင့် သဘာဝရတနာများ ရှားပါးနေခြင်းဖြစ်သည်။

ကြမ်းတမ်းသောပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသောရတနာများက ထူးခြားသည်။

သူက ရွှေကြာပန်းကို မယူခဲ့လျှင်တောင် ရင့်မှည့်လာသောအခါတွင် ချော်ရည်ကန်ထဲသို့ ကျသွားလိမ့်မည်။ သဘာဝစွမ်းအားများသည် ကမ္ဘာမြေကြီးဆီသို့ ပြန်ရောက်သွားမည်။

အနာဂတ်မှာ ဤနေရာတွင် ထိုရတနာမျိုး ရှိတော့မည် မဟုတ်ပေ။

All Chapters