← Chapters

ရက်ရောသော ခွဲဝေမှု

Vol. 17 Ch. 226

ရက်ရောသော ခွဲဝေမှု

Vol. 17 Ch. 226

“ရက်နည်းနည်းလောက်လိုသေးတယ်။ ငါတို့ ဒီမှာပဲစောင့်ကြမယ်”

ဟန်မူယဲ့က ပြောလိုက်ပြီး ပြန့်ပြူးနေသောနေရာတွင် ဝင်္ကပါပြားကို ပစ်ချသည်။ ပေနှစ်ဆယ် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသော အလင်းလွှာတစ်ခု ပေါ်လာသည်။ သူက အထဲတွင် ထိုင်နေလိုက်သည်။

ဘုန်းကြီးနှင့် တခြားလူများကလည်း အတားအဆီးအလွှာကို ဖြတ်၍ ဝင်လာကြသည်။

အစီအရင်ပြားဖြစ်စေ ခန္ဓာကိုယ်ကို ကာကွယ်ပေးသော ဓားချီနည်းစနစ်ဖြစ်စေ ကျားမုဟယ်သည် မိသားစုလေးတစ်ခု၏ မျိုးဆက်သစ်ဖြစ်သောကြောင့် တစ်ခါမှ မကြုံဘူးခဲ့ပေ။

သူသည် အထဲတွင် ထိုင်နေပြီး ပတ်ဝန်းကျင်ကို စပ်စပ်စုစုကြည့်နေသည်။

ဓားချီများကို ထုတ်လွှတ်ပြီး မျက်လုံးမှိတ်လျက်ထိုင်နေသော ထန်ယွမ်ဟောင်က အေးစက်စွာပြောသည်။

“ကျင့်ကြံစမ်း၊ သေရည်တစ်ဝက်ကို ခွေးအစာအိမ်ထဲ သွန်ပစ်လိုက်တာလား”

ကျားမုဟယ်က မိသားစု၏ အမွေအနှစ်ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်လိုက်သည်။

သူက ကျင့်ကြံခြင်းနည်းစနစ်ကို လည်ပတ်နေစဉ်မှာ မျက်လုံးပြူးသွားပြီး သဘာဝစွမ်းအားများ ဆုံးရှုံးလုနီးပါးဖြစ်သွားသည်။

ယခုအချိန်တွင် သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်သွေးကြောများမှာ ရှင်းလင်းနေပြီး အရိုးနှင့် ကြွက်သားများသည် အချိန်အတော်ကြာအောင် သန့်စင်ထားပုံပေါ်သည်။

ချီစုဆောင်းခြင်း တတိယအဆင့်သည် အတားအဆီးကို မသိလိုက်ဘဲ ပျောက်ကွယ်သွားသည်။ သူ့ခန္ဓာကိုယ်ထဲတွင် ချီစုဆောင်းခြင်းစတုတ္ထအဆင့်၏ ဝိညာဉ်စွမ်းအင်နှင့် သွေးချီများ ပြည့်နှက်နေသည်။

‘ငါက ဒီလိုပဲ အဆင့်တက်သွားပြီလား’

ကျားမုဟယ်က တွေးသည်။

ကျင့်ကြံခြင်းလောကတွင် ကံကြမ္မာက အရေးကြီးသည်။

အခွင့်အရေး ဆိုသည်မှာ အဘယ်နည်း။

ဤသည်က အခွင့်အရေးဖြစ်သည်။

သူက ဘေးမှာ ရှိနေသောလူများကို ကြည့်လိုက်ပြီး အပြုံးကို ရပ်တန့်ကာ မျက်နှာထား လေးနက်သွားသည်။

ထိုကျွမ်းကျင်သူများက ကျင့်ကြံဖို့အတွက် အချိန်မဖြုန်းပေ။ သူကလည်း ကြိုးစားမှဖြစ်မည်။

သူက မျက်လုံးမှိတ်ပြီး ချီ၊ သွေးနှင့် ဝိညာဉ်စွမ်းအင်များကို ကူးပြောင်းလိုက်သည်။ သူက နောက်ထပ်အံ့အားသင့်စရာတစ်ခုကို ကြုံလိုက်ရသည်။

သူ့ပတ်ဝန်းကျင်မှာရှိနေသော သဘာဝစွမ်းအင်များသည် သိပ်သည်းလွန်းသောကြောင့် ၎င်းတို့အထဲတွင် နစ်မြှုပ်နေသကဲ့သို့ ခံစားလိုက်ရသည်။

ကျားမုဟယ်က ထိုသို့ကျင့်ကြံခြင်းမျိုးကို တစ်ခါမှမတွေးဘူးပေ။

ဤအရာကို ကျင့်ကြံခြင်းဟုခေါ်သည်။

ယခင်က တစ်နှစ်ပတ်လုံးတွင်မှ ဝိညာဉ်ကျောက်တုံး တစ်တုံးနှစ်တုံးခန့်ကိုသာ သူရပြီး သဘာဝစွမ်းအင်များကို စုပ်ယူသောအခါတွင် ခွန်အားပြည့် မသုံးရဲပေ။

ယခုအချိန်မှာ‌တော့ ကျားမုဟယ်၏ နှလုံးသားထဲတွင် ရည်ရွယ်ချက်များ ပေါ်ထွက်လာသည်။

အနာဂတ်တွင် သူက ဝိညာဉ်ကျောက်တုံး အများအပြား ရရှိအောင်လုပ်မည်။

တစ်တုံးသုံးပြီး တစ်တုံးကို လွှတ်ပစ်မည်။

ဝင်္ကပါအစီအရင်ထဲသို့ လွှတ်ပစ်မည် ဖြစ်သည်။

....

နှစ်ရက်တာသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

ရွှေကြာပန်းသည် ပွင့်လန်းလာပြီး ရွှေအလင်းများက ပိုမိုတောက်ပလာသည်။

ပတ်ဝန်းကျင်မှာ ပျံ့နှံ့နေသော မွှေးရနံ့လည်း ရှိနေသည်။

အလယ်မှာရှိနေသော ရွှေကြာပန်းတင်မကဘဲ ကျန်သော ရွှေကြာပန်း‌ခြောက်ပွင့်ကပါ ပိုမို‌တောက်ပလာသည်။

လွန်ခဲ့သောနှစ်ရက်အတွင်းမှာ မိစ္ဆာသားရဲများက အက်ကွဲကြောင်းမှတစ်ဆင့်‌‌ ရောက်လာကြသည်။ သူတို့အားလုံးသည် ချီစုစည်းခြင်းအဆင့်မှာသာ ရှိနေပြီး ချော်ရည်ကန်ကို ဖြတ်လိုကြသော်လည်း မီးလောင်ပြီး သေသွားကြသည်။

ထို့ကြောင့် အပြင်ဘက်သို့ ထွက်ကြည့်ချင်နေသော ကျားမုဟယ်က လက်လျော့လိုက်သည်။ သူက ချီစုဆောင်းခြင်း စတုတ္ထအဆင့်မှာပဲ ရှိနေသေးသည်။

“ဝေါင်း”

ပေနှစ်ဆယ်ရှိသော ဦးချိုတစ်ချောင်းနှင့် ကျားသစ်နက်တစ်ကောင် အက်ကွဲကြောင်းမှတစ်ဆင့် ရောက်လာသည်။ ထိုကျားသစ်နက်က ဟန်မူယဲ့နှင့် တခြားလူများကို မြင်လိုက်ရသောအခါတွင် အနည်းငယ်အံ့အားသင့်သွားသည်။

သို့ပေမဲ့ သူ့မျက်လုံးထဲတွင် လောဘများနှင့် ပြည့်နေပြီး ရွှေကြာပန်းများကို ကြည့်လိုက်သည်။

ကျားသစ်နက်က တစ်ချက် ဟိန်းဟောက်လိုက်ပြီး ချော်ရည်ကန်၏ အလယ်မှာရှိနေသော ရွှေကြာပန်းကို ခုန်အုပ်သည်။

ကျားသစ်နက်သည် အတော်လေးမြန်ပြီး အစိမ်းပုပ်ရောင်အလင်းလွှာတစ်ခုက သူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည်။

တစ်ယောက်ယောက်က ချီစုစည်းခြင်းအဆင့်ကို ကျော်လွန်သွားလျှင် အခြေခံအုတ်မြစ် ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်ခွန်အားကို ပိုင်ဆိုင်လိမ့်မည်။

ထိုကျားသစ်နက်သည် ချော်ရည်ကန်ကို ဖြတ်သွားနိုင်သည်။

ကျားမုဟယ်က စိုးရိမ်စိတ်များဖြင့် လက်ကို ပွတ်သပ်နေမိသည်။ သို့ပေမဲ့ ဟန်မူယဲ့တို့က တည်ငြိမ်စွာရှိနေသည်။

ဟန်မူယဲ့တို့၏ပြောစကားအရ ရွှေကြာပန်းက အဖိုးတန်သောရတနာတစ်ပါးဖြစ်သည်။

‘သူတို့က အဲဒါကို မလိုချင်တော့ဘူးလား’

“ဘုန်း ....”

ကျားသစ်နက်သည် လေထုထဲတွင် ရှိနေသောအချိန်တွင် ကြာပွတ်ရှည်တစ်ချောင်းက အက်ကွဲကြောင်းထဲမှ ပေရာချီဆန့်ထွက်လာပြီး ကျားသစ်နက်၏ဦးခေါင်းကို ကြမ်းတမ်းစွာ ရိုက်ခွဲလိုက်သည်။

ကျားသစ်နက်မှာ ချော်ရည်ကန်ထဲသို့ ပြုတ်ကျပြီး လောင်ကျွမ်းသွားသည်။

အက်ကွဲကြောင်းမှတစ်ဆင့် လူအများအပြား ပြေးဝင်လာကြသည်။

ထိုအုပ်စုက အစိမ်းရောင်နှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လူကြီးနှင့် လူငယ်များ ပါနေသည်။

တိုက်ခိုက်လိုက်‌သောလူသည် အရပ်ရှည်ပြီး ရွှေကြာပွတ်ကို ကိုင်ထားသည်။ သူ့မျက်လုံးများက ရွှေရောင်တောက်နေသည်။

သူက ဟန်မူယဲ့၊ လင်းရှန်၊ ဘုန်းကြီးနှင့် တခြားလူများကိုကြည့်ပြီး မျက်မှောင်ကြုတ်သည်။ လူတချို့၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များရှိနေသည်။

ရွှေကြာပွတ်ကို ကိုင်ထားသော အရပ်ရှည်သည့်လူငယ်က လက်ကိုဝှေ့ယမ်းလိုက်ပြီး ပွင့်လန်းနေသော ရွှေကြာပန်းကို လှမ်းကြည့်သည်။ သူက ခဏလောက်တိတ်ဆိတ်သွားပြီး လူအုပ်စုကိုဦးဆောင်၍ ထောင့်တစ်နေရာမှာ ထိုင်နေသည်။

သူတို့က ဟန်မူယဲ့တို့နှင့် ပေတစ်ထောင်အကွာတွင် စတင်ကျင့်ကြံနေကြသည်။

သို့ပေမဲ့ သူတို့မှာ ဝင်္ကပါအစီအရင်မရှိဘဲ အ‌ဆောင်လက်ဖွဲ့များ သဘာဝစွမ်းအင် အတားအဆီးများကို အသုံးပြုကြရသည်။

သူတို့သည် စီနီယာအစ်ကိုဟန်လောက် မချမ်းသာနိုင်ဟု ကျားမုဟယ်ခံစားလိုက်ရသည်။

နောက်ခံ မသိရသောစီနီယာအစ်ကိုဟန်သည် ကျင့်ကြံရန်အတွက် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုသည်။

နှစ်ရက်အတွင်းမှာ သူ အသုံးပြုခဲ့သော အရည်အသွေးအမြင့်ဆုံးအဆင့် ဝိညာဉ်ကျောက်တုံးများအကြောင်းကို တွေးမိသောအခါတွင် ကျားမုဟယ်က အားကျလာသည်။

ကျင့်ကြံခြင်းက ထိုသို့ဖြစ်သင့်သည်။

ဝိညာဉ်ကျောက်တုံးများ လစ်ဟင်းမှုမရှိသင့်ပေ။

နောက်ရက်များမှာ အက်ကွဲကြောင်းမှတစ်ဆင့် လူများဆက်ဝင်လာသည်။

လူအရေအတွက် ၂၀၊ ၃၀ခန့် ရှိနေပြီဖြစ်သည်။

မိစ္ဆာသားရဲများလည်း မကြာခဏဝင်လာကြသည်။ အသန်မာဆုံးမိစ္ဆာသားရဲသည် ကမ္ဘာမြေအဆင့်နှင့် ထိတွေ့နေပြီဖြစ်သည်။

ထိုသားရဲကို ထန်ယွမ်ဟောင်က သတ်လိုက်သည်။

ထိုတိုက်ခိုက်မှုကြောင့် ဂနာမငြိမ်ဖြစ်နေသောလူများ နာခံမှုရှိလာကြသည်။

“ဟူး ....”

ချော်ရည်ကန်ပေါ်မှာ လေအေးများတိုက်ခတ်လာပြီး လူတိုင်းကို အေးချမ်းသွားစေသည်။

ဟန်မူယဲ့တို့မှ လွဲ၍ တခြားလူများ မတ်တပ်ရပ်လိုက်ကြသည်။

ပူလောင်နေသောချော်ရည်ကန်တွင် လေအေးများမရှိနိုင်ပေ။

“တိမ်မြူရွှေကြာပန်းက ရင့်မှည့်တော့မယ်”

တစ်ယောက်ယောက်က ခပ်တိုးတိုးရေရွတ်သည်။

ချော်ရည်ကန်၏ အလယ်မှာရှိနေသော ရွှေကြာပန်းသည် ပွင့်ချပ်များကြွေကျလာပြီး ကြာခွက်က ဖြည်းဖြည်းချင်း သိပ်သည်းလာသည်။

ကြာခွက်ထဲတွင် ရွှေရောင်စက်ကွင်းများထုတ်ပေးနေသော ကြာစေ့ကိုးစေ့ရှိသည်။

တိမ်မြူရွှေကြာပန်း ကိုးစေ့…

ထိုရွှေကြာပန်းအစေ့ကိုးစေ့ကို စားသုံးလိုက်လျှင် စုတ်ပြတ်နေသော နဝမတန်းစား ဗီဇပါရမီသည် ချက်ချင်းအသွင်ပြောင်းပြီး ပထမတန်းစားထက် ကျော်လွန်ကာ အင်မော်တယ်အတန်းအစား ဗီဇပါရမီသို့ပင် ပြောင်းလဲနိုင်၏။

ထိပ်တန်းရတနာ…

အကြီးဆုံးကြာပန်း၏ ကြာခွက်တစ်ခုတည်း ရှိနေခြင်းမဟုတ်ပေ။ တခြားကြာပန်းခြောက်ပွင့်မှာလည်း ကြာစေ့များ သုံးစေ့၊ ငါးစေ့ခန့် ရှိနေသည်။ အားလုံးပေါင်းလိုက်လျှင် ‌ရွှေကြာပန်းအစေ့ ၂၀ကျော်ရှိသည်။

‘တစ်စေ့လောက်ယူလို့တော့ ရတယ်မဟုတ်လား’

ဖြည်းဖြည်းချင်းစုစည်းနေသော ရွှေကြာပန်းကိုကြည့်လိုက်ပြီး လူတိုင်း၏ နှလုံးသားက လောင်ကျွမ်းနေသည်။

“ဘုန်း ....”

အက်ကွဲကြောင်းမှ ပုံစံမတူသော ဒါဇင်ချီနေသည့်မိစ္ဆာသားရဲများ တစ်ဟုန်ထိုးပြေးဝင်လာသည်။

“မိစ္ဆာသားရဲတွေကို တားဆီးထား…”

“တိမ်မြူရွှေကြာပန်းအစေ့ ဖြစ်ပေါ်လာရင် မိုင်တစ်ထောင်အတွင်းမှာရှိတဲ့ မိစ္ဆာသားရဲတွေက ဆွဲဆောင်ခံရလိမ့်မယ်”

“မိစ္ဆာသားရဲတွေကို အရင်တားပြီး ကြာစေ့ကို ခွဲယူကြရ‌အောင်!”

ရွှေကြာပွတ်ကို ကိုင်ထားသောလူငယ်က ရှေ့တို့သွားသည်။ သူ့လက်ထဲတွင် ရှိနေသောကြာပွတ်က မျက်စိကျိန်းလောက်အောင်တောက်ပလာပြီး အခြေခံအုတ်မြစ်ပဥ္စမအဆင့်သို့ရောက်နေသော မိစ္ဆာသားရဲတစ်ကောင်ကို တားဆီးထားသည်။

“အားလုံးပဲ ဘယ်လိုသဘောရလဲ”

ချော်ရည်ကန်၏ ဘေးမှာရှိနေသော ဒါဇင်ချီနေသည့် ကျင့်ကြံသူများ ထရပ်လာကြသည်။

မိစ္ဆာသားရဲများကို မတားဘဲ တိမ်မြူရွှေကြာပန်းအစေ့ကို ရရန် မဖြစ်နိုင်ပေ။

“အင်မော်တယ်ဟန်၊ ရတနာတစ်ခုကို ကြုံ့တွေ့ရတာ ရှားပါးတဲ့အခွင့်အရေးပဲ။ အတူတူအလုပ်လုပ်ပြီး ခွဲယူကြရအောင်”

ရွှေကြာပွတ်နဲ့လူငယ်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“ငါက ဆင့်ခေါ်တောင်ကုန်းဂိုဏ်းရဲ့ ဟယ်ဟွမ်ရီပါ။ အင်မော်တယ်ဟန်တို့ တစ်ယောက်တစ်စေ့ဆီရဖို့ အာမခံပါတယ်။ ဘယ်လိုလဲ”

ထိုလူငယ်သည် သွေးကြောဆက်သွယ်ပဥ္စမအဆင့်သို့ ရောက်နေသည်။

သူတင်မကဘဲ သူ့ဘေးမှာရှိသောလူအချို့က ကမ္ဘာမြေအဆင့်အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

အင်မော်တယ်ဟန်…

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဟန်မူယဲ့…

ဤနေရာတွင် လူအများအပြားရှိနေသောကြောင့် ဟန်မူယဲ့ကိုမှတ်မိသောလူများ ရှိသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် မဟာဂိုဏ်းကြီးကိုးဂိုဏ်းထက် တစ်ဆင့်သာနိမ့်ပြီး ယွမ်ထိုက်တာအိုဂိုဏ်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိသည်။

ဟယ်ဟွမ်ရီက ဟန်မူယဲ့ကိုကြည့်သည်။

ဟန်မူယဲ့နှင့် တခြားလူများကို ရွှေကြာစေ့တစ်စေ့စီ ပေးလိုက်ခြင်းက အတော်လေး ရက်ရောနေပြီဖြစ်သည်။

ထိုသို့ပေးလိုက်ခြင်းကလည်း ဟန်မူယဲ့၏ ဓားအင်မော်တယ်ဂုဏ်သတင်းနှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကြောင့် ဖြစ်သည်။

ထိုသို့ မဟုတ်လျှင် အပြင်လောကမှာတွေ့သော အခွင့်အရေးများကို ခွန်အားနှင့် တိုက်ခိုက်ပြီး အရယူရမည်ဖြစ်သည်။

သူက ဓားအင်မော်တယ်ဖြစ်နေလျှင်လည်း အရေးမပါပေ။

တိမ်မြုံကမ်းပါးတိုက်ပွဲအပြီးမှာ သူ့တိုက်ခိုက်နိုင်စွမ်း ကျန်သေးသလား ဘယ်သူမှမသိပေ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အမွေအနှစ်အရ အသက်ရှူကြိမ်တစ်ရာခန့် ကောင်းကင်ဘုံအဆင့်စွမ်းအားကို ရခဲ့မည်ဆိုလျှင်ပင် နောက်ပိုင်းမှာ သာမန်လူသားတစ်ယောက်ထက် အခြေအနေဆိုးနေလိမ့်မည်။

ပိုမိုများပြားသောမိစ္ဆာသားရဲများက အက်ကွဲကြောင်းမှတစ်ဆင့် တိုးဝင်လာသည်။

“အစ်ကိုဟန်၊ မိစ္ဆာသားရဲတွေကို ငါတားလိုက်မယ်”

ထန်ယွမ်ဟောင်က မတ်တပ်ရပ်သည်။

“ငါလုပ်ပါရစေ”

ဘုန်းကြီးက မတ်တပ်ရပ်ပြီး ထန်ယွမ်ဟောင်ကိုကြည့်သည်။

“မင်းသွားရင် အဲဒီလူတွေကိုပါ သတ်ပစ်မှာ ငါ စိုးရိမ်မိတယ်”

သူ့စကားများကို ကြားလိုက်ရသောအခါတွင် ထန်ယွမ်ဟောင်က ပြုံးသည်။

သူတို့နှစ်ယောက် ကျယ်လောင်စွာပြောနေသောကြောင့် ဟယ်ဟွမ်ရီတို့၏ မျက်နှာထားက အေးစက်သွားသည်။

ဟန်မူယဲ့က ခေါင်းခါပြီး လက်ပြလိုက်သည်။

“စိုးရိမ်စရာမလိုပါဘူး။ ငါက ကြာစေ့ကိုယူပြီးရင် ထွက်သွားမှာပါ”

သူ စကားပြောပြီးသောအခါတွင် လင်းရှန်သည် အစီအရင်ပြား၏ အလင်းအကာအကွယ်ထဲမှ ထွက်လာသည်။

သူက ခြေတစ်လှမ်းတိုးပြီး ဓားကိုဆွဲထုတ်သည်။

“ဘုန်း ....”

မည်းမှောင်နေသောမြေအောက်လိုဏ်ဂူက ချက်ချင်းတောက်ပလာသည်။

အပေါ်မှ အလင်းများပေါ်ထွက်လာသည်။

တောင်ပြိုခြင်း…

ကမ္ဘာမြေအက်ကွဲခြင်း…

ဓားတစ်လက်နဲ့ တောင်ဖြိုခြင်း…

ဓားအမှတ်အသားများက တောင်တန်းများကို ထိုးခွဲသွားသည်။

ယခင်က ထို့ပါ့ချန်၏ ဓားအမှတ်အသားနှင့် ယှဉ်လိုက်လျှင် စွမ်းအားပိုကောင်းနေသည်။

ဓားတစ်ချက်ဖြင့် တောင်နှင့် ကျောက်တုံးများ ဖြတ်တောက်ခံလိုက်ရသည်။

တောင်သည် နှစ်ခြမ်းကွဲသွားပြီး ချော်ရည်အိုင်က ချက်ချင်းအောက်သို့ စီးကျသွားသည်။ တိမ်မြူရွှေကြာပန်းများမှာ နေရာမှာတင် ရှိနေသည်။

All Chapters