Vol. 16 Ch. 230
Vol. 16 Ch. 230
လူတိုင်း တစ်ဖန် ရှော့ရသွားကြပြန်သည်။
"ဘာ...ဘာပြောလိုက်တယ်...ရှင်က တက္ကသိုလ်ဒုကျောင်းအုပ်. "
လီရွှယ်ရူနှင့် ကျန်သူများသာမက စုန့်ကျားလည်း ကြက်သေသေသွားခဲ့၏။
ဒါရိုက်တာလင်းက အီရန်ဘွိုင်းလုပ်နေတာ မဟုတ်လား..ဘယ်လိုလုပ်ပြီး ပင်းချန် တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ကျောင်းအုပ်ဖြစ်လာတာလဲတဲ့....
"အမှန်ပဲ..မယုံရင် ကျောင်းရဲ့ တရား၀င်၀က်ဆိုဒ်မှာ ရှာကြည့်လိုက်လေ.....ကျုပ်ရဲ့ အချက်အလက်တွေအကုန် အဲ့မှာရှိတယ်..."
လူအုပ်ကြီးမှာ လုံး၀ မယုံသင်္ကာဖြစ်သွားပြီး သူတို့ဖုန်းကို ထုတ်၍ တရား၀င် ၀က်ဆိုဒ်တွင် ရှာကြည့်လိုက်ကြသည်။ ထိုအခါ လင်းရီ၏ နာမည်မှာ ကျောင်းအုပ်နေရာ၌ ရှိနေသည်ကို မြင်တွေ့လိုက်ရ၏။
"ရှင်....ရှင်က တကယ်ကြီး တက္ကသိုလ်ကျောင်းအုပ်ပေါ့...."
"အေးလေ..ငါလဲ လိမ်ပြောနေလို့လား..."
စုန့်ကျားလည်း ရှုပ်ထွေးသွားခဲ့သည်။ ဒါရိုက်တာလင်းက ဘယ်လိုလုပ်ပြီး ဒုကျောင်းအုပ်ကြီး ဖြစ်လာတာလဲတဲ့....
ဒါကြီးက မှော်မဆန်လွန်းဘူးလား...
"မင်းပြောတော့ မင်းက အသေးစား ကုမ္ပဏီတစ်ခုလေးရဲ့ ဘော့စ်ဆို..ဘယ်လိုလုပ်ပြီး ကျိုးဟိုင် ပင်းချန်တက္ကသိုလ်ရဲ့ ဒုကျောင်းအုပ်ကြီး ဖြစ်လာခဲ့တာ..."
"ဘယ်သိမှာ..ငါက အရမ်းတော်နေလို့ နေမှာပေါ့..."လင်းရီ ပခုံးတွန့်လိုက်ပြီး "မင်းတို့လည်း တစ်နေ့ ငါ့လို တော်လာခဲ့ရင် ကျောင်းက သူတို့ရဲ့ ဒုကျောင်းအုပ်ကြီး လုပ်ဖို့ ဖိတ်လိမ့်မယ်..."
လီရွှယ်ရူ မျက်နှာအမူအရာ ကိုးရို့ကားယား ဖြစ်သွားခဲ့လေသည်။ ဒါ မျက်နှာ ဖြတ်ရိုက်လိုက်တာပဲ....
"မစ္စတာလင်း....."
ကောင်းရန်ရှင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး "ကျုပ်သိရသလောက်ကတော့ ကျောင်းရဲ့ ဂုဏ်ထူးဆောင် ဒုကျောင်းအုပ်ကြီးဆိုတာက ဒီတိုင်း ခေါင်းစဉ်သပ်သပ်ပဲ မဟုတ်လား...တကယ့် ဩဇာ သက်ရောက်မှု ရှိတယ်လို့တော့ မကြားဖူးပါဘူး..."
"ဘာဩဇာမှ မရှိဘူးဟုတ်လား"
"ဖြစ်နိုင်တာ မစ္စတာကောင်းက တက္ကသိုလ်တစ်ခုခုရဲ့ အရှိန်အဝါကြီးတဲ့ ကျောင်းအုပ်ကြီးများလား...ဘယ်ကျောင်းလဲဆိုတာ သိခွင့်ရှိမလား...."
ဖူး....
စုန့်ကျား မနေနိုင်တော့ဘဲ အသံထွက် ရယ်မောမိတော့သည်။
ကောင်းရန်ရှင်းမှာ အသေးစား ကုမ္ပဏီလေးတစ်ခု၏ ဘော့စ်ပင်။ ထို့ကြောင့်သူ့တွင် ကျောင်းအုပ်ဖြစ်ရန် အဘယ်မှာ စွမ်းရည် ရှိလိမ့်မည်နည်း။
"မစ္စတာလင်းကတော့ နောက်နေပါပြီ..ကျုပ်က ကျောင်းစီမံရေးရာတွေ စိတ်မ၀င်စားတော့ အဲ့ဒီဘက်ကို မသွားဖြစ်လိုက်ဘူး... "ကောင်းရန်ရှင်း ကိုးရို့ကားယားဖြစ်စွာ ပြောလိုက်သည်။
"အိုကေ အိုကေ..ဒီအကြောင်း ဆက်မပြောကြနဲ့တော့..."
လီရွှယ်ရူ တခြားခေါင်းစဉ် ပြောင်းလိုက်ပြီး "အားလုံး အတူဆုံဖို့ဆိုတာကလည်း မလွယ်ဘူးဆိုတော့ အရင်ဆုံး သောက်ကြ စားကြရအောင် ..စားပြီးမှပဲ တစ်နေရာသွားပြီး ပျော်ပါးကြတာပေါ့..မဟုတ်ဘူးလား..."
"ဒစ်စကိုအက သွားကကြရင်ကော..ငါတို့ အဲ့ဒီဘက် မရောက်ဖြစ်တာတောင်မှ အတော်လေး ကြာနေပြီ. "ကောင်မလေး တစ်ယောက်မှ ပြောလိုက်၏။
"ဒစ်စကိုလား ..တော်ပါပြီကွာ...တခြားဟာရွေးကြရအောင်..အသက်ကြီးလာတော့ ငါ့ခါးက သိပ်မကောင်းချင်တော့ဘူး... "
ချန်ရွှီးမှ ခါးကိုင်၍ ပြောလိုက်သည်။
"ဒီလိုဆိုရင်ကော ..ကျုပ်ကြားထားတာတော့ ၀မ်ကျန်း ဆိပ်ကမ်းကို ပြန်မွမ်းမံထားပြီးပြီတဲ့..ရွက်လှေတစ်စီးလောက်ငှားပြီးတော့ ကမ်းရိုးတန်းတစ်လျှောက် ရွက်လွင့်ကြရင်ကော..ကျိုးဟိုင်ရဲ့ ညမြင်ကွင်းကို ခံစားရင်းအပမ်းဖြေကြတာက ပိုမကောင်းဘူးလား..."
"အင်း..အဲ့အကြံလည်း မဆိုးဘူး..ငါတော့ ထောက်ခံတယ်..."
ကျန်သူများလည်း ထိုအကြံကို သဘောတူလိုက်ကြ၏။
"ဒါပေမယ့် ကျားကျားက လှိုင်းမှူးတတ်တယ်မဟုတ်လား...သူအဲ့လိုတွေ စီးလို့ ဖြစ်ပါ့မလားဟယ်..."
"ရတယ်..ငါ့ကောင်လေးက ၀မ်ကျန်းဆိပ်ကမ်းရဲ့ သူဌေးနဲ့ သိတယ်ဆိုတော့ ရွက်လှေအကြီးစားကြီး ငှားခိုင်းလိုက်လို့ ရတယ်လေ...အဲ့လိုဆို လှိုင်းမမှူးတော့ဘူး..."
သူမတို့ အိမ်မှ ထွက်မလာခင် လင်းရီကို စူပါသူဌေးကြီးအဖြစ် ပုံသွင်းထားခဲ့၏။ သို့သော်လည်း ဒါရိုက်တာလင်းမှ ၁၇.၅ မီလီယမ်တန် လက်ပတ်နာရီကြီးကိုတောင်မှ ၀တ်ဆင်နိုင်သည့် သူဌေးအစစ်ကြီး ဖြစ်နေသောကြောင့် သူမ စိုးရိမ်နေစရာ မလိုတော့ ချေ။ ဒါရိုက်တာလင်းကိုယ်တိုင် ထိုနေရာ၌ အဆက်အသွယ် ရှိလောက်ပေသည်။
"ဟယ်တော် ...တိုက်တိုက်ဆိုင်ဆိုင်ပါလား.....ငါ့ကောင်လေးကလည်း ၀မ်ကျန်းဆိပ်ကမ်းက ဘယ်သူနဲ့ဆိုလဲ မသိဘူး ရင်းနှီးတယ်...သူက ခုဆို မန်နေဂျာတောင်မှ ဖြစ်နေပြီ....."
"ကျုပ် ၀မ်ကျန်းဆိပ်ကမ်းရဲ့ မန်နေဂျာ ပီစုန့်ကျန်းနဲ့ သိလာတာ နှစ်ပေါင်းမနည်းတော့ဘူး..ပြီးတော့သူက အဲ့နေရာမှာ အတော်လေး အာဏာရှိတယ်လို့ ပြောလို့ရတယ်..."ကောင်ရန်ရှင်းမှ ပြောလိုက်၏။
"အိုး..အဲ့တာဆိုလည်း ကောင်းတာပေါ့..ရှင်တို့ပဲ သူနဲ့ ဆက်သွယ်လိုက်လေ..."စုန့်ကျား ဘာမျှ အလေးမထားသည့် ပုံစံဖြင့် ပြောလိုက်လေသည်။
သို့သော်လည်း စိတ်ထဲတွင်တော့ ဆောက်တည်ရာမရ ဖြစ်နေ၏။ လင်းရီ ထိုနေရာ၌ အဆက်အသွယ် ရှိမရှိဆိုတာလည်း မသိဘဲ ဒီတိုင်း လျှောက်ကြွားနေခြင်းသာ။ ထို့ကြောင့် သူမပေါက်တတ်ကရတွေ ပြောတာ လွန်သွားပါက ဖော်ထုတ်ခံရဖို့ လွယ်ကူသွားမည်ဖြစ်၏။
ရွှယ်ရူကတော့ ရင်ဘက်ရှေ့ လက်ကို ပိုက်၍ မောက်မာစွာဖြင့် တိုက်ပွဲကြီးတစ်ခုကို အောင်နိုင်သူကြီးအလား စုန့်ကျားကို ကြည့်လိုက်ပြီး
"ကိုကို ...ဘေဘီ့အထင်တော့ သူတို့ရဲ့ အဆင်အသွယ်တွေက ကို့လောက်မကောင်းဘူးထင်တယ်...အဲ့တော့ သူတို့ဘက်က ဆက်သွယ်လည်း အလကားပဲ..ဘေဘီ့သူငယ်ချင်းတွေ အကုန်လုံးကလည်း ဒီနေ့ဆုံနေတော့ ကူပြောပေးမယ်မလားဟင်... "
"ဒါပေါ့..ပြဿနာမရှိဘူး.."ကောင်းရန်ရှင်း သူ့ဖုန်းကို ထုတ်လိုက်ပြီး "ကိုယ်နဲ့ မန်နေဂျာပီရဲ့ ပတ်သက်မှုအရဆိုရင် ဖုန်းတစ်ချက်ခေါ်လိုက်တာနဲ့ ဇိမ်ခံရွက်လှေကြီး ရဖို့ဆိုတာ လုံး၀ အသာလေးပဲ..ဒီကနေ့ လူတိုင်း စိတ်ကျေနပ်စေရမယ်လို့ အာမခံတယ်..."
"မစ္စတာကောင်းကတော့ တကယ့်ကို အံ့ဖွယ်ပဲဗျို့...ကျုပ်ကြားတာတော့ ၀မ်ကျန်းဆိပ်ကမ်းက ပြန်ပြုပြီးတဲ့နောက်ပိုင်း ဇိမ်ခံ ရွက်လှေတွေကို သိပ်မငှားပေးဘူးတဲ့..အကောင်ကြီးကြီးတွေမှ စီးလို့ရတာ....ဒါပေမယ့် မစ္စတာကောင်းက ဖုန်းတစ်ချက်ခေါ်တာနဲ့ ရမယ်ဆိုတော့ ကျုပ်တကယ်ကို ဩချမိပါတယ်ဗျာ..."
"ဟားဟား...မြှောက်ပင့်လွန်းနေပါပြီ....ဘာမှ အရေးမပါတဲ့ ကိစ္စလေးတွေပါ..ကျုပ်တို့ရဲ့ ဆက်ဆံရေးက အရေးကြီးဆုံးပဲ မဟုတ်လား..."
ကောင်းရန်ရှင်း လူတိုင်းရှေ့တွင် ပီစုန့်ကျန်းကို ဖုန်းခေါ်လိုက်ပြီး စပီကာ ဖွင့်ထားလိုက်၏။
တူ ....တူ...တီ
အကြိမ်ရေ အနည်းငယ်ခန့် ဖုန်းသံမြည်ပိးနောက် တစ်ဖက်မှ ဖုန်းချသွားခဲ့၏။
ကောင်းရန်ရှင်း အားတင်းပြုံးလိုက်ပြီး တည်ငြိမ်နေချင်ယောင်ဆောင်ကာ "အာဟား...ဘာလို့ ဖုန်းချသွားလဲ မသိဘူးနော..."
"မှားနှိပ်မိတာ နေမှာပေါ့..ပြန်ခေါ်ကြည့်လေ..."လီရွှယ်ရူ ပြောလိုက်သည်။
"အင်း...ဖြစ်နိုင်တယ်..."
သို့နှင့် ကောင်းရန်ရှင်း နောက်တစ်ကြိမ် ဖုန်းခေါ်ဆိုလိုက်သည်။ သို့သော်လည်း ယခင်တစ်ကြိမ်နည်းတူ အကြိမ်ရေ အနည်းငယ်ခန့် ဖုန်း၀င်ပြီးနောက် တီ ခနဲမြည်ကာ ဖုန်းချသွားပြန်သည်။
"သိပြီ....ကြည့်ရတာ မန်နေဂျာပီ အစည်းဝေးလုပ်နေလို့ ဖုန်းကိုင်ဖို့ အဆင်မပြေသေးဘူးထင်တယ်..အဲ့တာကြောင့် ဖုန်းချပစ်လိုက်တာနေမှာ..."
ကောင်းရန်ရှင်း မှ
"ခင်များတို့လည်း သိမှာပါ.. ၀မ်ကျန်းဆိပ်ကမ်းကလည်း လတ်တလော မွမ်းမံရေး ပရောဂျက်တွေနဲ့ဆိုတော့ သူလည်း အလုပ်ရှုပ်နေမှာပေါ့.....ကဲကဲ ဖြည်းဖြည်းချင်းစားကြစို့...သူပြီးတဲ့ချိန် ကျုပ်ဆီ ဖုန်းပြန်ခေါ်လိမ့်မယ်..."
"ပုံမှန်ပါပဲ...ငါလည်း အစည်းဝေးခန်းထဲ ရောက်နေရင် ဘယ်တော့မှ ဖုန်းမကိုင်ဘူး..."ချန်ရွှီး အပြုံးလေးဖြင့် ပြောလိုက်၏။
"ကျုပ်ခေါ်ကြည့်လိုက်မယ်..."လင်းရီ ဖုန်းကိုင်ရင်း အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"မကောင်းဘူး ထင်တယ်နော.....သူကခု စည်းဝေးခန်းထဲရောက်နေတာ ဆိုတော့ ဖုန်းဖြေဖို့အားမှာ မဟုတ်လောက်ဘူး...."စုန့်ကျား ပြောလိုက်လေသည်။
လင်းရီ၏ ယနေ့ လုပ်ဆောင်မှုမှာ လုံး၀ကို ပြောင်မြောက်ပြီးဖြစ်ပြီး သူမကိုလည်း မျက်နှာရအောင် လုပ်ဆောင်ထားပေးသေးသည်။ ထို့ကြောင့် မလိုလားအပ်သည့် ပြဿနာများကို မဖြစ်စေချင်တော့ပေ။
"အဆင်ပြေပါတယ်..ငါဖုန်းခေါ်ပြီး တစ်ချက် မေးကြည့်လိုက်မယ်..."
လီရွှယ်ရူ လင်းရီကို အကြည့်တစ်ချက်ပေးလိုက်ပြီး "ကျွန်မရဲ့ ကောင်လေးက မန်နေဂျာပီ အစည်းဝေးခန်းထဲ ရောက်နေလို့ ဖုန်းမကိုင်နိုင်ဘူးလို့ ပြောပြီးသားပဲလေ.....ရှင်က ဘာလို့ အပိုတွေလုပ်ပြီး အချိန်ဖြုန်းချင်နေသေးတာ..."
"ဘာဖြစ်လဲ..မဟုတ်လည်း ဘာလုပ်စရာမှ မရှိတာ..."
ကောင်းရန်ရှင်းကတော့ လင်းရီကို အထင်သေးသည့် အကြည့်များဖြင့် ကြည့်လိုက်ပြီး ရင်ထဲတွင်တော့ တိတ်တဆိတ် ကျိန်ဆဲနေ၏။ 'ဒီငနဲကတော့မြစ်ဝါမြစ်ကို မရောက်မချင်း အလျှော့မပေးချင်ဘူးနဲ့တူတယ်...ငါနဲ့ ဒီလောက်နှစ်တွေအကြာကြီး ရင်းနှီးနေတာတောင်မှ ငါ့ဖုန်းကို မဖြေတာ ..ဘာကိစ္စ သူ့ဖုန်းကို ဖြေမှာလဲတဲ့...ကိုယ့်သောက်ဆင့်ကိုယ်သိရင် ဒီလိုစကားတွေ မပြောဘူး...'
လင်းရီကတော့ ပတ်၀န်းကျင်ရှိ အကြည့်များကို ဥပေက္ခာ ပြုထားပြီး ပီစုန့်ကျန်း၏ ဖုန်းနံပါတ်ကို ခေါ်လိုက်၏။
တူ...တူ...တူ...
ဖုန်း၀င်သံကို လူတိုင်း ကြားနေရသော်လည်း မည်သူကမျှ အလေးနက် မထားကြချေ။ လင်းရီလည်း ကောင်းရန်ရှင်းကဲ့သို့ ဖုန်းချခံရလိမ့်မည်ဟု တွေးထင်နေကြသည်။
သို့သော်လည်း
"ဘော့စ်လင်း..ဘာကိစ္စရှိလို့လဲဗျ...."
ဟစ်....
ဖုန်းဖြေသံကြားလိုက်သည့် အချိန်တွင်တော့ လူတိုင်း အသက်ရှူမှားကုန်ကြ၏။
ဘာတွေ ဖြစ်နေတာလဲဟ...
"မင်းခု အစည်းဝေးလုပ်နေတာလား..မအားရင်လည်း နောက်မှ ခေါ်လိုက်မယ်လေ.."
"မဟုတ်ပါဘူးဗျ...ကျွန်တော့်ကလေးတွေကို ကျောင်းကြို နေတာပါ...အားပါတယ်...ဘာဖြစ်လို့လဲဗျ"
အစည်းဝေး လုပ်နေတာ မဟုတ်ဘူးတဲ့...
လီရွှယ်ရူ နှင့် ကောင်းရန်ရှင်းတို့ မျက်နှာနီရဲသွားခဲ့ကြပြီး ဖင်ကို အပ်နှင့် ထိုးခံနေရသကဲ့သို့ ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ချေ။
သူတို့ ဖုန်းနှစ်ခါခေါ်တာတောင်မှ ဟိုဘက်က တန်းချပစ်လိုက်တယ်လေ......ဒါပေမယ့် လင်းရီခေါ်တော့ ကျ ချက်ချင်းကောက်ကိုင်ပြီး အားတယ်တဲ့ ....
ဒါ....ဒါကြီးက မျက်နှာဖြတ်ရိုက်လိုက်တာပဲ မဟုတ်လား...
"မင်းအားတယ်ဆိုရင်လည်း ခုနက တစ်ယောက်ယောက်ဖုန်းခေါ်တာကို ဘာလို့ မကိုင်လိုက်တာ..."
"တစ်ယောက်ယောက် ခေါ်လိုက်တယ်..."ပီစုန့်ကျန်း စက္ကန့်အနည်းငယ်ခန့်လောက် စဉ်းစားပြီးနောက် သတိရသွားပြီး "အော်..မှတ်မိပြီ..ခုနလေးတင် ၀င်လာတဲ့ ဖုန်းစိမ်းကို ပြောနေတာမလား.....ကျွန်တော်လည်း မသိတာနဲ့ မကိုင်လိုက်ဘူးလေ...ဘာဖြစ်လို့လဲဗျ....ဘော့စ်လင်းရဲ့ သူငယ်ချင်းလား...အဲ့တာဆို ကျွန်တော်ပြန်ခေါ်ပြီး ဘာကိစ္စလဲလို့ မေးလိုက်မယ်လေ..."