တိုက်ပွဲသို့ မထွက်ခွါမီ
Vol. 5 Ch. 69
အခန်း (၆၉) တိုက်ပွဲသို့ မထွက်ခွါမီ
"အိုး ဘုရားရေ၊ ဟန်ရှောင်း၊ နင်ကုန်တင်ကားတစ်စီး ဝယ်လိုက်တာလား။"
အဖွဲ့သား ၄ယောက်လုံးကို ဂိုထောင်သို့ ဖိတ်ခေါ်ခဲ့ပြီး လီယာလင်းနှင် လီယောင်၏ မျက်နှာတွင် အံ့ဩမှုနှင့် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေ၏။ အကုန်လုံး ကားပေါ်သို့ တက်ကြည့်ကြသည်။ လမ်းဘတ်က အင်ဂျင်ကို စိတ်ဝင်စားသည့်အတွက် ဘောနက်ဖုံးကို ဖွင့်ကြည့်သည်။
"ကျေးဇူးတင်ပါတယ်။" ကျန်းဝေက အလေးအနက်ထား၍ ပြောလိုက်သည်။
ထောက်ပံ့ရေးယာဉ်မှာ သူတို့အဖွဲ့အတွက် ဇိမ်ခံပစ္စည်းလိုပင်။ ဟန်ရှောင်းက သူ့ကိုယ်ပိုင်ပိုက်ဆံဖြင့် ဝယ်ယူခဲ့သဖြင့် ကျန်းဝေမှာ အရှက်ရသလို ခံစားနေရသည်။
ဟန်ရှောင်းက အရေးမကြီးသလို ရယ်မောလိုက်ပြီး "ဟီးဟီး၊ ဆင်းရဲတဲ့ အဖွဲ့သားတွေကို ကူညီတဲ့ ငါ့ရဲ့ နည်းလမ်းလို့ပဲ သဘောထားပါ။
ကျန်းဝေမှာ ပြောစရာစကား မရှိတော့သလို ပါးစပ်မှာ တွန့်သွား၏။ ဟန်ရှောင်းပြောသည်က အမှန်ပင် ဖြစ်သော်လည်း ကျန်းဝေကို စိတ်အနှောင့်အယှက် ဖြစ်စေတုန်းပင်။
"ငါ ခေါင်းပေါက်မတတ် စဉ်းစားပြီးတော့ ဒီကားအတွက် နာမည်တစ်ခု ရလာတယ်။"
ကျန်းဝေက မျှော်လင့်ကြီးစွာဖြင့် နားထောင်နေသည်။
ဟန်ရှောင်းက လည်ချောင်းရှင်းလိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။“Big Black.”
နာမည်ကို ကြားလိုက်ေသာအခါ ကျန်းဝေ၏ ခန္ဓာကိုယ်မှာ ဆတ်ခနဲ တုန်သွားသည်။ မပြုံးချင်ပြုံးချင်ဖြင့် တစ်ဝက်ခန့် ပြုံးလိုက်ပြီး "ကောင်းပါတယ်... နာမည်ကောင်းပဲ။"
"အိုး၊ မင်းလည်းအဲလိုထင်တာလား။ ဒီနာမည်က နားဝင်ချို၊ မှတ်မိလွယ်ပြီး ကျစ်ကျစ်လစ်လစ်လည်း ရှိတယ်။ ဒီနာမည်ကို စဉ်းစားမိလို့ ငါ့ကိုယ်ငါ အတော်ကို ဂုဏ်ယူတယ်။" ဟန်ရှောင်းက ကျေနပ်နေသော အသံဖြင့် ပြောလိုက်သည်။
"မင်း နာမည်နဲ့ပက်သက်ပြီး ပျော်တဲ့အတွက် ငါလည်း ဝမ်းသာပါတယ်။
"ဝိုး၊ ကားမောင်းတဲ့နေရာကလည်း အကျယ်ကြီးပဲ။" လီယာလင်းက အလွန်ပျော်ရွှင်နေရင်း တစ်ခုကို သတိရသွားသည်။ "ဒီကားကို ဘယ်သူမောင်းမှာလဲ။"
"ဒါက ငါ့ရဲ့ကားပဲ။ အသိသာကြီးလေ၊ ငါပဲမောင်းမှာပေါ့။" ဟန်ရှောင်းက ပြောလိုက်သည်။
ရုတ်တရက်လီယာလင်းမျက်နှာမှာ ဖြူလျော့သွားပြီး ခန္ဓာကိုယ်မှာ တုန်ခါလာသည်။ "ဒီ... ဒီကားနဲ့ ငါ ခရီးမသွားလို့ ရမလား။"
ကျန်းဝေမှာ မျက်မှောင်ကြုတ်သွားပြီး ဆူလိုက်သည်။ "ဟန်ရှောင်းက ငါတို့ သက်တောင့်သက်သာနဲ့ အဆင်ပြေဖို့အတွက် ပိုက်ဆံတွေအများကြီး သုံးထားတာ။ မင်းဘယ်လို ငြင်းနိုင်တာလဲ။"
လီယာလင်းမျက်နှာမှာ ယခုအချိန်တွင် စက္ကူတစ်ရွက်လို ဖြူစုပ်နေ၏။ ဒါထက်ပိုပြီး ဘာမှ ကြောက်စရာမကောင်းဟု ခံစားနေရသည်။
"မင်းတို့ကောင်တွေ နောင်တရလိမ့်မယ်။" သူမက ရေရွတ်လိုက်သည်။
နောင်တလား... ကျန်းဝေမှာ ဇဝေဝေါ ဖြစ်နေ၏။ ဟန်ရှောင်းက တော်တော်ညံ့တဲ့ ဒရိုင်ဘာတစ်ယောက်လား။
ဒါဆိုလည်း သိပ်တော့ အရေးမကြီးပါဘူး။ သူမောင်းတာ ဘယ်လောက်ဆိုးမှာလဲ။ ဒီမှာ ရှိတဲ့သူတွေအကုန်လုံးက ကောင်းကောင်းလေ့ကျင့်ထားပြီး ကိုယ်ခန္ဓာအခြေအနေ အကောင်းဆုံးရှိတဲ့ အေးဂျင့်တွေပဲ။ ရိုလာကိုစတာ စီးရင်တောင် ဘယ်သူမှ မူးဝေမသွားဘူး။ ဘာမှကြောက်စရာ မရှိပါဘူး။ ကျန်းဝေက သူ့ဖာသာ တွေးနေသည်။
"အိုး ဟုတ်သားပဲ၊ ၄ရက်အတွင်း စထွက်ကြမယ်လို့ ဘော့စ်က ပြောတယ်။"
ဟန်ရှောင်းမျက်လုံးများ လက်သွားသည်။ ကားတစ်စီးလုံးပြင်ရန် အချိန် ၁၀ရက်ခန့်ကြာသွားသည်။ ကားပေါ်တွင် လက်နက်ကြီးများ တပ်ဆင်ချင်နေသေးသည်။ လိုအပ်သည့် အသိပညာများကိုလည်း သူက ကျွမ်းကျင်ပိုင်နိုင်ထားပြီးဖြစ်သည်။ သို့သော်လည်း၊ အချိန်က မလုံလောက်ပေ။ တစ်ခဏမျှတွေးတောပြီးနောက်၊ ကျန်းဝေကို ပြောလိုက်သည်။ "[တိုက်ခိုက်ရေးသံချပ်ကာဝတ်စုံ]ကို ငါ့ဆီယူလာခဲ့လိုက်။ ပိုကောင်းအောင် လုပ်ပေးမယ်။"
ကျန်းဝေ မျက်လုံးများ အရောင်လက်သွားသည်။ သူက ဟန်ရှောင်း၏ ယန္တရားပညာအပေါ် ယုံကြည်မှု ရှိနေသည်။
လီယာလင်းက သူတို့ ပြောနေသည်ကို နားစွန်နားဖျား ကြားသွားသည်။ သူမက ဟန်ရှောင်းဆီသို့ ခုန်ဝင်လာပြီး တံတောင်ဖြင့်တွတ်လိုက်ကာ "ငါ့အတွက်ရော၊ ငါ့ကို ဘာလုပ်ပေးမှာလဲ။ နင် ငါ့အတွက် သီးသန့်ကိရိယာတစ်ခု လုပ်ပေးမယ်လို့ ပြောထားတယ်လေ။"
"နင်ကတော့ ငါဈာန်ဝင်တဲ့အထိ ခဏစောင့်ဦး။"
'တိုက်ခိုက်သူ' တစ်ယောက်အနေနဲ့ မင်းရဲ့လက်သီးကို သုံးပြီး လူတွေကိုထိုးဖို့ အာရုံစိုက်ရမှာလေ။ ဘာလို့ ငါ့ပစ္စည်းတွေကိုပဲ မျက်စိကျနေတာလဲ။ ဟန်ရှောင်းက နားပူနားဆာလုပ်နေသော လီယာလင်းလင်းကို ဘေးသို့ဖယ်ထားလိုက်သည်။
[တိုက်ခိုက်ရေးသံချပ်ကာဝတ်စုံ]ကို ထောက်ပံ့ရေးဌာန ဝန်ထမ်းတစ်ယောက်က ချက်ချင်းပင် ယူလာခဲ့သည်။ ပြတိုက်များတွင်ရှိသည် ချပ်ဝတ်များလိုပင် ပလတ်စတစ်အရိုးစုဖြင့် ထောင်ထားပြီး လူတစ်ယောက်အမြင့်ရှိ သတ္တုသေတ္တာထဲတွင် သိမ်းဆည်းထားသည်။
အချိန်ကလည်း သိပ်မရတော့ဘူးဆိုတော့၊ အရေးအကြီးဆုံး လိုအပ်တဲ့ ပြုပြင်မွမ်းမံမှုတွေကိုပဲ အာရုံစိုက်တော့မယ်။ ပထမအနေနဲ့၊ စွမ်းအင်သိုလှောင်နိုင်တာကို မြှင့်တင်ပေးမယ်။ ပြီးရင် ဖွဲ့စည်းတည်ဆောက်ပုံအပိုင်းမှာ အလေးချိန်လျော့သွားအောင်လုပ်ပြီး စက်ပစ္စည်း အစိတ်အပိုင်းတွေရဲ့ ကိုယ်ထည်ကို အဆင့်မြှင့်ပေးမယ်။ ဒါက မင်းရဲ့ ရွေ့လားမှုကို တိုးတက်စေလိမ့်မယ်။
"ဒါ တော်တော်ကောင်းတာပဲ။" ကျန်းဝေ၏ မျက်နှာမှာ ပျော်ရွှင်မှုဖြင့် လင်းလက်နေသည်။ ဒီဝတ်စုံက သူ့အတွက် အလွန်လေးလံလှ၏။ အသုံးပြုပြီးသည့်အချိန်တိုင်း၊ သူ့ခန္ဓာကိုယ်မှာ အလွန်ပင် နာကျင်ကိုက်ခဲရသည်။ ၁၀ ကီလိုမီတာ ပြေးလွှားရသည်ထက်ပင် ဆိုးသေးသည်။
နောက်တစ်ခုက၊ ကျွန်တော် အာရုံခံစနစ်ကို အဆင့်မြှင့်ပေးမယ်။ အပြင်ဘက်က အခြေအနေကို လေ့လာဆန်းစစ်နိုင်ဖို့ ချစ်ပ်တစ်ခု ထည့်ပေးမယ်၊ ပြီးတော့ အစ်ကို့ရဲ့ တာဝေးပစ်လက်နက်နဲ့ အလိုအလျောက် ချိန်ရွယ်နိုင်တဲ့ ပစ်ခတ်ရေးထိန်းချုပ်တဲ့စနစ်တစ်ခုကို ကျွန်တော်ကပဲ အကုန်အကျခံပြီး ထည့်ပေးလိုက်မယ်။"
"နောက်ဆုံးအနေနဲ့၊ အချိန်ရတယ်ဆိုရင်၊ ရိုးရှင်းတဲ့ အနီးကပ်တိုက်ခိုက်ရေး လက်နက်တစ်ခုလည်း ထည့်ပေးဦးမယ်။"
"အကြံကောင်းပဲ။" ကျန်းဝေမှာ တက်ကြွပြီး ပျော်ရွှင်နေ၏။
သို့သော်လည်း ရုတ်တရက်ဆိုသလို၊ ဟန်ရှောင်း၏ လေသံက ပြောင်းလဲသွားသည်။ "ပြီးတော့ သေချာတာပေါ့ ဒါတွေအားလုံးက ကုန်ကျစရိတ်ရှိလိမ့်မယ်။ အားလုံးပေါင်းဆိုရင် ဒေါ်လာ ၃၆၀,၀၀၀ ကျလိမ့်မယ်။
"ဘယ်... ဘယ်လောက်။"
ကျန်းဝေက မယုံကြည်နိုင်ဟန် ပါးစပ်အဟောင်းသားဖြင့် သူ့ကို ငေးကြည့်နေသည်။ သူ့ရဲ့ စုစုပေါင်း စုဆောင်းထားငွေက ဒေါ်လာ ၁သန်းပင် မရှိသေးပေ။
"ဒါက အရမ်းဈေးကြီးတယ် ထင်တာလား။" ဟန်ရှောင်းက မျက်လုံးမှေးလိုက်ပြီး ကျန်းဝေကို ကြည့်လိုက်သည်။
"အစ်ကို့ရဲ့ မိဘတွေ သက်ရှိထင်ရှား ရှိသေးလား။"
"မင်းက ဘာလို့ သူတို့အကြောင်း မေးနေတာလဲ။ သူတို့ မရှိကြတော့ဘူး။" ကျန်းဝေမှာ ထူးဆန်းသည့်မေးခွန်းကြောင့် အလန့်တကြားဖြစ်သွားသည်။
"အစ်ကို့မှာ မွေးချင်းတွေရှိလား။"
"မရှိဘူး၊ ငါက တစ်ဦးတည်းသော သားပဲ။"
"အစ်ကို့မှာ ဇနီးမယား ဒါမှမဟုတ် ချစ်သူကောင်မလေး ရှိလား။"
"မ...မရှိဘူး၊ ငါက တစ်ယောက်တည်းပဲ။"
ဟန်ရှောင်းက စိတ်ရှုပ်နေဟန်ဖြင့် ခေါင်းခါလိုက်ပြီး၊ "ဒါဆို ပိုက်ဆံတွေအများကြီး စုထားတာ ဘာလုပ်ဖို့လဲ။"
သုံးသပ်ချက်က ရင်ထဲကို တိုက်ရိုက်ထိ၏။
"ကောင်းပြီ၊ ကောင်းပြီ... မပြောနဲ့တော့။ ငါပေးမယ်။" ကျန်းဝေမှာ ရင်ဘတ်ကို နာနာကျင်ကျင်ဖြင့် ဆုပ်ကိုင်ထား၏။ သူ့နှလုံးသားလေးမှာ ကြံ့အကောင်တစ်ထောင်လောက် တက်နင်းနေသလိုပင်။
...
မသမာသော စီးပွားရေးသမားကဲ့သို့ပင်၊ ဟန်ရှောင်းသည် ကျန်းဝေ၏ တုန်ရီနေသောလက်အတွင်းမှ ပေးငွေကို ရပြီးသောအခါမှ ဝတ်စုံကို အဆင့်မြှင့်တင်ခြင်း စတင်တော့သည်။
[အခြေခံ စွမ်းအင်သီအိုရီ] အဆင့် ၃ က ဟန်ရှောင်းကို စွမ်းအင်ယန္တရားပိုင်းတွင် သန်မာအောင်ပြုလုပ်နိုင်သည့် စွမ်းရည်ကိုပေး၏။ သို့သော်လည်း၊ သူက ကျန်းဝေ၏ ဝတ်စုံကို အကြီးအကျယ် အဆင့်မြှင့်ပြုပြင်မွမ်းမံခြင်း မပြုလုပ်ချင်ပေ။ ထို့ကြောင့် စွမ်းအင် ဒီဇိုင်းပုံစံအသစ် မလိုအပ်ပေ။ ပစ္စည်းကောင်းတွေက တစ်ကိုယ်ရေအသုံးပြုဖို့ သိမ်းထားရပေမည်။
အလေးချိန်ဒဏ်ခံနိုင်သော ယန္တရားကိုယ်ထည်နှင့် အာရုံခံချစ်ပ်ပြုလုပ်ရန်၊ ဒီဇိုင်းပုံစံကို အသုံးပြုနိုင်သည်။ ၂မျိုးလုံးမှာ သာမန်မျှသာဖြစ်သည်။
_____________________
သင် အရည်အချင်းပေါင်းစပ်ခြင်း ပြုလုပ်လိုပါသလား။
[အဆင့် ၁ အခြေခံ လေဟာပြင် ခံစားမှု] + [အဆင့် ၁ အခြေခံ ပုံရိပ်ယောင် လျပ်စစ် အင်ဂျင်နီယာပညာ]
ဤပေါင်းစပ်မှုက အတွေ့အကြုံအမှတ် ၁၀,၀၀၀ ကျသင့်ပါမည်။
_____________________
သင် အရည်အချင်းပေါင်းစပ်ခြင်း ပြုလုပ်လိုပါသလား။
[အဆင့် ၂ အခြေခံ ရွေ့လျားစွမ်းအား နိယာမ] + [အဆင့် ၄ အခြေခံ ယန္တရားအင်ဂျင်နီယာပညာ]
ဤပေါင်းစပ်မှုက အတွေ့အကြုံအမှတ် ၁၀,၀၀၀ ကျသင့်ပါမည်။
_____________________
ပေါင်းစပ်မှု အောင်မြင်ပါသည်။
ဂုဏ်ယူပါသည်။ သင် [အဆင့်နိမ့် စမတ်ချစ်ပ်] ကို ရှာတွေ့ခဲ့ပါသည်။
_____________________
ပေါင်းစပ်မှု အောင်မြင်ပါသည်။
ဂုဏ်ယူပါသည်။ သင် [K600 ယန္တရားကိုယ်ထည်စနစ်] ကို ရှာတွေ့ခဲ့ပါသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဤနှစ်ခုသည် သာမန် ယန္တရားဒီဇိုင်းပုံစံများ ဖြစ်ကြသည်။ ထို့ကြောင့် ယန္တရားပညာရှင်အများစုတွင်လည်း ရှိကြ၏။ ဟန်ရှောင်းက ဘာပြဿနာမှ မရှိဘဲ ပထမဆုံး ကြိုးစားမှုဖြင့်ပင် ပေါင်းစပ်မှုက အောင်မြင်သွားသည်။
၅၅
[အဆင့်နိမ့် စမတ်ချစ်ပ်] များကို ဈေးကွက်တွင်လည်း ရောင်းချ၏။ သို့သော်လည်၊ ဒီဇိုင်းပုံစံရရှိထားခြင်းအားဖြင့်၊ ဟန်ရှောင်းက သူ့လိုအပ်ချက်များအတိုင်း ချိန်ညှိနိုင်၏။ ‘အဆင့်နိမ့်’ ဆိုသည့် စကားလုံးမှာ ထို့ထက်အဆင့်မြင့်သော ဗားရှင်းများရှိသေးသည်ဟု ဖော်ပြနေသည်။ ထို့ထက်အဆင့်မြင့်သော ဗားရှင်းများမှာ ကြီးမားသောစက်ရုပ်များအတွက် ဉာဏ်ရည်တု (AI) များ အာကာသယာဉ်များနှင့် စစ်ပွဲယန္တရားများကို ထိန်းချုပ်နိုင်သည့် ဉာဏ်ရည်စနစ် စသည်တို့ ဖြစ်သည်။
အခြားတစ်ဖက်တွင်၊ [K600 ယန္တရားကိုယ်ထည်စနစ်] သည် အတွင်းပိုင်း ယန္တရားကိုယ်ထည်စနစ်၏ အခြေခံပုံစံတစ်ခုဖြစ်သည်။
အပြင်ပိုင်း ယန္တရားကိုယ်ထည်စနစ်ကို ခန္ဓာကိုယ်ပေါ်တွင် တိုက်ရိုက်ဝတ်ဆင်ပြီး၊ အတွင်းပိုင်း ယန္တရားကိုယ်ထည်စနစ်ကိုမူ ကိုယ်ထည်တစ်ခုလုံးတွင် ဆက်ကြောင်းမျှပင်မရှိအောင် အပြင်ဘက်ချပ်ဝတ်၏အောက်တွင် လျှို့ဝှက်၍ တပ်ဆင်ထားသည်။ အပြင်ပိုင်း ယန္တရားကိုယ်ထည်စနစ်ကဲ့သို့ပင် ဆောင်ရွက်ပေးပြီး၊ အပိုဆောင်း ယန္တရားပါဝါကို ထောက်ပံ့ပေးနိုင်၏။ အတွင်းပိုင်း ယန္တရားကိုယ်ထည်စနစ်သည် ယန္တရားသံချပ်ကာဝတ်စုံအတွက် မရှိမဖြစ်ပင်။ ပြောစရာမလိုအောင်ပင်၊ ပို၍အဆင့်မြင့်သောဗားရှင်းက ပို၍ကြီးမားသော သံချပ်ကာဝတ်စုံများတွင် အသုံးပြုနိုင်သည်။
ဟန်ရှောင်းက တိုက်ခိုက်ရေးဝတ်စုံ၏ အပြင်ခြမ်းကို ဖယ်ရှားလိုက်၏၊ အတွင်းပိုင်းရှိ ရှုပ်ထွေးသော အစိတ်အပိုင်းများ ပေါ်လာသည်။ သူက တခဏမျှ လေ့လာပြီးနောက် အလုပ်စလုပ်လေသည်။
ပထမဆုံး၊ စွမ်းအင်သိုလှောင်မှုကို မြှင့်တင်လိုက်သည်၊ ထို့နောက် ကိုယ်ထည်စနစ်နှင့် စမတ်ချစ်ပ်တို့ကို တပ်ဆင်၏။ နောက်ဆုံးတွင် ကင်မရာများ၊ အနီအောက်ရောင်ခြည် အာရုံခံကိရိယာများကို ဝယ်ယူခဲ့သည်။
၄ရက်မြောက် အရုဏ်တက်ချိန်တွင်၊ [တိုက်ခိုက်ရေးသံချပ်ကာဝတ်စုံ]ကို ပြုပြင်မွမ်းမံ၍ အဆင့်မြှင့်တင်ခြင်း ပြီးဆုံးသွားတော့သည်။
အပြင်ပန်းမှာ ယခင်အတိုင်း လေးလံသော အနက်ရောင်ဝတ်စုံဖြစ်နေသော်လည်း ဝတ်စုံ၏ အတွင်းပိုင်းသည် သိသိသာသာ ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် ၎င်းသည် အားကောင်းပြီး အဆင့်မြင့် ယန္တရား သံချပ်ကာဝတ်စုံနှင့် ဆင်တူသည်။
သို့သော် အချိန်၏ ကန့်သတ်မှုကြောင့် ဟန်ရှောင်းမှာ အနီးကပ်တိုက်ခိုက်ရေးလက်နက်ကို မထည့်လိုက်နိုင်ပေ။ ဟန်ရှောင်းက ထိုအတွက် စိတ်ရှုပ်မနေပေ။ ပေးငွေကို လက်ခံထားပြီး ကတိပေးထားသော ပစ္စည်းကို မပေးနိုင်သည်မှာ သူ့အတွက် အဆန်းမဟုတ်ပေ။ သူက ပေါက်ကွဲအားပြင်းယမ်းမှုန့်များ ပေးရန်ပင် လဝက်ကျော် နောက်ကျနေပြီးဖြစ်သည်။
ဟန်ရှောင်းက သမ်းဝေလိုက်ပြီး သူ၏ ဂိမ်းမျက်နှာပြင်ကို ကြည့်လိုက်သည်။
[တိုက်ခိုက်ရေးသံချပ်ကာဝတ်စုံ : ဆင့်ပွားတိုးတက်မှု ၂% ]
နောက်ပြန်-ဆင့်ပွားခြင်းသည် ယန္တရားပညာရှင်များအတွက် ဒီဇိုင်းပုံစံရရှိနိုင်မည့် နည်းလမ်းတစ်ခုဖြစ်သည်။ လိုအပ်ချက်များသည် အလွန်တင်းကျပ်သည်။ ကြိုတင်သတ်မှတ်ထားသော အခြေအနေများကို မဖြည့်ဆည်းနိုင်လျှင် တိုးတက်မှုမှာ တစ်ခါတစ်ရံ ရပ်တန့်သွား၏။ တစ်ချို့အချိန်များတွင်၊ တိုးတက်မှုက ၃၀% သို့ရောက်သောအခါ၊ ဆင့်ပွားခြင်း ဆက်လက်ပြုလုပ်နိုင်ရန် ဉာဏ်ရည်အမှတ်ကို အမှတ်တစ်ခုခုသို့ ရောက်ရှိရန် တောင်းဆိုတတ်သည်။ ထို့အပြင်၊ တိုးတက်မှုက ၁၀၀%သို့ ရောက်သွားသော်လည်း ဒီဇိုင်းပုံစံကို အမှန်တကယ် ကျွမ်းကျင်လိမ္မာမှု ရှိစေရန် အတွေ့အကြုံအမှတ် အများအပြား လိုအပ်သေးသည်။
[တိုက်ခိုက်ရေးသံချပ်ကာဝတ်စုံ]၏ အဓိကအစိတ်အပိုင်းသည် အဆင့်မြင့် ယန္တရား အသိပညာ [အကြီးစားယန္တရားပြုပြင်မွမ်းမံခြင်း] ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တိုးတက်မှုက ၅၀% သို့ရောက်သောအခါ၊ ထိုအသိပညာကို လိုအပ်ပေလိမ့်မည်။ ဝတ်စုံ၏ ဒီဇိုင်းပုံစံမှာ ဟန်ရှောင်းအတွက် မလိုအပ်သဖြင့် ဟန်ရှောင်းက စိတ်ထဲထည့်မထားတော့ပေ။
ဒီနေ့က ထွက်ခွါမည့်နေ့ဖြစ်သည်။ အဖွဲ့သား ၄ယောက် ဂိုထောင်တွင် စုဝေးနေ၏။ လီယောင်မှာ ကွန်ပျူတာကိုကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။ “ဌာနက စုဝေးနေကြပြီ။ စုရပ်က အရှေ့စောင့်ကြည့်ရေးစခန်းမှာ”
“အိုကေ။ ကားပေါ်တက်ကြစို့။” ကျန်းဝေက လေးနက်စွာ ပြောလိုက်သည်။
သူ အမိန့်ပေးပြီးသည်နှင့်၊ လီယာလင်းက ယာဉ်မောင်းနေရာသို့ ပြေးဝင်သွားပြီး ဟန်ရှောင်းကို စိုးရိမ်တကြီး ငေးကြည့်လိုက်သည်၊ “ငါ.. ငါမောင်းလို့ရမလား”
ဟန်ရှောင်းက မျက်လုံးကို ပွတ်လိုက်သည်။ သူက လွန်ခဲ့သော ရက်များအတွင်း ညဘက် အိပ်ရေးပျက်ခဲ့ပြီး အိပ်ငိုက်နေသည်မှာ မြင်မကောင်းတော့ပေ။ သူက သူမကို မှန်မှန်သာမောင်းရန် ပြောလိုက်ပြီး ကား၏ နောက်ပိုင်းသို့ သွားလိုက်သည်။ ကျောပိုးအိတ်တစ်ချို့ကို စောင်အဖြစ်သုံးကာ ကြမ်းပြင်ပေါ်လှဲ၍ အိပ်ပျော်သွားတော့သည်။
လီယာလင်းမှာ ထိုတော့မှ သက်ပြင်းချနိုင်သွား၏။ သေခြင်းမှ သီသီလေး လွတ်မြောက်သွားသလို ခံစားနေရသည်။ ဟန်ရှောင်း ဇောက်ထိုးပြောသွားသည့် 'မှန်မှန်သာမောင်း' ဆိုသည့် စကားကိုပင် ပြန်ပြောရန် အားမရှိတော့ပေ။
ဟန်ရှောင်း ကောင်းကောင်းအိပ်ချင်နေသည်ကို မြင်ရသောအခါ ကျန်တဲ့လူများလည်း သူ့ကို အနှောင့်အယှက် မဖြစ်စေရန် ယာဉ်မောင်းအခန်းတွင်သာ ထိုင်လိုက်ကြသည်။
...
အနောက်ပိုင်းမြို့တော်၊ အရှေ့စောင့်ကြည့်ရေးစခန်း၊ စစ်ဘက်ဘူတာရုံ။
အထက်လူကြီးများက ကျီးနက်တောင်ကြားစခန်းကို တိုက်ခိုက်မည့် ဤစစ်ဆင်ရေးကို အလွန်တန်ဖိုးထားကြသည်။ ဌာန၁၃က ဤကဲ့သို့ ကြီးမားသည့်မစ်ရှင်တွင် ပါဝင်ရန် လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့ ၃ဖွဲ့ စေလွှတ်လိုက်သည်။
ပထမအဖွဲ့မှာ ကျန်းဝေ၏အဖွဲ့ ဖြစ်သည်။ နောက်တစ်ဖွဲ့မှာ ကျန်းဝေတို့ ကယ်ဆယ်ခဲ့သည့် မာချင်းယမ်၏ အဖွဲ့ဖြစ်သည်။
နောက်ဆုံးတစ်ဖွဲ့မှာ လျှို့ဝှက်စစ်ဆင်ရေး၏ ထိပ်ဆုံးအဖွဲ့ဖြစ်ပြီး တိစုစုက ဦးဆောင်လာသည်။
အဖွဲ့၂ဖွဲ့မှာ ဘူတာရုံတွင် စောင့်နေကြပြီး ဝန်ထမ်းဌာနမှ အရာရှိတစ်ယောက်လည်း ရှိနေသည်။ သူ၏ တာဝန်မှာ အကြံဉာဏ်များ ပေးရန်နှင့် အေးဂျင့်များကို စောင့်ကြည့်ပြီး စစ်ဆင်ရေးကို ကြီးကြပ်ညွှန်ကြားရန်ဖြစ်သည်။
အတိတ်တွင် ဥပမာများ ရှိခဲ့၏။ အဖွဲ့တိုင်းတွင် တရားသေယူဆသော အဖွဲ့ဝင်များ ရှိကြပြီး၊ ရလဒ်အနေဖြင့် ထင်မြင်ယူဆချက် အမျိုးမျိုးဖြင့် ညံ့ဖျင်းသော အသင်းအဖွဲ့စိတ်ဓါတ်များ ဖြစ်စေသည်။ မစ်ရှင်များတွင်လည်း အခက်အခဲအမျိုးမျိုး ဖြစ်လာစေ၏။ ထိုပြဿနာကို ဖြေရှင်းရန် ဌာန၁၃က မစ်ရှင်၏ လုပ်ထုံးလုပ်နည်းများကို ပြုပြင်မွမ်းမံခဲ့၏။ အဖွဲ့များ အတူတကွ လုပ်ဆောင်ကြသည့်အခါ၊ ဝန်ထမ်းအရာရှိက ဦးနှောက်အနေဖြင့် ဆောင်ရွက်မည်ဖြစ်သည်။
ဝန်ထမ်းဌာနမှ အရာရှိများသည် တိုက်ပွဲအခြေအနေအမျိုးမျိုးတွင် မည်သို့ အမိန့်ပေးရမည်ကို တစ်နှစ်ပတ်လုံး သင်ကြားကြရသည်။ မစ်ရှင်မတိုင်မီ၊ ပို၍ကောင်းမွန်သော မစ်ရှင်အစီအစဉ်ကို ချမှတ်ရန် အဖွဲ့အသီးသီးမှ အေးဂျင့်တစ်ယောက်ချင်းစီကို လေ့လာကြရသည်။ အေးဂျင့်များက အရာရှိများသည် မစ်ရှင်အစီရင်ခံစာကိုသာ မည်သို့ရေးရမှန်း သိသည်ဟု ယုံကြည်ကြသော်လည်း သူတို့၏ အထက်အရာရှိအမိန့်ကို နာခံရန်လိုအပ်သည်။ ဝန်ထမ်းအရာရှိက သူတို့က အတင်းအကြပ် မထိန်းချုပ်သရွေ့ အားလုံးက သူနှင့် အဆင်ပြေကြမည်ဖြစ်သည်။
"ကျန်းဝေက ဘာလို့ခုထိ မရောက်သေးတာလဲ။ သူအရမ်းနောက်ကျနေပြီ။"
မာချင်းယန်က နေကိုမော့ကြည့်လိုက်ပြီး ဆေးလိပ်တစ်ချက် ဖွာလိုက်သည်။ သူက ကျန်းဝေ၏ သူငယ်ချင်းကောင်းဖြစ်ပြီး၊ သူတို့၏ အဖွဲ့သားများကလည်း ရင်းနှီးကြ၏။
တိစုစုနှင့် သူမ၏အဖွဲ့မှာလည်း အခြားတစ်ဖက်တွင် စောင့်နေကြသည်။ သူက အကြွေစေ့တစ်ခုကို လက်ပေါ်တွင် ကစားနေ၏။ နေရောင်ကို ရောင်ပြန်ဟပ်နေသောအကြွေစေ့က သူမ၏ သွက်လက်သောလက်ထဲတွင် အလျှင်အမြန် ရွေ့လျားနေ၏။ သူမက လီယာလင်းနှင့်တွေ့ရန် စိတ်အားထက်သန်ပြီး စိတ်လှုပ်ရှားနေသည်။ အဘယ်ကြောင့်ဆိုသော် သူမက လီယာလင်းကို ထပ်ပြီး အနိုင်ကျင့် စနောက်လို့ရသောကြောင့် ဖြစ်သည်။ ထို့အပြင်၊ အဖွဲ့ဝင်အသစ်ဖြစ်သည့် ဟန်ရှောင်းကို အတော်ပင် စိတ်ဝင်စားနေ၏။
ဦးဆောင်သော ဝန်ထမ်းအရာရှိ ချီပိုင်ကျား သူ၏ ကြည့်ကောင်းသော နဖူးကို ပွတ်သပ်နေ၏။ အကြွေစေ့မှ ရောင်ပြန်ဟပ်မှုကြောင့် သူ့မျက်လုံးများမှာ စိတ်အနှောင့်အယှက် ဖြစ်နေပြီ ဖြစ်သည်။ သို့သော်လည်း ရွေးစရာမရှိဘဲ အခြားဘက်သို့သာ လှည့်နေလိုက်တော့သည်။
ကျယ်လောင်သော အင်ဂျင်သံက အဝေးမှ လွင့်ပျံလာသည်။ လူတိုင်းသည် လာနေသောယာဉ်မှ ကြီးမားသောမြင်းကောင်ရေရှိသည့် အင်ဂျင်သံကို ကြားနေရသည်။ ယာဉ်မှာ နီးကပ်လာသည်နှင့်အမျှ မြေပြင်မှာ လှုပ်ခါလာကြောင်း ခံစားနေရသည်။ ချီပိုင်ကျားက အသံလာရာနေရာကို ကြည့်လိုက်သောအခါ၊ ကြီးမားကြမ်းကြုတ်လှသာ စစ်တပ်သုံးကုန်တင်ကားတစ်စီး ချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။
မာချင်းယန်က ဆေးလိပ်ဖင်စီခံကို တောက်
ထုတ်လိုက်ပြီး ဖနောင့်ဖြင့် နင်းလိုက်၏။
တိစုစုက သူ၏ လက်ဖြင့် အကြွေစေ့ကို ဆုပ်ကိုင်ထားလိုက်သည်။
ချီပိုင်ကျားက ကော်လံကို ပြန်ညှိလိုက်သည်။
"သူတို့ရောက်ပြီ။"
အခန်း (၆၉) ပြီး၏။
လင်းဆက်
+++++