← Chapters

ရထားပေါ်တွင်

Vol. 5 Ch. 70

ရထားပေါ်တွင်

Vol. 5 Ch. 70

အခန်း (၇၀) ရထားပေါ်တွင်

Big Black က တဖြည်းဖြည်း ရပ်တန့်သွားသည်။ ကျန်းဝေနှင့် သူ့အဖွဲ့မှာ ကားခေါင်းခန်းမှ ဆင်းလာကြ၏။

ချီပိုင်ကျားက အလေးပြုလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။ "ကျွန်တော်က ဒီမစ်ရှင်ကို ဦးဆောင်မယ့် ဝန်ထမ်းအရာရှိ ချီပိုင်ကျားပါ။"

"မင်္ဂလာပါ။ မင်းနဲ့ အလုပ်တွဲလုပ်ရတာ ဝမ်းသာပါတယ်။" ကျန်းဝေက ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် သူ့ခေါင်းကို မာချင်းယန်ဘက်သို့လှည့်ကာ ဟက်ဟက်ပက်ပက် ပြုံးပြလိုက်ပြီး လှမ်းဖက်လိုက်သည်။

အခြားတစ်ဖက်တွင်၊ တိစုစုကို မြင်လိုက်သောအခါ လီယောင်၏ မျက်လုံးများ လင်းလက်သွားပြီး၊ အကြည့်တွေ မလွှဲတော့ပေ။ သူ့လက်ကို ခပ်ရှက်ရှက် ဝေ့ယမ်းပြရင်း "ဟယ်လို၊ အစ်မစုစု"

"လင်းလင်းလေးရေ" တိစုစုက သူ့ကြောင့် ညှို့ယူဖမ်းစားခြင်းခံနေရသည့် လီယောင်ကို လျစ်လျူရှုလိုက်ပြိး လီယာလင်းဆီသို့ လျှောက်လာသည်။ လီယာလင်း၏ ပါးကို ညှစ်လိုက်ပြီး "ကျစ်ကျစ်၊ ငါတို့နောက်ဆုံးတွေ့တုန်းကထက် နင်ကပိုပြီး လှလာတာပဲ။"

"သွားစမ်းပါ။ ငါတို့ အဲ့လောက်မရင်းနှီးပါဘူး။" လီယာလင်း မျက်မှောင်ကြုတ်သွားပြီး တိစုစု၏ လက်ကို တွန်းထုတ်လိုက်သည်။

တိစုစုက ထိုအတွက် စိတ်အနှောင့်အယှက် ဖြစ်မသွားပေ။ ဘေးပတ်လည်ကို တစ်ချက်ကြည့်လိုက်ပြီး သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။ "နင်တို့ရဲ့ ယန္တရားပညာရှင်ရော။ သူဘယ်မှာ ပုန်းနေတာလဲ။"

လီယာလင်းက သူမရှေ့၌ လက်ပိုက်၍ ရပ်နေသည်။ အေးစက်စက် တစ်ချက်ကြည့်လိုက်ပြီး ဘာမှ ပြန်မဖြေပေ။

ကျန်းဝေက ဖြေပေးလိုက်၏။ "သူက နည်းနည်း ပင်ပန်းနေတယ်။ ဒါကြောင့် ကားထဲမှာ အိပ်နေတယ်။"

"ဒီကားက..."

ကျန်းဝေက မတ်မတ်ရပ်လိုက်ပြီး ဂုဏ်ယူနေသောမျက်နှာဖြင့် ပြောလိုက်သည်။ " ငါတို့ရဲ့ ထောက်ပံ့ရေးယာဉ်ပဲ။"

မာချင်းယန်နှင့် တိစုစုတို့အဖွဲ့မှာ မနာလိုမှုများ ပြည့်သွားသည်။ သူတို့က သူ့တို့၏ အဖွဲ့ခေါင်းဆောင်များကို ခါးသက်သက် ကြည့်လိုက်ကြသည်။

"ငါတို့လည်း ငါတို့ကိုယ်ပိုင် ထောက်ပံ့ရေးယာဉ် လိုချင်တာပေါ့။"

ချီပိုင်ကျားက လက်ခုပ်တီးလိုက်သည်။ "အိုကေ၊ အချိန်တွေ ကုန်နေပြီ။ စထွက်ကြမယ်။"

စစ်တပ်သုံးရထားက ဘူတာရုံတွင် ရပ်ထားသည်။ လေယာဉ် သို့ ကားများကို အသုံးပြုမည့်အစား၊ အေးဂျင့် အယောက် ၄၀သည် လက်နက်များနှင့် ကျည်ဆံများကို ရထားပေါ်သို့ တင်နေကြသည်။

အဓိကရထားလမ်းကြီးများ ဖျက်ဆီးခံလိုက်ရပြီးနောက်၊ နိုင်ငံ၆နိုင်ငံသည် နေရာအနှံ့အပြားသို့ ဆက်သွယ်နိုင်ရန် ရထားလမ်းများ တိုးတက်ရန် အာရုံစိုက်ခဲ့ကြသည်။ စစ်တပ်သုံး ရထားများသည် သတ်မှတ်ထားသော စစ်တပ်သုံး ရထားလမ်းပေါ်တွင် ပြေးဆွဲပြီး အများပြည်သူသုံး ရထားထက် ပို၍မြန်ဆန်သည်။ သူတို့၏ ပန်းတိုင်သို့ရောက်ရန် ၃ရက်ခန့် လိုအပ်သည်။

ရထားတွဲ ၅တွဲတွင် ယာဉ်မောင်းအခန်း၊ အိပ်ခန်း ၂ခန်း၊ စားသောက်ခန်းနှင့် လက်နက်သိုလှောင်ခန်းတို့ ပါဝင်သည်။ နောက်ဆုံး ရထားတွဲမှာ အမိုးအကာများ မပါဘဲ အပွင့်ကြီး ဖြစ်ပြီး - အခြားယာဉ်များကို သယ်ဆောင်ရန် အထူးပြုလုပ်ထား၏။ လီယာလင်းက Big Black ကို ရထားတွဲထဲသို့ မောင်းဝင်လိုက်သည်။ ပြင်ပဝန်ထမ်းတစ်ယောက်က မလှုပ်အောင် လော့ချထားလိုက်ပြီး၊ အဝတ်ဖြင့် ဖုံးအုပ်ထားလိုက်သည်။

လူတိုင်း ရထားပေါ် တက်ပြီးချိန်တွင်၊ စတင်ထွက်ခွါ‌လေသည်။ ရထားက နေရောင်အောက်တွင် အရောင်ဖြာထွက်နေပြီး၊ အန္တရာယ်များလှသော သစ်တောကြီးထဲသို့ မောင်းဝင်သွားတော့သည်။

ရထား၏ တုန်ခါမှုကြောင့် ဟန်ရှောင်းနိုးလာ၏။

ရထားတွဲ၏ မျက်နှာကြက်တွင် တပ်ဆင်ထားသော မီးလုံးက အခန်းတစ်ခုလုံးကို အဖြူရောင်ဖျော့ဖျော့ လင်းနေစေ၏။ ရထားတွဲတစ်ခုလုံး အသက်ကင်းမဲ့နေသည့် အေးစက်နေသော စက်ပစ္စည်းများနှင့် ယန္တရားလက်နက်များဖြင့် ပြည့်နှက်နေသည်။ သို့သော်၊ ထိုအရာများက သူ့ကို လုံခြုံသလို ခံစားရစေ၏။

ဟန်ရှောင်းက မျက်လုံးကို ပွတ်လိုက်ပြီး အာရုံစိုက်‌နိုင်အောင် ကြိုးစားလိုက်သည်။ ရထားတွဲ၏ တံခါးကို ဖွင့်လိုက်သောအခါမှ သူ၏ အရှိန်မြင့်မြင့်ဖြင့် သွားနေသော ရထားပေါ်တွင် ရောက်နေကြောင်း သိလိုက်ရသည်။ လေကြမ်းများက သူ့မျက်နှာကို ပွတ်တိုက်သွားကြပြီး ဆံပင်များကို ရှုပ်ပွသွားစေသည်။ ကြမ်းပြင်က အဆက်မပြတ် တုန်ခါနေပြီး၊ ရထား‌ရွေ့လျားနေမှု၏ ဆူညံကြမ်းတမ်းသော အသံက နားထဲသို့ တိုးဝင်လာသည်။ ရထားက သံလမ်းပေါ်တွင် ပန်းတိုင်သို့ရောက်အောင် ချောချောချူချူ သွားနေ၏။

မှောင်မိုက်နေသော ကောင်းကင်ယံတွင် ကြယ်များ လင်းလက်တောက်ပနေသည်။

အဝေးမှ မိုးကုတ်စက်ဝိုင်းတွင် တောင်တန်းများကို မြင်တွေ့နိုင်သည်။

ငါတစ်နေကုန် အိပ်ပျော်သွားတာလား။

ခဏကြာတော့ ဟန်ရှောင်း အနည်းငယ် လန့်သွားသည်။ ထို့နောက် သူသည် သူ၏ မျက်နှာဖုံးကို တပ်ဆင်ပြီး မှတ်ဉာဏ်ထဲမှ ပုံမှန်လူတစ်ယောက်၏ မျက်နှာကို ချိန်ညှိလိုက်သည်။ ထို့နောက် မျက်နှာဖုံးပေါ်တွင် အဝတ်မျက်နှာဖုံးတစ်ခု တပ်ဆင်လိုက်သည်။ {အလင်းမျက်နှာဖုံးပေါ်မှာ အဝတ်မျက်နှာဖုံး တပ်လိုက်တာပါ။} သူကအမြဲတမ်း ဒီလိုပင် သတိထားနေ၏။ ပြီးနောက် မီးရောင်အတိုင်း လိုက်ကာ ရှေ့မှ ရထားတွဲထဲသို့ ဝင်လိုက်သည်။

ရထားတွဲထဲ ဝင်လိုက်သည်နှင့် လေတိုးသံများ ပျောက်ကွယ်သွားသည်။ ထိုအစား စကားပြောသံများကို ကြားလာရ၏။ ကျောက်တုံးခေတ်မှ မော်ဒန်ခေတ်သို့ ကူးပြောင်းလာသလို ခံစားနေရသည်။

ဟန်ရှောင်း ဝင်လာသည်နှင့် လူတိုင်း စကားပြောနေတာ ရပ်သွားကြသည်။ လူတိုင်းက ဟန်ရှောင်းကို ကြည့်နေ၏။ သူတို့က သိလိုစိတ်ဖြင့် အကဲဖြတ်နေကြသည်။

တိစုစုက ပထမဆုံး မတ်တပ်ရပ်လိုက်သူပင်။ သူမသည် သူမ၏လှပသောခါးကိုလှုပ်ကာ ဟန်ရှောင်းဆီသို့ ဆွဲဆောင်မှုအပြည့်ဖြင့် လျှောက်လှမ်းလာ၏။

"ဆိုတော့၊ နင်က ဟန်ရှောင်းပေါ့။" သူမက စိတ်ဝင်တစားမေးလိုက်သည်။

"မင်းလူမှားနေပြီထင်တယ်။" ဟန်ရှောင်းက ခပ်တည်တည်ပင် ပြန်ဖြေလိုက်သည်။ သူ့ကို မေးလာသော မေးခွန်းတိုင်းကို အမှန်အတိုင်း ပြန်ဖြေနေလျှင် လူတွေက မလေးမခန့်လုပ်ကြမည်ဖြစ်ကြောင်း ဟန်ရှောင်းသိထား၏။

လူတိုင်း၏ မျက်နှာမှာ တောင့်တင်းသွား၏။ ဘယ်လို ဘလိုင်းကြီး လိမ်တာလဲ။ လူတိုင်းက ဒီမှာ ရှိနေတာလဲ။ မင်းက ဘယ်သူဖြစ်နိုင်ဦးမှာလဲ။

အကြံသမား တိစုစုတစ်ယောက် အငြင်းခံလိုက်ရသည်ကို ကြည့်ပြီး လီယာလင်းမှာ ချက်ချင်းပင် ပျော်ရွှင်သွားသည်။ သူမက ဟန်ရှောင်းကို လက်ပြလိုက်ပြီး "အစ်ကိုရှောင်း၊ ဒီမှာလာထိုင်ပါ။"

ဟန်ရှောင်းက ခေါင်းငြိမ့်လိုက်ပြီး ကျန်းဝေနှင့် အခြားလူများ ဘေးသို့ သွားလိုက်သည်။ လီယာလင်းက တိုးတိုးလေး ပြေ။၏။ "လုပ်တာကောင်းတယ်။ နင်အခုပဲ အကြံသမား တိစုစုကို အရှက်ခွဲလိုက်ပြီ။"

"အကြံသမား။"ဟန်ရှောင်းက သူမ၏ သရုပ်ဖော်ချက်ကြောင့် အံ့ဩသွားသည်။

"ဟုတ်တယ်။ တိစုစုက အကြံအစည်သမား၊ ကောက်ကျစ်ပြီး လှည့်ဖြားတတ်တဲ့ မြွေ‌တစ်ကောင်ပဲ။" လီယာလင ရွံရှာမုန်းတီးမှုအပြည့်ဖြင့် ပြောလိုက်သည်။

ဟန်ရှောင်းက မျက်စိမှေး၍ ကြည့်လိုက်ပြီး "နင့်ကိုယ်နင် ပြောနေတာလား။"

လီယောင်မှာ ဒီထက်ပို၍ သဘောမတူနိုင်တော့ပေ။ သို့သော်လည်း လီယာလင်းရိုက်သည်ကို ခံရမည်ကြောက်၍ ဘာမှ ဝင်မပြောရဲ။ သူက ဟန်ရှောင်းကို လေးစားမှုအပြည့်ဖြင့် ခိုးကြည့်လိုက်သည်။ ဒါက ငါ့ရဲ့ အကိုရှောင်းပဲ - သတ္တိရှိတယ် - သူ့စကားလုံးတွေကို ဘယ်တော့မှ ကန့်သတ်မထားတဲ့ သတ္တိရှိတဲ့လူပဲ။

တိစုစုက လီယာလင်းနှင့် ဟန်ရှောင်းတို့၏ ရင်းနှီးသော အပြုအမူကို မြင်သောအခါ၊ မျက်နှာကြီး မဲမှောင်သွားသည်။ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်လာ၏။

အခြားတစ်ဖက်တွင်၊ မာချင်းယန်က သူ့လက်ကို ထုတ်လိုက်ပြီး အပြုံးဖြင့် "ညီအစ်ကို၊ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော် မာချင်းယန်ပါ။"

ဟန်ရှောင်းက ဒေါသထွက်နေသည့် လီယာလင်းကို ဖယ်ထားလိုက်ပြီး ပြန်၍ လက်ဆွဲနှုတ်ဆက်ကာ "သေချာပြောရရင်၊ ကျွန်တော်တို့ တစ်ခါမှ မတွေ့ဖူးပါဘူး။"

မာချင်ယန် အံ့အားသင့်သွားသည်။ ဟန်ရှောင်း၏ မျက်နှာဖုံးကို စူးစမ်းသလို ကြည့်လိုက်ပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ "အိုး၊ မင်းပြောတာမှန်တယ်။"

ချီပိုင်ကျားက လက်ခုပ်တီးလိုက်ပြီး "လူတိုင်းဒီမှာ ရှိနေပြီဆိုတော့၊ မစ်ရှင်ရဲ့ အသေးစိတ်ကို ငါရှင်းပြမယ်။ ပြင်ပဝန်ထမ်းတွေ အပြင်ကို ထွက်ပေးကြပါ။

ဤသည်မှာ စည်းကမ်းဖြစ်ကြောင်း ပြင်ပဝန်ထမ်းများသည်လည်း သိကြ၏။ ထို့ကြောင့် သူတို့သည် တွေဝေမနေဘဲ ထွက်သွားကြသည်။ အခန်းတွင်း၌ ချီပိုင်ကျားနှင့် လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့ ၃ဖွဲ့သာ ကျန်ခဲ့ပြီး ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

"ဒါက ဟက်စ်လာ စုံစမ်းထောက်လှမ်းရေးဌာနနဲ့ ငါတို့ကြားက ပူးပေါင်းစစ်ဆင်ရေးပဲ။ ဟက်စ်လာတပ်ဖွဲ့တွေက နယ်စပ်မှာ စခန်းချထားပြီး အချိန်မရွေး ရွေ့လျားနိုင်တယ်။ ငါတို့တာဝန်က ရန်သူရဲ့စခန်းကို ထိုးဖောက်ဝင်ရောက်ပြီး သတင်းအချက်အလက်တွေ ရယူဖို့ပဲ၊ ဒါဆို တပ်ဖွဲ့တွေကို သတင်းအချက်အလက် ထောက်ပံ့ပေးနိုင်မယ်။

"ဟက်စ်လာက ငါတို့ကို ကျီးနက်တောင်ကြားရဲ့ မြေပုံပို့ပေးထားတယ်။ အဲဒီနေရာက ခုခံဖို့လွယ်ပြီး တိုက်ခိုက်ဖို့ခက်တယ်။ တောနက်ထဲမှာ ရှိနေတော့ ငါတို့ရဲ့ ဂြိုလ်တုတွေနဲ့ နေရာအတိအကျကို စုံစမ်းလို့မရဘူး။ သူတို့ရဲ့ တပ်သားအရေအတွက်၊ နေရာ ဘာတစ်ခုမှ သိမထားဘူး။ ငါတို့တွေ မြေပြင်ကပဲ တိုက်ခိုက်လို့ရတယ်။"

မစ်ရှင်အကြောင်း ရောက်လာသောအခါ လူတိုင်း အလေးအနက် ဖြစ်သွားကြသည်။ တိစုစုက ခေါင်းကုတ်ပြီး မျက်မှောင်ကြုတ်လိုက်ကာ "ဒါက အကြီးအကျယ် ပိတ်ဆို့ထားတဲ့ ခံတပ်ကြီးလိုပဲ။ ဟက်စ်လာတပ်ဖွဲ့တွေ မြေပြင်ကနေ ဝင်တိုက်ဖို့ရော မဖြစ်နိုင်ဘူးလား။"

"သူတို့က ငြင်းထားတယ်။" ချီပိုင်ကျားက ခေါင်းခါလိုက်သည်။

လူတိုင်းက အကြောင်းရင်းကို နားလည်ကြသည်။ သူတို့၏ အင်အား ၃ပုံ၂ပုံဖြင့် ရန်သူကို နှိမ်နင်းနိုင်သရွေ့ ဟက်စ်လာမှာ သူတို့၏ အင်အားအပြည့် စေလွှတ်မည် မဟုတ်ပေ။ ထို့အပြင်၊ ရန်သူ၏ အင်အားနှင့် တည်နေရာတို့အတွက် သတင်းအချက်အလက် အလွန် နည်းပါးနေသည့် အခြေအနေတွင် ဟက်စ်လာက အကျအဆုံး အလွန်များမည်ကို စိုးရိမ်သဖြင့် သူ့တပ်ဖွဲ့များကို အလောတကြီး ဝင်ရောက်ခိုင်းလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့များကို ထိုးဖောက်ဝင်ရောက်ခြင်းကဲ့သို့ ခိုးကြောင်ခိုးဝှက် အလုပ်များ လုပ်စေခြင်းဖြစ်သည်။

လီယာလင်းက ညည်းညူလိုက်ပြီး "ဒါဆို ထိုးဖောက်ဝင်ရောက်ရမယ့် နေရာက ဘယ်နေရာလဲ။"

ချီပိုင်ကျားက မြေပုံပေါ်မှာ အမှတ်တစ်ခုကို ညွှန်ပြရင်း "တောင်ကြားရဲ့ ‌အနောက်ဘက်မျက်နှာမှာ ကျီးနက်သစ်တောမြို့ရှိတယ်။ ဂျာမီနယ်အဖွဲ့အစည်း စခန်းရဲ့ အနီးနားတစ်ဝိုက်မှာ မြို့တည်ရဲတာကို ကြည့်ရင် ဒီ၂ဖွဲ့ဟာပူးပေါင်းနေတယ်လို့ ယူဆနိုင်တယ်။ ဒါကြောင့် မြို့ထဲမှာ တောင်ကြားက ကင်းထောက်တစ်ချို့ ရှိနိုင်တယ်။ ဒါက အရေးကြီး သတင်းအချက်အလက်တွေရဖို့ အခွင့်အရေးပဲ။"

"အထက်က သတင်းတွေအရ၊ ကျီးနက်တောင်ကြားစခန်းမှာ သတိထားစရာလူ ၃ယောက်ရှိတယ်။

ချီပိုင်ကျားက သတင်းအချက်အလက်များပါသည့် စာရွက်ကို လူတိုင်းဆီ ပေးလိုက်သည်။ လူတိုင်းက ဖတ်နေကြစဉ်၊ သူက အနှစ်ချုပ်ကို ပြောပြသည်။

"ဖန်ခွမ်း - စခန်းခေါင်းဆောင်၊ ၃၅နှစ်၊ အာရှသား၊ E+အဆင့် 'တိုက်ခိုက်သူ'၊ - ဂျာမီနယ်အဖွဲ့အစည်းရဲ့ အလုပ်အမှုဆောင် အရာရှိ။ သူ့ရဲ့ လက်နက်က ဓါးဖြစ်ပြီးတော့ နာမည်ပြောင်က ဓါးဝိဉာဏ်။ နောက်ဆုံးလှုပ်ရှားခဲ့တာ ၃နှစ်အရင်က၊ သီးစီးရပ်စ် အေးဂျင့် ၁၂ယောက်ကို နယ်စပ်မှာ တစ်ယောက်တည်း အနိုင်ယူခဲ့တယ်။ အဲဒီထဲမှာ ၄ယောက်က စူပါလူသားတွေ။"

စာမျက်နှာတွင် ခံစားချက်မရှိသည့် မျက်နှာဖြင့် ယောက်ျားတစ်ယောက်ကို ပြထား၏။ သူသည် သာမန်လူတစ်ယောက်နှင့်တူသော်လည်း အလွန်ရက်စက်သော ခံစားချက်ကို ပေးစွမ်းသည်။

"ကျိကျဲ၊ လက်ထောက်ခေါင်းဆောင်၊ ကျား၊ ၂၉နှစ်၊ အာရှနဲ့ ကော့ကေးရှန်းနွယ်ဖွား၊ အချက်အလက်က ကန့်သတ်ထားတယ်။ ငါတို့ သိထားသလောက်ဆိုရင် လေမျက်လုံးအဖွဲ့အစည်းခေါင်းဆောင် ကျိနိုနဲ့ အမျိုးတော်ပုံရတယ်။"

"ဒေါ်မန်၊ လုံခြုံရေးအဖွဲ့ခေါင်းဆောင်၊ ၄၃နှစ်၊ ရေးလန်က လာတာ။ လက်နက်ပေါင်းစုံကို ပစ်ခတ်နိုင်တယ်။ အထူးလက်ရွေးစင်အေးဂျင့်တစ်ယောက်။ ညဇီးကွက် တပ်ဖွဲ့တစ်ခုလုံးကို ဦးဆောင်ခဲ့ဖူးတယ်။"

မာချင်းယန်၏ မျက်နှာမှာ သံသယအပြည့်ပင်။ "စခန်းတွင်းအခြေအရဆိုရင် ဒီလိုသတင်းတွေ မရလောက်ဘူးလို့ ကျွန်တော်ထင်ထားတာ။ ဒီလောက် အသေးစိတ်ကျတဲ့ သတင်းတွေ ဘယ်ကရလာတာလဲ။"

လူတိုင်းကလည်း သိချင်နေကြ၏။

ချီပိုင်ကျားက ခေါင်းခါလိုက်ရင်း "မသေချာဘူး၊ အထက်က ပြောတာတော့ လျှို့ဝှက်သတင်းတဲ့။"

လူတိုင်းက မေးခွန်းထုတ်နေတာကို ရပ်လိုက်ကြ၏။

ဟန်ရှောင်းက အသာလေး နားစွင့်နေသည်။ ဒီသတင်းရဲ့ အရင်းအမြစ်က မင်းတို့ဘေးမှာ ထိုင်နေတယ်ကွ။

ချီပိုင်ကျား လူတိုင်း သတိထားမိစေရန် ထပ်၍ထောက်ပြပေးလိုက်သည်။ ရုတ်တရက်၊ သူ့လေသံပြောင်းလဲသွားပြီး "ဒီပူးပေါင်းစစ်ဆင်ရေးအတွက်၊ ဟက်စ်လာက စုံစမ်းထောက်လှမ်းရေးဌာနက အေးဂျင့်အဖွဲ့တွေ ‌လွှတ်လိုက်တယ်။ ဆုံရပ်ရောက်ရင် သူတို့က ငါတို့နဲ့အတူ လှုပ်ရှားလိမ့်မယ်။"

ကျန်းဝေ၏ အမူအရာမှာ ခါတိုင်းနှင့်မတူ ပြောင်းလဲသွားပြီး မေးခွန်းထုတ်လိုက်သည်။ "နိုင်ငံ ၂ခုက အေးဂျင့်တွေက ဒီမစ်ရှင်ကို အတူတူ လုပ်ကြမှာလား။"

ချီပိုင်ကျားမှာ အရှက်ရသလို ခံစားရပြီး ချောင်းဆိုးလိုက်သည်။ "ဟုတ်တယ်။"

ဒါက ပြဿနာကို ဖိတ်ခေါ်နေတာပဲ။

ဟက်စ်လာသည် ကြယ်နဂါးနိုင်ငံမှ သတင်းအချက်အလက်ကြောင့် စိတ်မပျော်မရွှင် ဖြစ်နေသည်။ ထို့ပြင်၊ သူတို့က အင်အားလည်း အများကြီး စိုက်မထုတ်ချင်ပေ။ ထို့ကြောင့် သူတို့က ဌာန၁၃ကို လူများစေလွှတ်ရန် တောင်းဆိုခဲ့ကြသည်။

အေးဂျင့်များ တစ်ယောက်နှင့်တစ်ယောက် မသက်မသာ ကြည့်လိုက်ကြသည်။ နိုင်ငံ၂နိုင်ငံကြား ရင်းနှီးမှုသည် သိပ်မကောင်းလှပေ။ အေးဂျင့်များသည်လည်း တစ်ယောက်နှင့်တစ်ယောက် ရန်လိုနေကြဟန် ရှိသည်။ ကြည့်ရသည်မှာ မစ်ရှင် ပျက်စီးတော့မည်ဟန် ပေါ်နေသည်။

ဤအချက်အလက်တွေ အကုန်လုံးက ဟန်ရှောင်းအတွက် အသုံးမဝင်ပေ။ သူက သမ်းဝေရင်း ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်သည်။ တစ်စုံတစ်ခုကို မြင်လိုက်ပြီး မျက်လုံးများ မှေးသွား၏။ သူက ချက်ချင်းပင် ဆွေးနွေး‌ပွဲကို ဖြတ်ပြော‌ပြီး အော်လိုက်သည်။ "ငါတို့ သားရဲကောင်တွေ တိုက်ခိုက်တာ ခံနေရပြီ။"

လူတိုင်းမှာ ကြောင်အသွားပြီး မတုန့်ပြန်နိုင်ကြပေ။ ရထားက ကြမ်းတမ်းစွာ လှုပ်ခါသွားပြီး၊ အေးဂျင့်များ လဲကျတော့မလို ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင်

၊ ‌နောက်ဘက် ရထားတွဲဆီမှ ပြင်ပဝန်ထမ်းများ၏ ကျယ်လောင်သော အော်ဟစ်ငိုကြွေးသံများကို ကြားလိုက်ရတော့သည်။

အခန်း (၇၀) ပြီး၏။

လင်းဆက်

+++++

All Chapters