စိတ်ဝိညာဉ်ရင်းမြစ်များအပေါ် အသိသညာ
Vol. 10 Ch. 127
ဤသို့ဖြင့် ဟန်လိနှင့်ထိုလူငယ်လေးတို့သည် ဟိုအကြောင်းဒီအကြောင်းပြောရင်း ထိုက်နန်တောင်ကြားထံ အတူတူ လျှောက်လာကြသည်။ အပြန်အလှန်ပြောကြသည် ဆိုတာထက် ဟန်လိက အမေးသပ်သပ်၊ ယင်းလူငယ်လေးက အဖြေသပ်သပ် ဖြစ်နေသည်ဟု ပြောလျှင် ပိုမှန်သည်။ လူငယ်လေး၏ ပြောပြမှုကြောင့် ဟန်လိသည် ကျင့်ကြံသူများ၏ အကြောင်း၊ ကျင့်ကြံခြင်းလောက၏ အခြေခံအချက်အလက်အချို့ကို နားလည်လာခဲ့သည်။
ဥပမာအားဖြင့် ကျင့်ကြံခြင်းအဆင့်များကို အဆင့်နိမ့်၊အလယ်အဆင့်၊ အထက်အဆင့်ဟူ၍ ခွဲခြားထားသည့် အကြောင်းများပင်။
အဆင့်နိမ့်နယ်ပယ်တွင် ချီစုဆောင်းခြင်း၊ အခြေခံတည်ဆောက်ခြင်း၊ အမြုတေဖွဲ့စည်းခြင်း၊ စဦးစိတ်ဝိညာဉ်၊ နတ်အသွင်ပြောင်းခြင်း ဟူ၍ အဆင့်ငါးခု ခွဲခြားထားပေသည်။ အလယ်အဆင့်နယ်ပယ်တွင်မူ ဗလာအဆင့်၊ သမူဟအဆင့်နှင့် မဟာကောင်းကင်အဆင့်ဟူ၍ ရှိပေသည်။ အထက်အဆင့်နယ်ပယ်သို့ တက်လှမ်းပြီးပါက လူတစ်ယောက်သည် အင်မောတယ်(တန်ခိုးရှင်)များ၏ နယ်ပယ်ထဲသို့ အမှန်တကယ် ခြေချနိုင်ပြီဟု ပြောနိုင်ပေပြီ။ အထက်အဆင့်ရှိ ကျင့်ကြံသူများသည် ကောင်းကင်များကို ဖြတ်၍ ပျံသန်းနိုင်မည်၊ ကောင်းကင်နှင့်မြေကြီးလောက် သက်တမ်းရှိသော အင်မောတယ်နယ်မြေသို့ လည်ပတ်နိုင်မည် ဖြစ်သည်။
သို့ပေမည့် အလုပ်ထက် အပြောက ပိုလွယ်သည် မဟုတ်လား။ ယင်းသို့သော အဆင့်သို့ ရောက်ရန် ကျင့်ကြံဖို့မှာ အလွန်အမင်း ခက်ခဲလွန်းမည် ဖြစ်၏။
အလယ်နှင့်အထက် အဆင့်နယ်ပယ်များကို ရောက်ရန် ကျင့်ကြံနိုင်ဖို့သည် မဖြစ်နိုင်လောက်အောင် ခက်ခဲပေ၏။ ပမာဆိုရသော် ယွဲ့ဒေသ၏ သမိုင်းတလျှောက်တွင်ပင် နတ်အသွင်ပြောင်းခြင်းအဆင့်၏ အထွတ်အထိပ်ကို ရောက်အောင် ကျင့်ကြံနိုင်ခဲ့သူဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိခဲ့လေပေ။ အများဆုံးမှ စဦးစိတ်ဝိညာဉ်အဆင့်တွင်သာ ရှိကြသည်။ သို့ပေမည့် မည်သို့ပင်ဖြစ်စေ စဦးစိတ်ဝိညာဉ်အဆင့်ရှိသော ကျင့်ကြံသူများမှာလည်း ရှားပါးလှသည်။ မဟာကံကောင်းမှုရရှိသော လူထူးလူကဲများသာ စဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိနိုင်စွမ်း ရှိကြပေသည်။
သည်လူငယ်လေး၏အပြောအရ တစ်ဦးတစ်ယောက်၏ သက်တမ်းသည် သူ၏ ကျင့်ကြံမှုအဆင့်နှင့် တိုက်ရိုက် ဆက်နွှယ်နေသည် ဟူ၍ပင်။ အဆင့်ချိုးဖျက်နိုင်တိုင်း သက်တမ်း ပိုရှည်လာနိုင်မည် ဖြစ်၏။
သေမျိုးများသည် အများဆုံးမှ နှစ်တစ်ရာသာ ရှင်သန်နိုင်ကြသည်။ သို့သော် သေမျိုးများကြား၌ ထိုသို့ နှစ်တစ်ရာ ပြည့်အောင် နေရသူများသည် ရှားပါးသည် မဟုတ်လား။
အခြေခံတည်ဆောက်ခြင်းအဆင့်သို့ အောင်အောင်မြင်မြင် တက်လှမ်းနိုင်သော ကျင့်ကြံသူများကမူ သက်တမ်းနှစ်ရာ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ အကယ်၍ လူတစ်ယောက်က ကံကောင်းထောက်မပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်ပါက သူ၏ သက်တမ်းသည် နှစ်လေးရာနှင့်ငါးရာလောက်ထိ ရှည်ကြာလိမ့်မည်။ မဟာကံကောင်းမှုကြီး တခုခုကို တွေ့ကြုံရ၍ ကျင့်ကြံသူတစ်ယောက်သည် သူ၏ စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းနိုင်ခဲ့ပါက အင်မတန်ဂုဏ်ယူစရာ ကိစ္စ ဖြစ်သွားပေပြီ။ သူ၏ သက်တမ်းမှာလည်း နှစ်တစ်ထောင်ထိ ရှိလေမည်။
ရုတ်တရက် ထိုအဖြူရောင်ဝတ်စုံဖြင့် လူငယ်လေး၏ စကားသည် ဤနေရာတွင် ရပ်သွားသည်။ သူသည် သက်တမ်း ရှစ်ရာ၊ တစ်ထောင် နေထိုင်နိုင်သော လူထူးများကို မနာလိုအားကျ ဖြစ်သွားတာ ထင်ရှားသည်။ ထိုသူများသည် သာမန်လူသားများထက် သက်တမ်းဆယ်စ ပိုရှင်သန်နိုင်သူများ မဟုတ်လား။
ဟန်လိက လူငယ်လေး၏ ဘေးကနေ နားထောင်နေရင်း အံ့ဩတကြီး ဖြစ်နေမိသည်။ သူက ကျင့်ကြံသူများ၏ သက်တမ်းသည် သာမန်လူသားများထက် ပိုရှည်ကြာမည်ကို ခန့်မှန်းမိပြီးသား ဖြစ်သည်။ သို့သော်လည်း သက်တမ်းကွာဟချက်က အခုလောက်ထိ ကွာဟနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။ သည်လူထူးများက နှစ်တစ်ထောင် သက်တမ်းရှိသော လိပ်အိုကြီးကဲ့သို့ ဖြစ်နေပြီဟု အဓိပ္ပာယ် ရောက်နေပြီ မဟုတ်လား။ ယင်းသို့တွေးကာ သူ့စိတ်နှလုံးတွင် မနာလိုအားကျခြင်း ပြည့်နှက်နေပေပြီ။
“ဒါပေမဲ့ စဦးစိတ်ဝိညာဉ်အဆင့် ရောက်ရုံနဲ့ သက်တမ်းတစ်ထောင်လောက် နေနိုင်တယ် ဆိုရင် နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတွေကကော၊ ဒီ့ထက် ပိုမြင့်တဲ့ အလယ်နဲ့အထက်အဆင့် နယ်ပယ်က ကျင့်ကြံသူတွေကကော၊ သူတို့က သက်တမ်း ဘယ်လောက်တောင် ရှင်သန်နိုင်ကြလဲ…”
ဟန်လိသည် ထိုသို့တွေးကာ စိတ်ထဲ အောင့်မထားနိုင်တော့ဘဲ မေးမြန်းလိုက်တော့သည်။
“ဘယ်သူက သိပါ့မလဲ။ သူတို့က ထာဝရ ရှင်သန်နိုင်တာတောင် ဖြစ်ချင် ဖြစ်နိုင်တာပဲ…”
လူငယ်လေးက အံ့အားတသင့် ပြန်ဖြေ၏။
“ဒဏ္ဍာရီဆိုရိုးစကားတွေ အရတော့ နတ်အသွင်ပြောင်းခြင်းရဲ့ ဉာဏ်အလင်းပွင့်ခြင်းစက်ဝန်းကို တက်လှမ်းနိုင်တဲ့သူတွေဟာ ဒီလောကကနေ ထွက်ခွာပြီး တခြားအာကာပြင်မှာ ရှိတဲ့ ပိုမြင့်တဲ့ လောကကို ခရီးနှင်သွားကြတယ်တဲ့။ ဒါပေမဲ့ အဲ့အထက်လောကဟာ ဘယ်လိုလောကလဲ၊ ဘယ်နေရာမှာ ရှိလဲကို ဘယ်သူမှ မသိကြဘူး။ ဘာလို့လဲဆိုတော့ အဲ့လို ခရီးနှင်သွားတဲ့သူတွေဟာ ဒီကို လုံးဝ ပြန်မလာကြလို့ပဲ…”
“ဘယ်သူမှ ပြန်မလာကြတာလား။ ဒါဆိုရင် ကျုပ်တို့က နတ်အသွင်ပြောင်းခြင်းအဆင့်ရဲ့ မတူညီတဲ့ အဆင့်တွေကို ဘယ်လို ခွဲခြား ဆုံးဖြတ်ကြမလဲ…”
ဟန်လိက သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။ သို့ပေမည့် သူ့ဘေးမှ လူငယ်ကမူ ယင်းမေးခွန်းကို ကောင်းကောင်း ဖြေနိုင်မည့်ပုံ မရပေ။
အခုအခါ၌ ကျင့်ကြံခြင်း၏ မတူညီသော အဆင့်များအကြောင်းအပြင် ဟန်လိသည် ယွဲ့ဒေသအတွင်းရှိ ကျင့်ကြံခြင်းဂိုဏ်းများ၊အင်အားစုများအကြောင်းကိုပါ အကြမ်းဖျဉ်း နားလည်သွားခဲ့သည်။
လူငယ်သည် တခြားနေရာများအကြောင်းကို သိချင်မှ သိပေလိမ့်မည်။ သို့သော် ယွဲ့ဒေသ၏ ကျင့်ကြံခြင်းလောကအကြောင်းနှင့် ပတ်သတ်၍မူ အတော်လေး သိထားပုံ ရ၏။ သူသည် အသေးစိတ်နီးပါး ရှင်းပြနိုင်ပေသည်။
သူ့အပြောကြောင့် ဟန်လိသည် ယွဲ့ဒေသ၌ ကျင့်ကြံခြင်းဂိုဏ်းခုနစ်ခု ရှိကြောင်းကို သိလာခဲ့၏။ ယင်းတို့မှာ လမျက်နှာဖုံးဂိုဏ်း၊ အဝါရောင်မေပယ်တောင်ကြား၊ ဝိညာဉ်သားရဲတောင်၊ ဗလာသန့်စင်ဂိုဏ်း၊ ဓားဆိပ်ကမ်း၊ မျှော်စင်ရဲတိုက်၊ ဓားဘီလူးဂိုဏ်းတို့ ဖြစ်ကြသည်။ ထိုအင်အားစု ခုနစ်ခု၌ လမျက်နှာဖုံးဂိုဏ်းသည် အစွမ်းထက်ဆုံးပင်။ ဝိညာဉ်သားရဲတောင်က ဒုတိယနေရာ လိုက်၏။ ကျန်သည့် အင်အားစုများကမူ သူမသာကိုယ်မသာ ရှိကြ၏။
လူတစ်ယောက်သည် ထိုဂိုဏ်းများက ယွဲ့ဒေသတခုလုံးကို ထောက်ပိုးထားသော ဧရာမသစ်ပင်ကြီး တစ်ပင်ဟုဆိုလျှင် အမျိုးမျိုးသော တခြားကျင့်ကြံခြင်းဂိုဏ်းများ၊ မိသားစုများသည် ဒီသစ်ပင်ကြီးကို မှီခိုရသော သစ်ကိုင်းသစ်ရွက်များဟု ဆိုနိုင်လိမ့်မည်။
လူငယ်၏ အပြောအရ အင်မောတယ်ဂိုဏ်းများမှ ဘိုးဘေးများသည် တချိန်က ထိုကျင့်ကြံခြင်းဂိုဏ်းကြီးခုနစ်ခု၏ တပည့်များ ဖြစ်ခဲ့ဖူးသည် ဟူ၍ပင်။ ဂိုဏ်းတပည့်များ၏ သွေးမျိုးဆက်များသည် မျိုးဆက်လိုက် စီးဆင်းကာ တဖြည်းဖြည်းဖြင့် ကျင့်ကြံခြင်းဂိုဏ်းတစ်ခုဟု ဖြစ်လာခဲ့သည်ဟု ဆို၍ ရသည်။
သို့ဖြစ်၍ လူတစ်ယောက်သည် ကျင့်ကြံသူများ၌ စိတ်ဝိညာဉ်ရင်းမြစ် ဟုခေါ်သော အရာကို ပိုင်ဆိုင်ကြသည်ဟု ပြောနိုင်လိမ့်မည်။
စိတ်ဝိညာဉ်ရင်းမြစ်တွေလား။ ဤအရာသည် အတိအကျဆို မည်သည့်အရာ ဖြစ်သနည်း။ အင်မောတယ်ကျင့်ကြံသူများသည် ၎င်းတို့အကြောင်း အလုံးစုံ မသိပေ။ သို့သော် သူတို့က လူတစ်ယောက်သည် စိတ်ဝိညာဉ်ရင်းမြစ် ကင်းမဲ့ပါက ကျင့်ကြံခြင်းလမ်းကြောင်းပေါ် လျှောက်လှမ်း၍ မရဟု သိရှိကြသည်။ တကယ်တော့ စိတ်ဝိညာဉ်ရင်းမြစ် မပိုင်ဆိုင်ထားပါက လူတစ်ယောက်သည် စိတ်ဝိညာဉ်ချီကို မည်သို့ စုပ်ယူနိုင်ပါတော့မည်နည်း။ စိတ်ဝိညာဉ်ချီကို စုပ်ယူနိုင်ခြင်း မရှိပါက လူတစ်ယောက်သည် အင်မောတယ်ကျင့်ကြံသူတစ်ယောက် အဘယ်သို့ ဖြစ်လာနိုင်ပါတော့မည်နည်း။
စိတ်ဝိညာဉ်ရင်းမြစ်ဖြင့် မွေးဖွားလာသူများသည် ရှားပါး ပေ၏။ လူတစ်သောင်းတွင်သာ တစ်ယောက် ရှိနိုင်သည်ဟု ပြော၍ရသည်။ ထို့ကြောင့် အင်မောတယ်လမ်းကို လျှောက်လှမ်းနိုင်သူများသည် လူအနည်းစုသာ ရှိပေသည်။ ထို့အပြင် စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူ အများစုမှာလည်း သူလိုကိုယ်လို ရှင်သန်နေထိုင်ကြတာက များ၏။ အကြောင်းမှာ စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ထားလား၊ မပိုင်ဆိုင်လားကို တစ်ဦးတစ်ယောက်ချင်းစီအတွက် သိနိုင်ဖို့မှာ ခက်ခဲလွန်းလှသောကြောင့်ပင်။ ထိုအချက်ကြောင့် ကျင့်ကြံသူလက်သစ်များကို ရှာဖွေဖို့ ခက်ခဲစေတာ မဟုတ်လား။ ယင်းအတွက် အင်မောတယ်ကျင့်ကြံခြင်းဂိုဏ်းများမှာ ခေါင်းကိုက်ရသည်။
စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်တိုင်းလည်း လူတစ်ယောက်သည် အင်မောတယ်ဂိုဏ်းသို့ ဝင်ဖို့ အရည်အချင်း ပြည့်မှီပြီဟု အာမမခံနိုင်ပေ။ အကြောင်းမှာ စိတ်ဝိညာဉ်ရင်းမြစ်များကြား၌ အဆင့်ကွဲပြားမှု ရှိနေခြင်းကြောင့် ဖြစ်၏။
သို့ဖြစ်၍ စိတ်ဝိညာဉ်ရင်းမြစ်များကို အမျိုးအစားငါးခု ခွဲထား၏။ ယင်းတို့မှာ သတ္တု၊သစ်သား၊ရေ၊မီးနှင့်မြေ စိတ်ဝိညာဉ်ရင်းမြစ်များ ဟူ၍ပင်။ ကျင့်ကြံသူအများစုသည် သန့်စင်သော ရင်းမြစ်တစ်ခုခုကို ပိုင်ဆိုင်ခဲ၏။ အများစုမှာ ရောနှောနေသော စိတ်ဝိညာဉ်ရင်းမြစ်များကို ပိုင်ဆိုင်ကြတာ များသည်။ ထိုသူများသည် ကောင်းကင်နှင့်မြေကြီးမှ စိတ်ဝိညာဉ်ချီကို စုပ်ယူနိုင်ကြသော်လည်း ကျင့်ကြံခြင်း၌ သူတို့၏ တိုးတက်မှုဖြစ်စဉ်သည် အင်မတန် နှေးကွေးလိမ့်မည်။ အများဆုံးမှ သူတို့သည် ချီစုဆောင်းခြင်းအဆင့်သုံး၊ အဆင့်လေးလောက်သာ ရောက်နိုင်သည်။ သူတို့အတွက် ထိုအဆင့်တွင် တစ်ဆို့ကာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ဖို့မှာ မဖြစ်နိုင်သလောက်ပင်။ မျှော်လင့်ရုံသာ တတ်နိုင်လိမ့်မည်။
သို့ဖြစ်၍ အင်မောတယ်လောက၌ စိတ်ဝိညာဉ်ရင်းမြစ် လေးခု၊ သို့မဟုတ် ငါးခု ရောနှောပိုင်ဆိုင်သူများကို ‘စိတ်ဝိညာဉ်ရင်းမြစ်အတု’ ပိုင်ဆိုင်သူများဟု ခေါ်ဝေါ်ကြ၏။ စိတ်ဝိညာဉ်ရင်းမြစ် နှစ်ခု၊သုံးခု ရောနှောသူများကိုမူ အစစ်အမှန်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများဟု သိရှိကြ၏။ အစစ်အမှန်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများသည် အတု ပိုင်ဆိုင်သူများထက် အဆများစွာ ပိုမြန်ဆန်စွာ ကျင့်ကြံခြင်း၌ ခရီးရောက်နိုင်ပေသည်။
စိတ်ဝိညာဉ်ရင်းမြစ် တခုတည်း သီးသန့် ပိုင်ဆိုင်သော ပါရမီရှင်များကိုမူ ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများဟု ခေါ်ဝေါ်ကြသည်။ ထိုသူများသည် စိတ်ဝိညာဉ်ရင်းမြစ် နှစ်ခု၊သုံးခု ရောနှော နေသည့် တနည်းအားဖြင့် အစစ်အမှန်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများထက် ကျင့်ကြံခြင်းတွင် အဆင့်တက်တာ ပိုမြန်မည် ဖြစ်၏။ ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများသည် အခြေခံတည်ဆောက်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိလာပါက သူတို့အတွက် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ချိုးဖျက်ရာ၌ အတားအဆီး ရှိလေမည် မဟုတ်ပေ။ ယင်းသို့သော ပါရမီရှင်များသည် အဆင့်တက်ဖို့ မြန်ဆန်လွန်းလှ၍ လူအများကို ဒေါသဖြစ်ကာ သွေးပါအန်စေနိုင်လောက်အောင် ထူးကဲသူများပင်။ အကြောင်းမှာ သူတို့သည် အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ အဆင့်တစ်ဆို့ခြင်းကို မကြုံရဘဲ လွယ်လွယ်ကူကူ ရောက်ရှိနိုင်သူများ မဟုတ်လား။
တစ်ခု သိရမည်မှာ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူဆယ်ယောက်အုပ်စု တစုတွင် အခြေခံတည်ဆောက်ခြင်းအဆင့် အကြီးအကဲတစ်ယောက်၏ အကူအညီဖြင့်ဆို ယင်းအဆင့် ဆယ်ယောက်တွင် တစ်ယောက်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိနိုင်စွမ်း ရှိပေလိမ့်မည်။ သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့် အယောက်တစ်ရာ၌ တစ်ယောက်ပင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို မရောက်ရှိနိုင်ကြပေ။
အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်နိုင်ချေကို ဖော်ပြဖို့ အင်မတန် ခက်ပေ၏။ ထို့ကြောင့်လည်း လူအများသည် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများကို မနာလိုကျတာ ဖြစ်၏။ ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်နှင့် တစုံတစ်ယောက် ပေါ်လာတိုင်း သူတို့ကို အင်မောတယ်ဂိုဏ်းများသည် အသည်းအသန် အပြိုင်အဆိုင် စည်းရုံးကြလိမ့်မည် ဖြစ်၏။ တကယ်တော့ အနာဂတ်၌ သူတို့၏ ဂိုဏ်းများတွင် အမြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲတစ်ယောက် ပိုင်ဆိုင်ရမည် ဆိုပါက သူတို့ဂိုဏ်းများ၏ အင်အားကို ပိုကျစ်လစ်ခိုင်မာစေမည် မဟုတ်ပါလား။
သို့ပေမည့် ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများ ပေါ်ထွက်လာဖို့မှာ အင်မတန် ရှားပါ၏။ နှစ်ရာချီတွင် တစ်ယောက်လောက်သာ ပေါ်လာနိုင်ချေ ရှိ၏။ စိတ်ဝိညာဉ်ရင်းမြစ် လေးခု၊ငါးခု ရောနှောနေသော စိတ်ဝိညာဉ်ရင်းမြစ်အတု၊ စိတ်ဝိညာဉ်နှစ်ခု၊သုံးခု ရောနှောနေသော စိတ်ဝိညာဉ်ရင်းမြစ်အစစ်နှင့် စိတ်ဝိညာဉ်ရင်းမြစ် တစ်ခုတည်း သီးသန့်ဖြစ်သော ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်တို့တွင် မပါဝင်သော တခြားစိတ်ဝိညာဉ်ရင်းမြစ်များလည်း ရှိသေးသည်။ ယင်းတခြား စိတ်ဝိညာဉ်ရင်းမြစ်ကို ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ်ဟု သိကြ၏။
ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ် ဟူသည် စိတ်ဝိညာဉ်ရင်းမြစ်နှစ်ခု သို့မဟုတ် သုံးခု ပေါင်းစပ်ခြင်းကနေ ဆင့်ကဲတိုးတက်လာသော ရင်းမြစ်များ ဖြစ်၏။
ဥပမာအားဖြင့် မြေနှင့်ရေစိတ်ဝိညာဉ်ရင်းမြစ်အရောကို ပိုင်ဆိုင်သူသည် ဆင့်ကဲတိုးတက်မှုကို ကြုံရကာ လျှပ်စီးစိတ်ဝိညာဉ်ရင်းမြစ်အဖြစ်သို့ ပြောင်းလဲသွားခြင်းကိုပင်။ သတ္တုနှင့်ရေ အရော ရင်းမြစ်ကို ပိုင်ဆိုင်သူသည် ရေခဲစိတ်ဝိညာဉ်ရင်းမြစ်အဖြစ်သို့ ပြောင်းလဲသွားတာမျိုးပင်။ ထိုမျှသာမက အမှောင်စိတ်ဝိညာဉ်ရင်းမြစ်၊ လေစိတ်ဝိညာဉ်ရင်းမြစ်နှင့် တခြား မရေမတွက်နိုင်သော ဆင့်ကဲပြောင်းလဲမှု စိတ်ဝိညာဉ်ရင်းမြစ်များပါ ရှိနေပေသည်။
ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများသည် အမြုတေဖွဲ့စည်းခြင်းအဆင့်၌ အတားအဆီး ကြုံရသော်လည်း သူတို့၏ ကျင့်ကြံမှုအမြန်နှုန်းသည် ကောင်းကင်စိတ်ဝိညာဉ်ပိုင်ဆိုင်သူများနှင့် နင်လားငါလားပင်။ ထို့အပြင် ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများသည် သူတို့ ပါရမီနှင့် အံဝင်ခွင်ကျ ဖြစ်သော ကျင့်ကြံခြင်း ပညာရပ်များကိုလည်း ရှာနိုင်စွမ်း ရှိကြ၏။ သို့ဖြစ်၍ သူတို့သည် သူတို့၏ မျိုးဆက်တူများကြား၌ အသန်မာဆုံးသူများ ဖြစ်မှာ သံသယရှိစရာ မလိုပေ။သူတို့က တူညီသောကျင့်ကြံမှုအဆင့်ရှိ ကျင့်ကြံသူသုံးလေးယောက်ကို တစ်ယောက်တည်းဖြင့် တိုက်ခိုက်နိုင်စွမ်း ရှိသူများပင်။
သို့ဖြစ်၍ ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများကိုလည်း အင်မောတယ်ဂိုဏ်းများက အကြီးအကျယ် ကြိုဆိုကြပေသည်။
သို့ပေမည့် အစစ်အမှန်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သော လူသစ်များကို ရှာဖို့အတွက်ပင် အင်မောတယ်ဂိုဏ်းများအတွက် ခေါင်းခဲစရာ ကိစ္စ ဖြစ်နေပေပြီ။ ကောင်းကင်စိတ်ဝိညာဉ်များနှင့်ဆင့်ကဲစိတ်ဝိညာဉ်များဆို ပြောနေဖို့ပင် မလိုတော့ပေ။
အစစ်အမှန်စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများကိုပင် တွေ့မြင်ရဖို့ များများစားစား မရှိပေ။ သို့ဖြစ်၍ တချို့အင်မောတယ်ဂိုဏ်းများသည် စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သူများကို ရှာနိုင်စွမ်း မရှိသည့်အတွက်ကြောင့် တဖြည်းဖြည်းဖြင့် ယုတ်လျော့ ပျက်စီးခြင်း ဆိုက်ခဲ့ရသည်။
ထိုကဲ့သို့ အခြေအနေကြောင့် ကျင့်ကြံသူများသည် စိတ်ဝိညာဉ်ရင်းမြစ်များကို သွေးမျိုးဆက်ကနေ လွှဲပြောင်းပေးနိုင်ဖို့ စူးစမ်းလေ့လာခဲ့ကြ၏။ ယင်းနည်းလမ်းကိုလည်း သူတို့ သိရှိခဲ့ကြသည်။
ဥပမာ စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်သော အမျိုးသား၊သို့မဟုတ် အမျိုးသမီးတစ်ယောက်၌ သူတို့၏ သားသမီးဖြစ်လာမည့် သူများမှာ စိတ်ဝိညာဉ်ရင်းမြစ်ဖြင့် မွေးဖွားလာနိုင်ချေ နှစ်ဆယ့်ငါးရာခိုင်နှုန်း ရှိနေခြင်း ဖြစ်၏။ မိဘနှစ်ပါးလုံးက စိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ပါက သူတို့၏ မွေးဖွားလာသော ကလေး၌ စိတ်ဝိညာဉ်ရင်းမြစ်ကို အမွေဆက်ခံနိုင်ချေ မြင့်မားသည်။
ထိုနည်းလမ်းကို သိရှိခဲ့ပြီးနောက် အကြီးအကဲများက ဂိုဏ်းဝင် လူငယ်လူရွယ်များကို ဖိအားပေးကာ သေမျိုးလောကသို့ အတင်းအကြပ် စေလွှတ်၍ လက်ထပ်ပေါင်းသင်းပြီး အခြေချ နေထိုင်ခိုင်းကြ၏။ သူတို့က သားသမီး ရလာသည့်အခါမှ ဂိုဏ်းကို ပြန်၍ ကျင့်ကြံဖို့ ခွင့်ပြုကြသည်။
ထိုနည်းဖြင့် စိတ်ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်သူများအား ရှာတွေ့နိုင်မည့်နှုန်းသည် များစွာ မြင့်တက်လာမည် မဟုတ်လား။
သို့ဖြစ်၍ ဂိုဏ်းများ၏ ကျင့်ကြံသူမျိုးဆက် ပြတ်လပ်မည့် ပြဿနာကို အတော်အသင့် ဖြေရှင်းနိုင်ခဲ့ပြီဟု ဆိုနိုင်သည်။
အချိန်ကြာလာသည်နှင့်အမျှ စိတ်ဝိညာဉ်ရင်းမြစ်နှင့်လူများ ပိုပိုများပြားလာပြီး ကျင့်ကြံခြင်းဂိုဏ်းများ၊ မိသားစုများ ပေါ်ထွန်းလာပေလိမ့်မည်။
ထိုကျင့်ကြံခြင်းဂိုဏ်းများသည် အဆင့်မြင့်ကျင့်ကြံခြင်း ပညာရပ်များကို မပိုင်ဆိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် သူတို့အတွက် အဆင့်နိမ့်ကျင့်ကြံခြင်း ပညာရပ်များနှင့် နည်းလမ်းများ ပြတ်တောက်သွားရခြင်းကိုတော့ ရင်ဆိုင်ရတော့မည် မဟုတ်ပေ။
သို့ဖြစ်၍ ကျင့်ကြံခြင်းဂိုဏ်းတစ်ခုစီတိုင်း၏ နောက်ကွယ်၌ အစွမ်းထက်အင်မောတယ်ဂိုဏ်းတစ်ခုခု ရှိနေသည်ဟု ဆို၍ ရနိုင်သည်။
ထိုအကြောင်းများကို ရှင်းပြနေရင်း ဝတ်စုံဖြူနှင့်လူငယ်လေးမှာ ကျေနပ်နေ၏။
သူ့စကားများကို နားထောင်နေသော ဟန်လိက စိတ်ပါဝင်စား ရှိလှသည်ကို မြင်ရ၍ သူသည် အတော်လေး ပျော်ရွှင်ကာ သူ သိထားသမျှကို ထိန်ချန်မထားဘဲ ပြောပြခဲ့ပေသည်။ သူက သူ၏ ဗဟုသုတများကို ဟန်လိရှေ့၌ ထုတ်ကြွားချင်နေသည်။
ခရီးအတော်အတန် လျှောက်လာကြပြီးနောက် ဟန်လိသည် မကျေမနပ် ဖြစ်မိ၏။ အကြောင်းမှာ သူ့ထံ၌ ကျင့်ကြံခြင်းလောကနှင့် ပတ်သတ်သည့် ကိစ္စရပ်များကို ပို သိရဖို့အတွက် အချိန်မလုံလောက်သောကြောင့်ပင်။ ဖြစ်နိုင်လျှင် သူသည် လာလမ်းအတိုင်း ရွာကို ပြန်လှည့်ချင်နေ၏။ ထိုမှသာ သည်လူငယ်လေးနှင့် အချိန်ပိုကြာကြာ စကားဆက်ပြောနိုင်မည် ဖြစ်ပြီး ကျင့်ကြံခြင်းလောကနှင့် ပတ်သတ်၍ သူ၏ ဗဟုသုတကို ပိုများအောင် လုပ်နိုင် မည်မဟုတ်လား။ သို့သော် ထိုသို့မဖြစ်နိုင်မှန်း ဟန်လိ သိပေ၏။ သက်ပြင်းချကာ ဟန်လိသည် သူ့ဘေးရှိ လူငယ်လေးကို ကြည့်လိုက်သည်။