← Chapters

ထိုက်နန်တောင် စုဝေးပွဲ

Vol. 10 Ch. 128

ထိုက်နန်တောင် စုဝေးပွဲ

Vol. 10 Ch. 128

“အစ်ကိုက ဘယ်ဂိုဏ်းကလဲ…” ထိုလူငယ်သည် ရှေ့ရှိ သိပ်သည်းသောမြူထုကို စိတ်လှုပ်တရှား ကြည့်ပြီးနောက် တခုခုကို အမှတ်ရသွားဟန်ဖြင့် ဟန်လိဘက် ခေါင်းလှည့်ကာ မေးလိုက်သည်။

ဟန်လိသည် ဒီလူငယ်လေးနှင့် အစောပိုင်းတုန်းက စကားပြောခဲ့သည့်အချိန်၌ ကျင့်ကြံခြင်းလောကတွင် ဂိုဏ်းများ၊ မိသားစုများအပြင် လေလွင့်ကျင့်ကြံသူ အရေအတွက်မှာလည်း မနည်းမနော ရှိကြောင်းကို သဘောပေါက်ခဲ့ပေ၏။

လေလွင့်ကျင့်ကြံသူ အများစုမှာ ရုတ်လျော့ကျဆင်းသွားသော ကျင့်ကြံခြင်းဂိုဏ်းမှ မျိုးဆက်များ ဖြစ်ချင်ဖြစ်၊ သို့မဟုတ် ဟန်လိကဲ့သို့ ကျင့်ကြံခြင်းပညာရပ်တခုခုကို မတော်တဆ ကျင့်ကြံမိပြီး ကျင့်ကြံသူများ၏ လောကသို့ အမှတ်မထင် ဝင်ရောက်လာခဲ့သော သေမျိုးပင်။

ထိုပြိုလဲပျက်စီးသွားသော ကျင့်ကြံခြင်းဂိုဏ်းမှ လေလွင့်ကျင့်ကြံသူများသည် သူတို့၏ အမွေအနှစ်များနှင့်လည်း ကင်းကွာခဲ့ကြလေပြီ။ သို့ဖြစ်၍ သူတို့၏ ကျင့်ကြံမှုအဆင့်သည် ယေဘုယျအားဖြင့် အများဆုံးမှ ချီစုဆောင်းခြင်းအဆင့်တွင်သာ ရှိကြသည်။ ထို့ကြောင့် ကျင့်ကြံခြင်းဂိုဏ်းများသည် လေလွင့်ကျင့်ကြံသူများအပေါ် အထင်အမြင် သေး၏။ သေမျိုးလောက၌ ချမ်းသာသူများက ဆင်းရဲသူများကို အထင်သေးအမြင်သေးဖြင့် ရှုမြင်ကြပုံမျိုးပင်။

“ကျုပ်က ဂိုဏ်းတခုက လာခဲ့တဲ့သူ မဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ကျင့်ကြံခဲ့တာပါ…” ဟန်လိသည် ခဏ စဉ်းစားပြီးနောက် အမှန်တိုင်း ပြောဖို့ ဆုံးဖြတ်လိုက်၏။ တကယ်တော့ တခြားဂိုဏ်းမှ ဂိုဏ်းဝင်တစ်ယောက်အဖြစ် ဟန်ဆောင်ခြင်းသည် ဟန်ဆောင်တာ ပေါ်သွားဖို့ လွယ်ကူလွန်းသည် မဟုတ်လား။

“ဒါဆို ခင်ဗျားက လေလွင့်ကျင့်ကြံသူ တစ်ယောက်ပေါ့…”

လူငယ်သည် မမျှော်လင့်ထားသော်လည်း သူ့မျက်နှာထက်၌ ဟန်လိကို အထင်သေးဟန် အရိပ်အယောင် လုံးဝ မပေါ်သွားပေ။ ထိုအစား သူက အတန်ငယ် အံ့အားသင့်မိရုံသာ။

သူက ဟန်လိကို လှည့်ပတ်၍ သေချာ ကြည့်တော့၏။ သူသည် ရှားပါး အရာဝတ္ထုတစ်ခုကို ကြည့်နေသည့်အလား။

“ညီငယ်လေး…ကျင့်ကြံခြင်းဂိုဏ်းတွေက လေလွင့်ကျင့်ကြံသူတွေကို အထင်အမြင်သေး တတ်ကြတယ်လို့ မင်းပဲ ပြောခဲ့တာမလား…။ အဲ့တာကို မင်းက ခု ဘာလို ပျော်ရွှင်ပုံ ပေါက်နေရတာလဲ…”

ဟန်လိက အံ့အားတသင့် မေးလိုက်၏။

“ဟုတ်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ ဝမ်ဂိုဏ်းကတော့ တခြားဂိုဏ်းတွေနဲ့ မတူဘူး။ ကျုပ်တို့ ဝမ်ဂိုဏ်းက လေလွင့်ကျင့်ကြံသူတွေကို အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်…”

လူငယ်လေးက ဂုဏ်ယူဟန်ဖြင့် ပြန်ဖြေသည်။ သူသည် သူ့ဂိုဏ်း၏ ထုံတမ်းဓလေ့ကို အတော်လေး ဂုဏ်ယူနေသလို ထင်ရသည်။

“ကျုပ်တို့ ဝမ်ဂိုဏ်းရဲ့ ဘိုးဘေးတွေဟာ လေလွင့်ကျင့်ကြံသူတွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့က လုံလောက်အောင် ကံကောင်းတဲ့အတွက် ကျင့်ကြံခြင်းကျောင်းတော် တစ်ခုကို ဝင်ရောက်နိုင်ခဲ့ပြီး ဓားဘီလူးဂိုဏ်းရဲ့ တရားဝင်တပည့်တွေ ဖြစ်လာခဲ့တယ်။ အဲ့တာကြောင့် ကျုပ်တို့ ဝမ်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့အချိန်မှာ လေလွင့်ကျင့်ကြံသူတွေကို နှိမ့်ချမဆက်ဆံဖို့ တားမြစ်ချက် စည်းမျဉ်းတွေကိုပါ သတ်မှတ်ခဲ့တယ်…”

“ဒါပေမဲ့ ကျုပ်တို့လို ဂိုဏ်းတွေဟာ ကျင့်ကြံခြင်းဂိုဏ်းတွေအားလုံးနဲ့ ယှဉ်ရင် အနည်းအကျဉ်းသာ ရှိတယ်။ ဒါ့ကြောင့်လည်း ကျင့်ကြံခြင်းဂိုဏ်းတွေက လေလွင့်ကျင့်ကြံသူတွေကို နှိမ့်ချ ဆက်ဆံတယ်လို့ ဆိုကြတာ ဖြစ်တယ်..”

လူငယ်က ခေါင်းယမ်းကာ ဆက်၍ ရှင်းပြင်သည်။

“အို…ဒီလိုကိုး။ ကြည့်ရတာ ကျုပ်တော့ အတော်လေး ကံကောင်းတဲ့ပုံပဲ။ ပထမဆုံး တွေ့ဆုံမှုမှာတင် လေလွင့်ကျင့်ကြံသူတွေကို အထင်မသေးတဲ့ ဝမ်ဂိုဏ်းက ညီလေးနဲ့ ရေစက်လာစုံရတယ် မဟုတ်လား…”

ဟန်လိသည် တဖက်သူက သူ့ကို လေလွင့်ကျင့်ကြံသူတစ်ယောက်ဟု သိပြီးနောက် တုန့်ပြန်လာသည့်ဟန်ပန်ကို မြင်ရသည့်နောက်တွင် လူငယ်လေးအပေါ် သတိထားနေခြင်းကို လျော့ချလိုက်၏။

“ဒါပေမဲ့…အစ်ကို…။ ဒီထိုက်နန်တောင်ကြားကို လာတဲ့ ခရီးမှာ ခင်ဗျားက ကျင့်ကြံခြင်းလောကအကြောင်း အများကြီး မေးမြန်းခဲ့တယ်။ ဒီတော့ ခင်ဗျားက ခုမှ တောင်ကနေ ထွက်ခွာလာတဲ့ ကျင့်ကြံသူလက်သစ်တစ်ယောက်လား…”

ဟန်လိက သည်စကားကို ကြားသည့်အခါ အနည်းငယ် ပြုံး၍ လူငယ်၏ ပုခုံးကို လက်ဖြင့် ခပ်ဖွဖွ လှမ်းပုတ်ကာ တောင်းပန်သည့်လေသံဖြင့် ပြောလိုက်သည်။ “ကျုပ် ညီလေးကို လိမ်ဖို့ မရည်ရွယ်ထားပါဘူး။ ဒါပေမဲ့ ကျုပ်က ကျင့်ကြံခြင်းလောကကို ခုမှ ဝင်လာခဲ့တာဆိုတော့ ကျုပ်အနေနဲ့ ဝေဝေဝါးဝါး ဖြစ်နေမိတယ်လေ…”

“ကိစ္စမရှိပါဘူး။ ကျုပ် စိတ်ထဲ မထားပါဘူး။ ဒါပေမဲ့ ဒီကအစ်ကိုကြီးက ကျုပ် နာမည်ကို ခေါ်ပြီး ပြောဆို ဆက်ဆံသင့်တယ်မလား။ နောက်ကျရင် ကျုပ်ကို ရှောင်ရှန်းလို့ပဲ ခေါ်နိုင်ပါတယ်…။ ကျုပ် ဘယ်လိုမှ သဘောမထားပါဘူး…”

သည်လူငယ်လေး(ဝါ) ဝမ်ရှောင်ရှန်းသည် ဖော်ရွှေတတ်သောသူမျိုး ဖြစ်တာ သိသာ၏။

“ဟားဟား…ဟုတ်ပါပြီ။ ကျုပ်ကတော့ ဟန်လိပါ။ ကျုပ်က ခုမှ ကျင့်ကြံခြင်းလောကကို ဝင်လာခဲ့တာ အမှန်ပါပဲ။ ညီအစ်ကိုရှောင်းရှန်က ကျုပ်ကို ဂရုစိုက်ပေးဖို့ မျှော်လင့်မိပါတယ်…”

ဟန်လိက ဝမ်ရှောင်ရှန်းအပေါ် ခင်ခင်မင်မင် ဖြစ်မိကာ သူ့လေသံသည် ပို၍ ဖော်ဖော်ရွှေရွှေ ဖြစ်လာ၏။

“ပြဿနာမရှိပါဘူး။ အစ်ကိုဟန် တခုခုနားမလည်တာ ရှိရင် အားမနာဘဲ မေးနိုင်ပါတယ်…။ ဟားဟား ကျုပ်၊ဝမ်ရှောင်ရှန်းက တခြားသူတွေကို ညွှန်ပြ၊ပြောပြ နေရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…”

ဝမ်ရှောင်ရှန်းက ဂုဏ်ယူစွာ ပြောလိုက်၏။

“ကျုပ်မှာ မေးစရာ ရှိတာနဲ့ ရှောင်းရှန်ကို သေချာပေါက် မေးပါ့မယ်။ ဒါပေမဲ့ ကျုပ်တို့ အရင်ဆုံး တောင်ကြားထဲ သွားသင့်တယ် မဟုတ်လား…”

ဟန်လိက အနည်းငယ် ပြုံး၍ ကောင်းကင်ထက်သို့ လက်ညွှန်ပြသည်။

“အားယာ…ကျုပ်တော့ တကယ့်ကိစ္စကို မေ့တော့မလို့…”

ဝမ်ရှောင်ရှန်က ဟန်လိ လက်ညှိုးထိုးပြသော ကောင်းကင်ထံ လှမ်းကြည့်ပြီးနောက် ပျာတိပျာလောင် ထအော်၏။

ထိုလူငယ်က သူ့ကိုယ်ပေါ်၌ ဟိုရှာဒီရှာ လုပ်ကာ ခဏ အလုပ်ရှုပ်သွားပြီးနောက် သူ့အင်္ကျီရင်ဘက်ထဲမှ စက္ကူအဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။

သူက လက်ဟန်အချို့ ပြုလုပ်၊ စာသားအချို့ကို ခပ်တိုးတိုး ရေရွတ်ပြီးနောက် ကောင်းကင်ထက်သို့ ယင်းအဆောင်ကို ပစ်ထည့်လိုက်သည်။ ထိုအဆောင်သည် မီးတန်းအဖြစ်သို့ ပြောင်းကာ သိပ်သည်းသောမြူထုအတွင်း တိုးဝင်သွား၏။ ၎င်းကို ဆက်၍ မြင်ရခြင်း မရှိတော့ပေ။

“အစ်ကိုဟန်…ခဏ စောင့်ပေးအုံး။ ကျုပ်ရဲ့ အချက်ပေးအဆောင်က မကြာခင် တောင်ကြားထဲ ရောက်သွားလိမ့်မယ်။ တောင်ကြားထဲက လူတွေကလည်း မန္တာန်တခု ထုတ်လွှတ်ပြီး အဲ့ကို ရောက်ဖို့ ကျုပ်တို့ကို လမ်းညွှန်ပေးလိမ့်မယ်…”

ဝမ်ရှောင်ရှန်းက ဟန်လိသည် မင်သက်နေသည်ကို မြင်သည့်အခါ သူက ခပ်မြန်မြန် ရှင်းပြ၏။

“အို…ဟုတ်ပါပြီ…” ဟန်လိက သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်ပြသည်။

“အစ်ကိုဟန်လိ၊ ဒီထိုက်နန်တောင်ကြားကို ရောက်လာမှတော့ ခင်ဗျားမှာ အလဲအလှယ်လုပ်ဖို့ ပစ္စည်းကောင်းတချို့ ပါလာမှာ သေချာတယ်…။ ဟုတ်တယ်မလား…။ ဘာပစ္စည်းကောင်းတွေများ ပါလာလဲ ကျုပ်ကို ပြောပါအုံး။ တွန့်တိုမနေပါနဲ့။ ကျုပ် ယူလာခဲ့တဲ့ ပစ္စည်းတွေအကြောင်း အရင်ဆုံး ပြောပြပါ့မယ်…”

“ကျုပ်တော့ အဆင့်နိမ့် စက္ကူလွတ်အဆောင် ဆယ့်နှစ်ခု၊ အဆင့်နိမ့် ကိုယ်ယောင်ဖျောက်ခြင်း အဆောင်နှစ်ခု၊ အဆင့်နိမ့် မြေပေါ်ထွက်ပြေးခြင်း အဆောင်နှစ်ခု၊ အလယ်အလတ်အဆင့် လျှပ်တပြတ်မိုးကြိုးအဆောင်တခု၊ အဆင့်နိမ့် ရေခဲသတ္တုအဆောင်နှစ်ခု၊ အမြှီးသုံးချောင်းကြောင်သားရဲရဲ့ အမွှေးထုပ်တထုပ်နဲ့ ဆေးပင်တွေကို ယူလာခဲ့ပါတယ်…”

ဝမ်ရှောင်ရှန်းက ပါးစပ်အဟောင်းသား ဖြစ်နေသော ဟန်လကို သတိမပြုမိဘဲ သူ ယူလာသော ကျင့်ကြံခြင်းပစ္စည်းပစ္စယများကို လက်ချိုးရေကာ တတွတ်တွတ် ပြောပြနေ၏။

“ကဲ…အခု အစ်ကိုဟန် ပြောပြရမယ့် အလှည့်ပဲ။ အစ်ကိုဟန်…ခင်ဗျား ရုပ်က ဘယ်လို ဖြစ်နေတာလဲ။ မျက်နှာလည်း မကောင်းပါလား…။ ခင်ဗျား…”

ဝမ်ရှောင်ရှန်းက မျက်လုံး ပေကလတ်ပေကလတ် ဖြစ်သွား၏။ သူက ဟန်လိ အဘယ်ကြောင့် နှုတ်ဆိတ်နေသည်ကို နားမလည်နိုင် ဖြစ်သွားပုံရသည်။

“ထိုက်နန်တောင်ကြားထဲ ဝင်ဖို့ အဲ့လိုပစ္စည်းတွေ ကြိုပြင်ဆင်ထားမှ ရမယ်လို့တော့ အစ်ကို့ကို မပြောနဲ့…”

ဟန်လိက စိုးရိမ်ဟန်ဖြင့် ထိုသို့ ဆိုသည်။

“အဲ့လို စည်းမျဉ်းတော့ မရှိပါဘူး…” ဝမ်ရှောင်ရှန်းက ဘွင်းဘွင်းရှင်းရှင်း ပြန်ဖြေ၏။

သည်စကားကိုကြားမှ ဟန်လိသည် မျက်နှာပျက်နေရာကနေ ချက်ခြင်း ကြည်ကြည်သာသာ ပြန်ဖြစ်သွားတော့၏။

“ဒါပေမဲ့လည်း အခု ထိုက်နန်တောင်ကြားကို လာတဲ့သူတွေက ထိုက်နန်စုဝေးပွဲမှာ ပါဝင်ကြမှာ သေချာတယ်။ ဒါ့ကြောင့် ပစ္စည်းကောင်းတွေ မယူလာတဲ့သူ ဘယ်သူရှိပါ့မလဲ။ ဒီစုဝေးပွဲဟာ ငါးနှစ်မှာ တစ်ကြိမ် ရှိတာ။ လန်စီရင်စုရဲ့ ကျုပ်တို့လို လူငယ်မျိုးဆက်တွေအတွက် အချင်းချင်း အရောင်းအဝယ် လုပ်လို့ရတယ်လေ။ အထူးသဖြင့် ကျုပ်တို့ လန်စီရင်စုက ထောက်ပံ့ပေးထားတဲ့ အင်မောတယ်အထက်ဘုံစုဝေးပွဲဟာ ခုက စပြီး တလတိတိ ကျင်းပလိမ့်မယ်။ ဒါ့ကြောင့် ထိုက်နန်စုဝေးပွဲမှာ ပါဝင်ဖို့ ရောက်လာတဲ့သူတွေလည်း မနည်းမနောပဲ။ အစ်ကိုဟန်က ဒီနာမည်ကျော် ထိုက်နန်တောင်ကြားရဲ့ စုဝေးပွဲမှာ မပါဝင်ဘူးလား…”

လူငယ်လေးဝမ်ရှောင်ရှန်းက ထိုသို့ အံ့အားတသင့် ဆိုသည်။ သူက ဟန်လိကို မယုံကြည်နိုင်ဟန်ဖြင့် လှမ်းကြည့်သည်။

ဟန်လိက ခါးသီးစွာ ပြုံးမိ၏။

“ညီလေးရှောင်ရှန်း… ဒီနေရာဟာ ထိုက်နန်တောင်ကြားစုဝေးပွဲ လုပ်တဲ့ နေရာမှန်း ကျုပ် တကယ် မသိခဲ့တာပါ။ ကျုပ်က ဒီနေရာကို အမှတ်မထင် ရှာတွေ့ခဲ့ရုံပဲ။ ကျုပ် ဒီကို လာခဲ့တာ တခြား ကျင့်ကြံသူတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ပဲ။ ကျန်တဲ့ ကိစ္စ မရှိပါဘူး။ ဒါ့ကြောင့် ကျုပ်လည်း အရောင်းအဝယ်လုပ်ဖို့ ပစ္စည်းပစ္စယတွေကို ဘယ်လိုလုပ် ကြိုပြင်ဆင်နိုင်တော့မှာလဲ…”

ဟန်လိက သူ့လက်နှစ်ဖက်ကို ပွတ်ကာ အကူအညီမဲ့စွာ ပြောလိုက်၏။

“ဪ…အဲ့လိုကို။ အစ်ကိုဟန်အတွက် ကံဆိုးတာပဲဗျ။ အစ်ကိုဟန်အနေနဲ့ ဒီကောင်းမွန်လှတဲ့ အခွင့်အရေးကို ဖြုန်းတီးမိပြီပေါ့။ ဘယ်တတ်နိုင်မလဲဗျာ…ခင်ဗျားမှာ ရွေးချယ်စရာမှ မရှိတာ။ ပစ္စည်းကောင်းတွေ မပါလာတဲ့သူတွေအတွက် ဒီအလဲအလှယ်လုပ်မယ့် စုဝေးပွဲမှာ ဘာအခွင့်အရေးမှ ရမှာ မဟုတ်ဘူး…အစ်ကိုဟန်ရေ…”

ဝမ်ရှောင်ရှန်းက စိတ်မကောင်းဟန် အပြည့်ဖြင့် ဟန်လိအစား အခါခါ သက်ပြင်းချနေမိသည်။

“ဒါပေမဲ့လည်း ကျုပ်မှာ အလဲအလှယ်လုပ်နိုင်တဲ့ ပစ္စည်း လုံးလုံး မပါတာတော့ ဘယ်ဟုတ်မလဲ။ အနည်းဆုံးတော့ ကျုပ်မှာလည်း အဆောင်နှစ်ခု ရှိသေးပါတယ်…”

ဟန်လိက ထိုသို့ တွေးကာ စိတ်ထဲကနေ သူ့ကိုယ်သူ လှောင်လိုက်၏။

ထိုအခိုက်တွင် သူတို့နှစ်ယောက်ရှေ့မှ မြူထုသည် ရုတ်တရက် ထက်ပိုင်းကွဲထွက်သွား၏။ လူနှစ်ယောက် ပုခုံးချင်းတိုက်၍ လျှောက်နိုင်သော လမ်းငယ်လေးတစ်ခုလည်း ပေါ်လာသည်။ အကြည့်သပ်သပ်ဖြင့် သည်လမ်းငယ်လေး၏ တခြားအဆုံးကိုတော့ မြင်ရနိုင်မည် မဟုတ်ပေ။ သည်လမ်းက အတော်လေး ရှည်ဝေးမည့်ပုံ ပေါ်၏။

“ကဲ…ကောင်းပြီလေ….ကျုပ်တို့ သွားကြစို့…” ဝမ်ရှောင်းရှန်က ဟန်လိကို ကြည့်၍ ထိုသို့ဆိုကာ ရှေ့ကနေ ရွှင်ရွှင်မြူးမြူးအဖြင့် ခပ်သုတ်သုတ် လှမ်းသွား၏။ သူသည် လမ်းငယ်လေးထဲ ပျောက်ကွယ်သွားသည်။

ဟန်လိသည် ထိုလမ်းငယ်လေးကို ခဏတဖြုတ် ဂရုတစိုက် စူးစမ်းကြည့်သေးသည်။ ထို့နောက် သူလည်း ခပ်မှန်မှန် လှမ်းလာခဲ့သည်။

သည်လမ်းမှာ ရှည်သည်ဟု ထင်ရ၏။ သို့သော် အချိန်ခဏ လျှောက်လာပြီးနောက် သူက လမ်းအဆုံးသို့ ရောက်လာသည်။

သူ့ရှေ့၌ အစိမ်းရောင်တောင်ကြားတစ်ခု ပေါ်လာသည်။ ထိုတောင်ကြား၏ သုံးဘက်သုံးလံတွင် တောင်များ ကာဆီးထား၏။ တခုတည်းသော ဝင်ပေါက်မှာ ဟန်လိ ဝင်လာခဲ့သော မြူများသိပ်သည်းနေသော နေရာပင်။

သည်တောင်ကြားအတွင်းမှာ ကျယ်ပြော၏။ အကျယ်အဝန်း ဆယ့်ခြောက်ခွဲဧကထက် မနည်း ရှိလေမည်။ ဤနေရာ၌ လူများ ဝင်လိုက်၊ထွက်လိုက် ရှိနေသော ကျောက်စိမ်းအဆောက်အအုံတစ်ခုလည်း ရှိနေသည်။

ထိုအဆောက်အအုံ၏ရှေ့ကွက်လပ်၌ လူအများအပြား ရှိနေသည်။ ထိုနေရာ၌ ဆိုင်ခန်းငယ်များစွာ ရှိနေကာ အရောင်းအဝယ် ပြုလုပ်နေသည်။ ဟန်လိက ယာယီဆောက်လုပ်ထားသော ဆိုင်တစ်ခု၏ရှေ့၌ လူတစ်ယောက်စ၊နှစ်ယောက်စကိုလည်း တွေ့မြင်ရသည်။ သူတို့က တချို့အရာများကို ကြည့်နေခြင်း၊ သို့မဟုတ် မေးခွန်းအချို့ မေးမြန်းနေခြင်းကို ပြုလုပ်နေ၏။ သို့သော် ဟန်လိသည် အရောင်းအဝယ်တည့်သွားသော သူများကိုမူ သိပ်မတွေ့မိပေ။

ထိုသည်ကို မြင်သည့်အခါ ဟန်လိမှာ အသက်ခပ်ပြင်းပြင်း ရှိုက်သွင်းမိသည်။ ဤကား ကျင့်ကြံသူများ၏ လောကမဟုတ်လား။ ဒီနေရာရှိ လူအားလုံးမှာ ကျင့်ကြံသူများပင်။ ကျင့်ကြံသူများစွာကို တပြိုင်တည်း မြင်ရခြင်းက ဟန်လိကို မိန်းမောမိသွားစေသည်။

သူက ဖြေးဖြေးလေးလေး ခေါင်းယမ်းကာ သူ့စိတ်ကို အနည်းငယ် ရှင်းသွားအောင် လုပ်၏။ သူက သူ့ကိုယ်သူ ဒီကျင့်ကြံသူများ၏ အံ့အားသင့်ဖွယ်လောကသို့ ဝင်ရောက်ချင်သူဟု အဆက်မပြတ် သတိပေးနေသည်။ သည်နေရာရှိ လူများက သူ့ကို လွယ်လင့်တကူ ရှင်းပစ်နိုင်သည်ဟု သူ ခံစားမိ၏။ သို့အတွက် သူသည် ပို၍ သတိထားရမည်၊ နှိမ့်ချနေထိုင်ရပေမည်။

ယင်းသို့တွေးကာ ဟန်လိက ခေါင်းလှည့်ကာ အနောက်ကို ပြန်ကြည့်၏။ သူ ဝင်လာခဲ့သော လမ်းငယ်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပေပြီ။ ထို့နောက် သူသည် ထင်ထင်ရှားရှားရှိသော စင်မြင့်တစ်ခုထံ လှမ်းသွားဖို့ ခြေလှမ်း ပြင်တော့သည်။

All Chapters