အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခြင်း
Vol. 10 Ch. 130
“ညီအစ်ကို…ဒီမှာ တစ်ယောက်တည်း ဘာကြောင့် စောင့်နေတာလဲ။ အသိတစ်ယောက်ယောက်ကိုများ စောင့်နေတာလား…” ဟန်လိနောက်မှ ကြည်လင်ပြတ်သားသောအသံ တသံ ထွက်ပေါ်လာ၏။
ဟန်လိသည် ဖြည်းဖြည်းချင်း ခေါင်းလှည့်ကြည့်လိုက်သည်။ သူက သူနှင့် မလှမ်းမကမ်းတွင် ရပ်နေသော လူခြောက်ယောက်၊ ခုနစ်ယောက်ကို လှမ်းမြင်၏။ သူ့အား စကားဆိုလိုက်သူမှာ အသက်နှစ်ဆယ့်ခုနစ်၊ နှစ်ဆယ့်ရှစ်လောက် ရှိမည့် ကျင့်ကြံသူတစ်ယောက်ပင်။ ထိုသူက တာအိုဝတ်ရုံကို ဝတ်ဆင်ထား၏။ ဖြူရောသောမျက်နှာနှင့် ပုံမှန်ရုပ်သွင်ကို ပိုင်ဆိုင်ထား၏။ သူသည် လက်ထဲ၌ မြင်းမွှေးခလောက်တံကို ကိုင်ဆောင်ထားပြီး ဟန်လိကို ပြုံး၍ ကြည့်နေသည်။
“တာအိုရသေ့က ကျုပ်နဲ့ ဘာကိစ္စများ ရှိလို့ပါလဲ…” ဟန်လိသည် တဖက်လူက ဘာာကြောင့် သူ့ကို မေးခွန်းများ လာမေးနေသည်ကို နားမလည်ပေ။ သူက တန်ပြန်၍ မေးလိုက်၏။
“ဟားဟား…အထင်မလွဲပါနဲ့။ ကျုပ်က ညီအစ်ကိုကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ စကားလာပြောတာ မဟုတ်ပါဘူး။ ကျုပ်တို့က ခင်ဗျားတစ်ယောက်တည်း အရာရာကိုသိချင်တဲ့ပုံစံနဲ့ ရပ်နေတာ တွေ့လို့လေ။ ဒါ့ကြောင့် ခင်ဗျားက ဒီစုဝေးပွဲကို တကိုယ်တည်း လာတတ်တဲ့ လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ထင်မိတာ။ ကျုပ်တို့အားလုံးကလည်း ခင်ဗျားလို လေလွင့်ကျင့်ကြံသူတွေပဲလေ…”
တာအိုရသေ့က စေတနာပါသောအသွင်ဟန်ပန်ဖြင့် ရှင်းပြလာသည်။
“ခင်ဗျားတို့အားလုံးကလည်း လေလွင့်ကျင့်ကြံသူတွေလား…” ဟန်လိသည် အတန်ငယ် အံ့အားသင့်မိသွား၏။
“အဟုတ်ပဲ။ ညီအစ်ကိုက လေလွင့်ကျင့်ကြံသူ ဖြစ်ခဲ့ရင်တော့ ကျုပ်တို့နဲ့ အတူတူရှိတာ အကောင်းဆုံးပဲ။ ဒီနည်းနဲ့ အခု စုဝေးပွဲ ကျင်းပတဲ့အချိန်အတွင်း တစ်ယောက်နဲ့တစ်ယောက် ဖေးမကြည့်ရှုနိုင်စွမ်း ရှိလိမ့်မယ်…”
ယင်းစကားများကို ပြောလာသူမှာ နူးညံ့လှပသောမျက်နှာပိုင်ရှင် အမျိုးသမီးတစ်ယောက်ပင်။ သို့သော် သူ့မျက်နှာထက်တွင်မူ အမာရွတ်တစ်ခု ရှိနေသည်။ သူမဘေး၌ မုတ်ဆိတ်မွှေးဖြင့်လူတစ်ယောက် ရှိနေ၏။ ထိုသူက ဓားပြားကြီးကို ကျော၌ လွဲထား၏။ သူတို့နှစ်ယောက်သည် လင်မယားများ ဖြစ်ပုံရသည်။
“ဟုတ်တယ်။ ဒီစုဝေးပွဲကို လာခဲ့တဲ့ လေလွင့်ကျင့်ကြံသူတွေဟာ တခြားဂိုဏ်းကြီးတွေက သူတွေရဲ အရှက်ခွဲတာ၊ နှိမ့်ချတာကို ခံရလေ့ ရှိတယ်။ အကြောင်းကတော့ လေလွင့်ကျင့်ကြံသူတွေဟာ အားနည်းလွန်းကြလို့လေ…”
တာအိုရသေ့က အလေးအနက် ပြောလိုက်သည်။
ထိုစကားမျာားကို ကြားသည့်အခါ ဟန်လိသည် တဖက်သူများ၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။
သည်လေလွင့်ကျင့်ကြံသူ အုပ်စုက စုဝေးပွဲအတွင်း တခြားဂိုဏ်းများမှ သူများ၏ အနိုင်ကျင်တာ ခံရမည်ကို စိုးရိမ်နေကြ၏။ သို့ဖြစ်၍ သူတို့သည် အတူတူ ပူးပေါင်းကာ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဖို့ အုပ်စုငယ်လေးအဖြစ် ရှိနေကြခြင်းပင်။ ယင်းအတွက်ကြောင့် သူတို့သည် လေလွင့်ကျင့်ကြံသူများကို ရှာဖွေနေခြင်း ဖြစ်၏။
တဖက်သူ၏ ရည်ရွယ်ချက်မှာ ရှင်းနေမှတော့ ဟန်လိက သည်လို ကောင်းမွန်သော ရည်ရွယ်ချက်ကို မငြင်းဆန်တော့ပေ။ တကယ်တော့ သူ့အတွက်လည်း အုပ်စုငယ်တစ်ခုခုထံ ယာယီဝင်ရောက်ဖို့ အမှန်တကယ် လိုအပ်နေသည် မဟုတ်လား။
သို့သော် သူက တဖက်လူများကို သေချာ မေးမြန်းပြီးမှ ထိုသူများနှင့် စိတ်အေးလက်အေး ပူးပေါင်းနိုင်မည် ဖြစ်၏။
“ခင်ဗျားတို့က ကျုပ်ကို လာရှာမှတော့ ကျုပ်လည်း ကွယ်ဝှက်ထားစရာ မရှိပါဘူး။ ကျုပ်လည်း လေလွင့်ကျင့်ကြံသူတစ်ယောက်ဆိုတာ အမှန်ပါ။ ဒါပေမဲ့ ခင်ဗျားတို့က ခင်ဗျားတို့အုပ်စုငယ်ထဲ ကျုပ်ကို ဝင်စေချင်ရင် ပထမဆုံး ဘယ်သူဘယ်ဝါဆိုတာ ပြောပြအုံး။ ပြီးရင် ဒီအုပ်စုထဲ ဝင်ဖို့အတွက် ကျုပ်အနေနဲ့ လုပ်ဆောင်ပေးရမယ့် အရာတွေကိုလည်း ပြောပြအုံး…”
ဟန်လိသည် သူ့ကိုယ်သူ လေလွင့်ကျင့်ကြံသူဟု ချက်ခြင်း ဝန်ခံသည်။ သို့သော် သူ့ရှေ့မှ လူများက ကျေနပ်ပျော်ရွှင်သွားဟန် အမူအရာများ ပြသလာချိန်တွင် သူက သူ့တောင်းဆိုမှုကိုပါ တခါတည်း ပြောလိုက်ပေသည်။
“ကြည့်ရတာ ညီအစ်ကိုက နားလည်မှု နဲနဲ လွဲနေသေးတဲ့ပုံပဲ။ ကိစ္စမရှိပါဘူးလေ။ တခြားသူတွေလည်း ဒီလို ပူးပေါင်းခဲ့တဲ့အချိန်တုန်းက ညီအစ်ကို ပြောခဲ့သလိုမျိုး အလားတူပဲ ပြောဆိုခဲ့ကြတယ်…”
တာအိုရသေ့နှင့် တခြားသူများသည် ဟန်လိ၏ စကားကို ကြားသည့်အခါ သူတို့သည် မကျေမနပ် ဖြစ်သွားဟန် မရှိ၊ ထိုအစား သူတို့က တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြ၏။ ထို့နောက်တွင် တာအိုရသေ့က စကားဆက်လာသည်။
“ကျုပ် ဒီမိတ်ဆွေတွေနဲ့ တစ်ယောက်ချင်း မိတ်ဆက်ပေးပါ့မယ်…”
တာအိုရသေ့က လေလွင့်ကျင့်ကြံသူများထံ လက်ညှိုးထိုးကာ ဟန်လိကို ပြုံး၍ ပြောလိုက်၏။
“ဒီနှစ်ယောက်ကတော့ ဝံပုလွေတောင်တန်းတွေက သွေးသောက်ညီအစ်ကိုဖြစ်တဲ့ ဟိုင်းမူနဲ့ ဟိုင်းကျင်တို့ပဲ..” တာအိုရသေ့သည် လူငယ်နှစ်ယောက်ထံ လက်ညှိုးထိုးကာ တည်တည်ငြိမ်ငြိမ်ဖြင့် သူတို့ကို ဟန်လိနှင့် မိတ်ဆက်ပေးသည်။
ထိုနှစ်ယောက်က ဟန်လိကို လက်သီးဆုပ်ကာ နှုတ်ဆက်ကြ၏။ ဟန်လိကလည်း အလားတူ ပြန်လည် နှုတ်ဆက်သည်။
“သူကတော့ ကြာပန်းပျံလှိုဏ်ဂူက ဟုန်လျန်။ သူကတော့ ပုလုတောင်ရဲ့ အရှင်ကူးဆန်…”
သည်တကြိမ်၌ တာအိုရသေ့က သာမန်ရုပ်သွင်ရှိသော အမျိုးသမီးငယ်တစ်ယောက်နှင့် လူကောင်သေးသေး ဘုန်းကြီးတပါးတို့ကို မိတ်ဆက်ပေးသည်။
“သူတို့ကတော့…”
“ကျမတို့ကတော့ ရေကောင်းကင်ရွာက စုံတွဲဖြစ်တဲ့ ဟူပိုင်ကူးနဲ့ ရှောင်းတလီတို့ပါ…”
တာအိုရသေ့က အမျိုးသမီးငယ်နှင့် မုတ်ဆိတ်လူတို့ကို လက်ညှိုးထိုးချိန်၌ အမျိုးသမီးငယ်ဖြစ်သူသည် ရယ်ကာမောကာဖြင့် သူတို့ကိုယ်သူတို့ မိတ်ဆက်၏။
တာအိုရသေ့သည် သူ စကားပြောနေတာ နှောက်ယှက်ခံရသဖြင့် စိတ်ထဲမထားပေ။ သူက တည်တည်ငြိမ်ငြိမ်ပင် ရယ်မောလိုက်သေး၏။
“ဒီနိမ့်ကျတဲ့ ကျုပ်ကတော့ နွားထီးတောင်က ကောရှန်းပါ။ ကျုပ် တာအိုနာမည်ကတော့ ချင်းဝမ်။ ဟားဟား…ဒီချင်းဝမ်က ဒီအုပ်စုငယ်ကို ဖွဲ့စည်းသူလည်း ဟုတ်ပါတယ်။ ခုလက်ရှိ ခေါင်းဆောင်နေရာလည်း ယူထားပါတယ်။ ဒါပေမဲ့ ဒီနိမ့်ကျတဲ့ ချင်းဝမ်က ဘယ်သူ့ကိုမျှ အမိန့်ပေးမှာ မဟုတ်ပါဘူး…”
နောက်ဆုံး၌ တာအိုရသေ့ချင်းဝမ်က သူ့ကိုယ်သူ နှိမ့်ချကာ မိတ်ဆက်သည်။ သည်အုပ်စုငယ်၏ ယေဘုယျအနေအထားကိုလည်း ပြောပြလိုက်၏။
ထိုတာအိုရသေ့ချင်းဝမ်သည် ဟိတ်ဟန်လည်း အတော်အသင့်ကောင်း၏။ သည်လူက မဆိုးလှပုံ ပေါ်သည်။
ထို့အပြင် တဖက်သူများ၏ မှော်စွမ်းအားက အားမနည်ကြပုံ ပေါ်၏။ သူတို့ထဲမှ အများစုသည် ထာဝရနွေဦးပညာရပ်၏ အဆင့်ခုနစ်၊ သို့မဟုတ် အဆင့်ရှစ်လောက်နှင့် ညီမျှသော ခွန်အားကို ပိုင်ဆိုင်ထား၏။ တာအိုရသေ့ချင်းဝမ်ဆို ပို၍ပင် အစွမ်းထက်မည့်ပုံ ပေါ်၏။ သူသည် ကျားယွမ်မြို့ရှိ စားသောက်ဆိုင်၌ ဟန်လိတွေ့ခဲ့ဖူးသော အပြာရောင်ဝတ်စုံဖြင့်လူ၏ အဆင့်လောက် မရောက်သေးသော်လည်း ဟန်လိထက်မူ များစွာ ပိုသန်မာနိုင်သည်။
ဟန်လိက ခဏတဖြုတ် စဉ်းစားပြီးနောက် ထိုသူများနှင့် ပူးပေါင်းခြင်းသည် ကောင်းကျိုးသာ ရှိနိုင်ပြီး ဆိုးကျိုးမရှိလောက်ဟု ခံစားမိ၏။ ထို့နောက် သူက ပြောလိုက်သည်။ “လူတိုင်းက လေလွင့်ကျင့်ကြံသူတွေ ဖြစ်ပြီး အုပ်စုရဲ့ ကိစ္စဝိစ္စတွေကိုလည်း ကောင်းကောင်း ကိုင်တွယ်နိုင်မှတော့ ကျုပ်၊ ဟန်လိလည်း ခင်ဗျားတို့နဲ့ ဒီစုဝေးပွဲကာလမှာ ပူးပေါင်းချင်ပါတယ်…”
“သိပ်ကောင်းတယ်…ညီအစ်ကိုဟန်။ ခင်ဗျား ပူးပေါင်းလာတော့ ကျုပ်တို့အုပ်စုရဲ့ ခွန်အားလည်း ထပ်တိုးတာပေါ့…” တာအိုရသေ့ချင်းဝမ်က ဟန်လိ၏ စကားကို ကြားသည့်အခါ သူသည် ချက်ခြင်းပင် ဝမ်းမြောက်ဝမ်းသာလေသံဖြင့် တုန့်ပြန်၏။
တခြားသူများကလည်း ပျော်ရွှင်သည့်ဟန်ပန် ပြသကြသည်။ တကယ်တော့ ဟန်လိ၏ မှော်စွမ်းအားသည် အားနည်းသည့်ပုံ မပေါ်ပေ။ သူတို့အတွက် အကူအညီ ဖြစ်စေနိုင်သည် မဟုတ်လား။
“ကျုပ်တို့ အုပ်စုက ဒီမှာ ရှိတဲ့ လူတွေလောက်ပဲလား…” ဟန်လိက ဘေးဘီဝဲယာကို ကြည့်ကာ မေးလိုက်၏။
“နောက် နှစ်ယောက် ရှိသေးတယ်။ တစ်ယောက်က အခုလက်ရှိ အခန်းထဲမှာ အိမ်နေတယ်။ တခြားတစ်ယောက်ကတော့ ဟိုဒီလျှောက်သွားနေတယ်…”
ဟူပိုင်ကူးက သူမ၏နှုတ်ခမ်းကို တွန့်ကွေးကာ ဖြေလိုက်၏။ ကြည့်ရသည်မှာ သူမသည် ဒီနေရာတွင် ရှိမနေသော အဖွဲ့ဝင်နှစ်ယောက်အပေါ် အမြင်သိပ်မကြည့်ပုံ ရ၏။
“အမျိုးသမီးဟူ ပြောသလောက်လည်း မဆိုးပါဘူးလေ။ တစ်ယောက်က နည်းနည်း အိပ်ရေးမက်တာပါ။ နောက်တစ်ယောက်ကလည်း ပျော်ပျော်နေတတ်တာပါ…”
ဘုန်းကြီးငယ်က ထိုနှစ်ယောက်အစား ခွန်းတုန့်ပြန်ကာ ကြားဝင်ပြောလိုက်၏။
“ရှင်…” ဟူပိုင်ကူးက ဘုန်းကြီးကူးဆန်၏ စကားများအပေါ် အနည်းငယ် မကျေမနပ် ဖြစ်သွားမိ၏။ သူမက ခွန်းတုန့်ထပ်ပြန်ရန် ဟန်ပြင်လိုက်သည်။
“ကဲ…တောက်လောက်ပြီ။ လူတိုင်းပဲ အငြင်းပွားမနေကြတော့နဲ့။ တကယ်တော့ လူတိုင်းက သဘောတူညီမှုတစ်ခုအတွက်နဲ့ ပူးပေါင်းခဲ့ကြတာ မလား။ ကျုပ်တို့က ပြင်ပရန်ကို ရင်ဆိုင်ရတဲ့အချိန်မှာသာ ကျုပ်တို့အားလုံး စည်းလုံးပြီး အမိန့်နာခံကြရမှာ ဖြစ်တယ်။ ကျန်တဲ့အချိန်တွေမှာ ကျုပ်တို့အားလုံး ကိုယ်ဆန္ဒရှိတာ ကိုယ်လုပ်နိုင်တာပဲ…”
တာအိုရသေ့ချင်းဝမ်က ကြားဝင်ကာ အလယ်သို့ လျှောက်လာပြီး ထိုသို့ ပြောသည်။
အမျိုးသမီးဟူသည် စိတ်မပျော်မရွှင် ဖြစ်သွားသော်လည်း သူမက ဆက်၍ အရစ်ရှည်မနေတော့ပေ။ တကယ်တော့ တာအိုရသေ့ချင်းဝမ်၏ ခွန်အားက အတော်လေး ကောင်းမွန်၏။ အစွမ်းထက်၏။ ထို့ကြောင့် သူမသည် သူ့ကို မျက်နှာသာ ပေးရမည်သာ။
“ညနေကျရင်တော့ ညီအစ်ကိုဟန်လည်း အဲ့နှစ်ယောက်နဲ့ တွေ့ရမှာပါ။ ကျုပ် သူတို့နဲ့ မိတ်ဆက်ပေးမယ်။ အဲ့နှစ်ယောက်က တကယ်ပဲ ခပ်ရှုပ်ရှုပ်နိုင်တာတော့ အမှန်ပဲ…”
တာအိုရသေ့က အကူအညီမဲ့သည့်ဟန်ပန် ဖြစ်နေ၏။ ကြည့်ရသည်မှာ ထိုနှစ်ယောက်သည် အတော်လေး ပြဿနာ ရှိပုံ ပေါ်၏။
ဟန်လိက ဤသည်ကို မြင်သည့်အခါ ထိုနှစ်ယောက်ကို အတော်လေး စိတ်ဝင်စားမိသွား၏။
သည့်နောက်မှာ တာအိုရသေ့ချင်းဝမ်က ဟန်လိကို သူတို့နှင့်အတူတူ လိုက်ပါမည်လား သို့မဟုတ် တကိုယ်တည်း သွားချင်လာချင်သေးလားဟု မေးမြန်း၏။
ဟန်လိက ဒုတိယတစ်ခုကို ရွေးချယ်၏။ သို့အတွက် တာအိုရသေ့ချင်းဝမ်မှာ အံ့အားမသင့်သွားပေ။ အကြောင်းမှာ ခုမှ ထိုက်နန်တောင်ကြားသို့ ရောက်လာသူများသည် သိချင်စိတ်၊စူးစမ်းချင်စိတ် ဖြစ်နေအုံးမှာ မဟုတ်လား။ သူတို့က တကိုယ်တည်း စိတ်ကြိုက်နေရာများထံ ပို၍ သွားချင်လိမ့်မည်သာ။
တာအိုရသေ့ချင်းဝမ်က အတော်လေး အလိုက်သိတတ်သူပင်။ ဟန်လိနှင့် တချို့အကြောင်းအရာများ ထွေရာလေးပါး ပြောပြီးနောက် သူက ဟန်လိကို အဆောင်တစ်ခု ပေးလိုက်၏။
သူက အဆောက်အအုံငယ်တစ်ခု၏ ခေါင်းစီးအမည်ကို လက်ညှိုးထိုးပြကာ ထိုအဆောက်အုံသည် သူတို့နေထိုင်နေသော နေရာဟု ဟန်လိကို ပြောပြ၏။ ဟန်လိကို သူ ပေးလိုက်သော အဆောင်မှာ ထိုအဆောက်အအုံငယ်၏ အတားအဆီးမန္တာန်ကို ဖွင့်လှစ်၍ ရသော သော့ဖြစ်၏။ ဟန်လိ ဒီတောင်ကြားထဲ၌ ဟိုဟိုဒီဒီ သွားလာပြီးနောက် ပင်ပန်းသည့်အခါ ၎င်းအဆောက်အအုံငယ်သို့ ပြန်၍ အနားယူနိုင်မည် ဖြစ်သည်။
ထိုသူများက ဟန်လိကို နှုတ်ဆက်ပြီးနောက် မှိန်ဖျော့ဖျော့အလင်းအောက်တွင် ပျောက်ကွယ်သွားကြ၏။ သူတို့သည် သူ့ကို ချန်ထားခဲ့ကာ တခြား လေလွင့်ကျင့်ကြံသူများကို ဆက်၍ သွားရှာလေသလားကိုမူ မသိရပေ။
ဟန်လိက သူ့လက်ထဲရှိ အဆောင်ကို ငုံ့၍ ကြည့်လိုက်၏။ ထိုအဝါရောင်အဆောက်ပေါ်၌ ငွေရောင်အလင်းတောက်တောက်တစ်ခု ရှိနေ၏။ ၎င်းမှာ သူ အာရုံခံနိုင်စွမ်းမရှိသော အဆောင်မန္တာန်တစ်ခုပင်။ ဟန်လိက တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်ပြီးနောက် ခပ်ရေးရေး ပြုံးလိုက်၏။
သူက ထိုစက္ကူအဆောင်ကို ခေါက်ကာ သူ့အင်္ကျီရင်ဘက်ထဲ ထည့်သိမ်းလိုက်၏။ ထို့နောက်သူသည် တာအိုရသေ့ချင်းဝမ်တို့ ပျောက်သွားသော အရပ်ထံ လှမ်းကြည့်ပြီးနောက် တဖက်သို့ လှည့်ကာ ရောင်းဝယ်ဖောက်ကားနေသော ကွက်လပ်ထံ ခပ်သွက်သွက် လျှောက်လာတော့သည်။
ထိုဝန်းထဲ ဝင်လာသည့်နောက် ဟန်လိက တခြားကျင့်ကြံသူများကဲ့သို့ ဖြစ်လာ၏။ သူက ဖြည်းဖြည်းချင်း လျှောက်လာပြီး ဆိုင်ခန်း တခုချင်းစီပေါ်ရှိ ပစ္စည်းကောင်းများကို သေချာ ကြည့်လေ၏။
အစောပိုင်းလေးတုန်းက တာအိုရသေ့ချင်းဝမ်၏ ပြောပြချက်အရ သည်ရောင်းဝယ်သူများမှာ ယေဘုယျအားဖြင့် နည်းလမ်းနှစ်ခုကို အသုံးပြုကြသည် ဟူ၍ပင်။
ပထမနည်းလမ်းမှာ ပစ္စည်းချင်း လဲလှယ်တာ ဖြစ်၏။ တချို့ ကျင့်ကြံသူများက သူတို့အတွက် မလိုအပ်သော ပစ္စည်းကောင်းအချို့ကို သူတို့လိုအပ်သော တခြားသူများထံမှ ပစ္စည်းကောင်းများဖြင့် အလဲအလှယ် ပြုတတ်ကြ၏။ သို့ဖြစ်၍ ယာယီဆိုင်ခန်း လာဖွင့်ထားသူတိုင်းမှာ ရက်အတော်အတန်ကြာသည့်အထိ အောင်အောင်မြင်မြင် အရောင်းအဝယ် မတည့်ကြသေးတာ များ၏။ ထိုသည်က ဖြစ်နေကျပင်။