စိတ်ဝိညာဉ်ကျောက်တုံးနှင့် စိတ်ဝိညာဉ်အဆောင်
Vol. 10 Ch. 131
နောက်ထပ် လူသုံးများသော နည်းလမ်းမှာ စိတ်ဝိညာဉ်ကျောက်တုံးများကို ကျင့်ကြံသူများကြား ပစ္စည်းများ ရောင်းဝယ်ဖို့ ငွေကြေးအဖြစ် အသုံးပြုခြင်းပင်။
စိတ်ဝိညာဉ်ကျောက်တုံးဟူသော အမည်အားဖြင့် ၎င်းမှာ လောက၏ စိတ်ဝိညာဉ်ချီများ ပြည့်နေသော ကျောက်တုံးအမျိုးအစားပင်။ စိတ်ဝိညာဉ်ကျောက်တုံးများသည် ကျင့်ကြံသူများအတွက် ကြီးစွာသော အထောက်အပံ့ကို ပေး၏။
ကျင့်ကြံသူတစ်ယောက်သည် စိတ်ဝိညာဉ်ကျောက်တုံးအတွင်းမှ ချီကို ပညာရပ်တစ်ခု ကျင့်ကြံနေစဉ်အတွင်း အသုံးပြုပါက သူ၏ ကျင့်ကြံမှုအမြန်နှုန်းသည် အံ့အားသင့်ဖွယ်ကောင်းအောင် ပိုမြန်လိမ့်မည်။
သို့ပေမည့် ဤသည်မှာ စိတ်ဝိညာဉ်ကျောက်တုံး၏ အကြီးမားဆုံး အကျိုးသက်ရောက်မှု မဟုတ်ပေ။ ၎င်းကို မှော်ပညာရပ်များ ဖော်ထုတ်ရာတွင်လည်းကောင်း၊ အစီအရင်တစ်ခု ချခင်းရာ၌လည်းကောင်း အသုံးပြုတာ ဖြစ်၏။ ဤသည်မှာ ၎င်းကျောက်တုံး၏ အရေးကြီးဆုံးအသုံးဝင်မှုပင်။
အဆင့်မြင့်အစီအရင်တစ်ခု အောင်အောင်မြင်မြင် ချခင်းနိုင်ခြင်း၊ အကျိုးသက်ရောက်မှု ရှိစေခြင်းတို့၌ အနှီစိတ်ဝိညာဉ်ကျောက်တုံးများ အသုံးပြုထားသည့်အပေါ် မူတည်သည်။ စိတ်ဝိညာဉ်ကျောက်တုံးကောင်းတစ်ခုသည် အစီအရင် အောင်မြင်မှုနှုန်းကို အာမခံချက် ပေးရုံသာမက ၎င်း၏စွမ်းအားကိုပါ တိုက်ရိုက် တိုးတက်အောင် ပြုလုပ်နိုင်သည်။
သို့ပေမည့် မှော်ပညာရပ်များတွင် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုခြင်းက အစီအရင်များ ချခင်းခြင်းထက် များစွာ ပို၏။ အကြောင်းမှာ ကျင့်ကြံသူတစ်ယောက်သည် သူ ထုတ်ဖော်လိုက်သော မှော်ပညာရပ်၏ သက်ရောက်မှုကို ဆုံးဖြတ်ဖို့အတွက် သူ၏ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်၌ မူတည်သောကြောင့်ပင်။ ကျင့်ကြံသူတစ်ယောက်က သူ့လက်ထဲ၌ စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုကို ကိုင်၍ မန္တာန်တစ်ခုကို ထုတ်ဖော်ပါက ယင်းကျောက်တုံးသည် မန္တာန်ထုတ်ဖော်ရာ၌ ကုန်ဆုံးသွားသော သူ၏ စွမ်းအားကို ဖြည့်တင်းပေးနိုင်၏။ သို့ဖြစ်၍ စိတ်ဝိညာဉ်ကျောက်တုံးသည် မူလတုန်းက အသုံးပြုနိုင်စွမ်း မရှိသော မှော်ပညာရပ်များကို အသုံးပြုလာနိုင်အောင် ထောက်ပံ့ပေးနိုင်စွမ်း ရှိနေသည်။
ထို့ကြောင့် အနှီစိတ်ဝိညာဉ်ကျောက်တုံးများသည် ကျင့်ကြံသူများကို အားနည်းသော အနေအထားကနေ အနိုင်ရသူအဖြစ် ပြောင်းလဲပေးနိုင်စွမ်း ရှိသော အရာတစ်ခု ဖြစ်လာခဲ့သည်။ ယင်းတို့သည် ကျင့်ကြံသူတစ်ယောက်၏ ကုန်ဆုံးသွားသော စွမ်းအားများကို အလျင်အမြန် ပြန်ဖြည့်တင်းပေးနိုင်သည်။ သို့ဖြစ်၍ တိုက်ပွဲအတွင်း ကျင့်ကြံသူတစ်ယောက်၏ အသက်ရှင်နိုင်ဖို့ အခွင့်အရေးများကို ဝုန်းဒိုင်းကြဲ ထိုးတက်သွားစေနိုင်သည် မဟုတ်လား။
စိတ်ဝိညာဉ်ကျောက်တုံးများမှာ များစွာ အသုံးဝင်မှု၊ အံ့အားသင့်ဖွယ် အကျိုးသက်ရောက်မှုတို့ကို ပိုင်ဆိုင်ကြသည်၏။ ယင်းကြောင့် ၎င်းတို့၏တန်ဖိုးမှာလည်း မြင့်မားပေသည်။
သို့သော် စိတ်ဝိညာဉ်ကျောက်တုံးများ၏ အသုံးတည့်မှုများကြောင့် လူအများက ၎င်းတို့ကို အလျှံအပယ် ထုတ်ယူကြသဖြင့် ၎င်းတို့၏ စိတ်ဝိညာဉ်သွေးကြောများကို ပျက်စီးစေခဲ့၏။ ထို့ကြောင့် ခုလက်ရှိ ကျင့်ကြံခြင်းလောက၌ စိတ်ဝိညာဉ်ကျောက်တုံးများသည် တန်ဖိုးရှိသော၊ လူတိုင်း မပိုင်ဆိုင်နိုင်သောအရာများ ဖြစ်လာခဲ့ပေသည်။ ၎င်းသည် ကျင့်ကြံသူများ၏ အရောင်းအဝယ်တွင် အသုံးပြုသော ငွေကြေး ဖြစ်လာခဲ့သည်။ အနှီစိတ်ဝိညာဉ်ကျောက်တုံးများကို အသေးစိတ် အဆင့်များ ခွဲခြားထား၏။ စိတ်ဝိညာဉ်စွမ်းအား ပါဝင်မှုပမာဏပေါ် မူတည်၍ အနှီကျောက်တုံးများကို အဆင့်လေးဆင့် ခွဲထားသည်။ ထိုအဆင့်လေးဆင့်မှာ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး၊ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး၊ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးနှင့် ထူးကဲအဆင့် စိတ်ဝိညာဉ်ကျောက်တုံးဟူ၍ပင်။
ထို့အပြင် ယင်းစိတ်ဝိညာဉ်ကျောက်တုံးများ၌ ပါဝင်သည့် မတူညီသော ဒြပ်သဘာဝ ပေါ်မူတည်၍ ၎င်းတို့ကို ဒြပ်စင်ငါးခုအဖြစ်လည်း ပိုင်းခြားထားသေးသည်။ သတ္တုစိတ်ဝိညာဉ်ကျောက်တုံး၊ သစ်သား စိတ်ဝိညာဉ်ကျောက်တုံး၊ ရေ စိတ်ဝိညာဉ်ကျောက်တုံး၊ မြေစိတ်ဝိညာည်ကျောက်တုံးနှင့် မီးစိတ်ဝိညာဉ်ကျောက်တုံး ဟူ၍ပင်။ ထို့အပြင် ရှားပါးလှသော လေစိတ်ဝိညာဉ်ကျောက်တုံး၊ လျှပ်စီးစိတ်ဝိညာဉ်ကျောက်တုံးတို့လည်း ရှိကြသေး၏။ သို့သော် ထိုသို့သော စိတ်ဝိညာဉ်ကျောက်တုံးများမှာ အလွန်တရာ ရှားလှ၏။
ထိုသို့ တန်ဖိုးရှိလှသော စိတ်ဝိညာဉ်ကျောက်တုံးများကို ဟန်လိအနေဖြင့် တတုံးတလေပင် မပိုင်ဆိုင်ထားပေ။
သူ့ထံ၌ ပစ္စည်းချင်း လဲလှယ်ဖို့ မည်သည့်ပစ္စည်းကောင်းမျှ မပိုင်ဆိုင်ထားဟု ဟန်လိက ဝန်ခံရသည်။ သို့ဖြစ်၍ သူသည် အစတုန်းက သူ့ ရည်ရွယ်ချက်အတိုင်း သူ့အမြင်ကို ပိုကျယ်အောင်သာ ဘေးပတ်ဝန်းကျင်ကို ဆက်၍ လေ့လာကြည့်ရှုနေတာ ဖြစ်၏။
ဟန်လိ၏ သွင်ပြင်ဟန်ပန်မှာ မထူးမခြားနားရှိကာ တည်ငြိမ်သော်လည်း ဆိုင်ခန်းများပေါ်ရှိ ပစ္စည်းများက သူ့ စိတ်နှလုံးကို ဂနာမငြိမ်ဖြစ်အောင် လုပ်နေပေသည်။ သူ့ကို လိုချင်တပ်မတ်စိတ် ဖြစ်မိအောင် လုပ်နေသည်။
ကျန်သည့် ပစ္စည်းများကို ထားပါအုံး။ ဆိုင်တိုင်း၌ ခင်းကျင်းပြသထားသော စက္ကူလွတ်အဆောင်သည်ပင် သူ့အာရုံကို ဖမ်းစားနေပေပြီ။ ထိုသို့သော အဆောင်အလွတ်က အတွေ့ရများဆုံးဖြစ်သော်ငြားလည်း ခုလက်ရှိ၌ ဟန်လိအတွက် အလိုအပ်ဆုံးအရာ မဟုတ်လား။
ဟန်လိက သည်စက္ကူလွတ်အဆောင်၏ အဆင့်ကို မသိသော်လည်း ခုလက်ရှိ သူ၏ စွမ်းအားဖြင့် ဝိညာဉ်ချိပ်ပိတ်ခြင်းအဆောင်ကို ဖန်တီးဖို့အတွက် အဆင့်နိမ့်အဆောင်စက္ကူသည်ပင် သူ့အတွက် ကျိန်းသေပေါက် လုံလောက်သည်ကိုမူ သူ သိသည်။
ဟန်လိသည် ဆိုင်ခန်းများစွာကို လှည့်ပတ် ကြည့်ရှုပြီးပြီ။ သို့ဖြစ်၍ သူက တာအိုစက္ကူအဆောင်များ တန်ဖိုးများကို သိလာသည်။ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးဖြင့် အဖြူရောင်စက္ကူလွတ်အဆောင်ဆယ့်နှစ်ခုကို လဲလှယ်နိုင်မည် ဖြစ်သည်။ သို့သော် အပြည့်အဝ သန့်စင်ထားသော စဦးအဆင့်နိမ့်စက္ကူအဆောင်များကိုမူ ယင်းအဆောင်၌ ပါဝင်သော မန္တာန်အမျိုးအစား အပေါ် မူတည်၍ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး နှစ်တုံး၊ သို့မဟုတ် သုံးတုံးလောက် ကျသင့်လေမည်။
စဦးအလယ်အဆင့် စိတ်ဝိညာဉ်အဆောင်ကိုမူ စိတ်ဝိညာဉ်ကျောက်တုံး ခြောက်ခုကနေ ဆယ်ခုထိ တန်ဖိုးပေါက်သည်။ ထို့အပြင် အကာအကွယ်အဆောင်များမှာ တိုက်ခိုက်ရေးအဆောင်များထက် ပို၍ ဈေးမြောက်သည်။
ဟန်လိထံ၌လည်း ယင်းသို့သော အကာအကွယ်အဆောင်တစ်ခု ရှိထားပေ၏။
ဆိုင်ခန်းပေါ်မှ အကာအကွယ်အဆောင်ကို သေချာ ကြည့်ရှုပြီးနောက် ဟန်လိသည် အနှီအဆောင်မှာ သူ့အင်္ကျီရင်ဘက်ထဲ၌ ရှိနေသော အဆောင်ထက် များစွာ ပိုကောင်းမွန်သည်ကို သိလိုက်ရ၏။ ၎င်းမှာ တခါမျှ အသုံးမပြုရသေးသော ပစ္စည်းသစ် ဖြစ်တာ ထင်ရှားသည်။ သူ့ထံ၌ ရှိနေသော အကာအကွယ်အဆောင်ကိုမူ ဆိုင်ပေါ်ရှိ အဆောင်၏ သုံးပုံတပုံ တန်ဖိုးဖြင့်သာ ရောင်းချနိုင်လောက်မည်ဟု ဟန်လိက မှတ်ယူသည်။
ထိုသို့ ကောက်ချက်ချကာ ဟန်လိသည် ခါးသီးစွာ ရယ်မောမိ၏။ သည်ကျင့်ကြံသူများကြား၌ သူသည် ငမွဲတစ်ကောင် ဖြစ်နေသည် မဟုတ်လား။ သူက သူ ပိုင်ဆိုင်ထားသော ပစ္စည်းအနည်းငယ်ကို သူ့ဟာသူ ထိမကြည့်မိဘဲ မနေနိုင် ဖြစ်မိ၏။ ရုတ်တရက် သူသည် ဓားငယ်တစ်ခု၏ ရုပ်ပုံ ပါသော စိတ်ဝိညာဉ်အဆောင်တစ်ခု သူ့အင်္ကျီရင်ဘက်ထဲတွင် ရှိနေတာကို သတိရသွား၏။
ထိုအဆောင်၏ အမည်ကို သူ မသိသော်လည်း ဟန်လိက ၎င်းအဆောင်မှာ အခု အကာအကွယ်အဆောင်ထက် ပို၍ အဖိုးတန်လိမ့်မည်ဟု ယုံကြည်ထားသည်။
ထိုသို့ တွေးမိချိန်၌ ဟန်လိသည် အခု ရောင်းချနေသော ပစ္စည်းများ၌ သူ ပိုင်ဆိုင်ထားသော ဓားရုပ်ပုံပါသော အဆောင်နှင့် တူညီသောအဆောင် ရှိလေမည်လားဟု အာရုံစိုက်ကာ ရှာဖွေကြည့်ရှု၏။
ကံမကောင်းစွာဖြင့် သူ ဆိုင်ခန်းများစွာကို လှည့်ပတ် ကြည့်ပြီးနောက်တွင်ပင် အလားတူအဆောင်မျိုးကို မမြင်ရသေးပေ။ ထိုအစား သူက ကျင့်ကြံသူ၊ လေးငါးခြောက်ယောက် ဝိုင်းနေသော နေရာတစ်ခု၌ တစုံတစ်ယောက်က စဦးအဆင့်မြင့် စိတ်ဝိညာဉ်အဆောင်တစ်ခုကို ရောင်းချနေတာကိုသာ တွေ့ရှိသည်။
ထိုအဆောင်၏ ဘေးတွင် “ကောင်းကင်ဝဲပျံခြင်းအဆောင်” စာသားကို ရေးထွင်းထားသော ဆိုင်းဘုတ်ရှိ၏။ ယင်းအဆောင်မှာ လေဓာတ်သဘာဝ ပါဝင်သော စဦးအဆင့်မြင့် ပျံသန်းနိုင်သော အဆောင်အမျိုးအစားဟု ဖော်ပြထား၏။ ၎င်းအဆောင်နှင့် လဲလှယ်နိုင်သော တန်ကြေးမှာ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး သုံးဆယ်၊ သို့မဟုတ် ယင်းနှင့်ညီမျှသော ခန္ဓာကိုယ်အားဖြည့် ဆေးလုံးအမျိုးအစားပင်။
ဟန်လိက ထိုဆိုင်းဘုတ်ကို မြင်သည့်အခါ သူ့စိတ်ထဲ၌ လန့်ဖျပ်သွားမိ၏။
ဆိုင်ခန်းများစွာကို လှည့်ပတ် ကြည့်ရှုပြီးနောက် စဦးအဆင့်မြင့်အဆောင်ကို မြင်ရတာ ဟန်လိအတွက် အခုက ပထမဆုံးပင်။ သူသည် ၎င်းကို သေချာ မကြည့်ချင်မိဘဲ မနေနိုင် ဖြစ်မိ၏။ မျှော်လင့်ထားသလိုပင် ယင်းအဆောင်၌ ပါဝင်သော စိတ်ဝိညာဉ်ချီပမာဏက ပေါကြွလှ၏။ အစောပိုင်းတုန်းက သူ တွေ့မြင်ခဲ့သော စဦးအဆင့်နိမ့်၊ စဦးအဆင့်မြင့် အဆောင်များနှင့် တူမနေပေ။
ခုလက်ရှိ၌ သည်ဆိုင် အရှေ့တွင် ခြေဗလာ၊ မြင်းမျက်နှာဖြင့် လူတစ်ယောက်က ဒီအဆောင်ကို သေချာ ကြည့်နေသည်။ သူက မေးလိုက်သည်။ “စိတ်ဝိညာဉ်ကျောက်တုံးနှစ်ဆယ်ပေးမယ်…ခင်ဗျား ရောင်းချင်စိတ် ရှိလား…”
ထိုဆိုင်၏ ပိုင်ရှင်မှာ လူငယ်တစ်ယောက် ဖြစ်၏။ သူက ဆိုင်းဘုတ်ထံ လက်ညှိုးထိုးပြသည်။ ထို့နောက် သူသည် ထိုသူကို ဆက်၍ အာရုံစိုက်မနေတော့ပေ။
“ဒါက ပျံသန်းတဲ့ အဆောင်တမျိုးပဲ။ တိုက်ခိုက်ရေးအဆောင်လည်း မဟုတ်ဘူး။ အကာအကွယ်အဆောင်လည်း မဟုတ်ဘူး။ ကျောက်တုံးနှစ်ဆယ်က လုံလောကတာထက်တောင် ပိုနေပြီ…” မြင်းမျက်နှာဖြင့်လူက မကျေမချမ်း ဆို၏။
“ဟလား…ဒါကသာ ခင်ဗျားပြောသလိုမျိုး တိုက်ခိုက်ရေးအဆောင်၊ အကာအကွယ်အဆောင် ဖြစ်နေခဲ့ရင် ကျုပ်က စိတ်ဝိညာဉ်ကျောက်တုံးသုံးဆယ်နဲ့ ရောင်းအုံးမယ်လို့ ထင်နေတာလား။ ခင်ဗျားမှာ စိတ်ဝိညာဉ်ကျောက်တုံး ငါးဆယ် ရှိရင်တောင် ကျုပ်က ကြည့်ခွင့်ပေးမှာ မဟုတ်ဘူး။ ခင်ဗျားအနေနဲ့ တခြားသူရှိက အချောင်ရချင်ရင် တခြားနေရာ သွားပါ။ ဒီဆိုင်က ခင်ဗျားကို မကြိုဆိုဘူး…”
လူငယ်က အေးစက်စက် ပြောလိုက်၏။ သူ စကားဟလိုက်ချိန်မှာပင် သည်လူ၏ မျက်နှာကို နီမြန်းသွားစေခဲ့ပေပြီ။
“ပြောတာ ကောင်းတယ်။ ကျုပ် ချင်းယဲ့လောင်ရဲ့ ယဲ့ပြောင်က မင်းကို မှတ်ထားပါ့မယ်။ ဒီစုဝေးပွဲ ပြီးတာနဲ့ မင်းနဲ့ငါ ပညာချင်း ယှဉ်ကြတာပေါ့…”
မြင်းမျက်နှာဖြင့်လူကြီးက ရန်လိုစွာ ပြောလာ၏။
“ချင်းယဲ့လောင်…” ဘေးကနေ ထိုမြင်ကွင်းကို ကြည့်ကာ ပျော်နေသော ဟန်လိမှာ ထိုအမည်ကို ကြားသည့်အခါ သတိအနေအထား ဖြစ်သွား၏။
“အဲ့ချင်းယဲ့လောင်က ငါ သတ်ခဲ့တဲ့ လူပုရဲ့ မွေးရပ်မြေ မဟုတ်လား။ အဲ့လူပုရဲ့ စကားတွေက အမှန် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူ့ကိုယ်သူ ယဲ့ဂိုဏ်းကလို့ ပြောတဲ့ ဒီလူကြီးကိုတော့ ငါ သတိထားရမယ်…”
ထိုသို့တွေးကာ ဟန်လိသည် နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်ကာ သည်ဧရိယာကနေ ခပ်သွက်သွက် ထွက်လာ၏။ သူသည် နောက်ထပ် ဆိုင်ခန်းတစ်ခုကို သွားရောက်သည်။ သို့သော် သူ့စိတ်ထဲ၌ ဆိုင်းဘုတ်ပေါ်တွင် ရေးထားသော ခန္ဓာကိုယ်အားဖြည့်ခြင်းဆေးလုံးနှင့် လဲလှယ်နိုင်သည်ဟူသော စာသားက ကပ်ငြိနေတုန်းပင်။
ဟန်လိသည် သူ့ထံ၌ နဂါးဝါဆေးလုံးများ၊ ရွှေအနှစ်သာရဆေးလုံးများစွာ ရှိနေသည်ကို အမှတ်ရလိုက်သည်။ သို့သော် သူက ထိုဆေးလုံးအမျိုးအစားများက ဒီလူငယ် တောင်းဆိုချက်နှင့် ကိုက်ညီလားကိုမူ မသိပေ။ ထိုလူငယ်၏ ဆိုင်၌ လူများ ပါးသွားသည့်အခါ သူသည် ထပ်သွားကာ မေးမြန်းကြည့်မည်။ သူသာ အမှန်တကယ် သူ့၌ ရှိသော ဆေးလုံးများနှင့် ထိုလူငယ်၏ အဆောင်ကို လဲလှယ်နိုင်ခဲ့ပါက သူ့အနေဖြင့် တခြား သူ လိုအပ်သော ပစ္စည်းအချို့ကိုလည်း အလားတူ လုပ်ဆောင်နိုင်မည် မဟုတ်လား။
ထိုသို့ တွေးပြီးနောက် ဟန်လိက ခေါင်းလှည့်ကာ လူငယ်၏ ဆိုင်ဘက် တချက် လှမ်းကြည့်၏။ သူက ထိုယဲ့ပြောင်ဟူသောလူမှာ ဒီဆိုင်ကနေ ဘယ်အချိန်က ထွက်သွားမှန်း မသိဘဲ ရှိမနေတော့သည်ကို မြင်လိုက်ရ၏။ ကျန်သည့်လူများထဲ၌ နောက်တစ်ယောက်က ပုလင်းတလုံးကို ထုတ်ကာ ဆိုင်ခန်းပိုင်ရှင် လူငယ်ထံ လှမ်းပေးနေသည်။
အနှီလူငယ်က ပုလင်းကို ဖွင့်ကာ အနံ့ရှုကြည့်သည်။ သို့သော် သူက ခေါင်းယမ်းကာ ၎င်းကို ပိုင်ရှင်ထံ ပြန်ပေးလိုက်၏။ ပုလင်းပိုင်ရှင်သည် စိတ်အလိုမပြည့်ဟန် မျက်နှာပေးဖြင့် သည်နေရာကနေ ထွက်သွားတော့၏။ သူနှင့် အတူတူ လာသည်ဟု ထင်ရသော တခြားသူများကလည်း ထွက်သွားကြသည်။ အခုအခါ ဒီဆိုင်ခန်းရှေ့၌ မည်သူမျှ မရှိတော့ပေ။
ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် ပျော်သွား၏။ သူက လူငယ်၏ ဆိုင်ခန်းရှေ့သို့ ဖြည်းဖြည်းချင်း ပြန်လျှောက်လာသည်။ လူငယ်က ဟန်လိကို မြင်သည့်အခါ စိတ်မပါတပါ ပြုံးပြ၏။ သူက ဟန်လိ သူ့ဆိုင်နား တခါ ရောက်လာခဲ့ဖူးတာကို မှတ်မိတာ သိသာသည်။
ဟန်လိက လူငယ်၏ အပြုံးကို စိတ်ထဲ ထားမနေ။ သူက ပြောလိုက်၏။ “ကျုပ်မှာ ဆေးလုံးအမျိုးအစားနှစ်ခု ရှိတယ်။ ဒီဆေးလုံးတွေက ခင်ဗျားရဲ့ တောင်းဆိုချက်နဲ့ သင့်တော်မလား ကျုပ်တို့ ကြည့်ကြည့်တာပေါ့..”
ထိုသို့ ပြောဆိုပြီးနောက် ဟန်လိက ပုလင်းငယ်နှစ်ခုကို ထုတ်လိုက်၏။ တစ်ခုမှာ အစိမ်းရောင်၊ တစ်ခုက အပြာရောင်ပင်။ သူက ၎င်းပုလင်းနှစ်ခုကို လူငယ့်ရှေ့၌ ချပေးလိုက်သည်။
အပိုစကားတွေ ပြောမနေဘဲ သည်လူငယ်က သူ့လက်ဖြင့် ထိုပုလင်းနှစ်ခုကို လှမ်းယူကာ တခုပြီးတစ်ခု ဖွင့်ကြည့်သည်။ ထို့နောက် သူက ပုလင်းနား နှာခေါင်းကပ်၍ အနံ့ခံကြည့်သည်။ သူ့မျက်နှာထက်၌ စဉ်းစားနေသောဟန်ပန် ပေါ်နေသည်။
လူငယ်က တကိုယ်တည်း တိုးတိုးဖွဖွ ရေရွတ်နေ၏။ ထို့နောက် သူသည် ပုလင်းများကို ဟန်လိထံ ပြန်ပေးလိုက်သည်။
“ဘယ်လိုလဲ…” ဟန်လိက မျက်တောင် ပေကလတ်ပေကလတ် ခတ်ကာ မေးလိုက်သည်။
“အမှန်တိုင်း ပြောရရင်တော့ ဒီပုလင်းနှစ်ခုလုံးထဲမှာ ရှိတဲ့ ဆေးလုံးတွေဟာ အစောတုန်းက ကျုပ် မြင်ခဲ့ရတဲ့ သူတွေရဲ့ ဆေးလုံးတွေထက် သာတယ်။ ဒါပေမဲ့ ကျုပ်အတွက်တော့ ဒါက မလုံလောက်သေးဘူး…”
လူငယ်က တွေတွေဝေဝေ ဖြစ်နေသေးသည်။ သို့သော် သူက ခေါင်းယမ်းကာ ငြင်းဆိုလိုက်၏။