ရိတ်သိမ်းမှု
Vol. 10 Ch. 132
ဟန်လိက ထိုစကားကို ကြားသည့်အခါ အကြီးအကျယ် စိတ်ပျက်မိသွား၏။ သို့သော် သူသည် အံအားသင့်မိခြင်းလည်း မဖြစ်ပေ။ တကယ်တော့ နဂါးဝါဆေးလုံးနှင့် ရွှေအနှစ်သာရဆေးလုံးတို့သည် သေမျိုးလောက၏ အထွတ်အထိပ်ဆေးဝါးများ မဟုတ်လား။ သာမန်လူများအတွက် ယင်းတို့က အံ့ဖွယ်ဆေးလုံးများ ဖြစ်နိုင်သော်လည်း ကျင့်ကြံသူများအတွက်မူ အစွမ်းသတ္တိမဲ့နေတာ ဖြစ်နိုင်၏။
လူငယ်က ထပ်မံ မော့အကြည့်လာသည့်အခါ ဟန်လိလည်း ကြာကြာ မနေချင်တော့ဘဲ သူ ထုတ်ယူလိုက်လိုက်သော ပုလင်းများကို ပြန်၍ လက်လှမ်းယူသည်။
“ဒီဆေးလုံးတွေက နည်းနည်းလိုအပ်ချက် ရှိနေပေမယ့်လည်း ခင်ဗျားမှာသာ နောက်ထပ် ဆေးပုလင်းတွေ ထပ်ရှိသေးရင်တော့ ကျုပ် ခင်ဗျားနဲ့ အရောင်းအဝယ် လုပ်ပေးနိုင်တယ်…” ရုတ်တရက် အနှီလူငယ်က ထိုသို့ ဆိုလာသည်။
လူငယ်၏ စကားကို ကြားသည့်အခါ လက်လှမ်းနေသော ဟန်လိမှာ ချက်ခြင်း လက်ပြန်ရုတ်၏။ သူသည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်၏။
“ကျုပ်မှာ ပုလင်းနှစ်ခုပဲ ရှိတယ်လို့ ပြောခဲ့မိလို့လား…” ဟန်လိက လူငယ်ကို စူးစိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ခင်ဗျားမှာ ထပ်ရှိသေးတာလား…” လူငယ်သည် အတန်ငယ် အံ့အားသင့်သွားသည်။ သို့သော် ချက်ခြင်းပင် သူသည် ရွှင်မြူးဟန် ပေါက်သွား၏။
“တကယ်တော့ ခင်ဗျားက နောက်ထပ် ဆေးပုလင်းတွေ ထပ်လိုချင်သေးရင် ကျုပ်အနေနဲ့ အရောင်းအဝယ်ကို ကိုက်၊မကိုက် ပြန်စဉ်းစားဖို့ လိုတယ်…” ဟန်လိက တည်တည်ငြိမ်ငြိမ် ပြော၏။ သူသည် ထိုလူငယ်က အမြတ်ထုတ်သွားမှာကို စိုးမိနေသည် မဟုတ်လား။
“ဒါပေါ့…။ ကျုပ် အနေနဲ့ အများကြီး မလိုပါဘူး။ ပုလင်းသုံးလုံးဆို ရပါပြီ။ ဒီလောက်ဆို ကျုပ် အနေနဲ့ အချိန်တိုအတွင်း အဆင့်ချိုးဖျက်ဖို့ လုံလောက်ပြီ…”
လူငယ်သည် မြူးထူးသွားကာ စိတ်ပါလက်ပါ ဖြစ်လာ၏။ သူ့ အစောပိုင်းတုန်းက အေးစက်စက်အမူအရာနှင့် သိသိသာသာ ကွာခြားသွားသည်။
ထိုသည်မှာ အံ့အားသင့်စရာ မရှိပေ။ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်မည့် ခန္ဓာကိုယ်အားဖြည့်ဆေးလုံး၏ စွဲဆောင်မှုကို မည်သူက ခံနိုင်ပါ့မည်နည်း။ သူ အဆင့်ချိုးဖျက်ဖို့အတွက် သင့်တော်၊လုံလောက်သော ဆေးဝါးများကို မရခဲ့၍ ပြီးခဲ့သော ရက်များက လူငယ်၏ ပျံသန်းခြင်းအဆောင်သည် အရောင်းအဝယ် မဖြစ်ခဲ့တာပင်။
ဟန်လိ၏ နဂါးဝါဆေးလုံးနှင့် ရွှေအနှစ်သာရဆေးလုံးတို့သည် ကျင့်ကြံသူများအတွက် ထိပ်သီးစိတ်ဝိညာဉ်ဆေးဝါးအဖြစ် သတ်မှတ်၍တော့ မရပေ။ သို့သော် အရည်အတွက်ပမာဏကြောင့် ဒီလူငယ်ကို အဆင့်ကိုး၏ အထွတ်အထိပ်တွင် အတားအဆီးဖြစ်ကာ အဆင့်တစ်ဆယ်သို့ မရောက်နိုင်သည့် အဖြစ်ကနေ ချိုးဖျက်နိုင်ဖို့ လုံလောက်နေသည်။ ထိုအခါကျလျှင် လူငယ်၏ ခွန်အားသည် သိသိသာသာ တိုးတက်သွားမည်ပင်။
သို့ပေမည့် ဟန်လိကဲ့သို့ ဒီလိုဆေးလုံးများကို မုန့်ပဲသရေစာကဲ့သို့ စားသောက်နေသောသူသာ ဒီလောက်များပြားသည့် ဆေးလုံးများကို အသုံးပြု၍ အရောင်းအဝယ် လုပ်နိုင်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဟန်လိသည် လူတစ်ယောက်၏ ချမ်းသာကြွယ်ဝမှုကို မထုတ်ကြွားဖို့၊ မပေါ်လွင်စေဖို့ လိုသည်ကို ကောင်းကောင်း သတိထား၏။ ဟန်လိက ဒီလူငယ်သည် ဆေးလုံးအမြောက်အများကို နှမြောခြင်းမရှိ သူ ထုတ်ပေးနိုင်သည့်အဖြစ်ကို သိသွားမှာအား အလိုမရှိပေ။
သို့ဖြစ်၍ ဟန်လိက သူ့မေးစေ့ကို ပွတ်ကာ သူ့ ပိုင်ဆိုင်မှုဆေးလုံးများအား ပေးရမည့်အပေါ် နာကျင်ဟန် ဖမ်းထား၏။
“အဲ့လို့လား။ သိပ်တော့ မများဘူးမလား။ ကျုပ်မှာ ရှိတဲ့ ဆေးလုံးအားလုံးနဲ့ လဲလှယ်ပါ့မယ်…” ဟန်လိသည် ရည်ရွယ်ချက်ရှိရှိ ခပ်တိုးတိုး ရေရွတ်လိုက်၏။
“ဒါပေါ့ သိပ်မများပါဘူး။ တကယ်တော့ ဒါက စဦးအဆင့်မြင့် စိတ်ဝိညာဉ်အဆောင် မဟုတ်လား။ သေချာ စဉ်းစားပါ။ ခင်ဗျားမှာ ဒီအဆောင်သာ ပိုင်ဆိုင်ထားရင် ဘာအန္တရာယ်ပဲ ကြုံကြုံ ကောင်းကင်ပေါ် ချက်ခြင်း တက်ပြေးနိုင်မှာလေ။ ခင်ဗျားက တချို့ ငှက်တွေထက်တောင် ပိုမြန်မြန် ပျံသန်းနိုင်အုံးမယ်။ ဒါက နောက်ထပ် အသက်အပိုတစ်ခု ထပ်ရတဲ့ သဘောမျိုးပဲ မဟုတ်လား။ ဒါ့အပြင် ဒီအဆောင်ရဲ့ စိတ်ဝိညာဉ်ချီ မလွင့်ပြယ်သေးသ၍ ခင်ဗျားက ဒါကို အကြိမ်များစွာ အသုံးပြုနိုင်မှာ ဖြစ်တယ်။ ဒါက အမှန်တကယ် အသုံးဝင်တဲ့ စိတ်ဝိညာဉ်အဆောင်ပါ…”
လူငယ်သည် ဟန်လိက သူ၏ဆေးလုံးများကို ပေးတော့မည်ကို မည်သည့်အခါ သူက သူ့ ကောင်းကင်ပျံဝဲခြင်းအဆောင်၏ ကောင်းကျိုးများကို ပိုပိုသာသာ ပြောလိုက်၏။ သူ့မျက်နှာထက်ရှိ အပြုံးမှာလည်း ပိုပီပြင်လာသည်။ ဟန်လိက ဒီအရောင်းအဝယ်ကို မလုပ်တော့မှာ သူ စိုးရိမ်နေသည်။
“ကျုပ်တို့ အလဲအလှယ် လုပ်ချင်ရင်လည်း အဆင်ပြေပါတယ်။ ကျုပ်ကို အပိုအနေနဲ့ စက္ကူအဆောင် ဆယ့်နှစ်ခုနဲ့ ဟိုစာအုပ်တို့ကို ထပ်ပေးပါ…”
ဟန်လိက လူငယ်သည် သူ၏ ဆေးလုံးများကို အမှန်တကယ် လိုချင်နေသည်ကို မြင်သည့်အခါ သူ လိုချင်သော စက္ကူအဆောင်များနှင့် အခြေခံမန္တာန်ပညာရပ်လက်စွဲ အမည်ရသည့် စာအုပ်ဟောင်းတို့ထံ လက်ညှိုးထိုးကာ ပြောလိုက်၏။
လူငယ်သည် ခဏ တုန်လှုပ်သွားမိ၏။ သို့သော် သူက ဟန်လိ လက်ညှိုးထိုးပြသည့် အရာတို့မှာ ရောင်းရဖို့ မဖြစ်နိုင်သော အဆင့်နိမ့်စက္ကူအဆောင်နှင့် အခြေခံလက်စွဲစာအုပ်တို့ ဖြစ်နေသည်ကို မြင်သည့်အခါ စိတ်လက် ပေါ့ပါးကာ ချက်ခြင်း သဘောတူလိုက်သည်။
ထိုသို့ဖြင့် ဟန်လိသည် သူ အစတည်းက သဘောကျခဲ့သော စက္ကူလွတ်အဆောင်များနှင့် လက်စွဲစာအုပ်တို့ကိုပါ ရရှိအောင် စီမံနိုင်ခဲ့တော့သည်။
ဟန်လိက ထိုစာအုပ်ကို လှန်လှော ကြည့်ရှုလိုက်၏။ သည်စာအုပ်ထဲ၌ အခြေခံမန္တာန်ပညာရပ်များအကြောင်း ဖော်ပြထားသည်။ အဆင့်ခုနစ်ကနေ အဆင့်ရှစ်ရှိသော အဆင့်နိမ့်မှော်ပညာရပ်များအကြောင်းလည်း ပါ၏။ စဦးအဆင့်နိမ့် မြေထိုးစိုက်ခြင်း ပညာရပ်လည်း ပါဝင်၏။
တခြား ကျင့်ကြံသူများအတွက် ဒီလိုစာအုပ်သည် အဖိုးတန်မည် မဟုတ်ပေ။ သို့သော် ဟန်လိကိုမူ အလွန် ကျေနပ်သွားစေ၏။
အကြောင်းမှာ ဟန်လိသည် ခုလက်ရှိ၌ အခြေခံမန္တာန်ပညာရပ် အမျိုးအစားနှင့် ပတ်သတ်၍ လုံးလုံးလျာလျာ သိမနေသောကြောင့်ပင်။
သူ့ရှေ့ရှိ ဆိုင်၌ ပိုကောင်း၊ ပိုပြည့်စုံသော လက်စွဲစာအုပ်များကိုလည်း ရောင်းချသေး၏။ သို့သော် ၎င်းတို့မှာ တန်ဖိုးမြင့်လှသည်။
“ဒြပ်စင်ငါးခု အဆင့်နိမ့်မန္တာန်ပညာရပ်များ၏ သဘောတရား” အမည်ရှိ စာအုပ်ဆို အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး ကိုးဆယ် ကျသင့်မည်။ “အခြေခံရေမန္တာန်အဆောင်ပညာရပ်” အမည်ရှိ စာအုပ်မှာ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး ခြောက်ဆယ် ကျသင့်မည်။ ထိုစာအုပ်များသည် ပိုထူကာ မန္တာန်ပညာရပ်များအကြောင်း ပိုမို စုံလင်သော်လည်း ဟန်လိအနေဖြင့် ၎င်းတို့ကို ဝယ်ဖို့ မတတ်နိုင်သေးပေ။
သူ့အတွက် အသုံးဝင်သော ပစ္စည်းများကို ရလာပြီးနောက် ဟန်လိက ပင်ပန်းသလို ခံစားမိ၏။ သူသည် ဟိုဒီလျှောက်သွားချင်စိတ်လည်း မရှိတော့ပေ။ ထို့ကြောင့် သူသည် ဒီဆိုင်ခန်းနေရာကွယ်လပ်ကနေ ပြန်ထွက်ကာ အဆောက်အဦတခုထံ ဦးတည်၍ လျှောက်လာ၏။
သူက ဆိုင်ခန်းများ ရှိနေသော နေရာကွက်လပ်ကနေ ထွက်လာပြီး တအောင့်အကြာ၌ နောက်ပြန်လှည့်ကြည့်၏။ ထိုအခါ သည်ကွက်လပ်တွင် လူအများအပြား ရှိနေသည်ကို မြင်လိုက်ရ၏။ ကြည့်ရသည်မှာ ညအချိန်ကို ပိုသဘောခွေ့သော ညဇီးကွက်ကဲ့သို့ ကျင့်ကြံသူအများအပြား ရှိပုံ ပေါ်၏။
ဟန်လိက အဆောက်အဦများ ရှိနေသော နေရာနား ရောက်လာချိန်၌ ထိုအဆောက်အအုံအားလုံးသည် အဖိုးတန်သစ်သားများ၊ကျောက်သားများနှင့် တည်ဆောက်ထားမှန်း သူ တွေ့ရှိ၏။ အဆောက်အဦ၏ အောက်ထပ်တိုင်းတွင် နဂါးနှင့်ဖီးနှစ် ရုပ်ပုံတစ်ခုကို ရေးထွင်းထား၏။ အနီးအနားရှိ အဆောက်အဦများထဲမှ တစ်ခုထံမှလည်း စိတ်ဝိညာဉ်စွမ်းအားလှိုင်းဂယက်တစ်ခုပင် ထွက်ပေါ်နေသေး၏။ ဖြစ်နိုင်သည်မှာ ၎င်းသည် တာအိုရသေ့ချင်းဝမ် ပြောပြခဲ့သော အတားအဆီးပညာရပ် ဖြစ်ပုံ ရသည်။
ဟန်လိက ခဏ လှည့်ပတ်ကြည့်ပြီးနောက် သူ ရှာနေသော အဆောက်အအုံကို နောက်ဆုံး၌ တွေ့၏။ သူက ယင်းအဆောက်အအုံထံ ဦးတည် လျှောက်လာသည်။
အဆောက်အဦနှင့် သုံးမီတာလောက် ရောက်သည့်အခါ ဟန်လိသည် သူသည် မမြင်ရသောအားတစ်ခုခုနှင့် ဝင်ဆောင့်မိကာ သူ့အား တွန်းထုတ်ခံရသည်ဟု ခံစားမိ၏။ သူသည် နောက်သို့ ဒယီးဒယိုင် ပြန်ဆုတ်လိုက်ရ၏။
ဟန်လိသည် မင်သက်မိသလို စိတ်လှုပ်တရှားလည်း ဖြစ်မိသွား၏။ ကျင့်ကြံခြင်းလောက၌ သူ မသိသေးသော အရာများစွာ ရှိနေ၏။ သူသည် အရာအားလုံးကို သိအောင် သင်ယူချင်မိ၏။
ထိုသို့တွေးကာ သူ့နှလုံးခုန် မြန်လာ၏။ သူသည် ကောင်းကင်မျက်လုံး ပညာရပ်ကို သုံးကာ ရှေ့ရှိ အဆောက်အဦငယ်ထံ အကြည့်ရောက်သွားသည်။
ဟန်လိက သူ့ရှေ့၌ အစိမ်းရောင်အလင်းလွှာ ခပ်ပါးပါး ရှိနေသည်ကို မြင်လိုက်ရသည်။ ၎င်းက လမ်း၌ တားဆီးထားခြင်းပင်။ အဆောက်အဦတခုလုံးကိုလည်း အလားတူ အစိမ်းရောင်အလင်းဖြင့် ခြုံလွှမ်းထားသည်။
ဟန်လိသည် ရှေ့သို့ ထပ်မံ ခြေလှမ်းကာ သူ့လက်ချောင်းကို ဆန့်ထုတ်ပြီး ထိုအလင်းအလွှာထံ ထိုးစိုက်ကြည့်သည်။ သိမ်မွေ့သော တွန်းကန်အားတစ်ခုကို သူ ခံစားမိလိုက်သည်။ ခွန်အားနည်းနည်း ပိုစိုက်ပါက ထိုသိမ်မွေ့သောအားက တွန်းကန်သောအား ဖြစ်သွားလိမ့်မည်။ အစိမ်းရောင်အလင်း၏ အကာအကွယ်စွမ်းအားက အတော်လေး သက်ရောက်မှု ရှိသည်။
ဟန်လိက ဒီအလင်း၏ အကျိုးသက်ရောက်ပုံကို နားလည်အောင် လုပ်ပြီး ၎င်းကို စူးစမ်းနေခြင်းအား ရပ်သည်။ သူက တာအိုရသေ့ချင်းဝမ် ပေးထားခဲ့သော အဆောင်ကို ထုတ်ယူကာ ထိုအလင်းအကာထံ လျှောက်လာသည်။ အဆုံးသပ်၌ အစိမ်းရောင်အလင်းကာသည် ချက်ခြင်းပင် လှိုင်းဂယက်များအဖြစ် ပြောင်းကာ လမ်းရှင်းသွားသည်။ ဟန်လိ ဖြတ်သန်းဖို့အတွက် ဝင်ပေါက်တခု ပေါ်လာ၏။
ဟန်လိက ထိုဝင်ပေါက်ကနေ ဖြတ်၍ လျှောက်လာ၏။ သူ ဝင်သွားပြီး တအောင့်အကြာ၌ ၎င်းအပေါက်သည် လုံးဝ ပြန်ပိတ်ဆို့သွားသည်။
ရှေ့ရှိ အဆောက်အဦမှာ ကြီးမားခြင်း မရှိပါ။ အထပ်နှစ်ထပ်သာ ပါပြီး မီတာသုံးဆယ်ကျော်သာ မြင့်၏။ သို့ပေမည့် လူ ဆယ်ယောက်ကျော်လောက် နေထိုင်ဖို့တော့ ဒီအဆောင်အဦမှာ ကောင်းကောင်း လုံလောက်မှု ရှိသည်။
ဟန်လိက ပြုံး၏။ သူက အဆောက်အဦထဲ ခြေလှမ်းဝင်သည်။ ပထမထပ်သို့ ဝင်လာချင်းချင်း ယင်းအထပ်၌ ကြီးမားသော လေးထောင့်စားပွဲ နှစ်ခု၊ ရိုးရှင်းသော သစ်သားထိုင်ခုံဆယ်ခုံတို့ကို မြင်ရလိမ့်မည်။ ထိုအထပ်တွင် ကျင့်ကြံသူအချို့ပင် ရှိနေသည်။
ဘုန်းကြီးငယ်ကူးဆန်က ပထမထပ်၏ အခန်းထောင့်တွင် ခေါင်းငုံ့ကာ ထိုင်နေ၏။ သူက မျက်လုံးမှိတ်ထားလျက် သက္ကတ ဘာသာဖြင့် တီးတိုး ရေရွတ်နေသည်။ သူသည် ဝါကြီးသော ဘုန်းကြီးတပါးအလား ထင်ရသည်။ တခြားသူများကိုမူ ဟန်လိသည် အရင်က မမြင်ဖူးထားပေ။
“အရှင်ကူးဆန်…တာအိုရသေ့ချင်းဝမ် ပြန် မရောက်သေးဘူးလား…”
ဟန်လိက ဘုန်းကြီးထံ လျှောက်လာပြီး ယဉ်ယဉ်ကျေးကျေး မေးသည်။
ဘုန်းကြီးငယ်က ဟန်လိ စကားကို အရေးမထား၊ စကားလုံးအချို့ကိုသာ ဆက်၍ တီးတိုးရွတ်နေသည်။ ဟန်လိသည် စောင့်နေရင်း စိတ်မရှည် ဖြစ်လာ၏။ ထိုစဉ် ဘုန်းကြီးငယ်က မျက်လုံးဖွင့်ကာ ဟန်လိကို တောင်းပန်သောအကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။ “ဒကာလေးဟန်…ကျေးဇူးပြုပြီး ကျုပ်ကို အပြစ်မတင်ပါနဲ့။ ကျုပ် စိန်ဆုတြာကို ရွတ်ဆိုနေတာ အရေးကြီး နေရာ ရောက်နေလို့ပါ။ ဒါ့ကြောင့် ကျုပ်အနေနဲ့ ဒကာလေးရဲ့ မေးခွန်းကို ချက်ခြင်း ပြန်မဖြေပေးနိုင်တာပါ…”
ဟန်လိက ဘုန်းကြီး၏ အဖြေကို ကြားသည့်အခါ ခြောက်ကပ်ကပ်ရယ်လိုက်သည်။ “ဘယ်လိုလုပ် အပြစ်တင်ရမှာလဲ။ ကျုပ်က အာရုံစူးစိုက်တဲ့သူတွေကို လေးစားပါတယ်…”
ဟန်လိ၏ အပြောကို ကြားသည့်အခါ ဘုန်းကြီးငယ်က ရယ်မောကာ ပြောဆိုလိုက်၏။ “တာအိုရသေ့ချင်းဝမ်နဲ့ တခြားသူတွေက ခုလက်ရှိ ဒကာလေးဟန်ကို အပေါ်ထပ်မှာ စောင့်နေကြတယ်။ သူတို့က ဒကာလေးကို တွေ့တာနဲ့ သူတို့ရှိ လွှတ်လိုက်ဖို့ ပြောထားခဲ့တယ်။ သူတို့က ဒကာလေးနဲ့ ပတ်သတ်ပြီး ကိစ္စအချို့ ရှိပုံပဲ…”
ထိုသည်ကို ကြားသည့်အခါ ဟန်လိသည် စိတ်ထဲ၌ မကျေမလည် ဖြစ်သွား၏။
ထိုသူများသည် သူ့ကို စောင့်နေသည်ဟု ပြောပြီး ဒီဘုန်းကြီးငယ်က ဟန်လိ ရောက်လာသည်နှင့် ထိုအကြောင်းကို ချက်ခြင်း မပြောပြခဲ့ပေ။ သူက ပေရှည်နေသေး၏။ ဒီလိုဘုန်းကြီးငယ်ကဲ့သို့ လူမျိုးများနှင့် နောင်တွင် ဝေးဝေးနေတာ ပိုကောင်းလိမ့်မည်။
ဟန်လိက စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။ သို့သော် သူ့မျက်နှာအမူအရာကမူ မပြောင်းလဲသွားပေ။ သူက ခေါင်းညိတ်ပြ၏။ ထို့နောက် သူသည် လှေကားထစ်တိုင်း အပေါ်ထပ်သို့ တက်သွားသည်။
ဒုတိယထပ်သို့ ရောက်လာသည့်အခါ ဟန်လိက လှေကားထိပ်၌ စကားပြောနေသော ဟိုင်းမူနှင့်ဟိုင်းကျင်းတို့ကို မြင်သည်။ သူတို့က ဟန်လိ တက်လာသည်ကို မြင်သည်နှင့် စကားပြောဆိုနေခြင်းကို ရပ်ကာ ဟန်လိကို ကြိုဆိုကြသည်။
“အစ်ကိုဟန်..။ တာအိုရသေ့ချင်းဝမ်က အိမ်ထဲမှာ ခင်ဗျားကို စောင့်နေတာ။ ကျုပ်တို့ ညီကိုနှစ်ယောက်နောက် လိုက်လာခဲ့ပါ...” ဟန်လိ၏ အမူအရာမှာ တည်ငြိမ်နေသည်။ သူသည် စကားတခွန်းမှ မဆိုသေးပေ။ သူသည် ထိုညီအစ်ကိုနှစ်ယောက်နောက်သို့ လိုက်လာပြီး စင်္ကြံလမ်းအတိုင်း ခုနစ်ခါ၊ရှစ်ခါလောက် ချိုးကွေ့ လျှောက်လာပြီးနောက် အိမ်ခန်းတခုထဲ ဝင်ရောက်လာသည်။
ထိုအိမ်တွင် လူများ ရှိနေ၏။ ဘုန်းကြီးငယ်ကလွဲ၍ လူတိုင်းသည် ဒီနေရာတွင် ရှိနေသည်။ ဟန်လိ မသိသေးသော နောက်ထပ် သူစိမ်းနှစ်ယောက်ပင် ရှိနေ၏။ တစ်ယောက်မှာ အသက်ဆယ့်ခြောက်၊ ဆယ့်ခုနစ်လောက် ရှိမည့် လူငယ်တစ်ဦး ဖြစ်ပြီး ကျန်တစ်ယောက်ကမူ အသက်နှစ်ဆယ့်တစ်၊နှစ်ဆယ့်နှစ်လောက် ရှိမည့် လူဝတစ်ယောက်ပင်။
ထိုနှစ်ယောက်သည် တာအိုရသေ့ချင်းဝမ်ကို ခေါင်းကိုက်စေသော ငမွှေထိုးနှစ်ကောင် ဖြစ်ပုံရသည်။
“အစ်ကိုဟန်...ရောက်လာပြီပဲ။ မြန်မြန် ထိုင်ပါ...” တာအိုရသေ့ချင်းဝမ်က ဟန်လိကို ထိုသို့ လှမ်းပြောပြီး သူ့ဘေးရှိ ထိုင်ခုံတစ်ခုထံ လက်ညှိုးထိုးပြသည်။
ဟန်လိက ခေါင်းညိတ်ကာ ထိုထိုင်ခုံတွင် ဝင်ထိုင်သည်။
“ဒီနှစ်ယောက်ကတော့ ယွန်းမင်းလျှိုမြောင်က ဝူကျူးကျစ်နဲ့၊ ရှီးတိုင် တောင်ကြားက ဟောင်ရှောင်ထျန်တို့ပါ…” ချင်းဝမ်က လူငယ်နှင့် ဖက်တီးတို့ထံ လက်ညှိုးထိုးပြကာ ဟန်လိနှင့် သူတို့ကို မိတ်ဆက်ပေးလိုက်သည်။