← Chapters

ခါးပိုက်နှိုက်စွမ်းရည်

Vol. 10 Ch. 133

ခါးပိုက်နှိုက်စွမ်းရည်

Vol. 10 Ch. 133

“အားယား…ကျုပ်က ဝူကျူးကျစ်ပါ။ ကျုပ်က ညီအစ်ကိုကို မြင်တာနဲ့ ရင်းနှီးသလို ခံစားမိနေတယ်။ ကျုပ်တို့ ရှေးရေစက်ကြောင့် ခုလို လာစုံရတာလား မသိဘူး…။ ကဲ…လာပါ။ ကျုပ်တို့ နည်းနည်းပါးပါးလောက် သောက်ကြတာပေါ့။ ဒါဆို ညီအစ်ကိုတွေ ဖြစ်ပြီ…”

တာအိုရသေ့ချင်းဝမ်၏ စကားဆုံးသည်နှင့် ဝူကျူးကျစ်သည် ပြုံးပြုံးရွှင်ရွှင်မျက်နှာပေးဖြင့် ဟန်လိရှေ့ ရောက်လာသည်။ သူက ဟန်လိလက်ကို ဆွဲကာ နှုတ်ဆက်ပြီး စိတ်ခံစားချက်အပြည့်ဖြင့် စကားဆိုလိုက်သည်။

ဟန်လိသည် အစပိုင်း၌ မင်သက်သွား၏။ သို့သော် သူက ခပ်ရေးရေး ပြန်ပြုံးပြလိုက်သည်။

“ကျုပ်တို့က ညီအစ်ကိုတွေ မဖြစ်နိုင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခင်ဗျားလက်နဲ့ ကျုပ်ခန္ဓာကိုယ်ကိုတော့ လာမထိပေးလို့ ရနိုင်မလား။ ကျုပ်က ခပ်သန့်သန့်ခပ်ချောချော လူငယ်တွေကို တကယ်ပဲ စိတ်မဝင်စားလို့ပါ…”

ဟန်လိက ပြုံး၍ ထေ့လှောင်သည်။ ဟန်လိက ပြောပြောဆိုဆိုဖြင့် ထိုလူငယ်၏ လက်ကောက်ဝတ်ကို မြန်ဆန်စွာ ဆွဲမြှောက်လိုက်၏။

“အဟွတ်…အဟွတ်…။ ဒါ တကယ်ပဲ ထူးဆန်းတယ်။ ကျုပ်လက်က ညီအစ်ကိုရဲ့ အင်္ကျီရင်ဘက်ထဲ ဘယ်လိုများ ရောက်သွားပါလိမ့်။ ကျုပ်အနေနဲ့ ညီအစ်ကိုကို မြင်တာနဲ့ နှုတ်ဆက်ဖို့ စိတ်မရှည် ဖြစ်သွားမိတာ နေမယ်…”

ထိုလူငယ်သည် ဟန်လိနှင့် လူချင်း ပြန်ခွာလိုက်၏။ အစပိုင်း၌ သူက အံ့အားသင့်ဟန် အမူအရာ ဖြစ်နေသေးသည်။ သို့သော် ချောင်းခြောက် အနည်းငယ် ဟန့်လိုက်ပြီးနောက် သူသည် သူ့လက်ကို မည်သို့မျှ မဖြစ်ပျက်ခဲ့သည့်အလား ပြန်ရုတ်သိမ်းလိုက်သည်။

ဟန်လိသည် လူငယ်၏ လက်ကောက်ဝတ်ကို ထပ်မံ၍ ဖမ်းဆုပ်မထားတော့ပေ။ လူငယ်က အားသုံးကာ သူ့လက်ကို ပြန်ရုတ်ချိန်၌ သူက လက်လွှတ်ပေးလိုက်၏။

သည်တစ်ကြိမ်၌ ဟန်လိသည် ထိုဝူကျူးကျစ်ဆိုသူကို အတန်ငယ် စိတ်ဝင်စားမိသွား၏။ သူသည် ကျင့်ကြံသူတစ်ယောက် ဖြစ်တာ သိသာ၏။ သို့သော် သူက ကျန်းဟူ(သိုင်းလောက)ရှိ ခိုးဝှက်သောပညာရပ်ကို အသုံးပြုနေသည်။ ထိုသူ၏ ခါးပိုက်နှိုက်ပညာရပ်က အတော်အတန် စိတ်ဝင်စားဖို့ ကောင်းသည်မှာ အမှန်ပင်။

သူ့ပညာရပ်ကို သူ တော်တော်လေး လေ့ကျင့်ထားပုံ ပေါ်၏။ ဟန်လိမဟုတ်ဘဲ တခြား ကျင့်ကြံသူတစ်ယောက် ဆိုပါက သည်ညစ်ပတ်သော လှည့်ကွက်ကို သတိပြုမိချင်မှ ပြုမိပေလိမ့်မည်။ ဒီအခန်းထဲမှ တချို့သူများသည် သူ၏ ခါးပိုက်နှိုက်ခြင်းကို ခံခဲ့ရတာ သေချာလောက်သည်။

ထိုသို့တွေးမိစဉ် ဟန်လိသည် ဟူပိုင်ကူး၏ အသံကို ကြားလိုက်ရ၏။

“ကောင်လေးဝူ…နင်ခု ပြိုင်ဘက် တွေ့ပြီမလား။ အစ်ကိုဟန်က နင် ခိုးတာကို ချက်ခြင်း ဖမ်းမိလိုက်တာပဲ။ နင့်အနေနဲ့ ဒီသူခိုးပညာရပ်ကို ကောင်းကောင်း ထပ်လေ့ကျင့်ဖို့တော့ လိုနေပြီ…”

“ဘာဖြစ်လဲ။ ဒီလူငယ်သခင်လေးက ကျေနပ်တယ်။ ကျုပ် ခင်ဗျားရှိက နောက်ထပ် ခိုးပြစေချင်နေတာလား…။ ခင်ဗျားရဲ့ ခေါင်းအစခြေအဆုံးမှာ ဘာအဖိုးတန်တာများ ပါလာလို့ ကျုပ်က ခိုးရမှာလဲ။ အဖိုးတန် ပစ္စည်းမပါဘဲ ထိုက်နန်စုဝေးပွဲကိုများ ခင်ဗျားက ဘာအတွက်များ လာခဲ့ရတာတုန်း…” ဝူကျူးကျစ်က ခပ်မြန်မြန်ပင် နှုတ်ဖြင့် ရန်ပြန်တွေ့သည်။

“နင် ဘာပြောတာလဲ…ခွေးကောင်…။ နောက်ဆုံးအကြိမ်တုန်းက နင် ငါ့ရှိက ခိုးခဲ့တဲ့ အကြွေးကိုတောင် ငါ မရှင်းရသေးဘူးနော်…”

ဟူပိုင်ကူးက သူမ၏ ထိုင်ခုံကနေ ရန်လိုစွာ ခုန်ထွက်လာ၏။

ထို့အပြင် သူမ၏ ခင်ပွန်းဖြစ်သူ မုတ်ဆိတ်နှင့်လူက စကားတခွန်းမှ ဝင်မပြောသော်လည်း သူ့နောက်ကျော်ရှိ ဓားပြားကြီးအပေါ် လက်ရောက်သွားကာ လူငယ်ဝူကျူးကျစ်ကို စိုက်ကြည့်နေ၏။ နောက်ပိုင်းတွင် ဟူပိုင်ကူး၏ ခင်ပွန်းဖြစ်သူ၊မုတ်ဆိတ်လူ ရှောင်းတလီက အမှန်တကယ် စွံ့အသူ ဖြစ်မှန်း ဟန်လိ သိရှိခဲ့ရ၏။ ထို့ကြောင့် သူသည် သူ့ကိစ္စဝိစ္စများကို သူ့ဇနီးဟူပိုင်ကူးပေါ်တွင်သာ မှီခိုထား၏။

“ကဲ…တော်လောက်ပြီ။ ကျုပ်တို့အားလုံးက ကျင့်ကြံသူတွေ မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် သင့်သင့်မြတ်မြတ် ရှိမှပေါ့။ ခင်ဗျားတို့နှစ်ယောက်လုံး နောက်ပြန်ဆုတ်ကြ။ ထပ်ပြီး ငြင်းခုန် ရန်ဖြစ်မနေကြတော့နဲ့…”

တာအိုရသေ့ချင်းဝမ်က မျက်မှောင်ကြုတ်ကာ ဆို၏။ သို့ပေမည့် သူက ရန်ဖြေစကား ပြောဆိုပြီးနောက် ဝူကျူးကျစ်ကို လေးလေးနက်နက် ပြောလိုက်သည်။ “ညီလေးဝူ…ခင်ဗျားက ခါးပိုက်နှိုက်တာဟာ အပျော်လုပ်မှန်း ကျုပ် သိတယ်။ ဒါပေမဲ့ ခင်ဗျား ဒီလို ဆက်လုပ်နေရင် အနှေးနဲ့အမြန် ဘေးတွေ့လိမ့်မယ်။ ခင်ဗျားရဲ့ ပစ်မှတ်သားကောင်းအားလုံးက အချာပင်တွေပဲ ဖြစ်နေမှာ မဟုတ်ဘူး။ ခင်ဗျားသာ ကျင့်ကြံခြင်းဂိုဏ်းတခုခုက လူတွေကို သွားရန်စမိရင် ဖြစ်လာတဲ့ ပြဿနာအပေါ် ကျုပ်တို့လည်း ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ခင်ဗျားအနေနဲ့ လူတွေကို ခုလိုမျိုးထပ်ပြီး လိုက်စနောက်မနေတော့နဲ့…”

လူငယ်ဝူကျူးကျစ်က တာအိုရသေ့ချင်းဝမ်၏ လေးလေးနက်နက် စကားများကို ကြားသည့်အခါ သူသည် ရှက်ရွံ့မိ၏။ သူက ခေါင်းကုတ်ကာ တောင်းပန်သည့်လေသံဖြင့် ပြောလာသည်။ “ထိုက်နန်တောင်ကြားကို လာခဲ့တဲ့ ခရီးစဉ်မှာ ကျုပ်က တကယ်ပဲ ဒီသူခိုးပညာရပ်ကို မတော်တဆ ရရှိခဲ့တယ်။ ကျုပ်လည်း စိတ်ရွှင်မြူးပြီး ဒီပညာရပ်ကို လေ့ကျင့်ခဲ့ပြီး လူတိုင်းအပေါ် အလိုလို အသုံးပြုချင်မိနေတာ။ ဒါပေမဲ့ ဒီအစ်ကိုဟန်က ဒီညီလေးကို အနိုင်ယူခဲ့ပါတယ်။ ဒါ့ကြောင့် ဒီစုဝေးပွဲမှာ ရှိတဲ့ တခြားသူတွေဆို ကျုပ်အနေနဲ့ ပို ရင်ဆိုင်ရ ခက်လိမ့်မယ်။ ဒါ့ကြောင့် ဒီညီလေးက ဒီခိုးနှိုက်တဲ့ ပညာရပ်ကို ခု စုဝေးပွဲမှာ ထပ်ပြီး အသုံးမပြုဖို့ လူတိုင်းကို ကတိပေးပါတယ်…”

တာအိုရသေ့က သည်လူငယ်၏ စကားကို ကြားသည့်အခါ သူ့မျက်နှာမှာ ရွှင်ရွှင်မြူးမြူး ဖြစ်သွားသည်။

“ညီလေးဝူရဲ့ ပါရမီက အတော်လေး ကောင်းပါတယ်။ ခု အသက်အရွယ်နဲ့တင်…အဆင့်ရှစ်ကို ရောက်နေပြီ။ ကျုပ်တို့ ကျင့်ကြံသူတွေကြားမှာ သူက အစစ်အမှန်ပါရမီရှင်ပဲ။ အခု သူ့ကိုယ်သူ ထိန်းသိမ်းမယ်ဆိုတော့ ပိုကောင်းသွားတာပေါ့…”

“ဒီညီလေးဝူက တာအိုရသေ့ကို စိတ်မပျက်စေရပါဘူး။ လူတိုင်းပဲ အနာဂတ်မှာ ကျုပ်ကို ဂရုစိုက်ပေးဖို့ တောင်းဆိုပါတယ်…”

ဝူကျူးကျစ်က လူတိုင်းကို လေးလေးနက်နက် အရိုအသေပေးလိုက်၏။ ထိုသို့ ပြုလုပ်ပြီး သူ့အပေါ် မကျေမချမ်းဖြစ်နေမှုများကို ဖြေရှင်းလိုက်ပေပြီ။

ဟူပိုင်ကူး၏ မျက်နှာထက်၌ ဒေါသထွက်ဟန် ရှိနေသေးသော်လည်း သူ့အသွင်ဟန်ပန်က အစောလေးကထက်တော့ အများကြီး ပိုကောင်းလာ၏။ သူမသည်လည်း ထိုကောင်လေးဝူ၏ တောင်းပန်မှုကို လက်ခံပုံ ပေါ်၏။

တာအိုရသေ့ချင်းဝမ်က ခေါင်းလှည့်ကာ ဟန်လိကို ကြည့်၍ ပြောလိုက်၏။ “ခုလေးမှ ကျုပ်တို့နဲ့ ပူးပေါင်းလာတဲ့ ညီအစ်ကိုဟန်က ချက်ခြင်းကို စွမ်းဆောင်မှုကောင်းကောင်း ပြသခဲ့တာပဲ။ ဒီနိမ့်ကျတဲ့ တာအိုရသေ့က ခင်ဗျားကို ကျေးဇူးတင်ချင်ပါတယ်…”

ဟန်လိက ခပ်ရေးရေး ပြုံး၏။ သူက လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။ “ကျုပ်နဲ့ ဘာဆိုင်တာ မှတ်လို့။ ဒီကိစ္စဟာ တာအိုရသေ့ကြောင့် လုံးဝ ပြေလည်သွားတာပါ…”

တာအိုရသေ့ချင်းဝမ်သည် ပြုံး၍ ခေါင်းယမ်း၏။ သူက စကားထပ်မဆိုတော့ပေ။ သို့ပေမည့် ထိုအခိုက်တွင် အသံတစ်သံ ဟိန်းထွက်လာသည်။

“တာအိုရသေ့ချင်းဝမ်…ခင်ဗျား ကျုပ်တို့အားလုံးကို ဘာအတွက် ခေါ်တာလဲ။ ဟိုဘုန်းကြီးကရော ကျုပ်တို့နဲ့ လာမပူးပေါင်းဘူးလား…”

ထိုသို့ဆိုလိုက်သူမှာ လူဝဖြစ်၏။

သို့ပေမည့် ယင်းသို့သော လေသံဖြင့် ချင်းဝမ်ကို ပြောဖို့အတွက် ထိုလူဝသည် အမှန်ပင် အရည်အချင်း ပြည့်မှီပေသည်။

ဟန်လိက သူတို့ကြား၌ ထိုလူဝသည် မှော်စွမ်းအားအများဆုံး ပိုင်ဆိုင်ထားကာ ချင်းဝမ်ထက်ပင် ပိုနက်နဲမည်မှန်း သတိပြုမိတာ ကြာပြီ ဖြစ်၏။ ထို့ကြောင့်လည်း မည်သူကမျှ လူဝ၏စကားတို့ကို ထေ့လှောင်ဝံ့ခြင်း မရှိကြပေ။ ဝူကျူးကျစ်သည်ပင် အလေးအနက်အသွင်ဖြင့် ရှိနေသည်။

“ဒီကျင့်ကြံသူတွေရဲ့ လောကဟာလည်း ကျန်းဟူလိုပါပဲလား။ ခွန်အားရှိတဲ့သူဟာ လေးစားခံရမှာပဲ…”

ဟန်လိက ထိုသို့ တွေးမိသည်။

“ဟားဟား…အစ်ကိုဟောင်က တယ်လည်း စိတ်မရှည်တဲ့သူကို။ ကောင်းပါပြီ။ ဒီနိမ့်ကျတဲ့ တာအိုရသေ့က ခင်ဗျားတို့ကို ဒီနေရာကို ဘာကြောင့် ခေါ်လိုက်ရတဲ့ အကြောင်းကို ပြောပြပါ့မယ်…”

ချင်းဝမ်သည် သူ့လက်ထဲရှိ မြင်းမြှီးတံကို ဝေ့ယမ်းကာ ဒေါသလုံးဝ မထွက်သောလေသံဖြင့် ပြန်ပြောလာသည်။

“ထိုက်နန်စုဝေးပွဲဟာ ကျင်းပတာ အချိန်တဝက်ကျော်သွားပြီ။ ဒါ့ကြောင့် နောက်ဆယ်ရက်လောက်ဆို ဒီစုဝေးပွဲ ပြီးတော့မယ်။ လူတိုင်းပဲ သူတို့ လုပ်စရာ ရှိတာကို လုပ်သင့်တယ်မလား။ ခင်ဗျားက ဆိုင်ခန်းတခု ဖွင့်ချင်ရင် ကျုပ်တို့အားလုံး အတူတူ လုပ်ဆောင်တာ အကောင်းဆုံး ဖြစ်မယ် ထင်တယ်။ အဲ့တာကြောင့် ဒီကိစ္စကို ကျုပ်က လူတိုင်းနဲ့ ဆွေးနွေးချင်လို့ပါ။ အရှင်ကူးဆန်ကတော့ သူ ယူလာခဲ့တဲ့ ပစ္စည်းတွေကို အရောင်းအဝယ် ပြုလုပ်ပြီးပြီတဲ့။ ဒါ့ကြောင့် သူ့အနေနဲ့ ဒီဆွေးနွေးပွဲမှာ ထပ်ပါဝင်ဖို့ မလိုတော့တာပဲ…”

“အော်….ဒီလိုကို။ ကျုပ်တော့ စိတ်ဝိညာဉ်ကျောက်တုံး တချို့တလေနဲ့ တချို့ပစ္စည်းလေးတွေ လဲလှယ်ပြီး တခြား ပစ္စည်းအချို့ကို ဝယ်ဖို့ ရှိတယ်…”

သည်အခန်းထဲမှ လူများသည် ခပ်တိုးတိုး စတင် ပြောဆိုကြသည်။

ဆွေးနွေးပြီးနောက် ဟန်လိကလွဲ၍ လူတိုင်းသည် နောက်နေ့၌ ဆိုင်ခန်းတစ်ခု ဖွင့်ဖို့ စိတ်ဝင်စားကြောင်း ဖော်ပြကြသည်။

“အစ်ကိုဟန်ကော မပါဝင်ချင်ဘူးလား…” ဝူကျူးကျစ်က အံ့အားသင့်ဟန်ဖြင့် မေးလာသည်။

တခြားသူများကလည်း ဟန်လိကို သံသယရှိဟန်ဖြင့် ကြည့်နေ၏။

“ကျုပ် အစတုန်းကတော့ ပစ္စည်းအချို့ ယူလာခဲ့ပါတယ်။ မနေ့ညက ကျုပ်နဲ့ သင့်တော်တဲ့ အရောင်းအဝယ်လုပ်တဲ့သူ အချို့နဲ့ ဆုံခဲ့ပြီး ကျုပ်လိုချင်တာ ရခဲ့တယ်လေ။ ဒါ့ကြောင့် ကျုပ်က ခင်ဗျားတို့နဲ့ မပါဝင်တော့တာပါ…”

တည်တည်ငြိမ်ငြိမ်ဖြင့် ဟန်လိက ရှင်းပြလိုက်သည်။

“ဒီလိုကို။ ခင်ဗျားက ကျုပ်တို့နဲ့ တကယ်ပဲ ပူးပေါင်းဖို့ မလိုတော့ဘူးပဲ။ အစ်ကိုဟန်က ရောက်ရောက်ချင်း လိုချင်တဲ့အရာကို အရောင်းအဝယ် လုပ်နိုင်ခဲ့တဲ့အတွက် ကံကောင်းတယ်လို့ ခေါ်ရမယ်…”

ဟူပိုင်ကူးက မနာလိုအားကျဟန်ဖြင့် ဆို၏။

တခြားသူများကလည်း အလားတူပင်။” ခင်ဗျားက တကယ်ပဲ ကံကောင်းခဲ့တာပဲ…”

ဟန်လိက သူတို့၏ စကားများကို ကြားရပြီးနောက် ပြုံးရုံသာ ပြုံးနေပြီး စကားထပ် မဆိုတော့ပေ။

တာအိုရသေ့ချင်းဝမ်က အလုပ်ကိစ္စ ဆွေးနွေးတာ ပြီးမြောက်သွားပြီကို တွေ့၏။ ထို့နောက် သူက ဝမ်းမြောက်ဝမ်းသာဟန်ဖြင့် ထရပ်ကာ ပြောလိုက်သည်။ “ကျုပ်တို့အားလုံး ဒီည ကောင်းကောင်း အနားယူကြတာပေါ့။ မနက်ဖြန် စောစော ထပြီး ဆိုင်ခန်း ဖွင့်ဖို့ လုပ်ကြမယ်။ ခင်ဗျားတို့အားလုံး ပစ္စည်းကောင်းတွေရဖို့ ကျုပ် ဆုတောင်းပေးပါတယ်…”

ထိုသို့ ပြောပြီးနောက် လူတိုင်းသည် ပြုံးပြုံးရွှင်ရွှင် ထရပ်ကာ ထွက်ခွာရန် ဟန်ပြင်သည်။

ထိုအခိုက် တာအိုရသေ့သည် တစုံတခုကို အမှတ်ရသွားပုံ ပေါ်သည်။ သူ့အမူအရာက အလေးအနက် ဖြစ်သွား၏။ သူက လူတိုင်းကို ထပ်ပြောလိုက်သည်။ “စကားမစပ်…ထိုက်နန်စုဝေးပွဲ ပြီးရင် လူတိုင်းပဲ လူခွဲပြီး မသွားသင့်ဘူးနော်။ ပြီးခဲ့တဲ့ စုဝေးပွဲတွေ အပြီးသပ်တဲ့အချိန်တုန်းက ကျုပ်တို့လို လေလွင့်ကျင့်ကြံသူတွေဟာ သဲလွန်မရှိ ပျောက်ပျောက်သွားခဲ့တယ်လို့ ကျုပ် ကြားမိတယ်။ ကြည့်ရတာ ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်။ ဒါမှ ကျုပ်တို့ အနေနဲ့ မဟာထျန်ဝူထိုက်အင်မောတယ်အထက်ဘုံ စုဝေးပွဲကို တက်ရောက်လို့ ရမယ့် အခွင့်အရေးနဲ့ မလွဲချော်သွားမှာ။ လူတိုင်းပဲ အတူတူရှိနေရင် ပိုပြီး ဘေးကင်းနိုင်တာပေါ့…”

လူတိုင်းက တာအိုရသေ့ချင်းဝမ်၏ စကားကို ကြားသည့်အခါ ဟိုင်းညီကိုနှစ်ယောက်နှင့် ဟူပိုင်ကူးတို့မှာ မျက်နှာပျက်သွားသည်။ ဟုန်လျန်းနှင့် ဝူကျူးကျစ်တို့မှာလည်း မျက်လုံးအပြူးသား ဖြစ်သွား၏။ လူဝဟောင်ရှောင်ထျန်သာ သုန်မှုန်သောဟန်ပန်ဖြင့် အေးစက်စက် နှာမှုတ်လိုက်သည်။

“ဟုတ်တယ်။ ကျုပ်တို့ညီအစ်ကိုကတော့ တာအိုရသေ့ရဲ့ စကားကို လက်ခံတယ်။ ကျုပ်တို့ အုပ်စုလိုက်နေတာ ပိုကောင်းတယ်…”

“ကျမတို့ လင်မယားကလည်း သဘောတူပါတယ်…”

ဟိုင်းညီကိုနှစ်ယောက်နှင့် ဟူပိုင်ကူးတို့ ဇနီးမောင်နှံ့က သဘောတူကြ၏။ ကြည့်ရသည်မှာ သူတို့သည် ထိုကိစ္စအပေါ် အတော်လေး ကြောက်လန့်နေပုံ ရသည်။

All Chapters