ယန်ဂိုဏ်း
Vol. 10 Ch. 136
“ကျမလည်း လူတိုင်းနဲ့ အတူတူ သွားပါ့မယ်…” ဟုန်လျန်ကလည်း သူမ၏ သဘောထားကို ထုတ်ပြောလိုက်သည်။
“ကောင်းတယ်…ကောင်းတယ်။ အစ်ကိုဟန်ကရော ကျုပ်တို့နဲ့ အတူတူသွားဖို့ အစီအစဉ် ရှိလား…” တာအိုရသေ့သခင်ချင်းဝမ်က ပျော်မြူးသည့် ဟန်ပန်ဖြစ်ပေါ်နေ၏။ ထို့နောက် သူက ဟန်လိကို မေးလိုက်သည်။ ဟန်လိက သူ့အမေးကို ကြားသည့်အခါ ချီတုံချတုံ ဖြစ်နေ၏။
သူကဲ့သို့ လူငယ်တစ်ယောက်အတွက် ဒီအုပ်စုငယ်နှင့် အတူသွားခြင်းမှာ အကောင်းဆုံး ဖြစ်မည့်ပုံပင်။ သို့ပေမည့် သူက မည်သည့်အတွက်ကြောင့်မှန်းမသိ စိတ်ထဲ၌ တခုခုမှားနေသလို ခံစားမိသည်။ သူသည် ထိုဆုံးဖြတ်ချက်ကို ချခဲ့ပါက နောင်တရလိမ့်မည်ဟု ခံစားမိနေသည်။
“ကျုပ် အနေနဲ့ အရောင်းအဝယ်ပွဲ ပြီးမှပဲ ဆုံးဖြတ်ပါတော့မယ်…”
ဟန်လိက ပြုံး၍ ဆို၏။ သူသည် ထိုသို့ မဆုံးဖြတ်ခင် အရင်ဆုံး စောင့်ကြည့်အုံးမည်ဟု တွေးထားသည်။
ဟန်လိ၏ စကားက တခြားသူများ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေတာ သိသာသည်။
“အစ်ကိုဟန်က ဘာကြောင့်များ တွေဝေနေရတာလဲ။ ကျုပ်တို့လို လေလွင့်ကျင့်ကြံသူတွေ အတူတူရှိမှသာ တခြားသူတွေ ကျုပ်တို့ကို အနိုင်မကျင့်နိုင်မှာ။ ဒါ့အပြင် အစ်ကိုဟန်က ကျုပ်ရဲ့ ခါးပိုက်နှိုက်ပညာရပ်ကိုလည်း ဖြတ်မြင်နိုင်စွမ်း ရှိခဲ့တယ်။ ဒါ့ကြောင့် ဒီညီငယ်လေးက နောက်ပိုင်းမှာ အစ်ကိုဟန်ရဲ့ ညွှန်ပြမှုအချို့ကို ရဖို့ စိတ်ဝင်တစား ရှိမိတယ်…”
ဝူကျူးကျစ်က မကျေမချမ်း ပြောလိုက်၏။ ဟန်လိသည် ထိုလူငယ်၏ စကားများကို ကြားပြီးနောက် စိတ်မဆိုးပေ။ သူက ပြုံးရုံသာ ပြောနေ၏။ စကားထပ် မဆိုတော့ပေ။
“ဟားဟား..အစ်ကိုဟန်က ကျုပ်တို့နဲ့ အတူတူ မလိုက်ဘူးလို့ အသေအချာ ပြောနေတာမှ မဟုတ်တာ။ သူက ဒီကိစ္စကို စဉ်းစားချင်သေးတယ်လို့ ရိုးရိုးရှင်းရှင်း ပြောခဲ့တာပဲ။ ဒါက ပုံမှန်ပါပဲ…” တာအိုရသေ့သခင်ချင်းဝမ်က ချက်ခြင်း ကြားဝင်ကာ ဖြန်ဖြေစကား ပြော၏။
“အမှန်ပါပဲ။ တာအိုရသေ့သခင်ချင်းဝမ်က ကျုပ် စိတ်ထဲက စကားတွေကို ပြောပေးခဲ့တာပဲ။ ကျုပ်အနေနဲ့ ပြောဖို့ ခက်တဲ့ ပြဿနာ အချို့ ရှိနေလို့ပါ။ ဒါ့ကြောင့်လည်း နည်းနည်း ပိုပြီး သတိထားမိနေတာ…”
ဟန်လိက တာအိုရသေ့သခင်ချင်းဝမ်ကို အလွန်ကျေးဇူးတင်ဟန်ဖြင့် ပြော၏။
“အော်…ဒီလိုကိုး။ ကျုပ်ကတော့ သိပ်ပြီး ရဲတင်းနေတာပေါ့လေ…” ဝူကျူးကျစ်က မကျေမချမ်းဖြင့် ဟန်လိကို အရွဲ့စကား ဆို၏။
တာအိုရသေ့သခင်ချင်းဝမ်သည် အကူအညီမဲ့စွာ ပြုံးမိ၏။ သူက ဝူကျူးကျစ်၏ ကိုယ်စား အစ်ကိုကြီးတစ်ယောက်နှယ် ဟန်လိထံ တောင်းပန်သည့် အကြည့်ဖြင့် လှမ်းကြည့်သည်။ ဟန်လိသည် ဒီစကားလောက်ကို စိတ်ထဲ မထားပေ။
ဆွေးနွေးပွဲ ကိစ္စရပ်များ ပြီးသွားပြီ ဖြစ်၍ လူတိုင်းသည် ထရပ်ကာ ထွက်ခွာကြ၏။ ဟန်လိသည် ဒီတညလုံး အနားယူဖို့အတွက် ဒုတိယထပ်ရှိ ဒီအခန်းလွတ်ကို ကြည့်ကာ ကျန်ခဲ့သည်။
နောက်နေ့တွင် ဟန်လိနှင့် ဘုန်းကြီးတို့ကလွဲ၍ လူတိုင်းသည် ဒီအဆောက်အဦးထဲက ထွက်ခွာကာ ဆိုင်ခန်းများထံ အတူတကွ သွားကြလေ၏။
ခုချိန်၌ ဘုန်းကြီးက ပထမထပ်တွင် တရားထိုင်နေပြီး ကျမ်းစာ ရွတ်နေ၏။ ဟန်လိက သူ့အခန်းထဲ၌ စက္ကူလွတ်အဆောင်များအပေါ် မန္တာန်စာသားများ ရေးထွင်းနေသည်။
“ဒီစဦးအဆင့်နိမ့် စက္ကူအဆောင်တွေက စိတ်ဝိညာဉ်အလင်းဓာတ် နည်းနည်း ရှိနေတာပဲ။ ဒါက သေမျိုးလောကရဲ့ စက္ကူအဆောင်တွေနဲ့ ကြီးမားတဲ့ ကွာခြားချက် ဖြစ်တယ်…”
ဟန်လိက ထိုသို့ တွေးမိ၏။
ဟန်လိသည် ဝိညာဉ်ချိပ်ပိတ်ခြင်းပညာရပ်ကို သင်ယူဖို့အတွက် ဒီစက္ကူအဆောင်များကို အသုံးပြုမည်ဟု အစီအစဉ် ရှိခဲ့၏။ သို့သော် သူက ဝိညာဉ်ချိပ်ပိတ်ခြင်းအဆောင်များကို ၎င်းတို့ပေါ်၌ မရေးဆွဲနိုင်သေးသည်ကို ရုတ်တရက် အမှတ်ရလိုက်သည်။ သူ့ထံ၌ စုတ်တံနှင့် မင်အိုးတို့ လိုအပ်နေသေးသည် မဟုတ်လား။ ဒီစက္ကူအဆောင်များကို သေမျိုးလောကရှိ စုတ်တံ၊မင်တို့နှင့် တွဲဖက် အသုံးပြု၍ မရနိုင်လောက်ပေ။ ကျင့်ကြံသူများ အသုံးပြုသော စုတ်တံ၊မင်တို့နှင့်သာ အသုံးပြုနိုင်လောက်မည်။
ယင်းသို့ တွေးမိပြီး ဟန်လိသည် အခန်းထဲ၌ ထိုင်မနေနိုင်တော့ပေ။ သူက ဘုန်းကြီးကို သွားရှာရန် ဆုံးဖြတ်၏။ သို့ဖြစ်၍ သူသည် ခုမှ ကျင့်ကြံသူလက်သစ်တစ်ယောက်ဟူသော အချက်ကို ဖုံးကွယ်ထားနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။ သူက အောက်ထပ်သို့ ဆင်းကာ ဘုန်းကြီးကို မေးမြန်းရတော့သည်။
“ဒကာလေး ထင်တာ မှန်ပါတယ်။ စိတ်ဝိညာဉ်အဆောင်တခု အောင်မြင်အောင် ရေးဆွဲဖို့အတွက် အထူးသတ္တုတွေကနေ သန့်စင်ထားတဲ့ အဆောင်စက္ကူလည်း လိုသလို သားရဲသွေးနဲ့ မင်လည်း လိုအပ်တယ်။ စုတ်တံကတော့ အခြေအနေပေါ် မူတည်တယ်…”
ဘုန်းကြီးကူးဆန်က ဟန်လိ၏ အမေးကို ကြားသည့်နောက် အေးအေးဆေးဆေး ပြန်ဖြေပေးသည်။
“ဘုန်းကြီးကူးဆန်…အရှင် ပြောတဲ့ အခြေအနေပေါ် မူတည်တယ်ဆိုတာ ဘာကို ဆိုလိုတာများလဲ…” ဟန်လိက ရှက်ရွှံ့ဟန်မရဘဲ သူ သိချင်တာကို ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
“နတ်သားရဲတွေရဲ့ စိတ်ဝိညာဉ်အမွှေးအမျှင်ကနေ ဖန်တီးထားတဲ့ စုတ်တံတွေကလွဲလို့ စိတ်ဝိညာဉ်အဆောင်တွေ ပြုလုပ်ဖို့ ကျင့်ကြံသူတွေ အသုံးပြုတဲ့ စုတ်တံအများစုဟာအဖိုးတန်မြေမီးသွေးက လုပ်ထားကြတာပဲ။ ဒါက အဆောင်တွေကို ဖန်တီးရာမှာ အောင်မြင်မှုနှုန်း ပိုများစေနိုင်မှာ ဖြစ်သလို အဆောင်ရဲ့ စွမ်းပကားကိုလည်း ပိုကောင်းစေနိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ ဒကာလေးမှာ အဲ့လို စုတ်တံမျိုးတွေ မရှိဘူးဆိုရင် သေမျိုးတွေ အသုံးပြုတဲ့ စုတ်တံကိုလည်း အသုံးပြုနိုင်တယ်။ ဒါပေမဲ့ အဲ့လို အသုံးပြုရင် အောင်မြင်နိုင်နှုန်း သိပ်မရှိဘူး…”
ဘုန်းကြီးကူးဆန်က အသာအယာ ခေါင်းယမ်း၏။ သူသည် သေမျိုးများ အသုံးပြုသော စုတ်တံဖြင့် ဟန်လိက အဆောင်များကို သန့်စင်မည့်နည်းအပေါ် သဘောမတွေ့ပုံ ရသည်။
“ခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်…အရှင်။ ကျုပ်အနေနဲ့ အဆောင်တွေ ဖန်တီးဖို့ စုတ်တံရအောင် သွားရှာလိုက်ပါအုံးမယ်…”
ဟန်လိက ထရပ်ကာ ဘုန်းကြီးကူးဆန်ကို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်၏။
“ဂရုစိုက်ပါ…ဒကာလေး…” ထိုဘုန်းကြီးက မျက်လုံး ထပ်မှိတ်ကာ တရားဆက်၍ ထိုင်နေတော့၏။
ကြည့်ရသည်မှာ ဒီနေ့တော့ ဟန်လိသည် အပြင်ထွက်ရတော့မည့်ပုံပင်။ သူက စုတ်တံနှင့်မင်အိုးတို့မှာ ဈေးသိပ်မကြီးတာကို မှတ်မိ၏။ ၎င်းသည် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ခြောက်တုံး၊ ခုနစ်တုံးလောက်သာ ကုန်ကျနိုင်မည်။ သူက ပျံသန်းခြင်းအဆောင်ကို ရောင်းချပါက သူ လိုအပ်ချက်ကို ပြည့်မီနိုင်လောက်၏။
ဟန်လိက ထိုသို့တွေးကာ လျှောက်လာ၏။ လူအများသည် အဆောက်အဦများထဲကနေ ထွက်၍ ဆိုင်ခန်းများ ရှိရာသို့ သွားလာနေကြသည်။
ခုလက်ရှိ မနက်လင်းပိုင်း အချိန်ဖြစ်၍ လမ်းပေါ်၌ ကျင့်ကြံသူများကို နှစ်ယောက်အုပ်စု၊ သုံးယောက်အောက်စုသာ တွေ့ရ၏။ ထိုသူတို့မှာ ဆိုင်ခန်းများထံ သွားနေကြတာ ဖြစ်နိုင်သည်။ အများစုက ကိုယ့်အုပ်စုနှင့်ကိုယ် ရှိနေကြပြီး ဆိုင်ခန်း ခင်းကျင်းဖို့ သွားနေတာ ဖြစ်နိုင်၏။
“မြန်မြန်…ကြည့်လိုက်…ကြည့်လိုက်။ ဧရာမငှက်ကြီး တွေ့လား…” ရုတ်တရက် ကျင့်ကြံသူတစ်ယောက်က အလန့်တကြား ထအော်၏။
မကြာမီတွင် ဟန်လိနှင့် တခြားကျင့်ကြံသူများ ရောင်းဝယ်နေသော လမ်းမထက်၌ အရိပ်ကြီးတခု အုပ်မိုးကာ ဖြတ်သန်းသွား၏။ ဟန်လိမှာ မင်သက်မိနေ၏။ သူက ခပ်မြန်မြန် ခေါင်းမော့ကာ အပေါ်သို့ လှမ်းကြည့်လိုက်သည်။
သူက မြင်းလှည်းတစီးစာလောက် ရှိမည့် ဦးခေါင်းနှစ်လုံးနှင့် ငှက်တစ်ကောင်သည် သူ့ကို ကျော်လွန်ကာ ပျံသန်းသွားတာအား တွေ့မြင်လိုက်ရသည်။
ထိုငှက်သည် သိမ်းငှက်တစ်ကောင်နှင့် ဆင်၏။ တခြား သတ္တဝါတစ်ကောင်ကောင်လည်း ဖြစ်နိုင်သေးသည်။ ၎င်း၏ခန္ဓာကိုယ် တခုလုံးကို မီးခိုးရောင်အမွှေးအတောင်များ ဖုံးထားသည်။ ၎င်း၏ တောင်ပံက ခုနစ်ပေမျှ ကျယ်ကာ ထက်ရှသော လက်သည်းတစုံကို ပိုင်ဆိုင်ထားသေးသည်။ ၎င်း၏ လည်တိုင်နှစ်ခုမှာ ပြောချောချောရှိ၏။ ၎င်းထံ၌ ကြမ်းကြုတ်သော မျက်လုံးလေးလုံး ပိုင်ဆိုင်ထား၏။ ထိုမျက်လုံးတို့မှ အစိမ်းရောင်အလင်းကို ပေးစွမ်းနေသည်။ အင်မတန် ကြောက်ဖွယ်ကောင်းသော နတ်ဆိုးငှက်ပင်။
“မယုံနိုင်စရာပဲ…”
“ကြီးလိုက်တာ…”
“မြန်မြန်ဖမ်း…ဒီကောင့်ကို စီးတော်ယဉ် လုပ်လို့ ရနိုင်တယ်…”
……
အောက်ဘက်ရှိ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ကြ၏။ တချို့က ၎င်းငှက်ကို ဖမ်းနိုင်ဖို့ စိတ်အားထက်သန်နေ၏။
“မင်းတို့က ကိုယ့်အသက်ကိုယ် တန်ဖိုး မထားတာလား။ ဒါက “ခေါင်းနှစ်လုံးဘဲ” လို့ခေါ်တဲ့ စိတ်ဝိညာဉ်ငှက်ပဲ။ ဒီငှက်ကို ကူးယူတောင်ရဲ့ နံပါတ်တစ်ဂိုဏ်းဖြစ်တဲ့ ယန်ဂိုဏ်းက ပြုစုပျိုးထောင်ထားတာ။ ဒီငှက်ပေါ်မှာ ယန်ဂိုဏ်းဝင်တစ်ယောက်ယောက် စီးနင်းလိုက်ပါလာမှာ သေချာတယ်။ မင်းတို့က ဒီငှက်ကို ဖမ်းချင်တယ်ဆိုတော့ ကိုယ့်သေလမ်းကိုယ် ရှာနေတာများလား…”
အေးစက်စက် စကားသံများက ထိုငှက်ကို ဖမ်းဖို့ စိတ်ကူးယဉ်နေသူများကို သတိပြန်ဝင်လာစေသည်။
“ယန်ဂိုဏ်း။ ကျင့်ကြံခြင်းဂိုဏ်းကြီးတွေထဲက တစ်ခု။ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတွေ ရှိတဲ့ ဂိုဏ်း…” တစုံတယောက်က အလန့်တကြား ထအော်သည်။
“တခြား ယန်ဂိုဏ်ကော ရှိသေးလို့လား။ ကျုပ် ဒီကို နဲနဲ ကြိုရောက်လာတော့ ဦးခေါင်းနှစ်လုံးဘဲကို တွေ့မြင်ခဲ့ပြီး ဖြစ်တယ်။ ကျုပ် အနေနဲ့ ယန်ဂိုဏ်းက အစ်ကိုနဲ့အစ်မ တို့ဟာလည်း အင်မောတယ်အထက်ဘုံ စုဝေးပွဲ ပြိုင်ပွဲမှာ ပါဝင်လိမ့်မယ်လို့ သိခဲ့ရသေးတယ်…” ထိုကျင့်ကြံသူက ဂုဏ်ယူဟန်ဖြင့် ပြောလိုက်၏။
“မဟုတ်သေးပါဘူး။ ယန်ဂိုဏ်းက အင်မောတယ်အထက်ဘုံ စုဝေးပွဲမှာ ပါဝင်ဖို့ လူတွေ လွှတ်ခဲ့တာလား။ အရင်တုန်းကဆို သူတို့က တစ်ယောက်မျှ မလွှတ်ခဲ့ပါဘူး။ သူတို့သာ အဲ့လို လုပ်ခဲ့ရင် တခြားသူတွေအတွက် နှစ်နေရာကတော့ လျှော့သွားမှာ သေချာတယ်…”
“အမှန်ပဲ။ ပြိုင်ပွဲမှ ယန်ဂိုဏ်းက နှစ်ယောက်နဲ့ သွားတွေ့လို့ကတော့ အဲ့လူဟာ အတော်ကံဆိုးတယ်လို့ ဆိုရမယ်…”
ကျင့်ကြံသူများ၏ မျက်နှာအမူအရာမှာ မကောင်းကြတော့ပေ။ တချို့ဆို လေးလေးပင်ပင် သက်ပြင်းချသူချ ဖြစ်ကုန်၏။
ဟန်လိက စကားတခွန်းမှ မဟဘဲ အကွာအဝေးတစ်ခုထံ ပျံသန်းသွားသော ထိုငှက်ကြီးကို အေးစက်စက် ကြည့်နေ၏။ ယင်းငှက်မှာ ကျားယွမ်မြို့မှ ရှီထျန်နျို တွေ့မြင်ခဲ့ရသည့် ငှက်ကြီးနှင့် ၎င်းပေါ်မှ အမျိုးသားကျင့်ကြံသူတစ်ယောက်၊ အမျိုးသမီးကျင့်ကြံသူတစ်ယောက်တို့ ဖြစ်ရပေမည်။ ထိုနှစ်ယောက်က ယန်ဂိုဏ်းမှ ဖြစ်နေသည်ပင်။
ဟန်လိက အတွေးနစ်သွားစဉ် သူ့ဘေးကနေ ကျင့်ကြံသူများ ဖြတ်လျှောက်သွားကြ၏။
အဆုံးသပ်၌ သူက ခပ်ရေးရေး ပြုံးကာ ပေါ့ပေါးပါးပါး ဆက်လျှောက်လာတော့သည်။
ခုလက်ရှိတွင် ဆိုင်ခန်းကွက်လတ်တွင် လူ တော်တော်များနေပေပြီ။ မနေ့ညတုန်းကနှင့် ယှဉ်၍ မရသော်လည်း လူအုပ်ကြီး ဖြစ်နေပြီဟု သတ်မှတ်၍ ရသည်။
ဟန်လိက သူ့အင်္ကျီရင်ဘက်ထဲမှ ဆေးပုလင်းကို ဆုပ်ကိုင် ကြည့်၏။ သူက ထိုဆေးနှင့် တချို့ပစ္စည်းများကို လဲလှယ်နိုင်မည်လားဟု သိချင်၏။
သို့ဖြစ်၍ ဟန်လိသည် သူ အရင်တုန်းက ဝင်ခဲ့ဖူးသော ဝင်ပေါက်ကနေ ဝင်မလာဘဲ တခြားဝင်ပေါက်ကနေ ဆိုင်ခန်းနေရာများထံ ဝင်လာ၏။ သူသည် တခြားတဖက်ကနေ ဆိုင်ခန်းများကို စကြည့်ရန် စီစဉ်ထား၏။
လမ်းတလျှောက်တွင် ဟန်လိက ဘေးဘီဝဲယာရှိ ဆိုင်ခန်းများကို ကြည့်လာ၏။ တချို့ ထူးခြားကာ အံ့အားသင့်ဖွယ်ကောင်းသော မှော်ပစ္စည်းများက သူ့ကို မျက်စိအာရုံ ကျစေ၏။
ရုတ်တရက် ဟန်လိသည် ဆိုင်ခန်းတချို့ရှေ့တွင် ရပ်လိုက်၏။ သူက ထိုဆိုင်ပေါ်တွင် ခင်းကျင်းထားသော စာအုပ်ပါးတစ်ခုထံ လှမ်းကြည့်ကာ အတွေးများသွား၏။
ထိုစာအုပ်၏ အမည်မှာ ထာဝရနွေဦးပညာရပ်ဟု အမည်ရပြီး သစ်သားဒြပ်စင် အခြေခံကျင့်ကြံခြင်းပညာရပ်တစ်ခုပင်။ ၎င်း၏တန်ဖိုးမှာ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံး ကျသင့်မည်။
“ကျုပ် ဒီစာအုပ်ကို လိုချင်တယ်…” ဟန်လိက ဆိုင်ရှင်ကို တည်ငြိမ်စွာ ပြော၍ သည်စာအုပ်ကို ကောက်ယူကာ လှန်လှောကြည့်လိုက်သည်။