ရွှေအမှန်တရားစုတ်တံ
Vol. 10 Ch. 137
“စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံး…” ကြည်လင်သော အမျိုးသမီးအသံတစ်သံ သူ့နားထဲ တိုးဝင်လာ၏။
ဟန်လိသည် အံ့အားသင့်သွားသည်။ သူက သူ့ရှေ့ရှိ ဆိုင်ခန်း၏ ဆိုင်ရှင်မှာ ငယ်ရွယ်ကာ စွဲဆောင်မှုရှိသော အမျိုးသမီးတစ်ယောက် ဖြစ်နေ၏။
“ဒီစာအုပ်က တခုခုများ လိုအပ်ချက် ရှိနေလား…” ဟန်လိက မေးလိုက်၏။
“မရှိပါဘူး။ ဒါက ထာဝရနွေဦး ပညာရပ်ရဲ့ အဆင့်တစ်ကနေ အဆင့်ဆယ့်သုံးထိ အပြည့်အစုံ ပါတဲ့။ စာကြောင်းတကြောင်းတောင် လွဲချောနေတာ၊ ကျန်ခဲ့တာ မရှိဘူး…”
ထိုအမျိုးသမီးငယ်က အေးအေးဆေးဆေးပင် ပြန်ဖြေ၏။
ဟန်လိက ခေါင်းညိတ်သည်။ ထို့နောက် သူက စာအုပ်ကို လှန်လှော်ကာ ထပ်ကြည့်ပြီးနောက် အဖုံး ပြန်ပိတ်လိုက်သည်။
“ဒီဆေးလုံးတွေနဲ့ လဲလှယ်လို့ ရနိုင်မလား…” ဟန်လိက တည့်မေး၏။
“ဆေးလုံးတွေလား…” ထိုအမျိုးသမီးငယ်သည် နည်းနည်း အံ့အားတသင့် ဖြစ်သွားကာ သူမ၏ လှပသောမျက်လုံးမှာ အပြူးသား ဖြစ်သွား၏။
“ဒါက ဆေးလုံးပေါ် မူတည်တယ်။ ဒါက ဒဏ်ရာ ကုသဖို့အတွက် ဒါမှမဟုတ် ဖျားတာနာတာ ကုသဖို့အတွက်ဆိုရင်တော့ တန်ဖိုး ကြီးမှာပေါ့…” သူမက ခေါင်းကုတ်ကာ ပြောလိုက်၏။
ထိုအမျိုးသမီး၏ စကားကို ကြားသည့်အခါ ဟန်လိက နဂါးဝါဆေးလုံးများ ပါသည့် ဆေးပုလင်းကို လှမ်းပေး၏။
“ဒါက ခန္ဓာကိုယ်အားဖြည့် ဆေးလုံးပဲ။ ဒါက လူတစ်ယောက်ရဲ့ မှော်စွမ်းအားကို တိုးတက်အောင် လုပ်ပေးနိုင်တယ်…”
ဟန်လိက အခိုင်အမာလေသံဖြင့် ပြောလိုက်၏။
“အားဖြည့်ဆေးလုံး…”
အစတုန်းက တည်ငြိမ်နေသော အမျိုးသမီးငယ်သည် အတန်ငယ် စိတ်ဝင်စားလာ၏။ သူမက ဟန်လိနား ရောက်လာကာ ဆေးပုလင်းကို လှမ်းယူ၏။ ပုလင်းအဖုံးကို ဖွင့်ကာ ခေါင်းငုံ့၍ အထဲရှိ ဆေးလုံးအရည်အသွေးကို အနံ့ခံကြည့်၏။
ဟန်လိက သူမထက် အရပ်မြင့်ပြီး သူ့ရှေ့၌ ခေါင်းငုံ့နေသော မိန်းမလှလေး၏ ကျောက်စိမ်းကဲ့သို့ လည်တိုင်ကို ကောင်းစွာ မြင်နေရသည်။ ထို့အပြင် သည်မိန်းကလေးက သူနှင့် နီးကပ်နေခြင်းကြောင့် သူ့နှာခေါင်းထဲ သူမ၏ မွှေးပျံ့သော ကိုယ်သင်းရနံ့မှာ တိုးဝင်လာသည်။ ဟန်လိ၏ နှလုံးခုန်နှုန်းမှာ အလိုလို မြန်ဆန်လာသည်။ သူ့မျက်နှာပင် အနည်းငယ် နီမြန်းသွားမိ၏။
“ဒါက လူတစ်ယောက်ရဲ့ စွမ်းအားကို တကယ် တိုးပွားအောင် လုပ်ပေးနိုင်တဲ့ ဆေးလုံးပဲ…”
တအောင့်အကြာ သူမက ကျေနပ်အံ့အားသင့်ဟန်ဖြင့် ထိုသို့ ဆိုလာသည်။
သူမက ခေါင်းမော့ကာ ဟန်လိကို စိတ်ကျေနပ်သောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ဒီဆေးလုံးတွေ ရှင့်မှာ ထပ်ရှိသေးလား။ ရှိသေးရင် ကျမအနေနဲ့ အလဲအလှယ် လုပ်ချင်တယ်။ ရှင့်အနေနဲ့ ကျမ ဆိုင်မှာရှိတဲ့ ပစ္စည်းအားလုံးကို ကြိုက်တာ ယူနိုင်တယ်။ ရှင် ကြိုက်တဲ့ ပစ္စည်း မရှိဘူးဆိုလည်း ကျမ အနေနဲ့ စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ရှင့်ရဲ့ ဒီဆေးလုံးတွေကို ဝယ်ပေးမယ်…”
ထိုသို့ ပြောကာ သည်အမျိုးသမီးငယ်လေးက ဆေးပုလင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား၏။ သူမက ဟန်လိကို မျက်တောင်မခတ်ဘဲ ကြည့်နေ၏။ သူမသည် ဟန်လိက လက်မခံမှာကို စိုးရိမ်နေသည့်အလား။
သည်စွဲဆောင်မှု ရှိကာ နူးညံ့လှသော အမျိုးသမီး၏ အခု ဟန်ပန်အသွင်ကို မြင်သည့်အခါ ဟန်လိမှာ ရွှင်မြူးသွားမိ၏။ သို့ပေမည့် သူ့အနေဖြင့် သူ့ဆေးလုံးများအပေါ် လျှော့တွက်မိခဲ့ပြီဟု မတွေးမိဘဲ မနေနိုင်ပေ။ နောင်ကျရင် သူက ပို၍ နှိုင်းဆချင့်ချိန် ရပေမည်။
“အမျိုးသမီးလေး…စိတ်ပူပန်မနေပါနဲ့။ ကျုပ်တို့ အရင်ဆုံး ဒီစာအုပ်ကိစ္စကိုပဲ ပြောကြတာပေါ့။ ကျန်တာက ပြီးမှ ဆက်ပြောလည်း အဆင်ပြေတယ် မလား…”
ဟန်လိက သူမ၏ တောင်းဆိုချက်ကို ငြင်းဖို့ စိတ်ကူးလိုက်သေး၏။ သို့ပေမည့် သူက သူမ၏မျက်လုံးထဲရှိ ရှင်းသန့်ကြည်လင်မှုကို မြင်သည့်အခါ သူ့ညီမဖြစ်သူကို ရုတ်တရက်ကြီး မည်သည့်အတွက်ကြောင့်မှန်းမသိ သတိရသွားမိသည်။ ထိုအခိုက်၌ သူ့စိတ်နှလုံးမှာ နူးညံ့သွားမိကာ ခုလို စကားလုံးများ သူ့ပါးစပ်ကနေ ထွက်ကျလာခဲ့တာပင်။
“ကျမ တကယ်ပဲ ရှက်မိပါတယ်။ ကျမက လောသွားတာပါ…”
ထိုအမျိုးသမီးငယ်က သူမ၏ အပြုအမူများကို ပြန်သတိထားမိကာ သူမ၏ အသားအရေသည် နီမြန်းသွားလေသည်။
“ဒီစာအုပ်က ခုလိုဆေးလုံးမျိုး နှစ်လုံး ကျသင့်ပါတယ်…” ထိုအမျိုးသမီးက ပြန်တည်ငြိမ်သွားပြီးနောက် ယင်းသို့ ပြောလိုက်သည်။
ဟန်လိက သည်စကားကို ကြားသည့်အခါ ဈေးသင့်တင့်သည်ဟု ထင်၏။ ထို့ကြောင့် သူက သဘောတူလိုက်သည်။ ထို့နောက် သူ့အကြည့်က သူမ၏ ဆိုင်ပေါ်ရှိ တခြားပစ္စည်းများထံ ဝေ့ဝိုက်ကျရောက်သွားသည်။
“ဒါက ဘာများလဲ…”
မီးခိုးရောင်အိတ်လေး တစ်ခုကို ဟန်လိက စိတ်ဝင်စားမိသွား၏။ ထိုအိတ်သည် ပုံမှန် မဟုတ်ပေ။အိတ်အဝကို အနီရောင်ကြိုးပါးဖြင့် ထုံးချည်ထားပြီး ၎င်း၏ အတွင်းပိုင်းကမူ ဖောင်းနေ၏။ ဟန်လိက ၎င်းအိတ်ထံ လက်လှမ်းယူသည်။
“ဒါက ခုနစ်စင်ကြယ် မြက်မျိုးစေ့အိတ်ပါ။ ဆယ်နှစ်သက်တမ်း၊ ဒါမှမဟုတ် ဆယ်နှစ်ထက် ကျော်တဲ့ သက်တမ်းရှိတဲ့ ခုနစ်စင်ကြယ်မြက်မျိုးစေ့ဟာ စက္ကူအဆောင်တွေ ဖန်တီးဖို့အတွက် အကောင်းဆုံး ပစ္စည်းပဲ…”
အမျိုးသမီးငယ်က ကောင်းကောင်း ရှင်းပြ၏။
ဟန်လိမှာ စိတ်လှုပ်ရှားသွားသည်။ သည်အိတ်က အတော်လေး အသုံးတည့်နိုင်သည်။ သို့သော် သူက ၎င်းကို သူ့ရှေ့သို့ ချက်ခြင်း ပြန်ချ၏။
“တခြား ပစ္စည်းတွေက ကျုပ်အတွက် အသုံးမတည့်ဘူး…” ဟန်လိက တခုပြီးတခု ကြည့်ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ရှင်က တကယ်ပဲ ဘာပစ္စည်းကိုမျှ သဘောမတွေ့တာလား။ ဒီ ရေခဲအဆောင်ဟာ အတော်လေး အစွမ်းထက်တယ်။ ပြီးတော့ နွေဦးလည်ပြန်အဆောင်ကောပဲ။ ဒီအဆောင်က ရှင့်ရဲ့ ရုပ်ပိုင်းခွန်အားကို အများအပြား သိုလှောင်ပေးထားနိုင်တယ်…”
ထိုအမျိုးသမီးငယ်သည် ဟန်လိကို သူမ၏ ဆိုင်ရှိ ပစ္စည်းများအပေါ် ကောင်းမွန်ကြောင်း စတင် ရှင်းပြလာတော့သည်။
ထိုအမျိုးသမီးငယ်၏ သူ့အပေါ် “မင်း ငယ်သေးတယ်။ ဘာမှ နားမလည်ပါဘူး” ဟူသော သဘောရသည့် အမူအရာကြောင့် ဟန်လိမှာ မရယ်မိဘဲ မနေနိုင် ဖြစ်မိ၏။
“ဘာများ ရယ်စရာ ပါလို့လဲ…” သူမ၏မျက်နှာမှာ ထပ်မံနီမြန်းသွားပြန်သည်။
“ကျုပ် တကယ်လိုချင်နေတာက အဆောင်တွေ ရေးဆွဲဖို့ စုတ်တံနဲ့မင်ပဲ…။ ကံမကောင်းစွာနဲ့ ခင်ဗျားဆိုင်မှာ တခုမျှ ရှိမနေဘူး…”
ဟန်လိက ပြောခဲသော အမှန်တရားကို ပြောပြလာသည်။
“ဒီမင်အမှုန့်နဲ့ စုတ်တံကတော့….” အမျိုးသမီးငယ်က မျက်ခုံးစုကြုံ့ကာ စဉ်းစားနေ၏။ သူမသည် တခုခုကို ပြောရန် ချီတုံချတုံ ဖြစ်နေဟန် ပေါ်သည်။
သူမက ခေါင်းငုံ့ကာ တကိုယ်တည်း တိုးတိုးဖွဖွ ရေရွတ်နေသည်။ သူမစိတ်ကိုယ် သူမ ပြင်ဆင်နေပုံ ရ၏။ ရုတ်တရက် သူမက ခေါင်းမော့ကာ ဟန်လိကို ပြောလိုက်၏။
“ကျမမှာ မင်ဆေးမှုန့်တော့ မရှိဘူး။ ဒါပေမဲ့ နတ်ဆိုးသားရဲ ရွှေမျက်လုံးလူဝံရဲ့ လည်တိုင်မွှေးနဲ့ ပြုလုပ်ထားတဲ့ ထိပ်တန်းအရည်အသွေး ရှိတဲ့ စုတ်တံတစ်ခု ရှိတယ်။ ဒါပေမဲ့ အဲ့စုတ်တံက တန်ကြေးတော့ မြင့်မယ်။ ရှင့်မှာ ဒီစုတ်တံနဲ့ လဲလှယ်နိုင်မယ့် ဆေးလုံး လုံလုံလောက်လောက် ရှိရဲ့လား…”
ဟန်လိက ထိုသည်ကို ကြားသည့်အခါ အံအားသင့်သွား၏။ သို့ပေမည့် သူက ပြုံး၍ နေပြီး ပြောလိုက်သည်။ “ဒါက ပစ္စည်းကောင်း ဖြစ်နေသ၍ ကျုပ်အနေနဲ့ မိန်းကလေး ကျေနပ်စေမယ့် ဆေးလုံးပမာဏ ပေးမှာပါ…”
အမျိုးသမီးငယ်က ထိုသည်ကို ကြားသည့်အခါ စိတ်သက်သာရာ ရသွားသည်။
သူမက အဆောင်တခုကို ထုတ်ယူကာ လက်ဟန် လှုပ်ရှားလိုက်သည်။ ထို့နောက် ၎င်းအဆောင်ကို လေထဲသို့ ပစ်လွှတ်လိုက်၏။ ထိုအဆောင်သည် ဖြတ်ခနဲ ပျောက်ကွယ်သွားသည်။
“ကျေးဇူးပြုပြီး…ရှင် ကျမကို ခဏ စောင့်ပေးပါ။ ကျမအစ်ကိုကြီးက အဲ့စုတ်တံကို ယူလာပေးလိမ့်မယ်။ သိပ်မကြာပါဘူး…” ထိုအမျိုးသမီးငယ်က ရှက်ရွှံ့ဟန်ဖြင့် ထပ်ပြောသည်။
“ကိစ္စမရှိဘူး။ ဒါကသာ ပစ္စည်းကောင်း ဖြစ်နေသ၍ ကျုပ်အနေနဲ့ ခဏလောက် ထပ်စောင့်ရတာကို အရေးစိုက်မနေပါဘူး…” ဟန်လိက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုသို့ ပြောပြီးနောက် ဟန်လိနှင့် ထိုမိန်းမလှလေးတို့သည် ဒီအတောအတွင်း ပြောစရာ စကား မရှိကြတော့ပေ။ သူတို့သည် ဟိုလိုသည်လိုကြီး ခံစားမှုဖြင့် စောင့်နေကြ၏။
ဟန်လိသည် သူ အသက်ရှုလိုက်တိုင်း သူမထံမှ ကိုယ်သင်းမွှေးရနံ့ကို ရရနေ၏။ သူမကလည်း ခေါင်းငုံ့ကာ သူမ၏ ခြေထောက်ကိုသာ ကြည့်နေသည်။ သူမ ဘာတွေးနေလဲကို မသိရနိုင်ပါ။ သို့သော် ဟန်လိက သူမ၏ အပြစ်အနာဆာကင်းကာ ဖြူဖွေးသော လည်တိုင်ကို မြင်သည့်အခါ ရှိုးတိုးရှန့်တန့် ဖြစ်မိသွား၏။
“ညီမလေး…” အခုလို ရှန့်တန့်တန့် ဖြစ်နေသော အခြေအနေကို အသံကျယ်ကြီးတစ်ခုက ဖြိုခွင်းလိုက်လေသည်။ ဟန်လိသည် ထိုအသံပိုင်ရှင်ထံ ရန်လိုစွာ မကြည့်မိဘဲ မနေနိုင် ဖြစ်မိသွား၏။ သို့သော် ဟန်လိက တဖက်သို့ လှည့်ကြည့်ချိန်၌ ချည်းကပ်လာသော ပုံရိပ်ကို မြင်ရသည့်နောက် မင်သက်မိသွားသည်။
သူက ဝိညာဉ်သေထက် လူလုံးသေးမည့်ပုံ မပေါ်သော အရပ်မြင့်မြင့်၊ ဗလတောင့်တောင့် လူထွားကြီး တစ်ယောက်က သူတို့ထံ အသည်းအသန် ပြေးလာသည်ကို မြင်လိုက်ရပေသည်။ သူ အသည်းအသန် ပြေးလာမှုကြောင့် လမ်းတလျှောက်မှ တချို့ကျင့်ကြံသူများဆို ဘေးကို အမြန် ရှောင်လိုက်ရ၏။ သို့ပေမည့် ထိုသူ၏ ပုံမှန်ထက် ထူးကဲစွာ အလုံးအဖန် ကြီးမားနေသော ခန္ဓာကိုယ်ကြောင့် ထိုသူများမှာ အံ့အားတသင့် တုန်လှုပ်ကုန်ပြီး ရန်မရှာတော့ဘဲ နှာခေါင်းသာ ရှုံ့လိုက်ကြ၏။
အမျိုးသမီးငယ်က ထိုလူ့ဗလကြီး၏ အပြုအမူကို မြင်သည့်အခါ ခေါင်းကိုက် မိသွားသည်။ သူမ၏ အစ်ကိုကြီး၏ အပြုအမူက ကြမ်းတမ်းလှ၏။ ထို့ကြောင့် တခြားကျင့်ကြံသူများက သူ့ကို သဘောမကျကြတာ ဖြစ်မည်။
“ညီမလေး…ငါ နင် ပြောတဲ့ ပစ္စည်း ယူလာခဲ့တယ်…” ထိုလူထွားကြီးက ဟန်လိဘေးနား ရောက်လာပြီး ယပ်တောင်လောက် ရှိမည့် သူ့လက်ဝါးကို ဖြန့်ကာ သစ်သားသေတ္တုတစ်ခုကို အမျိုးသမီးငယ်ထံ လှမ်းပေးလိုက်၏။
အမျိုးသမီးက သူမအစ်ကိုကြီး ဖြစ်သူ၏ ကြမ်းတမ်းတမ်းအပြုအမူကို အပြစ်ပြောမည့်ဟန် ပြင်လိုက်သေး၏။ ထို့နောက် သူမက ၎င်းသစ်သားသေတ္တာကို ဟန်လိထံ ပေးလိုက်၏။ သူမက ဟန်လိကိုယ်တိုင် ၎င်းသေတ္တာကို ဖွင့်၍ အထဲရှိ စုတ်တံကို လေ့လာစေ၏။
ဟန်လိက သေတ္တာကို ယူသည်။ အမျိုးသမီးငယ်ကို တချက် ကြည့်ပြီးနောက် သူက ၎င်းကု ဖွင့်၏။ ထိုအခါ ထိပ်ဖျား၌ အဝါရောင်ခပ်ဖျော့ဖျော့ ထုတ်လွှတ်နေသော ရွှေရောင်စုတ်တံတစ်ခု လှစ်ဟပေါ်လာသည်။
“ဒီစုတ်တံကို ရွှေအမှန်တရားလို့ ခေါ်တယ်။ ၎င်းရဲ့ ထိပ်က ရွှေမျက်လုံးလူဝံရဲ့ လည်ဆံမွှေးနဲ့ ပြုလုပ်ထားတာ။ ၎င်းရဲ့ အရိုးတံကတော့ ရွှေအဆီအနှစ်နဲ့ သံမဏိကို ရောပြီး ဖန်တီးထားတာ ဖြစ်တယ်။ ပြီးတော့ ဒါကို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် သုံးရက်သုံးညလုံး မီးနဲ့ သန့်စင်ပေးထားသေးတယ်။ အဲ့ကျမှသာ ဒီလို စုတ်တံကို အောင်အောင်မြင်မြင် ရရှိလာခဲ့တာ ဖြစ်တယ်…”
အမျိုးသမီးငယ်က နူးညံသော လေသံဖြင့် ရှင်းပြသည်။ သို့ပေမည့် ထိုအမျိုးသမီးငယ်မှာ ဒီစုတ်တံကို နှမြောသောအကြည့်ဖြင့် ကြည့်နေမိလေသည်။
ဟန်လိသည် ထိုအမျိုးသမီးငယ် ပြောသည့် အကြောင်းအရာများကို အကုန်လုံး နားမလည်သော်လည်း သူက ယင်းစုတ်တံမှာ သာမန် မဟုတ်တာကို သိ၏။ ၎င်း၏ ဇာစ်မြစ်မှာလည်း ကြီးမားလောက်မည်။ သူသည် သူမအနေဖြင့် သည်လိုအရာမျိုးဖြင့် အလဲအလှယ် ပြုချင်စိတ် ရှိသည့်အပေါ် အံ့အားမသင့်မိဘဲ မနေနိုင် ဖြစ်မိ၏။
“ဒီက မိန်းကလေးက ဒီစုတ်တံကို ကျုပ်နဲ့ အရောင်းအဝယ် လုပ်ချင်တာ သေချာလား…။ ဒါက အထင်ကြီးဖွယ် ရတနာတစ်ခုပဲ…” ဟန်လိက သူ့လက်ချောင်းဖြင့် စုတ်တံလက်ကိုင်ရိုးကို ပွတ်သပ်ကာ စုတ်တံထိပ်ရှိ ရွှေ”အမှန်တရား” ဟူသော စာလုံးများ ရေးထွင်းထားတာကို သေချာ ကြည့်၏။ သူက အလေးအနက်လေသံဖြင့် ဒီစုတ်တံကို အလဲအလှယ် လုပ်မှာ သေချာလားဟု မေးလိုက်၏။
အမျိုးသမီးငယ်က ဟန်လိ သံသယရှိနေတာကို မြင်၏။ ခဏအကြာတွင် သူမက အမှန်တိုင်း ပြောပြဖို့ ဆုံးဖြတ်လိုက်၏။ သို့မှသာ တဖက်လူ၏ သံသယသည် ပျောက်ကွယ်သွားမှာ မဟုတ်လား။ သည်စုတ်တံ၏ ဇာစ်မြစ်ကို ကောင်းကောင်း မသိပါက တဖက်သူသည် အရောင်းအဝယ် မလုပ်ဝံ့ဘဲ ဖြစ်သွားနိုင်သည်။
“ဒီစုတ်တံဟာ ကျမတို့ ဂိုဏ်းရဲ့ လက်ဆင့်ကမ်းလာခဲ့တဲ့ ပစ္စည်းပဲ။ ဒါကို အဆောင်ဖန်တီးတဲ့ ပညာရှင်အချို့က အချို့က အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ကျမတို့ မောင်နှစ်မ နှစ်ယောက်ဟာ အဆောင်ဖန်တီးရာမှာ ပါရမီ လုံးလုံး မပါခဲ့ဘူး။ ဒါ့ကြောင့် ဒါကို ဒီအတိုင်းပဲ သိမ်းထားခဲ့ကြတာ။ ဒါ့အပြင် ကျမအစ်ကိုကြီးက လာမယ့် အင်မောတယ်အထက်ဘုံ စုဝေးပွဲမှာ ဝင်ပြိုင်ချင်နေတယ်။ သူ့ကျင့်ကြံမှုကလည်း တစ်ဆို့တာ ကြုံနေရတော့ ဆေးဝါးအကူအညီနဲ့ ချိုးဖျက်မှ ဖြစ်မယ်။ ဒါ့ကြောင့် ကျမက ဒီပစ္စည်းကို သုံးပြီး ရှင့်ရဲ့ ဆေးလုံးတွေနဲ့ လဲလှယ်ချင်မိတာ…”
“ငါနဲ့ တွေ့တဲ့အချိန်ကျမှ ဒီလူတွေရဲ့ ကျင့်ကြံမှုက တစ်ဆို့နေတာလား။ ဒါက မတိုက်ဆိုင်လွန်းဘူးလား။ ချိန်သား မကိုက်လွန်းနေဘူးလား…” ဟန်လိက သံသယ ဖြစ်သွာ ထိုသို့ တွေးမိ၏။ အမှန်တော့ ဟန်လိ၏ ထိုအတွေးမှာ မှားပေသည်။
အင်မောတယ်အထက်ဘုံ စုဝေးပွဲပြိုင်ပွဲအတွက် ပြင်ဆင်နေကြသူများ၌ ဆယ်ယောက်တွင် ရှစ်ယောက်လောက်မှာ အဆင့်တစ်ဆို့ခြင်းကို ကြုံနေရပေသည်။ သူတို့သည် အဆင့်မချိုးဖျက်နိုင်ဘဲ ဖြစ်နေကြ၏။ အကြောင်းမှာ လူတိုင်းသည် နောက်ထပ် တဆင့်သို့ တက်လှမ်းဖို့ အလားအလာ ရှိနေပါက သူတို့သည် အင်မောတယ်အထက်ဘုံ စုဝေးပွဲပြိုင်ပွဲသို့ ချက်ခြင်း ဝင်မပါတာ ပိုကောင်းသည်ဟု နားလည်ထားသည်။ ထိုအစား သူတို့က တံခါးပိတ်၍ အသည်းအသန် အပတ်တကုတ် ကျင့်ကြံကာ ပိုမြင့်သော အဆင့်သို့ ချိုးဖျက် ဝင်ရောက်ရန် မျှော်လင့်ကြလိမ့်မည်။
သူတို့က နောက်ထပ်လာမည့် အင်မောတယ်စုဝေးပွဲပြိုင်ပွဲတွင် ဝင်ပြိုင်သည့်အခါ အဆင့်ချိုးဖျက်၍ ပိုမြင့်သော အဆင့်အနေထားကို ရနိုင်လိမ့်မည် ဖြစ်၏။ ထို့ကြောင့် အင်မောတယ်အထက်ဘုံစုဝေးပွဲတိုင်း၌ လူတစ်ယောက်၏ မှော်စွမ်းအားကို မြှင့်တင်ပေးနိုင်သော ဆေးဝါးများ လိုအပ်ချက်မှာ အံ့အားသင့်ဖွယ်ကောင်းအောင် များပြားလွန်းနေတာပင်။