← Chapters

အပျက်အစီး မှော်ရတနာအစိတ်အပိုင်း

Vol. 10 Ch. 139

အပျက်အစီး မှော်ရတနာအစိတ်အပိုင်း

Vol. 10 Ch. 139

အပိုင်း(၁၃၉): း

ကိုယ်ယောင်ဖျောက်ခြင်းနှင့် အသံပို့လွှတ်ခြင်းပညာရပ်တို့သည် ဟန်လိ လေ့ကျင့်ခဲ့ဖူးသော ကောင်းကင်မျက်လုံး ပညာရပ်နှင့် အလားတူ၏။ မှော်စွမ်းအားကို နားလည်သဘောပေါက်သည်နှင့် ယင်းပညာရပ်များကို သင်ယူနိုင်စွမ်း ရှိသည်။ သို့ဖြစ်၍ ဟန်လိသည် ၎င်းပညာရပ်နှစ်ခုကို အားမစိုက်ထုတ်ရဘဲ တတ်မြောက်ခဲ့သည်။

အသံပို့လွှတ်ခြင်း ပညာရပ်မှာ အသံပို့လွှတ်ခြင်းအဆောင်တစ်ခု လိုအပ်ပေ၏။ ထိုအဆောင်ကို ဟန်လိသည် ဆိုင်ခန်းများ၌ အကြိမ်ကြိမ် မြင်ခဲ့ဖူးပြီးသားပင်။

ကိုယ်ယောင်ဖျောက်ခြင်း ပညာရပ်ကမူ အလွန်အသုံးများသော ပညာရပ်ပင်။စိတ်ဝိညာဉ်စွမ်းအင်ကို လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် တွဲစပ်ပါက ထိုခန္ဓာကိုယ်သည် ပတ်ဝန်းကျင်၏ အရောင်နှင့် တသားတည်း ဖြစ်လာကာ အသုံးပြုသူကို တွေ့ရဖို့ ခက်ခဲအောင် လုပ်ပေးသော ပညာရပ် ဖြစ်၏။ ယင်းပညာရပ်မှာ ကောင်းကင်မျက်လုံး ပညာရပ်ဖြင့် လွယ်ကူစွာ ထိုးထွင်း မြင်နိုင်သောကြောင့် တန်ဖိုးအနည်းငယ်သာ ရှိ၏။ ၎င်းသည် တခြားကျင့်ကြံသူများ၏ သတိပြုမိခြင်းကနေ လွယ်မြောက်အောင် အသုံးမပြုနိုင်ဟု ဆိုနိုင်၏။

သဲရှင်ပညာရပ်နှင့် အေးခဲပညာရပ်တို့မှာ ဝန်းကျင်ဧရိယာပေါ် သက်ရောက်မှု ရှိသော ပညာများပင်။ သဲရှင်ပညာရပ်က မှော်စွမ်းအားကို သုံးကာ ဧရိယာတခုခု အတွင်းရှိ မြေကြီးများကို သဲအဖြစ်သို့ ပြောင်းပစ်နိုင်၏။ အေးခဲပညာရပ်က ဧရိယာရှိ ရေကို ရေခဲအဖြစ်သို့ ပြောင်းနိုင်သည်။

ထိုပညာရပ်နှစ်ခု၏ အစွမ်းက အသုံးပြုသူ၏ မှော်စွမ်းအား အတိမ်အနက်၊ အာရုံစိုက်ခြင်းတို့ပေါ် လုံးလုံးလျာလျာ မူတည်သည်။ နတ်အသွင်ပြောင်းခြင်း အဆင့်တစ်ယောက်ကသာ ၎င်းကို အသုံးပြုပါက လီတစ်ထောင် ကျယ်ဝန်းသော ကုန်းမြေသည် သဲကန္တာရ တစ်ခု ဖြစ်သွားနိုင်မည်။ မြစ်တစင်းသည် ရေခဲပြင် ဖြစ်သွားနိုင်သည်။

ထိုပညာရပ်နှစ်ခုကို စဦးအဆင့်နိမ့်ဟု သတ်မှတ်ထားရခြင်းမှာ ၎င်းတို့ကို သင်ယူဖို့ လွယ်သောကြောင့်ပင်။ အဆင့်နိမ့်သော ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများပင် ၎င်းတို့ကို လွယ်ကူစွာ သင်ယူနိုင်စွမ်း ရှိ၏။ သို့သော် သူတို့၏ စွမ်းအားက အကန့်အသတ် ရှိမည်။ အသုံးပြုနိုင်သော အဝန်းအကျယ်မှာလည်း သေးငယ်မည်။

ဟန်လိသည် ထိုပညာရပ်နှစ်ခုကို စကျင့်ကြံသည့်အချိန်၌ ယင်းတို့မှာ အတော်လေး အစွမ်းထက်ခဲ့သည်။ သို့သော် သူ အဆင့်ကိုးသို့ ရုတ်တရက် ရောက်သွားသည့်အခါ သူ့မှော်စွမ်းအားမှာ အလျင်အမြန် တိုးပွားလာခဲ့၏။ သို့ဖြစ်၍ သူက ယင်းပညာရပ်နှစ်ခုကို ဆန္ဒရှိသလို အသုံးပြုလာနိုင်သည်။ သူသည် ကျောက်ပြားထိပ်ပိုင်း အရွယ်လောက်ရှိသည့် ဧရိယာကို ထိန်းချုပ်နိုင်ကာ ၎င်းကို သဲအဖြစ်၊ သို့မဟုတ် ရေခဲအဖြစ် စိတ်ကြိုက် ပြောင်းပစ်နိုင်၏။ ထိုသည်က ဟန်လိကို စိတ်လှုပ်တရှား ဖြစ်စေသည်။

ကျန်သည့် မှော်ပညာရပ်များကိုမူ ဟန်လိသည် အခုအချိန်၌ ဖမ်းဆုပ်နိုင်ခြင်း မရှိသေးပေ။ သူက အခုအချိန်၌ အကူအညီမဲ့စွာဖြင့် ယင်းပညာရပ်များကို ဘေးခဏဖယ်ကာ နောက်ပိုင်းမှ လေ့လာနိုင်တော့မည်။ အကြောင်းမှာ ထိုက်နန်စုဝေးပွဲက ပြီးတော့မည်ဖြစ်၍ နောက်ဆုံးနှစ်ရက်တွင် လူငယ်ကျင့်ကြံသူများ၏ အရောင်းအဝယ်ကိစ္စများသည် အထွတ်အထိပ်သို့ ရောက်လာခဲ့သောကြောင့်ပင်။

ခုချိန်၌ ဟန်လိက နှစ်ထောင်သော ကျင့်ကြံသူလူအုပ်ကြီး ရှိနေသော အရောင်းအဝယ်နေရာကွက်လပ်၌ ရှိနေ၏။ ဆိုင်ခန်းများမှာလည်း အရင်ထက် သိသိသာသာ ပိုကြီးနေပြီ။ နောက်ဆုံးရက်များ ဖြစ်၍ သူတို့က နောက်ဆုံးအခွင့်အရေးကို ဖမ်းဆုပ်ချင် ကြသည်။ သူတို့၏ ပစ္စည်းကောင်းများကို လဲလှယ်ချင်ကြသည်။ ထို့အပြင် ကျင့်ကြံမှု အဆင့်မြင့်မားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ပေါ်လာ၏။ သူတို့ကလည်း ဒီလို လူသူများသော အခွင့်အရေးကို အသုံးချကာ သူတို့၏ ပြိုင်ဘက် ရန်သူ ဖြစ်လာနိုင်သူများအား စူးစမ်းလေ့လာကြသည်။

ဟန်လိက ခါးသက်သက် ပြုံးမိ၏။ သူသည် ချီစုဆောင်းခြင်းအဆင့်ကိုးသို့ ရောက်နေပြီ ဖြစ်သော်လည်း ကျင့်ကြံသူအုပ်ထဲ၌ လျှောက်နေရင်း လူအများအပြားမှာ အဆင့်ကိုးအထက်တွင် ရှိနေသည်ကို သူ တွေ့ရ၏။

ခုလက်ရှိ၌ ဟန်လိထံ၌ စိတ်ဝိညာဉ်ကျောက်တုံး တတုံးတလေမျှ မရှိပေ။ သူ့ဆေးလုံးများမှာလည်း နည်းပါးနေပြီ။ သူသည် သူ့ရတနာများကိုလည်း စွန့်လွှတ်ဖို့ စိတ်ကူးမရှိ၍ သူ့အနေဖြင့် လူအုပ်ကြီးအတိုင်းသာ ဆိုင်တဆိုင်ကနေ တဆိုင် လိုက်ပါကာ သည်အတိုင်း လျှောက်လာခဲ့၏။ သူက အရောင်းအဝယ် ပြုရာ၌ တခြားကျင့်ကြံသူများ၏ ပြောစကားများ၊အမြင်များကို ကြားရ၏။ မြင်ရ၏။ ဤသည်က သူ့အတွေ့အကြုံနှင့် ဗဟုသုတကို ပိုကြွယ်လာစေသည်။

တခြားသူများ၏ စကားများကို ကြားရခြင်းက ဟန်လိ၏ အမြင်ကို အမှန်တကယ် ကျယ်စေ၏။ သူ့ကို မှော်ပစ္စည်းများ၊ သတ္တုအမျိုးအမယ်များနှင့် ပတ်သတ်၍ အတန်ငယ် ပိုနားလည်လာစေသည်။ ဥပမာ ရန်သူများနောက် အလိုလို နောက်ယောင်ခံ လိုက်နိုင်သော မှော်မြားငယ်များ၊ မီးတောက်များ ပစ်လွှတ်နိုင်သော ဘူးသီးခြောက်၊ ဆေဘာဓားများ၊ ဆေး ဖော်စပ်နိုင်သော ငွေတောင်ပံပုရွတ်ဆိတ်ဥများ၊ နှစ်တစ်ရာ သက်တမ်းရှိ သံစင်းကြောင်းမြွေများ စသဖြင့်ပင်။

ဟန်လိက ပိုမို၍ ကြားရလေလေ သူက ပို ရွှင်မြူးမိလေပင်။ သူသည် အရင်က သူ သိထားခဲ့သော အရောင်းအဝယ် နေရာ၏ ဗဟိုချက်ထံ ရောက်လာခဲ့သည်။

“ဒါ အဆင်မပြေဘူး။ ကျုပ်အနေနဲ့ ခင်ဗျား ကမ်းလှမ်းတဲ့ဟာကို မလိုချင်ဘူး။ တခြား တခုခု ပေးပါ…”

“ဒါက ပျက်စီးနေတဲ့ မှော်ရတနာအစိတ်အပိုင်းတစ်ခုပဲ။ ဒါက ခင်ဗျားရဲ့ သူတောင်းစားခွက်ထက် ပိုတန်တယ်…”

“ကျုပ်က ဒီပျက်စီးနေတဲ့ အစိတ်အပိုင်းကို ဘာသွား အသုံးပြုရမှာလဲ။ ဒီခွက်ကို အမြုတေဖွဲ့စည်းခြင်း အဆင့်ကျွမ်းကျင်သူတစ်ယောက်က သန့်စင်ခဲ့တာ ခင်ဗျား မမြင်ဘူးလား။ ခင်ဗျားရဲ့ ဒီအပျက်အစီးမှော်ရတနာနဲ့ ကျုပ်ရဲ့ လေအပြန်ခွက်ကို လဲလှယ်နိုင်လိမ့်မယ်လို့ ခင်ဗျား ထင်လား…”

ဆိုင်ခန်းတခု၏ ရှေ့တွင် ငြင်းသံခုန်သံများ ဆူညံနေသည်။

“အပျက်အစီး ရတနာအစိတ်အပိုင်းတစ်ခုလား…” လူအများအပြားသည် အံ့အားတသင့် ဖြစ်ကုန်ကာ ဒီဆိုင်အနီးအနားတွင် အုတ်အော်သောင်းနင်း ဖြစ်လေသည်။ တအောင့်အကြာတွင် လူအများအပြားက သည်ဆိုင်ကို ဝိုင်းအုံလာ၏။

မှော်ရတနာများသည် အဆင့်နိမ့်ကျင့်ကြံသူများအတွက် အိပ်မက်ပင် မမက်ဝံ့သော အရာများ ဖြစ်၏။ သို့ပေမည့် ထိုတခုသည် ထိုက်နန်တောင်ကြား၌ မထင်မှတ်ဘဲ ပေါ်လာသည်။ ထိုမှော်ရတနာက ပျက်စီးနေသော အစိတ်အပိုင်းတခု ဖြစ်နေလျှင်ပင် ၎င်းမှာ အံ့ဖွယ်တပါး ဖြစ်နေတုန်းပင်။ ကျင့်ကြံသူများကို ငါးကြော်တွေ့သော ကြောင်ကဲ့သို့ အာသာငမ်းငမ်း ဖြစ်စေနိုင်တုန်းပင်။ သည်ဆိုင်ခန်း ပတ်လည်ရှိ ကျင့်ကြံသူများ၏ စိတ်ထဲ၌ လိုချင်တပ်မက်စိတ်ကြောင့် ဗြောင်းဆန်နေသည်။

“ဒါက ဘယ်နေရာက ရလာတာလဲ…”

“ကျုပ် ကြည့်ပါရစေ…”

“ဒါက မှော်ရတနာလား…”

“ဒါက အစုတ်အပြတ် သာသာပဲမလား…”

ဟန်လိက ထိုဆိုင်နှင့် အတော်အတန် နီးကပ်နေသဖြင့် သူသည် ကျင့်ကြံသူ တော်တော်များများထက် အနီးအနားသို့ ဦးအောင် ရောက်သွားပြီး နေရာကောင်း ရလိုက်၏။ ထိုနေရာကနေ သူသည် ဆိုင်ရှိ ဖြစ်ပျက်သမျှကို ရှင်းရှင်းလင်းလင်း မြင်ရသည်။

ဆိုင်ခန်းထံ လှမ်းကြည့်စဉ် ဟန်လိသည် အသက်နှစ်ဆယ့်ခုနစ်၊ နှစ်ဆယ့်ရှစ်လောက် ရှိမည့် လူတစ်ယောက်က ဆိုင်ရှေ့၌ ရပ်နေသည်ကို မြင်သည်။ ထိုသူ၏ အသားအရေမှာ နက်မှောင်ပြီး ခြေဆန်လက်ဆန် ကြီးမားသည်။ သူ့ကို လယ်သမား တစ်ယောက်ဟု ထင်ရ၏။ သို့သော် ဟန်လိက ထိုသူ့ကို ကောင်းကင်မျက်လုံး ပညာရပ်ဖြင့် ကြည့်သည့်အခါ သူ တုန်လှုပ်မိသွားသည်။ ထိုအသားမည်းမည်းလူမှာ ချီစုဆောင်ခြင်းအဆင့် တစ်ဆယ် ရှိသော ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေ၏။

“ဒီလူနဲ့ သွားငြင်းခုန်နေတဲ့သူက သေချင်နေလို့များလား…”

ကျင့်ကြံသူအနည်းငယ်က အံ့အားသင့်မိကြ၏။ ထို့နောက် သူတို့၏အကြည့်က ဆိုင်ရှင်ထံ ရောက်သွားသည်။ ထိုဆိုင်ရှင်မှာ တွေ့နေမြင်နေကျ အနက်ရောင်ဝတ်ရုံကို ဝတ်ထားသော လူတစ်ယောက်ပင်။ သူ၏ မှော်စွမ်းအားမှာ အဆင့်ခုနစ်၊အဆင့်ရှစ်လောက်သာ ရှိလိမ့်မည်။ သို့ပေမည့် သူသည် သူ့ရှေ့မှ လူနှင့် အငြင်းအခုန် ဖြစ်နေ၏။ သူ့မျက်နှာထက်တွင်လည်း ကြောက်လန့်ဟန် စိုးစိမျှ မပေါ်နေပေ။

လူအချို့က ထိုဆိုင်ခန်း၏ ဆိုင်းဘုတ်ပေါ်၌ သစ်ရွက်ပုံစံ ရေးထိုးထားတာကို သတိပြုမိ၏။ ကျင့်ကြံသူများသည် သည်ဆိုင်ရှင်မှာ ချင်းယဲ့တောင်တန်းရှိ ယဲ့ဂိုဏ်းမှ တပည့်မှန်း သဘောပေါက်သွားကြ၏။ သူသည် ထိုသို့သော ယုံကြည်မှု ရှိနေတာ အံ့အားသင့်စရာ မရှိတော့ပေ။

ဆိုင်ရှင်နှင့် သူ့ရှေ့မှလူကြားတွင် ထူးခြားသောပုံစံကွက်ဖြင့် ခွက်တခုနှင့် အဝတ်ပိုင်းတခုတို့ ရှိနေကြ၏။

ထိုအဝတ်ပိုင်းမှာ အစုတ်အပြတ်သာသာ ထင်ရ၏။ အနားစွန်းများမှာလည်း ပြဲနေသည်။ ခွေးကိုက်ခံထားရသည့်အလား။ ၎င်း၏ တခုတည်းသော စွဲဆောင်နိုင်မှုမှာ တလဲ့လဲ့ တောက်ပနေသော အဖြူရောင်အလင်းဓာတ်ပင်။ ၎င်းမှာ တမူထူးနေသည်။

ဤသည်မှာ အပျက်အစီးမှော်ရတနာ တစ်ခုလား။ ထိုပစ္စည်းကို တွေ့မြင်ပြီးနောက် လူအုပ်ကြီးသည် အကြီးအကျယ် စိတ်ပျက်သွားသည်။

“ဒီအပျက်အစီးမှော်ရတနာက အတော်လေး အံ့အားသင့်ဖို့ ကောင်းတယ်။ ဒါကို ပစ္စည်းတခုအပေါ် တင်အုပ်လိုက်တာနဲ့ အဲ့ပစ္စည်းကို ချက်ခြင်း မမြင်ရအောင် လုပ်ပေးနိုင်တယ်။ ၎င်းရဲ့ စိတ်ဝိညာဉ်ချီ စိမ့်ထွက်ခြင်း မရှိရုံမက စိတ်ဝိညာဉ်ချီ ဝင်ရောက်ခြင်းကိုလည်း အဟန့်အတား ဖြစ်စေမှာ မဟုတ်ဘူး…”

အသားမည်းမည်းလူက အေးစက်စက် မျက်နှာပေးနှင့် ရှိနေ၏။

ထိုသို့ ပြောပြီးနောက် သူက ချက်ခြင်းပင် သူ့အင်္ကျီလက်အိုးထဲမှ ငွေရောင်ကြွယ်ငယ်တစ်ကောင်ကို ထုတ်ယူသည်။

“ဒါက အဆင့်တစ်နတ်ဆိုးသားရဲ၊ ရွှေစားသောက်ခြင်းကြွက်ပဲ…” အနီးအနားတွင် ဝိုင်းနေသော ကျင့်ကြံသူများက ၎င်းကြွက်၏ အမည်ကို အော်လိုက်ကြသည်။

“သူက တကယ်ပဲ အဆင့်တစ်ဆယ် ကျွမ်းကျင်သူ ဖြစ်ဖို့ ထိုက်တန်တာပဲ။ သူက အဆင့်တစ်သားရဲတစ်ကောင်ကိုတောင် ဖမ်းဆီးထားနိုင်တယ်…”

လူအများသည် ထိုသို့ မတွေးမိဘဲ မနေနိုင် ဖြစ်ကြသည်။

ယင်းအခိုက်တွင် အသားမည်းမည်းလူက အဝတ်စကို ကောက်ယူကာ ၎င်းကြွက်အား ထွေးပတ်လိုက်၏။

ရလဒ်မှာ အံ့ဖွယ်ပင်။ ငွေရောင်ကြွက်နှင့် အဝတ်စတို့သည် ချက်ခြင်း ပျောက်သွားသည်။ လူအများက ကောင်းကင်မျက်လုံး ပညာရပ်ကို အသုံးပြုသော်လည်း ၎င်းတို့၏ အစအနကိုပင် မတွေ့ရတော့ပေ။

လူတိုင်း တုန်လှုပ်သွားသည်ကို မြင်သည့်အခါ အသားမည်းမည်းလူသည် ကျေနပ်သွား၏။ ထို့နောက် သူက ငွေရောင်ကြွက်ကို ထွေးပတ်ထားသော အဝတ်အား ဖယ်ရှားလိုက်၏။

“ဒါက သက်ရှိတွေကိုတင် မဟုတ်ဘူး။ တခြား သက်မဲ့တွေအပေါ်မှာလည်း အလားတူ သက်ရောက်မှု ရှိတယ်…”

ထိုသို့ ပြောပြီးနောက် ထိုသူသည် စိတ်ဝိညာဉ်ချီ ထုတ်လွှတ်နေသော ဓားတလက်ကို ထုတ်ယူကာ မြေပေါ်သို့ ပစ်ချသည်။ ထို့နောက် သူက ၎င်းဓားကို အဝတ်ဖြင့် ဖုံး၏။ ထိုဓားမှာ လုံးဝ ပျောက်ကွယ်သွားသည်။ စိတ်ဝိညာဉ်ချီလည်း တစိုးတစိမျှ စိမ့်ထွက်နေခြင်း မရှိတော့ပေ။

“တကယ် အံ့ဩဖို့ ကောင်းတာပဲဟ…”

“ဒါက အရာဝတ္ထုတွေကို ကိုယ်ဖျောက်ပေးနိုင်တယ်…”

“အားလားလား…မယုံနိုင်စရာပဲ…”

ဘေးပတ်လည်မှ ကြည့်နေသူများသည် စိတ်အားတက်ကြွစွာ ပြောဆို ဆွေးနွေးကုန်၏။

“ကဲ ဘယ်လိုလဲ။ ဒါက မင်းရဲ့ ခွက်နဲ့ လဲလှယ်နိုင်မယ့် တန်ဖိုး ရှိပြီလား…” ထို့နောက် သည်လူက အဝတ်ကို ပြန်ဖယ်ကာ သူ့ဓားကို ပြန်သိမ်းလိုက်သည်။

“ကျုပ် ဒါနဲ့ လဲလှယ်မှာ မဟုတ်ဘူး။ တခုခုကို မမြင်ရအောင် ကျုပ် လုပ်ချင်ရင်လည်း ကျုပ် အနေနဲ့ စဦးအလယ်အဆင့် ကွယ်ဖျောက်ခြင်းအဆောင် တခုကို ဝယ်လိုက်ရုံပဲ။ ဒီလို အရာလေးနဲ့ ခင်ဗျားက ကျုပ်ရဲ့ ခေါင်းအစ ခြေအဆုံးကို ဖုံးကွယ်ခိုင်းမလို့လား…”

ဆိုင်ရှင်က ခေါင်းယမ်းကာ လှောင်ပြော ပြောလိုက်သည်။

“ကျုပ် ခင်ဗျားကို မပြောခဲ့ဘူးလား။ ဒါက ပျက်စီးနေတဲ့ မှော်ရတနာအဆောင်ပဲ။ ဒါဟာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်က သန့်စင်ထားခဲ့တာ မဟုတ်ဘူး။ စဦးစိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူက သန့်စင်ခဲ့တာ။ ဒီအဆင့်တွေက မတူဘူးနော်။ ဒါ့ကြောင့် ဒီကွယ်ဖျောက်နိုင်တဲ့ စွမ်းရည်ကို ဘယ်သူကများ ဖြတ်မြင်နိုင်မလဲ။ ဒါကို ကွယ်ဖျောက်ခြင်း အဆောင်နဲ့များ နှိုင်းယှဉ်ရတယ်လို့…”

အသားမည်းမည်းလူက ဒေါသတကြီး ပြော၏။

“ခင်ဗျားက နောက်ထပ် လွန်လွန်ကဲကဲတွေ ပြောပြန်ပြီ။ ဒီအဝတ်စုတ်က ကျုပ်အတွက် အသုံးမဝင်ဘူး။ ဒါ့ကြောင့် ကျုပ်က ဒီဟာကို လိုချင်နေရမှာလဲ။ ခင်ဗျားအနေနဲ့ ဒီခွက်ကို လိုချင်ရင် ညီမျှတဲ့ တန်ဖိုးရှိတဲ့ တခုခု ဒါမှမဟုတ် စိတ်ဝိညာဉ်ကျောက်တုံး သုံးဆယ်ပဲ ကျုပ်ကို ပေးတာ ပိုကောင်းအုံးမယ်…”

ဆိုင်ရှင်က အေးစက်စက် ပြောလိုက်၏။

All Chapters