ပိုင်ဆိုင်ရဖို့ ဆုံးဖြတ်ချက်
Vol. 10 Ch. 140
“မင်း…” အသားမည်းမည်းလူသည် အလွန် ဒေါသပုန်ထသွားသည်။ သူက လက်သီးတင်းတင်းဆုပ်ကာ ရှေ့သို့ ခြေလှမ်း၏။
“ဘာလဲ…ခင်ဗျားက အရောင်းအဝယ်ကို အားသုံးလို့ ရမယ်လို့ ထင်နေတာလား။ ကျုပ်တို့ ယဲ့ဂိုဏ်းက လူတွေဟာ အနိုင်ကျင့်လို့ ကောင်းတဲ့ သားကောင်တွေတော့ မဟုတ်ဘူးနော်…”
ဆိုင်ရှင်ကာ အားနားမှုလုံးဝ မရှိဘဲ တည့်ပြောချ၏။
“ဟက်…ယဲ့ဂိုဏ်းက တော်တော်လေး အထင်ကြီးစရာပါ…” ထိုသူက တောင်းပန်ခြင်း မပြုသော်လည်း သူ့လက်သီးဆုပ်ကိုတော့ ဖြေလိုက်၏။ သူသည် ယဲ့ဂိုဏ်းကို လန့်နေတာ သိသာသည်။
ထိုသူမှာ ယဲ့ဂိုဏ်း၏ အမည်ဖြင့်ပင် ဖိနှိပ်ခံလိုက်ရ၏။ သူ့အဖို့ ဒေါသ ထွက်နိုင်ရုံသပ်သပ်သာ တတ်နိုင်တော့၏။ သူသည် အဆယ့်တစ်ဆယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်၏။ တခြားသူများက သူ့ကို တလေးတစား ပြောဆိုခြင်း၌ အသားကျနေပြီ။ သို့သော် ခုလက်ရှိ၌ သူသည် ဒီအရှက်ရမှုကို လက်ခံကာ လှည့်ပြန်သွားရုံသာ ရှိ၏။ သို့သော် သူသည် ဒီလေအပြန်ခွက်ကို တအား လိုချင်နေသည်။ ၎င်းက သူ့ကျင့်ကြံမှုပညာရပ်နှင့် ကိုက်ညီသည် မဟုတ်လား။ သူသာ ၎င်းခွက်ကို ရပါက သူ့ခွန်အားသည် တိုးတက်သွားပေမည်။ သို့ပေမည့် ခုလက်ရှိ၌ သူ၏ ဒီအပျက်အစီးရတနာအစိတ်အပိုင်းကလွဲ၍ သူ၏ တခြားအဖိုးတန် ပိုင်ဆိုင်မှုများနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို လွန်ခဲ့သော ရက်များက သုံးစွဲပစ်ခဲ့ပြီး ဖြစ်သည်။
“ညီအစ်ကို…ဒီရတနာအစိတ်အပိုင်းကို ကျုပ်ရှိ ရောင်းပေးနိုင်မလား။ ကျုပ် ခင်ဗျားကို စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံး ပေးမယ်…” မီးခိုးရောင်ဝတ်စုံနှင့်လူတစ်ယောက်သည် လူအုပ်ထဲမှ ပြောပြောဆိုဆို လှမ်းထွက်လာသည်။ သူက အသားမည်းမည်းလူရှေ့သို့ လှမ်းလာကာ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်၏။
“ကျုပ် ဒါကို ရောင်းမှာ မဟုတ်ဘူး။ ခင်ဗျား ဝယ်ချင်ရင် စိတ်ဝိညာဉ်ကျောက်တုံးသုံးဆယ် ကျုပ်ကို ပေးရမယ်…” အသားမည်းမည်းလူက ခေါင်းယမ်းလိုက်သည်။ ထိုတန်ဖိုးမှာ လက်သင့်ခံနိုင်စရာတော့ မဟုတ်ပေ။
“ဟူး…။ ခင်ဗျားရဲ့ ပျက်စီးနေတဲ့ ရတနာအစိတ်အပိုင်းက တန်ဖိုးဒီထက့် ရှိရင်တော့ ဒီဈေးနှုန်းက တန်ပါတယ်။ ကံမကောင်းစွာနဲ့ ဒီအစိတ်အပိုင်းက သေးငယ်လွန်းတယ်။ ဒီပစ္စည်း ဖုံးကွယ်ပေးနိုင်တဲ့ ပစ္စည်းပမာဏဟာ နည်းပါးလွန်းနေတယ်…”
မီးခိုးရောင်ဝတ်စုံနှင့်လူက ထိုသို့ဆိုကာ ဈေးဆက်မညှိတော့ဘဲ လူအုပ်ထဲ ပြန်လျှောက်သွားသည်။
“စိတ်ဝိညာဉ်ကျောက်တုံး ဆယ့်နှစ်တုံးနဲ့ ကျုပ်ကို ရောင်းပေးနိုင်မလား…”
“ဆယ့်သုံးတုံး…”
ဘေးပတ်လည်မှ ကျင့်ကြံသူများသည် ဒီရတနာအစိတ်အပိုင်းကို စိတ်ဝင်တစားဖြင့် ကြည့်နေ၏။ သူတို့သည် ထိုပစ္စည်းကို အသုံးမပြုနိုင်ခဲ့လျှင်ပင် ၎င်းကို ဖြည်းဖြည်းချင်း လေ့လာနိုင်၏။ သူတို့သည် ၎င်းရတနာအစိတ်အပိုင်းကနေ ဉာဏ်အလင်း ရနိုင်၊မရနိုင်ကို မည်သူ သိနိုင်ပါ့မည်နည်း။
ထိုသို့ဖြင့် မျက်နှာဝိုင်းဝိုင်းနှင့်လူငယ် တစ်ယောက်က စိတ်ဝိညာဉ်ကျောက်တုံးနှစ်ဆယ်ထိ ဈေးမြှင့်ပေးလာသည်။
ထိုသို့ မြင့်မားသော တန်ကြေးကြောင့် တခြားသူများက စကားဆက် မဆိုကြတော့ပေ။ သူတို့အားလုံးက တန်ကြေးမြင့်လှသည်ဟု ခံစားမိသည်။ တကယ်တော့ အဆင့်နိမ့်ကျင့်ကြံသူများအတွက် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံး ပမာဏသည်ပင် အတော်လေး များနေပေပြီ။ ထို့အပြင် စိတ်ဝိညာဉ်ကျောက်တုံးနှစ်ဆယ် ပေးလာသော လူငယ်မှာ ကျင့်ကြံခြင်းဂိုဏ်းတခု၏ တပည့်တစ်ယောက် ဖြစ်ပုံရ၏။ သူတို့မှသာ ထိုသို့ ချမ်းသာနိုင်လိမ့်မည်။
“နှစ်ဆယ်လား…” အသားမည်းမည်းလူ၏ အမူအရာမှာ ပြောင်းလဲသွား၏။ ထိုတန်ကြေးက သူ့လိုအပ်ချက်နှင့် အတော်အတန် ကိုက်ညီမှု ရှိနေပေပြီ။ သူ့ထံရှိ တခြားပစ္စည်းများနှင့် စိတ်ဝိညာဉ်ကျောက်တုံးနှစ်ဆယ်တို့ကို ပေါင်းပါက လေအပြန်ခွက်ကို လဲလှယ်နိုင်လောက်မည်။
“မင်းက စိတ်ဝိညာဉ်ကျောက်တုံးနှစ်ဆယ် ပေးချင်တာလား…” သူက မျက်နှာဝိုင်းဝိုင်းဖြင့် လူငယ်ကို ကြည့်ကာ ပြောလိုက်၏။
ထိုခဏ၌ လူငယ်၏ မျက်နှာမှာ နီမြန်းသွား၏။ မည်သည့်အတွက်ကြောင့်မူ မသိရပေ။ ထို့နောက် သူ့မျက်နှာက ဖြူရောသွားပြီး သူသည် မလုံမလဲ ဖြစ်လာပုံ ရသည်။
“ကျုပ်…ကျုပ်မှာ ဒီလောက်များတဲ့ စိတ်ဝိညာဉ်ကျောက်တုံး မရှိပါဘူး…”
ထိုစကားများ ထွက်ပေါ်လာသည့်အခါ ကြည့်ရှုနေသော သူများမှာ အံ့အားသင့်ကုန်၏။
“မင်းမှာ မရှိဘူး။ ဒါဆို ဘာကြောင့် မင်းက အခုဈေးကို အော်ပြောခဲ့ရတာလဲကွ။ မင်း ငါ့ကို လာနောက်နေတာလား…”
အသားမည်းမည်းလူထံမှ ဒေါသအငွေ့အသက်တို့ ပေါက်ကွဲထွက်လာ၏။
“လူတိုင်းက ဈေးနှုန်းကို အော်ပြောနေတာ ကျုပ် တွေ့တော့ မစဉ်းစားဘဲ ကျုပ်လည်း ပါးစပ် ဟမိခဲ့တာပါ။ အစ်ကိုကြီး…ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ…”
မျက်နှာဝိုင်းဝိုင်းဖြင့်လူငယ်က ချက်ခြင်း တောင်းပန်သည်။ သူ့နှဖူးတွင်လည်း ချွေးပြန်နေပေပြီ။ သူသည် အဆင့်ငါးကျင့်ကြံသူသာ ရှိသေး၏။ သူ့အနေဖြင့် အသားမည်းမည်းလူထံမှ ဖိအားကို မည်သို့ ခံနိုင်ပါ့မည်နည်း။
“ဆယ့်ကိုးတုံးလို့ အစောလေးက ဈေးအော်ပေးခဲ့တဲ့သူက ဘယ်သူများလဲ။ အဲ့လူအတွက် ဒီအပျက်အစီးရတနာအစိတ်အပိုင်းကို လဲလှယ်နိုင်ဖို့ ကျုပ်အနေနဲ့ စိတ်ဝိညာဉ်ကျောက်တုံးတတုံး အလကား ပေးပါ့မယ်…”
မျက်နှာဝိုင်းဝိုင်းလူငယ်က ထိုသို့ ထပ်အော်လိုက်ပြန်သည်။
ကံမကောင်းစွာဖြင့် မည်သူကမျှ တုတ်တုတ်မလှုပ်ကြပေ။ ကြည့်ရသည်မှာ ဆယ့်ကိုးတုံးဟု ဈေးအော်ပေးခဲ့သော သူလည်း စိတ်ပြောင်းသွားပုံ ရသည်။
“ဆယ့်ရှစ်တုံးလို့ အော်ပြောခဲ့တဲ့ ညီအစ်ကိုကရော…” မျက်နှာဝိုင်းဝိုင်းဖြင့် လူငယ်က အသားမည်းမည်းလူ၏မျက်နှာမှာ ပို၍ သုန်မှုန်လာသည်ကို မြင်သည့်အချိန်၌ သူသည် လန့်နေပေပြီ။ သူသည် မထင်မရှား ကျင့်ကြံသူလေးတစ်ယောက်ပင်။ သူ့ထံ၌ စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးသာ ပိုင်ဆိုင်ထားသည်။
လူအများက ပွဲကောင်းကြည့်ရပြီဟု တွေးနေကြစဉ် “ခဏစောင့်ပါအုံး” ဟူသော အသံတစ်သံ ရုတ်တရက် ဟိန်းထါက်လာ၏။ သည်ဆိုင်ထံ လူတစ်ယောက် ဝင်လာကာ အသည်းမည်းမည်းလူကို လှမ်းခေါ်လိုက်၏။
“မင်းကကော ဘာဖြစ်ချင်ပြန်တာလဲ…” အသားမည်းမည်းလူမှာ မျက်နှာပျက်ကာ သုန်မှုန်နေ၏။ ဒေါသလည်း အလွန်အမင်း ထွက်နေလေပြီ။ ထိုသူကသာ သူ့ကို လာစသူ ဖြစ်နေပါက သူသည် မောင်းထုတ်ပစ်တော့မည်။ ခု စကားလှမ်းပြောသောသူမှာ အားနည်းသူ မဟုတ်သော်လည်း အဆင့်ကိုး၌သာ ရှိသေး၏။
“ကျုပ်လည်း ဒီပစ္စည်းကို စိတ်ဝင်စားမိတယ်…” ထိုသူက ရတနာအစိတ်အပိုင်း အဝတ်စကို လက်ညှိုးထိုးကာ ပြုံး၍ ပြောလာသည်။
အသားမည်းမည်းလူလူကို စကားလှမ်းပြောလိုက်သူမှာ တခြားသူ မဟုတ်ပေ။ ဟန်လိပင်။
ဟန်လိက ထိုသူသည် ဒီအပျက်အစီးလက်နက်ရတနာက အရာဝတ္ထုများနှင့် စိတ်ဝိညာဉ်ချီတို့ကို ကွယ်ဖျောက်ပေးနိုင်သည်ဟု ပြောခဲ့ချိန်တည်းက သူ့စိတ်မှာ ဂနာမငြိမ် ဖြစ်ခဲ့၏။ သူ့စိတ်ထဲ၌လည်း အမြင်တခု ရှိနေခဲ့သည်။
ထိုအသားမည်းမည်းလူက ဓားကို ကွယ်ဖျောက် ပြချိန်၌ ဟန်လိ၏ စိတ်ထဲရှိ အမြင်သည် ပိုထင်ရှားလာသည်။ သူသည် ဒီအပျက်အစီးရတနာအစိတ်အပိုင်းကို ရအောင် ယူမည်ဟု ဆုံးဖြတ်လိုက်၏။
“မင်းကကော ဘယ်လောက် တန်ကြေး ပေးနိုင်မလဲ…” အသားမည်းမည်းလူ၏ မျက်နှာကြောမှာ အတန်ငယ် ပြေလျှော့သွားပြီး သူက မေးလိုက်သည်။
“ကျုပ်က ဒါကို စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝယ်မှာ မဟုတ်ဘူး။ အဲ့အစား ပစ္စည်းတစ်ခု သုံးပြီး ဒီအဝတ်ပိုင်းနဲ့ လဲလှယ်မှာ ဖြစ်တယ်…” ဟန်လိက သူ့အင်္ကျီလက်အိုးထဲမှ အဆောင်တခုကို တည်တည်ငြိမ်ငြိမ် ထုတ်ယူလိုက်သည်။ ပတ်ဝန်းကျင်မှ လူများက ၎င်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။
“ပျံသန်းခြင်းအဆောင်တခု…” အသိကြွယ်သော တချို့သူများက အလန့်တကြား ထအော်၏။
“ဒါက စဦးအဆင့်မြင့် စိတ်ဝိညာဉ်အဆောင်ပဲ…” တခြားကျင့်ကြံသူများလည်း အံ့အားသင့်ကုန်သည်။ တကယ်တော့ စဦးအဆင့်မြင့်အဆောင်များ ပေါ်လာခဲ့သည်မှာ ဒီထိုက်နန်စုဝေးပွဲ စသည့်ရက်တည်းကပင် လေးငါးခုခြောက်ခုသာ ရှိပေ၏။ ထို့အပြင် တခုချင်းစီကိုလည်း ကြောက်မက်ဖွယ်တန်ကြေးဖြင့် ရောင်းချခဲ့တာပင်။