← Chapters

သတ္တိကောင်းသော လှုပ်ရှားမှု

Vol. 6 Ch. 80

သတ္တိကောင်းသော လှုပ်ရှားမှု

Vol. 6 Ch. 80

အခန်း (၈၀) သတ္တိကောင်းသော လှုပ်ရှားမှု

ဟန်ရှောင်း မျက်မှောင်ကြုတ်သွားသည်။

"မင်းပြောနေတာတွေ ထောက်ခံဖို့ အထောက်အထားတွေရှိလား။" ဟန်ရှောင်းကို ယုံကြည်သောကြောင့် ချီပိုင်ကျား က ချက်ချင်း ဖြေရှင်းချက်တစ်ခု ပေးခဲ့သည်။ သို့သော် ဟက်စ်လာတွင် မတူညီသော ရပ်တည်ချက်ရှိသည်။ နှစ်ဖက်စလုံးက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိကြ‌ပေ။

ဟန်ရှောင်းက ခေတ္တရပ်လိုက်ပြီး “ငါ့မှာ သုံ့ပန်းနှစ်ယောက်ရှိတယ်။ ငါမလိမ်ဘူးဆိုတာကို အတည်ပြုဖို့အတွက် သူတို့ကို မုသားဖော်စက်နဲ့ စမ်းသပ်နိုင်ပါတယ်။”

ကာနယ်လ်ကားလ်မျက်လုံးမှေးသွားပြီး "ဒါဆို မင်းသူတို့ကို ခေါ်လာလို့ရတယ်။"

ချီပိုင်ကျား သက်ပြင်းတစ်ချက်ချလိုက်သည်။ ဟန်ရှောင်းသည် အခြေစိုက်စခန်းကို ဘယ်လိုမျိုး ထိုးဖောက်စိမ့်ဝင်ခဲ့လဲဆိုတာ သံသယရှိသော်လည်း ဟန်ရှောင်းမှာ သူ့နည်းသူ့ဟန်ရှိကြောင်းကိုတော့ ယုံကြည်ရန် ရွေးချယ်ခဲ့သည်။

ကံကောင်းစွာဖြင့် သူ့တွင် သူပြောသည့်စကားများက အမှန်ဖြစ်ကြောင်း သက်သေပြပေးနိုင်သည့် ဖမ်းထားသော သုံ့ပန်းများရှိနေသည်။

သို့သော်လည်း ရေဒီယိုဆက်သွယ်မှု ပြတ်တောက်ပြီးနောက် ကာနယ်လ်ကားလ်က ၎င်း၏လက်ထောက်အား “တပ်‌တွေကို စထွက်ခိုင်းလိုက်။ ငါတို့ပစ်မှတ်က ကျီးနက်တောင်ကြားစခန်းပဲ”

ချီပိုင်ကျား အံ့ဩသွားသည် - ဒါက ယခင်ကတိပြုထားသည့်အရာနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။

ကာနယ်လ်ကားလ်က သူ့အကြောင်းပြချက်ကို ရှင်းပြဖို့ တွန့်ဆုတ်နေခဲ့တယ်။ ဟန်ရှောင်းသည် သုံ့ပန်းများကို ခေါ်လာရန် နာရီအနည်းငယ်ကြာမည်ဖြစ်ပြီး၊ ဟန်ရှောင်းသည် လှည့်ကွက်များကစားပြီး နောက်ထပ် နှောင့်နှေးပါက၊ ကျီးနက်တောင်ကြားစခန်းမှ ရန်သူများသည် ၎င်း၏တပ်များ ပစ်မှတ်သို့မရောက်မီ လုံးလုံးလျားလျားဘေးလွတ်ရာသို့ ထွက်ခွာရန် အခွင့်အရေးကို ရရှိသွားနိုင်သည်။ ကွပ်ကဲရေးမှူးအနေဖြင့်၊ သူသည် အတည်မပြုနိုင်သော အချို့သော သတင်းအားအခြေခံ၍ ၎င်း၏ဆုံးဖြတ်ချက်ကို ရိုးရှင်းစွာ ပြောင်းလဲမည်မဟုတ်ပေ။

သူသည် ယဲ့ဖန်၏ သတင်းကို ပို၍ယုံကြည်လိုသည်။ ၎င်းတွင် သက်သေများ၊ အထောက်အထားများရှိပြီး ယုံကြည်စိတ်ချရသော အရင်းအမြစ်များမှ ရရှိလာခြင်းဖြစ်သည်။

ဟန်ရှောင်းပြောတာမှန်ရင်တောင် စောစောက ထွက်ခွာသွားတဲ့အတွက် ထိခိုက်မှုတစ်စုံတစ်ရာ ရှိမှာမဟုတ်ဘူးလို့ ကာနယ်လ်ကားလ်က ယုံကြည်ခဲ့သည်။ ဟန်ရှောင်းသည် သုံ့ပန်းများကို သူ့ထံသို့ ခေါ်ဆောင်လာနိုင်သေးသည်။ တစ်ခုတည်းသော ခြားနားချက်မှာ အခြေစိုက်စခန်းသည် အစောပိုင်းတွင် တပ်လှန့်ထားရမည်ဖြစ်ပြီး၊ ၎င်းသည် ဟန်ရှောင်း၏အဖွဲ့ကို အန္တရာယ်ဖြစ်စေမည် ဖြစ်သည်။

သို့သော် ကြယ်နဂါးနိုင်ငံ အေးဂျင့်တစ်စု၏ အသက်များကို သူဂရုမစိုက်ပေ။ သူတို့အသတ်ခံရရင်တောင် ဟက်စ်လာ ထိပ်တန်းအရာရှိတွေက ဒါကို စိတ်ဝင်စားမှာမဟုတ်‌ပေ။ ဟက်စ်လာမှ တစ်စုံတစ်ယောက်သည် ဌာန၁၃မှ ဆန္ဒပြမှုများကို သဘာဝအတိုင်း ပိတ်ဆို့ထားမည်သာဖြစ်သည်။

ထို့အပြင် ဟန်ရှောင်းသည် အတွင်းပိုင်း အခြေစိုက်စခန်းနှင့်ပတ်သက်သည့် အချက်အလက်များကို ပေးထားပြီးဖြစ်သည်။ ကာနယ်လ်ကားလ်က ဟန်ရှောင်း က သူ့ဇာတ်လမ်းကို သက်သေပြနိုင်မလား ဆိုတာကို ဂရုမစိုက်ပေ။ အခြေစိုက်စခန်းမှ ဖြုတ်ချပြီးနောက်တွင် ဤအချက်အလက်ကို သူကိုယ်တိုင် အတည်ပြုနိုင်မည်ဖြစ်သည်။

“ကျွန်တော့် လူတွေက တပ်စခန်းနားမှာ တပ်စွဲထားဆဲပါ။ မင်းရဲ့ အလျှင်အမြန်တိုက်ခိုက်မှုက သူတို့ကို အန္တရာယ်ကြီးကြီးမားမားဖြစ်စေလိမ့်မယ်” ချီပိုင်ကျား ဒေါသထွက်နေပုံပေါ်သည်။

“ဒီလို အခွင့်အရေးကောင်းကြီးဟာ အချိန်မရွေး ပြီးဆုံးသွားနိုင်တယ်။ အေးဂျင့်တစ်ယောက် နှစ်ယောက်ကြောင့် နှောင့်နှေးပြီး မစွန့်စားနိုင်ဘူး။ သူတို့ကိုယ်တိုင်လည်း အေးဂျင့်တွေဆိုတော့ ပိုအ‌ရေးကြီးတာကို နားလည်နိုင်မယ်ဆိုတာ သေချာတယ်” ကားလ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်တယ်။

"ကန့်ကွက်ပါတယ်။"

ချီပိုင်ကျား၏ မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။

"ဒါ မင်းသဘောမတူလို့ရတဲ့တဲ့ နေရာမဟုတ်ဘူး" ကားလ်သည် တပ်ဖွဲ့ဝင်တစ်ဖွဲ့ကို ခေါ်ယူရန် လျှပ်စစ်ခေါင်းလောင်းကို နှိပ်လိုက်သည်။ သူတို့၏ ရိုင်ဖယ်သေနတ်များက ချီပိုင်ကျားကို ချိန်ရွယ်ထား၏။ “ကြယ်နဂါးနိုင်ငံက ငါတို့ရဲ့ 'သူငယ်ချင်း‌တွေ' ကို ကားဆီ လိုက်ပို့ပေးလိုက်ပါ။ ပြီးရင် အတူတူ ထွက်ခွါကြမယ်။ ငါတို့ရဲ့ အစီအစဉ်ကို ပေါက်ကြားစေနိုင်တာကြောင့် သူတို့ကို အခြားဘယ်သူနဲ့မှ မဆက်သွယ်နိုင်အောင် သူတို့ရဲ့ ဆက်သွယ်ရေးကိရိယာအားလုံးကို ဖယ်ရှားလိုက်ပါ။"

ကားလ်သည် သူ၏အချက်ကို အလေးထားရန် 'သူငယ်ချင်း' ဟူသော စကားလုံးကို အလေးပေးဖော်ပြခဲ့သည်။

ချီပိုင်ကျား ဒေါသအရမ်းထွက်ပြီး သူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။

“ဟင်း... ဒီလိုအခြေအနေတွေ ဘယ်လိုဖြစ်လာတာလဲ။” ယဲ့ဖန်သည် စကားလုံးများ ကင်းမဲ့သွားသည်။ ဟန်ရှောင်း သည် ရှေးရိုးစွဲနည်းလမ်းကို အကြံပြုခဲ့ပြီး ကားလ်သည် ပို၍အစွန်းရောက်သည်။ မည်သူမျှ မှားသည်မဟုတ်သော်လည်း ကားလ်သည် ကွပ်ကဲရေးမှူးဖြစ်ပြီး ဟန်ရှောင်းသည် လက်အောက်ခံတစ်ဦးသာဖြစ်သည်။ ထို့အပြင်၊ သူတို့သည် ဟက်စ်လာမှ မဟုတ်ပေ။

ဝင်းနားသည် ဘေးမှ အေးစက်စွာ ကြည့်နေသည်။

...

အဆက်အသွယ်ပြတ်‌တောက်သွားပြီးနောက် ဟန်ရှောင်း၏မျက်နှာသည် မည်းမှောင်သွားသည်။

သူ့စိတ်ထဲ ထင့်နေ၏။ ကားလ်သည် အစွန်းရောက် စစ်ဦးစီးအရာရှိတစ်ဦးဖြစ်သောကြောင့် ကြိုတင်တိုက်ခိုက်ရန် ဖြစ်နိုင်ချေများသည်။

ဒီကောင်က အမြန်အောင်မြင်ဖို့ စိတ်အားထက်သန်နေတာပဲ။ ဟန်ရှောင်းသည် သိသိသာသာ ဒေါသထွက်သွားသည်။ အချိန်မရှိတော့သဖြင့် မစ်ရှင်ကို သူကိုယ်တိုင် ပြီးအောင် လုပ်ရမည့်ပုံပေါ်သည်။

သို့သော်လည်း သူသည် အတွင်းပိုင်းအခြေစိုက်စခန်းတည်ရှိမှုကိုသာ သိသော်လည်း ရန်သူ၏ စွန့်ခွါမည့်လမ်းကြောင်းနှင့် အချိန်ကို မသိခဲ့ပေ။ အချက်အလက်ပိုမိုစုဆောင်းရန် ထပ်မံစိမ့်ဝင်ရန် လိုအပ်‌နေသည်။

ဒီတစ်ကြိမ်မှာတော့ ဟန်ရှောင်း ကိုယ်တိုင် ပြီးမြောက်အောင်လုပ်ဖို့ အစီအစဉ်မရှိပါပေ။ သူ့အကြံအစည်ကို အောင်မြင်ရန် တစ်ယောက်တည်း စိမ့်ဝင်ခြင်းသည် အကောင်းဆုံးရွေးချယ်မှု မဟုတ်ပေ။

ပါတနာအတွက် အကောင်းဆုံးရွေးချယ်မှုမှာ အခြေစိုက်စခန်းအတွင်း သူလျှိုအဖြစ် ဝင်ရောက်နိုင်သော ဟက်ကာတစ်ဦးဖြစ်သည့် လီယောင် ဖြစ်သည်။ ကွန်ပြူတာဗိုင်းရပ်စ်ကဲ့သို့ပင်၊ ရန်သူ၏ ဆက်သွယ်ရေးကွန်ရက်ကို ဖြတ်တောက်ပစ်နိုင်ပြီး ၎င်းတို့အား မျက်မမြင်နှင့် နားမကြား ဖြစ်စေနိုင်သည်။

ထို့ကြောင့် သူသည် ဖမ်းဆီးခံထားရသူနှစ်ဦးအပေါ် အခြေခံ၍ မျက်နှာဖုံးနှစ်ခုကို ပြုလုပ်ရမည်ဖြစ်သည်။ ထရပ်ကားထဲတွင် ပုံစံခွက်များနှင့် မိတ်ကပ်ကိရိယာများ ရှိ၏။ ထို့ကြောင့် တစ်နာရီအတွင်း မျက်နှာဖုံးများကို တီထွင်နိုင်ပေသည်။

ဟန်ရှောင်းသည် သူ့စိတ်ကို အာရုံစူးစိုက်ရန် တွန်းအားပေးပြီး ကျန်ရှိသော စွမ်းအင်များကို အသုံးပြုကာ သုံ့ပန်းနှစ်ယောက်ကို ၎င်းတို့၏ လျှို့ဝှက်စခန်းဆီသို့ ဆွဲခေါ်သွားခဲ့သည်။ နေ့ခင်းဘက်တွင် စခန်းသို့ ပြန်ရောက်လာပြီး သူ့အသင်းဖော်တွေက သူ့ကိုကြိုဆိုဖို့ ထွက်လာကြသည်။

"မင်းအဆင်ပြေရဲ့လား?" လီယောင်သည် မောပန်းနေသော ဟန်ရှောင်းကို ကူညီရန် အလျင်အမြန် ထွက်လာခဲ့သည်။

ဟန်ရှောင်းက ခေါင်းခါပြီး “အချိန်သိပ်မကျန်တော့ဘူး။ သုံ့ပန်းတွေကို အခြေခံပြီး မျက်နှာဖုံးနှစ်ခု လုပ်ဖို့လိုတယ်။ လီယောင်နဲ့ လမ်းဘတ်က သူတို့ရဲ့ သက်သေခံကတ်ပြား‌တွေကိုသုံးပြီး အတွင်းပိုင်းစခန်းကို စိမ့်ဝင်ရမယ်။ အသေးစိတ်ကိုတော့ နောက်မှ ရှင်းပြမယ်။"

“အစ်ကိုရှောင်း… အစ်ကိုရှောင်း၊ ကျွန်တော် သူလျှိုလုပ်ရာမှာ အတွေ့အကြုံမရှိဘူး။ တခြားလူကို လုပ်ခိုင်းလို့ရမလား။” လီယောင်သည် ကြောက်ရွံ့မှုကြောင့် မျက်နှာ ဖြူဖျော့သွားသည် ။

"မင်းက ငါတို့ရဲ့ တစ်ဦးတည်းသော ဟက်ကာဖြစ်လို့ မင်းပဲဖြစ်ရမယ်။"

လီယောင်က ထိတ်လန့်စွာကြည့်နေသည်။

"ငါနောက်တစ်နေရာကို ယူလိုက်မယ်။" လီယာလင်းက သူမကိုယ်သူမ ဆန္ဒပြုလိုက်သည်။

ဟန်ရှောင်းက သူမကို လှမ်းကြည့်လိုက်ပြီး တွေဝေခြင်းမရှိဘဲ ခေါင်းခါလိုက်သည်။

"နင်ဘာပြောချင်နေတာလဲ။ ငါ့ကို အထင်သေးနေတာလား။" လီယာလင်း ဒေါသထွက်သွားသည်။

"အဲဒါတွေက အရမ်းကြီးတယ်၊ ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး။" ဟန်ရှောင်းက သူမ၏ ရင်သားကို ညွှန်ပြလိုက်သည်။

လီယာလင်း အသံတိတ်သွား၏။

လီယောင်က ထိတ်လန့်တကြားဖြင့် ဟန်ရှောင်း၏ အင်္ကျီလက်ကို ဆွဲကာ မျှော်လင့်တကြီး ပြောလိုက်သည်။ "အစ်ကိုရှောင်း၊ ဒါဆို ကျွန်တော်နဲ့ သွားမှာလား။"

"မဟုတ်ဘူး၊ ငါမသွားဘူး။ ဒီမစ်ရှင်က ငါ့အတွက် အရမ်း အန္တရာယ်... အဟွတ်... အရမ်းရိုးရှင်းလွန်းတယ်။ ငါ့အတွက် စိန်ခေါ်မှု မရှိဘူး။"

နင်သေချာပေါက် မသင်္ကာစရာ တစ်ခုခုပြောလိုက်တယ်။ လီယောင်နှင့် လီယာလင်းတို့က စိတ်ထဲမှ အော်လိုက်ကြသည်။

"ဒါဆို ငါလုပ်လိုက်မယ်။" ကျန်းဝေက ပြောလိုက်သည်။

ဟန်ရှောင်းက နောက်တစ်ကြိမ် ခေါင်းခါလိုက်ရင်း "မဟုတ်ဘူး၊ မင်းလည်း မရဘူး။ ဘယ်သူမှ သံချပ်ကာဝတ်စုံကို မသုံးနိုင်ဘူး။ ပြီးတော့၊ မင်းက အဖွဲ့ခေါင်းဆောင်ပဲ။"

"အိုး၊ မင်းက ငါအဖွဲ့ခေါင်းဆောင်မှန်း သိသေးတယ်ပေါ့။" ကျန်းဝေက ခါးသက်သက် ပြုံးလိုက်သည်။ ဟန်ရှောင်းပေါ်လာကတည်းက သူက အမည်ခံခေါင်းဆောင်သာ ဖြစ်နေသည်မဟုတ်လား။

ထိုအချိန်တွင် ဖြစ်နိုင်သော အဖွဲ့ဝင်တစ်ယောက်သာ ကျန်တော့သည်။

"နောက်တစ်ယောက်က မင်းပဲ၊ ဒါက ဆုံးဖြတ်ပြီးသွားပြီ။" ဟန်ရှောင်းက လမ်းဘတ်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“…”

"ဘုရားရေ။ ငါသေချာပေါက် သေတော့မှာပဲ။" လီယောင်မှာ သွေးပျက်နေ၏။

လမ်းဘတ်သည် လီယောင်၏ စကားအပေါ် မကျေမနပ်ဖြစ်ကာ ဇက်ပိုးအုပ်လိုက်သည်။ သူက ဟန်ရှောင်းကို ရွေးတာထက် ပိုဆိုးတယ်လို့ ထင်စေခဲ့သည်။

...

အဖွဲ့သားများထဲမှတစ်ဦးသည် ကျီးနက်တောင်ကြားသို့ ထရပ်ကားကို မောင်းလာရာ လမ်းအဝေးကြီးလျှောက်ရန် မလိုအပ်တော့ပေ။ ကျန်သူများသည် ကံမကောင်းသောကောင်လေးနှစ်‌ယောက်ကို ရုပ်ဖျက်ရန် မိတ်ကပ်ပြင်ဆင်ပြီး အလုပ်များနေကြသည်။ သူတို့သည် လုံခြုံရေးဇုန်အပြင်ဘက်တွင် ကားကို ရပ်ထားလိုက်ကြသည်။

တစ်နာရီကျော်ကြာပြီးနောက်၊ လမ်းဘတ်နှင့် လီယောင် တို့၏ ရုပ်ဖျက်မှု ပြီးဆုံးသွားခဲ့သည်။ သူတို့နှစ်ယောက်သည် သုံ့ပန်းများနှင့် တစ်ထပ်တည်းတူ‌နေ၏။ မိုက်ခရိုနားကြပ်များတပ်ပြီးနောက် ၎င်းတို့သည် ဝင်ခွင့်ကတ်များကို ကိုင်ဆောင်ကာ ဘေးတံခါးမှ ကျီးနက်တောင်ကြား အခြေစိုက်စခန်းသို့ ဝင်ရောက်ခဲ့သည်။

"အစ်ကို ရှောင်း၊ ဒီအစီအစဥ်က ဘယ်လောက် စိတ်ချရလဲ" လီယောင်က ဟန်ရှောင်ကို တိုးတိုးလေး မေးသည်။

"မင်းရဲ့အောင်မြင်မှုကို စိတ်ရင်းအခံနဲ့ လိုချင်တယ်ဆိုရင် မင်းအောင်မြင်လိမ့်မယ်"

လီယောင်သည် ထိုအဖြေကြောင့် စကားမပြောနိုင်ဘဲ လည်ချောင်းထဲတွင် သွေးခဲသွားသလို ခံစားလိုက်ရသည်။ ပို၍ ယုံကြည်မှုရှိစေရန်အတွက် သူက လမ်းဘတ်ကို လှည့်ကြည့်လိုက်သည်။

"မကြောက်ဘူးလား?" လီယောင်သည် တိတ်ဆိတ်သော အသံဖြင့် လမ်းဘတ်ကို မေးလိုက်သည်။

"မစ်ရှင်ကို အောင်မြင်ဖို့အတွက်၊ ဖြစ်နိုင်ခြေနည်းနည်းလေးပဲရှိရင်တောင် ငါတို့ကြိုးစားရမှာပဲ။" လမ်းဘတ်က တည်တည်ငြိမ်ငြိမ်‌ ပြောလိုက်သည်။

"ပြောတာကောင်းတယ်။ မင်းကို ကြည့်ရတာ မစ်ရှင်အတွက် လုံးဝနှစ်မြှုပ်ထားတာပဲ။"

“…”

သိပ်မကြာခင် သူတို့၂ယောက် ဂိတ်တံခါးသို့ ရောက်လာကြသည်။ လီယောင်သည် အလွန်ထိတ်လန့်နေပြီး မေးချင်းရိုက်နေ၏။

"ငါတို့ ပေါ်သွားနိုင်လား။"

"မင်းပိုပြီး စိတ်လှုပ်ရှားလေလေ ပိုပြီးပေါ်ဖို့ လွယ်လေလေပဲ။" လမ်းဘတ်က လီယောင်၏ ပခုံးကိုပုတ်၍ အားပေးလိုက်သည်။

လီယောင် အားတင်းလိုက်ပြီး သူ၏ ဝင်ထွက်ခွင့်ကတ်ကို ထုတ်လိုက်သည်။

လုံခြုံရေးအစောင့်များက ကတ်ကို စစ်ဆေးပြီး ခဏအကြာတွင် ဂိတ်ကို ဖွင့်ပေးလိုက်သည်။

ထို့နောက် ဟန်ရှောင်း၏ ညွှန်ကြားချက်အတိုင်း သိုလှောင်ခန်းဆီသို့ လျှောက်သွားကြသည်။ ၎င်းတို့သည် ဝင်ထွက်ခွင့်ကတ်ဖတ်သည့်‌နေရာကို တွေ့ရှိပြီး ဖမ်းထားသူနှစ်ဦး၏ ဝင်ရောက်ခွင့်ကတ်များကို အသုံးပြု၍ လျှို့ဝှက်တံခါးကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။ သူတို့ရှေ့၌ သတ္တုလမ်းတစ်ခု ပေါ်လာ၏။

လမ်းသည် ရှည်လျားပြီး အတွင်းပိုင်းစခန်းကို ရောက်ရန် ဆယ်မိနစ်ခန့် ကြာသည်။။

အတွင်းပိုင်းစခန်းတွင် ကာကွယ်‌ရေးများသည် ပိုမိုတင်းကျပ်ပြီး နံရံများတွင် ကွန်ပျူတာစခရင်များစွာကို ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ရန်သူတပ်သားများသည် ထောက်ပံ့ရေးပစ္စည်းများနှင့် ဒေတာများကို ရွှေ့ပြောင်းရန် အလုပ်များနေပါသည်။

လမ်းဘတ်နှင့် လီယောင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည် ။

အခု၊ သူတို့ ရန်သူရဲ့ အခြေစိုက်စခန်းထဲမှာ တကယ်ကို နက်နက်ရှိုင်းရှိုင်း ရောက်နေခဲ့ပါပြီ။

ချက်ခြင်းပင် စခန်း၌ အချက်ပေးသံများကို ကြားလိုက်ရပြီး အနီရောင်မီးများ လင်းလက်လာသည်။

လီယောင်သည် သူတို့ကို ရှာတွေ့သွားပြီဟုထင်ကာ သေမတတ် ကြောက်လန့်နေ၏။ လမ်းဘတ်က မျက်မှောင်ကြုတ်ပြီး လီယောင်ကို ကိုင်လိုက်သည်။

"စိတ်အေးအေးထားပါ။ အချက်ပေးသံက ငါတို့ကြောင့်ဖြစ်တာ မဟုတ်ဘူး” တိုးတိုးလေးပြောလိုက်သည်။

စခန်းအတွင်းရှိ ဝန်ထမ်းများသည် တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောနေကြသည်။

"ဘာဖြစ်တာလဲ။"

"ရန်သူတွေ ငါတို့ကို ဝင်တိုက်နေပြီလား။"

ကျိကျဲက အေးအေးဆေးဆေး ထွက်လာပြီး လူတိုင်းကို သတင်းပေးရင်း "တိတ်တိတ်နေ။ ဟက်စ်လာရဲ့ နယ်ခြားစောင့်တပ်တွေ အခြေစိုက်စခန်းကို ချီတက်လာနေကြပြီ။ ပြင်ပစခန်းမှာရှိတဲ့ တပ်မတော်သားတွေက လိုအပ်တဲ့ ကာကွယ်ရေးတွေကို တပ်ဆင်ထားပြီး‌နေပြီ။ သူတို့က ငါတို့ စခန်းကို စွန့်ခွါဖို့ အဆင်သင့်ဖြစ်တဲ့အထိ ရန်သူကို အချိန်အတော်ကြာအောင် ထိန်းထားနိုင်လိမ့်မယ်။

လီယောင်၏အမူအရာပြောင်းသွားပြီး ရေဒီယိုတွင် စိုးရိမ်တကြီး တိုးတိုးလေးပြောလိုက်သည်။

"မင်းတို့ အခုထွက်သွားရမယ်။"

အခန်း (၈၀) ပြီး၏။

လင်းဆက်

+++++

All Chapters