ရင်ဆိုင်ရန် မလွယ်ပါသော
Vol. 64 Ch. 877
ဝမ်ပေါင်လဲ့မှာမူ စစ်တပ်ကြီး ရှေ့သို့ ချီတက်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် နောက်သို့ဆုတ်ခွာသွား၏။ သူနှင့်အတူ လိုက်ပါသွားကြသည့် လူများထဲတွင် ဝန်ကြီးချုပ်နှင့် တာအိုပညာရှင်ကူမော့တို့ ပါဝင်ပေသည်။ ထို့အပြင် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှ အဆင့်တစ်စစ်တပ်နှင့် အဆင့်နှစ်စစ်တပ်တို့၏ ခေါင်းဆောင်ကြီးများအပြင် ဂိုဏ်းနှစ်ဂိုဏ်းမှ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူဆယ်ယောက်ကျော်လည်း ပါနေသေးသည်။
ပင်မစစ်တပ်ကြီး ရှေ့သို့ချီတက်နေစဥ် ဝမ်ပေါင်လဲ့၏ အဖွဲ့မှာ နောက်ဆိုဆုတ်ခွာသွားသဖြင့် သူတို့မှာ တဖြည်းဖြည်းနှင့် ဝေးကွာသွားကြတော့သည်။ ဂိုဏ်းနှစ်ဂိုဏ်း၏ ပင်မစစ်တပ်ကြီး အဝေးသို့ရောက်ရှိသွားချိန်တွင် ဝန်ကြီးချုပ်၊ တာအိုပညာရှင်ကူမော့နှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှ စစ်တပ်ခေါင်းဆောင်ကြီးနှစ်ယောက်မှာ ဝမ်ပေါင်လဲ့၏ရှေ့၌ စုဝေးလာကြ၏။ သူတို့မှာ အကြည့်ချင်းဆုံသွားကြပြီးနောက် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဝမ်ပေါင်လဲ့အား ဦးညွှတ်အရိုအသေပေးလိုက်ကြ၏။
သူတို့မှာ ဆောင်ရွက်ရမည့် အစီအစဉ်အား အကြမ်းဖျင်းခန့် သိရှိထားပြီးသားဖြစ်ပါသော်လည်း အသေးစိတ် အချက်အလက်များကို မသိကြသေးပေ။ ဂိုဏ်းခေါင်းကြီးနှစ်ယောက်မှာ သူတို့အား လုံနန်ကျစ်သည် ထိုစစ်ဆင်ရေး၏ ခေါင်းဆောင်ဖြစ်ပြီး သူ၏အမိန့်ကို တဝေမသိမ်း လိုက်နာရန်လိုအပ်သည်ဟုသာ ပြောပြထားသည်။
ဝမ်ပေါင်လဲ့မှာ ထို ကျင့်ကြံသူများအားလုံး သူ့အားစိုက်ကြည့်နေကြသည်ကို မြင်လိုက်ရသောအခါ မျက်လုံးများ မှေးသွား၏။ သို့သော် သူသည် စကားပြောနေခြင်းမရှိဘဲ သူ၏ နတ်ဘုရားစိတ်ဆန္ဒကိုသာ ထုတ်လွှတ်လိုက်ပြီး ပင်မစစ်တပ်ကြီး၏ တည်နေရာကို အာရုံခံလိုက်သည်။ သူသည် စကားတစ်ခွန်းမှမပြောသောကြောင့် အခြားသူများမှာလည်း နှုတ်ဆိတ်နေကြ၏။ ထိုသို့ဖြင့် သူတို့အားလုံး တစ်နာရီခန့် စောင့်ဆိုင်းနေလိုက်ကြပြီးနောက် အဝေးတစ်နေရာတွင်ရှိနေသည့် စစ်မြေပြင်ကြီးထဲမှ ဂြိုဟ်အဆင့်စွမ်းအင်လှိုင်းများ ပျံ့နှံ့လာသဖြင့် ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ချက်ချင်းအာရုံခံမိသွားတော့သည်။
သို့သော်လည်း သူသည် ထိုအချိန်အထိ လှုပ်ရှားခြင်း မရှိသေးပေ။ သူသည် ထိုပင်မစစ်တပ်ကြီးထဲ၌ မည်သူမှ သတိမထားမိအောင် ချန်ရစ်ထားခဲ့သည့် သူ၏ နတ်ဘုရားစိတ်ဆန္ဒကိုယ်ပွား မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းအား မြင်လိုက်ရပြီး ထို စစ်တပ်နှစ်ခု ထိပ်တိုက်ရင်ဆိုင်တွေ့သွားသည့် အချိန်အထိ စောင့်ဆိုင်းနေလိုက်၏။ ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးနှင့် ညာလက်ရုံး အကြီးအကဲကြီးတို့ကို မြင်လိုက်ရသဖြင့် မျက်လုံးများ မှေးသွားပြီး အနည်းငယ်ခန့် စိတ်တည်ငြိမ်သွားတော့သည်။
" ဘယ်လက်ရုံး အကြအကဲကြီးက ဒီမှာ မရှိဘူးလား.... " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွား၏။ သို့သော် သူသည် ခန္ဓာကိုယ်တစ်ခုလုံး ဆုံးရှုံးခဲ့ရသည့် ဘယ်လက်ရုံးအကြီးအကဲကြီးအား ကြောက်ရွံ့နေခြင်း မရှိပေ။ ထို့ကြောင့် သူသည် တည်ကြည်စွာဆိုလိုက်၏။
" အကုန်လုံး ငါ့နောက်ကိုလိုက်ခဲ့ကြ " ဝမ်ပေါင်လဲ့မှာ ထိုသို့အမိန့်ပေးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ အခြား အရပ်မျက်နှာတစ်ခုမှနေ၍ ထာဝရကြယ်ဆီသို့ ဦးတည်သွားလိုက်၏။ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး တော်ဝင်မိသားစု လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နေလိမ့်မည်ဟု ခန့်မှန်းထားသော တည်နေရာဆီသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ အရှိန်မြှင့်တင်လိုက်ပြီးနောက် ထာဝရကြယ်ကြီး၏ အနီးသို့ ရောက်ရှိလာသောအခါ တော်ဝင်သွေးမျိုးဆက်၏ အငွေ့အသက်များ ကိန်းအောင်းနေသော စွမ်းအင်လှိုင်းများကို အာရုံခံမိလိုက်သည်။
ထို အငွေ့အသက်များမှာ အလွန်အင်မတန်မှ အားကောင်းနေသောကြောင့် သံလိုင်အိမ်မြှောင်တစ်ခုကဲ့သို့ ဖြစ်နေ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရန်သူများ၏ တည်နေရာအား ပို၍တိကျစွာ ခန့်မှန်းနိုင်စွမ်းရှိသွားသလို နှလုံးသားထဲ၌ သံသယစိတ်များလည်း ပေါ်ပေါက်လာရတော့သည်။ သူတို့၏ စစ်ဆင်ရေးကြီးမှာ အတားအဆီး အထစ်အငေါ့မရှိ ချောမွေ့နေသည်မဟုတ်ပါလော။
" တစ်ခုခု ထူးဆန်းနေတယ်လို့ ခံစားနေရတယ် " ဝမ်ပေါင်လဲ့မှာ မျက်စိပေကလပ်ပေကလပ် ဖြစ်သွား၏။ ထို့နောက် သူသည် သူ၏ နတ်ဆိုးမျက်လုံးပညာရပ်ကို ထုတ်သုံးကာ ထာဝရကြယ်မျက်လုံးပေါ်၌ အကျိုးသက်ရောက်မှုရှိမရှိ အကဲခတ်ကြည့်လိုက်သောအခါ နှလုံးသားတစ်ခုလုံး ဆတ်ခနဲ တုန်ရီသွားရတော့သည်။ သူ၏ရှေ့တွင် ငွားငွားစွင့်စွင့် ရှိနေသည့် ထာဝရကြယ်ကြီးမှာ သူ့အား လုံးဝ တုံ့ပြန်ခဲ့ခြင်းမရှိပေ။
" ငါ့ရဲ့ ခန့်မှန်းချက်တွေက မှားသွားတာများလား။ ငါ ထာဝရကြယ်မျက်လုံးကို ထိန်းချုပ်ခွင့် မရှိဘူးလားဟ " ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွားကာ သတိကြီးကြီးထားလိုက်ပြီးနောက် အရှိန်လျှော့ချလိုက်၏။ ထို့နောက် သူသည် ထာဝရကြယ်၏ အနီးသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်ပြီး မျက်နှာပေါ်၌ အပူရှိန်များကို ခံစားလိုက်ရသည့်အချိန်တွင် စစ်မြေပြင်ကြီး အနောက်ဘက်ခြမ်းအား လှမ်းမြင်လိုက်ရတော့သည်။ ၎င်းမှာ ထာဝရကြယ်၏ အစွန်အဖျားပိုင်းနားတွင် ရှိနေ၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ဧရာမ ကုန်မြေကြီးတစ်ခုမှာ ထာဝရကြယ်နှင့် ချိတ်ဆက်နေသည့်ပုံ ပေါက်နေသည်။
ထို ကုန်းမြေကြီး၏ အရွယ်အစားမှာ ထာဝရကြယ်နှင့် ယှဉ်လိုက်ပါက မပြောပလောက်ပါသော်လည်း ၎င်းမှာ ထာဝရကြယ်ဆီမှ ထွက်ပေါ်နေသည့် အပူရှိန်များကို တောင့်ခံနိုင်စွမ်းရှိနေသည့် တမူထူးခြားသော ပစ္စည်းတစ်မျိုးဖြင့် ဖန်တီးတည်ဆောက်ထားသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ ရှေ့သို့ တိုးသွားလိုက်ပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများအား မျက်လုံးထဲသို့ထည့်သွင်းကာ အာရုံစိုက်၍ လှမ်းကြည့်လိုက်သောအခါ ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ ဟေးယွင်ကျစ်နှင့် အခြား ကျင့်ကြံသူနှစ်ယောက်အား ဝန်းရံထားကြသည်ကို မြင်လိုက်ရသည်။ သူတို့မှာ ယဇ်ပူဇော်ပွဲတစ်ခု ကျင်းပနေကြသည်ပုံပင်။
တစ်ချိန်ထဲမှာပင် သူသည် ခေါင်းမော့လာပြီး ခံ့ညားထည်ဝါမှု အပြည့်ရှိသော ထာဝရကြယ်ကြီးနှင့် ၎င်းဆီမှ ထွက်ပေါ်နေသည့် မီးခိုးငွေ့များနှင့်တူသော အငွေ့အသက်များကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် အလိုလို ရိုသေလေးစားမိသွား၏။
သူသည် ထာဝရကြယ်၏ စွမ်းအားမှာ အလွန်အင်မတန်မှ အံ့ဩမှင်တက်ဖွယ်ရာကောင်းနေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ အမှောင်အိပ်မက်ထဲတွင် ရှိနေခဲ့စဉ်တုန်းကနှင့် ကျယ်ပြန့်တာအိုနန်းတော်ထဲတွင် ရှိနေခဲ့စဉ်တုန်းက စာအုပ်ပေါင်းမြောက်မြားစွာနှင့် မှတ်တမ်းပေါင်းမြောက်မြားစွာကို ဖတ်ရှုခဲ့ဖူး၏။ ထို့ကြောင့် သူသည် အလုံးစုံ သိမြင်နားလည်နေခြင်း မရှိသေးပါသော်လည်း အကြောင်းအရာ အများစုကို နားလည်ထားသည်။
ဥပမာပြရလျှင်... ထာဝရကြယ်တစ်စင်း၏ အပြင်ဘက်ခြမ်းတွင် ဥပဒေသစွမ်းအားများ ရှိနေမည် ဖြစ်သည်။ ၎င်းတို့မှာ မျက်လုံးဖြင့် မမြင်နိုင်သော အကာအရံတစ်ခုကဲ့သို့ပင်။ သို့ဖြစ်ရာ အဝင်အထွက် လုပ်လိုပါက ထိုအကာအရံပေါ်ရှိ အားပျော့နေသည့် နေရာများကို အရင်ဆုံး သိရှိထားရန် လိုအပ်ပေသည်။ အကယ်၍ ထိုသို့ သိရှိထားခြင်းမရှိဘဲ လက်လွှတ်စပယ် ပျံသန်းနေမည်ဆိုပါက ခေါင်းပေါ်သို့ အချိန်မရွေး ပြုတ်ကျလာနိုင်သည့် အသွားထက်ဓားတစ်လက်၏ အောက်တွင် ရပ်နေရသကဲ့သို့ ဖြစ်နေမည်သာ ဖြစ်သည်။
ထာဝရကြယ်ကြီးနှင့် ချိတ်ဆက်နေသည့် ထို ကုန်းမြေကြီးမှာမူ အပြင်ဘက်တွင်သာ ရှိနေသည်ဖြစ်ရာ ထိုနေရာ၌သာ စစ်ဆင်ရေးအား ဆောင်ရွက်ရမည်ဆိုပါက အထူးတလည် စိုးရမ်နေစရာမလိုပေ။ သူသည် သူ၏ ခန္ဓာကိုယ်ထဲရှိ ထာဝရကြယ်မီးတောက်အား အပြင်ဘက်ခြမ်းထဲမှ ရယူခဲ့သည် မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာပြီးနောက် မျက်လုံးများ မှေးသွားပြီး ထိုကုန်းမြေကြီးအား လှမ်းကြည့်လိုက်၏။ သူသည် တော်ဝင်မိသားစုအား မြင်နေရသလို တော်ဝင်မိသားစုမှာလည်း သူ့အား လှမ်းမြင်နေရသည်။ ထိုအခါ ထိုလူအုပ်ကြီးမှာ လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည့်အတွက် အံ့ဩမှင်တက်သွားကြသည့်ပုံပင်။
အပေါ်ယံတွင် အရာအားလုံးမှာ ထူးဆန်းနေခြင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးအား သံသယဝင်နေဆဲ ဖြစ်သောကြောင့် စိတ်ထဲ၌ တထင့်ထင့် ဖြစ်နေရဆဲပင်။ ထို့ကြောင့် သူသည် မျက်လုံးများမှေးကာ အော်ဟစ်အမိန့်ပေးလိုက်၏ " ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတွ၊ ရှေ့ကနေ အရင်သွားကြ "
ထိုအခါ သူ၏ ဘေးပတ်ပတ်လည်ရှိ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူဆယ်ယောက်ကျော်မှာ သူ့၏အမိန့်အား မဖီဆန်ရဲကြသောကြောင့် အံကြိတ်ကာ ရှေ့သို့ ပြေးထွက်သွားကြရတော့သည်။ ထို ကျင့်ကြံသူများ ထို ကုန်းမြေကြီး၏ အနီးသို့ ရောက်ရှိသွားကြပြီး အောက်သို့ဆင်းရန် ပြင်လိုက်ကြသောအခါ ထို ကုန်းမြေကြီးထဲမှ မန္တန်စွမ်းအင်လှိုင်းများ ချက်ချင်း ထွက်ပေါ်လာ၏။ ထို့နောက် ထစ်ချုန်းသံများ မြည်ဟည်းသွားပြီး မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများမှာ ဟေးယွင်ကျစ်နှင့် အခြား တော်ဝင်မင်းသားနှစ်ယောက်နှင့်အတူ ပူးပေါင်းကာ တုံ့ပြန်တိုက်ခိုက်လိုက်ကြတော့သည်။
ထိုမြင်ကွင်းမှာလည်း ထူးဆန်းနေခြင်း မရှိသေးသလို မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများ ထိုနေရာအား ကာကွယ်စောင့်ရှောက်နေသည့် အချက်မှာလည်း အံ့အားသင့်စရာ မရှိပေ။ ဝမ်ပေါင်လဲ့မှာ အရင်ဆုံး ဆင်းသက်သွားကြသည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများ အရေးနိမ့်လာကြသည်ကို မြင်လိုက်ရသောအခါ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး အော်ဟစ်အမိန့်ပေးလိုက်ပြန်သည်။
" ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတွေ အကုန်လုံး ဆင်းသက်ကြ "
ထိုအခါ ဝန်ကြီးချုပ်၊ တာအိုပညာရှင်ကူမော့နှင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှ ခေါင်းဆောင်ကြီးနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ရှေ့သို့ ပြေးထွက်သွားလိုက်ကြ၏။ ထို့နောက် သူတို့မှာ တိုက်ပွဲထဲသို့ ချက်ချင်းဝင်ရောက်သွားတော့သည်။ ထို့ကြောင့် သူတို့၏ တိုက်ပွဲကြီးမှာ ပိုမိုပြင်းထန်လာပြီး ထစ်ချုန်းသံများမှာလည်း အဆက်မပြတ် မြည်ဟည်းနေတော့သည်။ တော်ဝင်မိသားစုထဲမှ ကျင့်ကြံသူများမှာ မြင့်မားသော ကျင့်ကြံခြင်းအဆင့်များကို ပိုင်ဆိုင်ထားကြခြင်း မရှိသောကြောင့် အသေအပျောက်နှုန်းမှာ ချက်ချင်းဆိုသလိုပင် ထိုးတက်သွား၏။ ထိုအချိန်တွင် အော်ဟစ်မြည်တမ်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး ဘယ်လက်ရုံး အကြီးအကဲကြီးမှာ ထို ကုန်းမြေပေါ်၌ ပေါ်ပေါက်လာတော့သည်။ သူသည် အာကာသထဲမှနေ၍ အောက်သို့ဆင်းလာခြင်း မရှိသေးသော ဝမ်ပေါင်လဲ့အား အမုန်းမီးတောက်များ တောက်လောင်နေသည့် မျက်ဝန်းတစ်စုံဖြင့် အရင်ဆုံး လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် ချက်ချင်း တိုက်ခိုက်လိုက်တော့သည်။
သူသည် သူ၏ အပြင်ခန္ဓာကိုယ်အား ပြန်လည်တည်ဆောက်နိုင်ခဲ့သည့်တိုင်အောင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာမူ နိမ့်ကျသွားခဲ့ရပြီ ဖြစ်သည်။ သို့သော် သူသည် ဂြိုဟ်အဆင့်တွင် ရှိမနေတော့သည့်တိုင်အောင် သာမန် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူများထက် ပို၍သာလွန်သည့် တိုက်ရည်ခိုက်ရည် စွမ်းအားများကို ပိုင်ဆိုင်ထားဆဲပင်။ ထို့ကြောင့် သူ စတင်တိုက်ခိုက်လိုက်သည်နှင့် ထိုတိုက်ပွဲကြီးမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အနေအထားသို့ ချက်ချင်းပြန်ရောက်သွား၏။ အမှန်အတိုင်းဆိုရလျှင် ဝမ်ပေါင်လဲ့၏ အဖွဲ့မှာ အနည်းငယ်ခန့် အရေးနိမ့်လာရသည့်ပုံပင် ပေါက်နေတော့သည်။
ပင်မစစ်တပ်ထဲ၌ ဝမ်ပေါင်လဲ့ ချန်ရစ်ထားခဲ့သည့် ကိုယ်ပွားမှာလည်း မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးနှင့် ညာလက်ရုံးအကြီးအကဲကြီးတို့ တိုက်ခိုက်နေသည်ကို အာရုံခံမိလိုက်သောအခါ စိုးရိမ်တကြီး ဖြစ်သွား၏။ ထို့နောက် ၎င်းမှာ သတင်းအချက်အလက်များ လက်ခံရှိသွားသည့် အမူအရာဖြင့် ကျင့်ကြံသူအချို့ကို ဦးဆောင်ကာ စစ်မြေပြင်ကြီးထဲမှ ပြေးထွက်လာနိုင်ရန် ကြိုးစားနေတော့သည်။
" ဘာပြဿနာမှ မရှိလောက်တော့ပါဘူး " ဝမ်ပေါင်လဲ့မှာ ဒွိဟဖြစ်နေဆဲ ဖြစ်ပါသော်လည်း သူ၏ ရှေ့တွင် ရှိနေသည့် အခွင့်အရေးကြီးအား လက်လွှတ်ခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး သူ၏ နှလုံးသားထဲ၌ ခံစားနေရသည့် စိုးရိမ်စိတ်များကို ချုပ်တည်းကာ ထာဝရကြယ်နှင့် ချိတ်ဆက်နေသည့် ကုန်းမြေကြီးဆီသို့ ဦးတည်ပျံသန်းသွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ အပြုအမူ ရက်စက်ကြမ်းကြုတ်သည့်တိုင်အောင် သူ၏ ပင်ကိုယ်စရိုက်မှာ အလွန်အင်မတန်မှ သတိဝီရိယကြီးပေသည်။ သူသည် ဖြစ်ရပ်မျိုးစုံနှင့် ကြုံတွေ့ဖူးထားသည်ဖြစ်ရာ သူ၏ ဝမ်းတွင်းအသိစိတ်အား ယုံကြည်မှု အပြည့်ရှိနေ၏။ ထို့ကြောင့်လည်း သူသည် မကြာသေးမီတုန်းက စိတ်ထဲ၌ မသိုးမသန့် ဖြစ်နေခဲ့ရသောကြောင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများအား အရင်ဆုံး ဆင်းသက်သွားစေလိုက်ပြီးနောက် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများအား ထပ်၍ စေလွှတ်လိုက်ခြင်း ဖြစ်၏။ သို့သော် သူသည် ထိုကုန်းမြေကြီး၏ အနီးသို့ သူကိုယ်တိုင် သွားရောက်ခဲ့ခြင်းမရှိပေ။
သူ၏နည်းလမ်းမှာ တစ်ကိုယ်ကောင်းဆန်ရာ ကျပါသော်လည်း ကျင့်ကြံခြင်းလောကကြီး၏ သဘာဝမှာ ထိုကဲ့သို့ပင် ဖြစ်ပေသည်။ သက်ရှိများ ကျင့်ကြံခြင်းလေ့ကျင့်ရသည့် အဓိကအကြောင်းအရင်းမှာ အခြားသူများ၏ ထိန်းချုပ်မှုအောက်သို့ မရောက်လိုသောကြောင့်သာ ဖြစ်သည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်ထား၏။
ထို့ကြောင့်လည်း သူသည် သူ၏လုပ်ရပ်များမှာ မှားယွင်းနေခြင်းမရှိဟု မှတ်ယူထားသည်။ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများနှင့် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ ဆင်းသက်သွားကြပြီး တိုက်ပွဲကြီးထဲ၌ မည်သည့် မတော်တဆမှုမှ ပေါ်ပေါက်လာခြင်းမရှိကြောင်း မြင်လိုက်ရသောအခါမှသာ သူသည် စိတ်အေးသွားရပြီး သက်ပြင်းချလိုက်တော့သည်။ သို့သော် သူသည် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလိုက်ပြီးနောက် ထိုကုန်မြေကြီး၏ အနီးသို့ရောက်သွားသောအခါ ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ သိုလှောင်အိတ်ထဲမှ ထာဝရဝိညာဉ်အဆင့် ရုပ်သေးရုပ်နှစ်ရုပ် ချက်ချင်းဆိုသလိုပင် ပျံထွက်လာကာ ထိုကုန်းမြေကြီးဆီသို့ ဦးတည်ပျံသန်းသွားလိုက်ပြီးနောက် ရန်သူများကို စတင်သတ်ဖြတ်နေတော့သည်။
ထိုမျှသာမက ဝမ်ပေါင်လဲ့မှာ ပို၍ပင် သဘာဝကျစေရန် သူ၏ ဝိညာဉ်စွမ်းအင်အချို့ဖြင့် ကိုယ်ပွားတစ်ခုဖန်တီးကာ ထိုကုန်းမြေပေါ်သို့ ဆင်းသက်သွားစေလိုက်ပြီး အခြားသူများနှင့်အတူ ပူးပေါင်းကာ တိုက်ခိုက်စေလိုက်ပြန်သည်။
ဝမ်ပေါင်လဲ့မှာ သတိကြီးကြီးထားကာ အကဲခတ်နေခြင်းဖြစ်၏။ ခဏအကြာတွင် သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး အထိတ်တလန့် ဖြစ်သွားသည့်ပုံစံ ဟန်ဆောင်ကာ ရုတ်တရက်ဆိုသလို အော်ဟစ်လိုက်တော့သည်။
" ထောင်ချောက်ဆင်ထားတာပဲ။ နောက်ဆုတ်ကြဟေ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့ ဆုတ်ခွာသွား၏။ သို့ဖြစ်ရာ သူသည် တစ်စုံတစ်ခုအား သတိထားမိသွားသဖြင့် ထိုနေရာမှ ချက်ချင်းထွက်ခွာသွားလိုသည့်ပုံ ပေါက်နေတော့သည်။
ထို့အပြင် သူသည် ရန်သူများ သူတို့အား လိုက်မဖမ်းနိုင်ရန် အလို့ငှာ သူ စေလွှတ်ထားခဲ့သည့် ကိုယ်ပွားကိုပင် ရင်နာနာနှင့် ဖောက်ခွဲပစ်လိုက်သေးသည်။
သို့သော် သူသည် သူ၏ နတ်ဘုရားစိတ်ဆန္ဒဖြင့် ဟေးယွင်ကျစ်နှင့် အခြားတော်ဝင်မင်းသားနှစ်ပါးကိုသာမက ကျင့်ကြံခြင်းအဆင့် နိမ့်ကျသွားခဲ့ရသည့် ဘယ်လက်ရုံးအကြီးအကဲကြီးအား မျက်ခြည်မပြတ် စောင့်ကြည့်နေဆဲပင်။ သူသည် နောက်သို့ ပေထောင်ပေါင်းများစွာအထိ ဆုတ်ခွာသွားနေရင်း သူတို့၏ မျက်နှာအမူရာများ ပြောင်းလဲသွားခြင်း ရှိမရှိ အသေးစိတ် အကဲခတ်ကြည့်ရှုနေ၏။ သို့သော်လည်း သူသည် သူတို့အားလုံး ဆွံ့အမှင်တက်သွားကြသည်ကိုသာ မြင်လိုက်ရသည်။ ထို့အပြင် သူတို့မှာ ဝမ်ပေါင်လဲ့၏ အမိန့်ပေးသံအား ကြားလိုက်သဖြင့် နောက်သို့ဆုတ်ခွာလာကြသည့် ဝန်ကြီးချုပ်နှင့် အခြားသူများကိုလည်း လိုက်လံဖမ်းဆီးရန် ကြိုးစားနေကြခြင်း မရှိသောကြောင့် ဝမ်ပေါင်လဲ့၏ နှလုံးသားထဲရှိ နောက်ဆုံးလက်ကျန် သံသယစိတ်များအားလုံးမှာ ပျောက်ကွယ်သွားရတော့သည်။
" ငါ အတွေးလွန်နေတာပဲ ဖြစ်မှာပါ။ ဒီတိုက်ပွဲကြီးကို အမြန်ဆုံး အဆုံးသတ်ကြတာပေါ့ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီးနောက် အသံအကျယ်ကြီး အော်ဟစ်ရယ်မောလိုက်၏။ ထို့နောက် သူသည် အရှိန်ကုန်မြှင့်တင်ကာ ထာဝရကြယ်အပြင်ဘက်ရှိ ကုန်းမြေကြီးဆီသို့ ဦးတည်ပျံသန်းသွားသဖြင့် သူ၏နောက်တွင် ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့တော့သည်။
သူသည် ထိုတိုက်ပွဲကြီးထဲသို့ ရောက်လာသည်နှင့် သူ၏ နတ်ဘုရားစိတ်ဆန္ဒဖြင့် ဘယ်လက်ရုံး အကြီးအကဲကြီးအား အကဲခတ်လိုက်၏။ ထို့နောက် သူသည် တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် ဘယ်လက်ရုံး အကြီးအကဲကြီး၏ မျက်နှာပေါ်တွင် ကျောချမ်းဖွယ်ရာကောင်းသည့် အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။ ထို့အပြင် အခြား တော်ဝင်မင်းသားနှစ်ပါးမှာ စိုးရိမ်တကြီးဖြစ်နေကြသည့်ပုံ ပေါက်နေသည့်တိုင်အောင် ဟေးယွင်ကျစ်မှာမူ ဘယ်လက်ရုံး အကြီးအကဲကြီးကဲ့သို့ ထူးဆန်းစွာ ပြုံးနေဆဲပင်။
သူတို့နှစ်ယောက်၏ မျက်နှာပေါ်မှ အပြုံးများကြောင့် ဝမ်ပေါင်လဲ့မှာ ဦးရေခွံများ ထုံကျဉ်သွားရပြီး ရုတ်တရက်ဆိုသလို မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။