← Chapters

လုပ်ပိုင်ခွင့်အာဏာအတွက် အားပြိုင်ကြခြင်း

Vol. 64 Ch. 878

လုပ်ပိုင်ခွင့်အာဏာအတွက် အားပြိုင်ကြခြင်း

Vol. 64 Ch. 878

သူသည် တစ်ကိုယ်လုံး တုန်ရီသွားရပြီး မကြာသေးမီတုန်းက သူ၏ နှလုံးသားထဲမှ ပျောက်ကွယ်သွားခဲ့သည့် စိုးရိမ်စိတ်များမှာလည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ ပြန်လည် ပြည့်နှက်သွား၏။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ခန္ဓာကိုယ်အား မြူခိုးများအဖြစ် ပြောင်းလဲသွားစေလိုက်ပြီးနောက် ထို ထာဝရကြယ်ကုန်းမြေထဲမှ ထွက်ခွာသွားရန် ကြိုးစားလိုက်တော့သည်။

သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင် ထာဝရကြယ်ကုန်းမြေထဲမှ အလင်းရောင်များ ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာကြ၏။ သို့ဖြစ်ရာ နေမင်းကြီး၏ အလင်းရောင်များမှာ စိတ်ကူးများနှင့်ပင် မှန်းဆ၍ မရနိုင်သော အမြန်နှုန်းမျိုးဖြင့် ထိုကုန်းမြေကြီးအား လွှမ်းခြုံသွားသကဲ့သို့ပင်။ ထို့နောက် အံ့ဩမှင်တက်ဖွယ်ရာ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်လှိုင်းများ ထွက်ပေါ်လာကြသည်။

ထို စွမ်းအင်လှိုင်းများမှာ အလွန်အင်မတန်မှ ဖိနှိပ်အား ကောင်းလွန်းနေသောကြောင့် သူတို့အားလုံး မတ်တတ်ရပ်နေကြသည့် မြေပြင်ကြီးမှာ ချက်ချင်းဆိုသလိုပင် အစွန်းပိုင်းမှစ၍ စတင်ပျက်စီးလာတော့သည်။ ထိုအခါ ထိုကဲ့သို့ ပျက်စီးသွားသော နေရာများမှ ကမ္ဗည်းစာလုံးများ မရေမတွက်နိုင်လောက်အောင် ထွက်ပေါ်လာကြပြီး ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားသဖြင့် အချုပ်အနှောင်ကြီးတစ်ခု ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သွားသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် အခြားသူများမှာ တားဆီးပိတ်ဆို့ခံလိုက်ရပြီး ထွက်ခွာသွားနိုင်စွမ်း မရှိတော့ပေ။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရပြီးနောက် မျက်နှာအမူအရာ သုန်မှုန်သွားတော့သည်။

" နောက်ဆုံးတော့လည်း ငါ လက်လွတ်စပယ်လုပ်မိခဲ့တာပဲ။ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး ငါမသိအောင် ဖုံးကွယ်ထားခဲ့တာ ဒီအချက်လား။ သူ ငါ့ကို သစ္စာဖောက်ခဲ့ပြီးတော့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းရဲ့ လက်ထဲကို ထိုးကျွေးခဲ့တာလား " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်၏။ သူသည် သူယခုလို လက်လွတ်စပယ် ဖြစ်သွားခဲ့ရသည့် အကြောင်းအရင်းနှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် အပြန်အလှန် ဆွေးနွေးခဲ့စဉ်တုန်းက အကျပ်ရိုက်နေခဲ့ရသည့် အကြောင်းအရင်းတို့ကို ကောင်းကောင်းကြီး သိထားသည်။ ၎င်းမှာ လောဘစိတ် ဖြစ်ပေသည်။ လူတစ်ယောက်မှာ လောဘတက်လာသည်နှင့် အကျိုးအမြတ်များ အပေါ်တွင်သာ အာရုံစိုက်မိသွားမည်ဖြစ်ပြီး စိတ်ကို တည်ငြိမ်အောင်ထိန်းသိမ်းထားနိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။

သို့သော် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီး၏ လျှို့ဝှက်အကြံအစည်မှာ သူ့အား သစ္စာဖောက်ရန် ဖြစ်နေလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ထိုသို့သစ္စာဖောက်ရန် မလိုသောကြောင့်ပင်။ သူသည် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးနှင့် မဟာမိတ်ဖွဲ့ကာ မိုးကောင်းကင်ဝိညာဉ်နှင့် အတူတူ ပူးပေါင်းလိုက်မည်ဆိုပါက သူ့အား အလွယ်တကူ ထိန်းချုပ်နိုင်စွမ်း ရှိသွားမည်သာဖြစ်သည်။ ယခုလိုမျိုး အပင်ပန်းခံနေရစရာပင် လိုမည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့၏ ခေါင်းထဲ၌ ထိုအတွေးများမှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါသော်လည်း လက်ရှိတွင် ထိုကိစ္စများကို တွေးတောသုံးသပ်နေရန် အချိန်မရှိကြောင်း သူက နားလည်ထား၏။ ထို့ကြောင့် သူသည် မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး အတင်းအဓမ္မ ရုန်းထွက်ရန် ပြင်လိုက်တော့သည်။ သို့သော် ထို ကမ္ဗည်းစာလုံးများ ပေါ်ပေါက်လာကာ အတားအဆီးများအဖြစ် ပြောင်းလဲသွားကြသည်နှင့် တစ်ပြိုင်နက် ထိုကုန်းမြေကြီးအား လွှမ်းခြုံထားသည့် တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်များမှာ အလင်းလက်ဆုံး အနေအထားသို့ ရောက်ရှိသွားကြ၏။ ထိုအခါ မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် ထစ်ချုန်းသံများ အဆက်မပြတ် ထွက်ပေါ်လာကြပြီး ထိုအလင်းရောင်များမှာ လူသုံးယောက်ပေါ်၌ စုဝေးသွားကြတော့သည်။

ထို သုံးယောက်ထဲမှ တစ်ယောက်မှာ ဟေးယွင်ကျစ်၊ တစ်ယောက်မှာ ဝမ်ပေါင်လဲ့ဖြစ်ပြီး နောက်ဆုံးတစ်ယောက်မှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဘယ်လက်ရုံး အကြီးအကဲကြီးတို့ ဖြစ်ကြပေသည်။

ထိုကဲ့သို့ စုဝေးလာကြသည့် အလင်းရောင်များမှာ ဆွဲငင်အားများအဖြစ် ပြောင်းလဲသွားကြပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား ဖိနှိပ်ချုပ်တည်းလိုက်ကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရသည်။ သို့သော် သူသည် အားမလျှော့ဘဲ မြူခိုးများအဖြစ် နောက်ထပ်တစ်ကြိမ် ထပ်၍ ပြောင်းလဲသွားလိုက်ပြီး အော်ဟစ်မြည်တမ်းကာ ထွက်ပြေးဆုတ်ခွာသွားနိုင်ရန် ကြိုးစားလိုက်ဆဲပင်။

သို့သော်... မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းနှင့် နတ်မျက်လုံး တော်ဝင်မိသားစုတို့မှာ ကြိုတင်ပြင်ဆင်ထားခဲ့သည့်ပုံပင်။ သူတို့ဆင်ထားခဲ့သည့် ထောင်ချောက်ထဲရှိ အတားအဆီးများနှင့် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများကိုကြည့်လျှင် သူတို့မှာ ယခုလိုဖြစ်လာလိမ့်မည်ဟု ကြိုတင်မှန်းဆထားကြပြီးသားဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် ထို အလင်းရောင်များ စုစည်းသွားကြသည်နှင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဝိညာဉ်ခန္ဓာကိုယ်အား မြူခိုးများအဖြစ် ပြောင်းလဲလိုက်ပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်ကာ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားလိုက်သည့်တိုင်အောင် အချည်းနှီးပင်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ ဝိညာဉ်တစ်ခုလုံး တုန်ရီသွားပြီး အလင်းရောင်များ သူ၏ မျက်လုံးထဲသို့ ထိုးဖောက်ဝင်ရောက်လာချိန်တွင် သူ၏ ခန္ဓာကိုယ်ကြီးမှာ အတင်းအဓမ္မ တည်နေရာပြောင်းရွှေ့ခံလိုက်ရတော့သည်။

ဟေးယွင်ကျစ်နှင့် ဘယ်လက်ရုံး အကြီးအကဲကြီးတို့မှာလည်း တည်နေရာပြောင်းရွှေ့ခံလိုက်ရ၏။ အခြားသူများမှာမူ ထိုနေရာတွင်သာ ကျန်ရစ်ခဲ့သည်။ တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်များ လွင့်ပါးပျောက်ကွယ်သွားချိန်တွင် ထာဝရကြယ်ကုန်းမြေကြီးမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည့် ပုံပင်။ သို့သော် မြေကြီးအောက်မှ ထွက်ပေါ်လာနေသည့် တုန်ခါမှုများနှင့် ထစ်ချုန်းသံများကြောင့် ထိုကုန်းမြေကြီးမှာ ၎င်း၏ အကာအကွယ်စွမ်းအားများအားလုံးကို ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် ၎င်းမှာ ထာဝရကြယ်၏ မြင့်မားသော အပူချိန်အောက်တွင် စတင်ပြိုလဲပျက်စီးလာတော့သည်။

ဝန်ကြီးချုပ်နှင့် အခြားသူများအားလုံးမှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာကြသည့် ထို ဖြစ်ရပ်များကြောင့် အံ့ဩတုန်လှုပ်သွားရပြီး နောက်သို့ ချက်ချင်းဆုတ်ခွာသွားလိုက်ကြ၏။ တော်ဝင်မင်းသားနှစ်ပါးနှင့် အခြား တော်ဝင်မိသားစုဝင်များမှာမူ အသက်ရှူသံများ မြန်ဆန်လာကြပြီး မည်သည့်အရာကိုမှ နားမလည်နိုင်လောက်အောင် ဖြစ်နေသည့်ပုံ ပေါက်နေကြတော့သည်။ သို့ဖြစ်ရာ သူတို့မှာ ယခုလို ပေါ်ပေါက်လာရသည့် ပြောင်းလဲမှုများ၏ နောက်ကွယ်မှ အကြောင်းရင်းများကို လုံးဝ သိရှိထားခြင်းမရှိကြောင်း သိသာထင်ရှားပေသည်။

ဝမ်ပေါင်လဲ့မှာမူ ဖြည်းဖြည်းချင်း ပျက်စီးနေပြီဖြစ်သော ထာဝရကြယ်ကုန်းမြေကြီးအား ဂရုမစိုက်နိုင်တော့သလို တော်ဝင်မိသားစုဝင်များနှင့် ဂိုဏ်းကြီးနှစ်ဂိုဏ်းမှ ကျင့်ကြံသူများ၏ အကြောင်းကိုလည်း စဉ်စားနေရန် အချိန်မရှိတော့ပေ။ တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်များ ထွက်ပေါ်လာသည်နှင့် သူ၏ အမြင်အာရုံမှာ ဝေဝါးသွား၏။ တစ်အောင့်ခန့်အကြာတွင် သူသည် ကြီးမားကျယ်ပြောသော ဟင်းလင်းပြင်ကြီးတစ်ခုထဲ၌ ပေါ်ပေါက်လာတော့သည်။

သူ ရောက်သွားသည့်နေရာတွင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး ရှိမနေသောကြောင့် ၎င်းအား ဟင်းလင်းပြင်ကြီးဟု ခေါ်ဆိုရခြင်း ဖြစ်ပေသည်။ ၎င်းမှာ အပူလှိုင်းများ မရေမတွက်နိုင်လောက်အောင် စုဝေးကာ ရှုပ်ယှက်ခတ်နေသော ကမ္ဘာကြီးတစ်ခု ဖြစ်ပေသည်။ ထို အပူလှိုင်းများမှာ အရောင်အမျိုးမျိုးရှိကြပါသော်လည်း ၎င်းတို့ တစ်ခုချင်းစီတိုင်းမှာ အံ့ဩ မှင်တက်ဖွယ်ရာ ကောင်းလောက်အောင် မြင့်မားသည့် အပူရှိန်များကို ပိုင်ဆိုင်ထားကြသည်။

အောက်သို့ ငုံ့ကြည့်လိုက်မည်ဆိုပါက ခြေထောက်အောက်ရှိ ဟင်းလင်းပြင်ကြီးထဲတွင် အံ့ဩမှင်တက်ဖွယ်ရာ မီးလုံးကြီးတစ်လုံး ရှိနေသည်ကို မြင်နိုင်ပေမည်။ အပူလှိုင်းများနှင့် ဓါတ်ငွေ့လုံးများမှာ ထိုမီးလုံးကြီးထဲမှ ပျံ့လွင့်လာနေကြခြင်း ဖြစ်၏။

" သူတို့က ထာဝရကြယ် အပြင်ဘက်ခြမ်းရဲ့ ဥပဒေသတွေကို ကျော်ဖြတ်ပြီးတော့ ငါ့ကို ထာဝရကြယ် အပြင်ဘက်ခြမ်းရဲ့ အတွင်းပိုင်းထဲအထိ ရောက်အောင် တည်နေရာပြောင်းရွှေ့ပေးလိုက်တာလား " ဝမ်ပေါင်လဲ့မှာ အံ့ဩမှင်တက်သွားရ၏။ သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်သောအခါ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ အပြင်ဘက်သို့ ရောက်သွားခြင်းမရှိသေးကြောင်း ချက်ချင်း သတိထားမိလိုက်၏။ သူသည် ထာဝရကြယ်အပြင်ဘက်ခြမ်းရှိ ကုန်းမြေကြီးပေါ်မှ အပြင်ဘက်ခြမ်း၏ အတွင်းပိုင်းထဲသို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရခြင်းဖြစ်ပေသည်။ သူသည် ထာဝရကြယ်၏ မျက်နှာပြင်နှင့် အတော်အတန် ကွာဝေးနေသေသည့်တိုင်အောင် မကြာသေးမီတုန်းက သူ ရှိနေခဲ့သည့် ကုန်မြေကြီးနှင့် ယှဥ်လိုက်မည်ဆိုပါက ထိုမျက်နှာပြင်နှင့် အများကြီးပို၍ နီးစပ်သွားပြီဖြစ်ကြောင်း သတ်မှတ်နိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ သူသည် ထောင်ချောက်ဆင်ခံလိုက်ရခြင်း ဖြစ်ကြောင်း နားလည်ထားသည် ဖြစ်ရာ စဉ်းစားတွေးတောနေရန် အချိန်မရှိတော့ပေ။ ထိုသို့ဖြင့် သူ၏ အမူအရာများ ပြောင်းလဲသွားစဥ်မှာပင် သူ၏ ရှေ့နှင့် နောက်တွင် လူရိပ်တစ်ခုစီ ပေါ်ပေါက်လာ၏။ သူတို့မှာ ဟေးယွင်ကျစ်နှင့် ဘယ်လက်ရုံး အကြီးအကဲကြီးတို့ ဖြစ်ကြပေသည်။ သူတို့ သုံးယောက်ထဲတွင် ဟေးယွင်ကျစ်၏ ကျင့်ကြံခြင်းအဆင့်မှာ အားအနည်းဆုံး ဖြစ်နေပါသော်လည်း သူသည် ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်ထဲမှ အကာအကွယ် အလင်းရောင်တစ်ခု ထွက်ပေါ်လာ၏။ ထို အလင်းရောင်ကြောင့် သူသည် ဤနေရာတွင် ရှိနေနိုင်ခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။

ဘယ်လက်ရုံး အကြီးအကဲကြီးမှာမူ ကျင့်ကြံခြင်းအဆင့် နိမ့်ကျသွားခဲ့ရသည့်တိုင်အောင် သူသည် ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ဖူးခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ယခုတွင် သူသည် ဟန်အမူအရာ ပျက်နေခြင်းမရှိဘဲ မျက်ဝန်းများထဲရှိ မကျေနပ်ချက်များနှင့် သတ်ဖြတ်လိုစိတ်များမှာ ပို၍ပင် အားကောင်းလာတော့သည်။

သူတို့ ရောက်ရှိလာသည်နှင့် ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းမှ ပြောနေခြင်းမရှိဘဲ ချက်ချင်း တုံ့ပြန်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီးနောက် လူရိပ်လေးခုအသွင် ခွဲထွက်သွားပြီး သူ၏ ရှေ့၊ နောက်၊ ဘယ်၊ ညာ အရပ်လေးမျက်နှာဆီသို့ တစ်ပြိုင်နက်တည်း ပြေးထွက်သွားကြသည်။ သူ၏ အရှေ့နှင့်နောက်တွင် ရှိနေသည့် လူရိပ်များမှာ ဘယ်လက်ရုံး အကြီးအကဲကြီးနှင့် ဟေးယွင်ကျစ်တို့အား ပစ်မှတ်ထားတိုက်ခိုက်လိုက်ပြီးနောက် ဘယ်ညာနှစ်ဘက်တွင် ရှိနေကြသည့် လူရိပ်များမှာမူ အရှိန်ကုန်မြှင့်တင်ကာ ထိုနေရာမှထွက်ခွာသွားနိုင်ရန် ကြိုးစားလိုက်၏။

သို့သော် သူ ဖန်တီးလိုက်သည့် ကိုယ်ပွားလေးခုမှာ ရှေ့သို့ ပေတစ်ရာခန့်ပင် မရောက်သေးပါသော်လည်း မျက်လုံးဖြင့်မမြင်ရသည့် အချုပ်အနှောင်တစ်ခုအား ဝင်တိုက်မိသွားကြပြီးနောက် ရပ်တန့်သွားကြ၏။ သူ၏ ဘယ်ဘက်နှင့်ညာဘက်တွင် ရှိနေသည့် ကိုယ်ပွားများမှာလည်း ထိုကဲ့သို့ ရပ်တန့်သွားကြသလို ရှေ့နှင့်နောက်တွင် ရှိနေသည့် ကိုယ်ပွားများမှာလည်း ထိုနည်းတူပင်။ ဟေးယွင်ကျစ်ဆီသို့ ပြေးသွားသည့် ကိုယ်ပွားမှာဆိုလျှင် သူနှင့် ပေသုံးဆယ်အကွာတွင်သာ ရှိနေတော့သည်ဖြစ်ပါသော်လည်း ရှေ့သို့ ဆက်သွားနိုင်စွမ်း မရှိတော့ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နောက်ထပ်တစ်ကြိမ် ထပ်၍ မျက်နှာအမူအရာ ပြောင်းလဲသွားရတော့သည်။ သူ၏ ကိုယ်ပွား၏ ရှေ့တွင်ရှိနေသည့် ဟေးယွင်ကျစ်မှာမူ စတင်ရယ်မောလိုက်၏။

" လုံနန်ကျစ်။ မင်း ဘယ်လောက်ပဲ ဉာဏ်များများ အခုတော့ ငါ့ရဲ့ ထောက်ချောက်ထဲကို ရောက်သွားပြီကွ။ ဒီတစ်ခေါက် ငါက မင်းကို သတ်ချင်လွန်းလို့ကို အခုလိုမျိုး ပြင်ဆင်ထားခဲ့ရတာ " ဟေးယွင်ကျစ်မှာ ရယ်မောကာ ကြိမ်းဝါးလိုက်ပြီး မျက်ဝန်းများထဲ၌ မျှော်လင့်တကြီးဖြစ်နေသည့် အရိပ်အယောင်များနှင့် လောဘစိတ်များ ပေါ်ပေါက်လာတော့သည်။

သူသည် လိမ်ညာနေခြင်းမဟုတ်ပေ။ ဤတိုက်ပွဲကြီးထဲတွင် တော်ဝင်မိသားစုနှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း နှစ်ခုစလုံးအတွက် အဓိကသော့ချက်မှာ... ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။

သို့သော် သူတို့မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးနှင့် ပတ်သတ်နေခြင်းမရှိသလို သူနှင့် ပူပေါင်းထားခဲ့ခြင်းလည်း မရှိပေ။ ဤ တိုက်ပွဲကြီး မစခင်အချိန်အထိ ဟေးယွင်ကျစ် ဦးဆောင်သော တော်ဝင်မိသားစု ထာဝရကြယ်မျက်လုံး၏ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများကို ဒုတိယအကြိမ်အဖြစ် အသုံးပြုနိုင်စွမ်းမရှိသည့် အချက်အား ဘယ်လက်ရုံး အကြီးအကဲကြီးပင်လျှင် သိရှိထားခဲ့ခြင်း မရှိချေ။

ဟေးယွင်ကျစ်မှာ အစွမ်းကုန်ကြိုးစားခဲ့ပြီး သူ၏ မိသားစုဝင်များအား စတေးခဲ့သည့်တိုင်အောင် ထာဝရကြယ်မျက်လုံးအား ထပ်၍ မဖွင့်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားခဲ့ရ၏။ ထို့အပြင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှာ တိုက်ပွဲထဲ၌ အထိနာသွားခဲ့ရသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးဆီသို့ သွားရောက်ကာ အမှန်အတိုင်းပြောပြခဲ့ပြီးနောက် သူ၏ ခန့်မှန်းချက်များနှင့် ထင်မြင်ယူဆချက်များကိုပါ အသိပေးခဲ့၏။

ထာဝရကြယ်မျက်လုံးအား ထိန်းချုပ်ခွင့်ကို အဆင့်ခွဲခြားသတ်မှတ်လိုက်မည်ဆိုပါက မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ လျှို့ဝှက်ပညာရပ်များ၏ အကူအညီဖြင့် တော်ဝင်မိသားစုဝင်များ၏ ကိုးဆယ်ရာခိုင်နှုန်းတိတိအား စတေးထားခဲ့သည့် တော်ဝင်မင်းသားတစ်ယောက် ဖြစ်သော ဟေးယွင်ကျစ်မှာ ထာဝရကြယ်မျက်လုံး၏ ပထမအဆင့် လုပ်ပိုင်ခွင့်အာဏာကို ပိုင်ဆိုင်ထားမည်ဖြစ်ကြောင်း သတ်မှတ်နိုင်ပေသည်။

သမိုင်းတစ်လျှောက်တွင် မည်သည့် တော်ဝင်မိသားစုဝင်ကမှ ထိုကဲ့သို့သော လုပ်ပိုင်ခွင့်အာဏာအား ပိုင်ဆိုင်ဖူးခဲ့ခြင်းမရှိပေ။ အများဆုံးအနေနှင့် သူတို့မှာ ဒုတိယအဆင့် လုပ်ပိုင်ခွင့်အာဏာကိုသာ ပိုင်ဆိုင်ဖူးခဲ့ကြ၏။ ဟေးယွင်ကျစ်တစ်ယောက်သာလျှင် နောက်ဆက်တွဲအကျိုးဆက်များကို မငဲ့ဘဲ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း၏ အကူအညီကို ရယူခဲ့ပြီးနောက် ထိုအဆင့်အား ရရှိပိုင်ဆိုင်သွားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်တုန်းက ဝမ်ပေါင်လဲ့မှာ ပထမမျိုးဆက်မှ ဧကရာဇ်ကြီးနှင့် တိုက်ခိုက်နေဆဲ ဖြစ်သောကြောင့် သူ၏ ရာထူးအဆင့်အတန်းမှာ အတည်တကျ မဖြစ်သေးပေ။ ထို့ကြောင့်လည်း ပထမအဆင့် လုပ်ပိုင်ခွင့်အာဏာအား ပိုင်ဆိုင်ထားသည့် ဟေးယွင်ကျစ်မှာ ထာဝရကြယ်မျက်လုံး၏ အကြီးစား တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများကို တစ်ကြိမ် ထုတ်သုံးနိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ တော်ဝင်သင်္ချိုင်းထဲမှ ထွက်လာခဲ့ပြီးနောက် အထူးအခွင့်အရေး မြောက်မြားစွာရရှိခဲ့သဖြင့် နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ဧကရာဇ်တစ်ပါးကဲ့သို့ ဖြစ်သွားခဲ့ရသည် မဟုတ်ပါလော။ ထို့အပြင် သူသည် ပထမမျိုးဆက်၏ ဧကရာဇ်ကြီးကိုလည်း ဝါးမျိုခဲ့သည်ဖြစ်ရာ အပြင်ဘက်သို့ ပြန်ရောက်လာချိန်တွင် ထာဝရကြယ်မျက်လုံး၏ ပထမအဆင့်လုပ်ပိုင်ခွင့်အား ပိုင်ဆိုင်သွားတော့သည်။

ထို့ကြောင့်လည်း ထာဝရကြယ်မျက်လုံးထဲမှ အဆုံးအဖြတ်ပေးသည့် စနစ်မှာ အသက်ဝင်လာရခြင်းဖြစ်သည်။ ထိုစနစ်အရ ပထမအဆင့် လုပ်ပိုင်ခွင့်အာဏာအား ပိုင်ဆိုင်ထားသည့် လူနှစ်ယောက်မှာ တိုက်ခိုက်ရမည် ဖြစ်သည်။ နောက်ဆုံးတွင် သူတို့ထဲမှ တစ်ယောက်သာလျှင် အခြားတစ်ယောက်၏ လုပ်ပိုင်ခွင့်အာဏာကိုပါ ပိုင်ဆိုင်သွားနိုင်မည်ဖြစ်ပြီး ထာဝရကြယ်မျက်လုံး၏ အရှင်သခင်အဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

သူတို့ တိုက်ခိုက်နေစဉ် ထို လုပ်ပိုင်ခွင့်အာဏာများ၏ စွမ်းအားများမှာ ချုပ်နှောင်ခံထားရမည်ဖြစ်ရာ ၎င်းတို့အား အသုံးပြု၍ရမည် မဟုတ်ပေ။ ထို့ကြောင့်လည်း ဟေးယွင်ကျစ်မှာ ထာဝရကြယ်၏ တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများကို နောက်ထပ်တစ်ကြိမ် ထပ်၍ အသုံးမပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သူ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးအား ထို အကြောင်းများကို ပြောပြလိုက်သောအခါ ဝမ်ပေါင်လဲ့အား ထောင်ချောက်ဆင်မည့် အစီအစဉ် ပေါ်ပေါက်လာရတော့သည်။

ဝမ်ပေါင်လဲ့ သေဆုံးသွားသည်နှင့် သူသည် ထာဝရကြယ်မျက်လုံး၏ ပထမအဆင့် လုပ်ပိုင်ခွင့်အာဏာကို ပိုင်ဆိုင်သွားမည်ဖြစ်သည်။ ထိုအခါမှသာ သူသည် ထာဝရကြယ်မျက်လုံး၏ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများကို အသုံးပြုကာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ဒုတိယအသုတ်အား အောင်မြင်စွာ ဆင့်ခေါ်နိုင်မည် ဖြစ်သည်။

သို့သော် ထိုအစီအစဉ်မှာ ထင်ထားသလောက် လွယ်ကူနေမည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ ယခင်တုန်းကထက် အများကြီးပို၍ အစွမ်းထက်လာခဲ့သည် မဟုတ်ပါလော။ သူသည် ဂြိုဟ်အဆင့် ကျင့်ကြံသူ တစ်ယောက်၏ တိုက်ရည်ခိုက်ရည်စွမ်းအားများ၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကိုပင် ပိုင်ဆိုင်ထားသည်ဟု ဆိုနိုင်ပေသည်။ ထို့အပြင် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှာ ထိခိုက်နစ်နာဆုံးရှုံးမှု အမြောက်အမြားနှင့် ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလော။ သို့သော်လည်း သူတို့မှာ ထိုအစီအစဉ်အတိုင်း ဆောင်ရွက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ သူတို့၏ နဂိုမူလအစီအစဉ်မှာ တပ်ဖွဲ့များအားလုံးကိုစုစည်းကာ နတ်ဧကရာဇ် တရားမျှမှုဂိုဏ်းအား ထပ်၍ တိုက်ခိုက်ရန်ဖြစ်သည်။ သူတို့မှာ အပေါ်ယံတွင် နတ်ဧကရာဇ် တရားမျှမှုဂိုဏ်းအား ဖိနှိပ်ချုပ်တည်းနိုင်ရန် ကြိုးစားနေသည့် ပုံစံပေါက်အောင် ဟန်ဆောင်နေမည် ဖြစ်ပါသော်လည်း လက်တွေ့တွင်မူ နတ်ဧကရာဇ် တရားမျှမှုဂိုဏ်း အာရုံထွေပြားနေသည့်အချိန်တွင် ဝမ်ပေါင်လဲ့အား သတ်ဖြတ်မည် ဖြစ်သည်။

သို့သော် ထို အစီအစဉ်မှာ ဟာကွက်အများကြီးရှိနေပြီး သူတို့မှာ အခွင့်အရေးတစ်ခုသာ ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ အခြားသူများ ဝမ်ပေါင်လဲ့၏ အရေးပါမှုအား သ်ိရှိနားလည်သွားသည်နှင့် သူတို့မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အလွယ်တကူ တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။

ထို့သို့ဖြင့် သူတို့အားလုံး တွေဝေတုံ့ဆိုင်းကာ အပြန်ပြန်အလှန်လှန် စဉ်းစားတွေးတောနေခဲ့စဉ် ဘယ်လက်ရုံး အကြီးအကဲကြီးမှာ အကြံတစ်ခုပေးခဲ့၏။ သူ၏ အကြံမှာ သတင်းအချက်အလက်များ ပေါက်ကြားသွားအောင် တမင်တကာ လုပ်ကာ သူတို့သည် ထာဝရကြယ်ကို အသုံးပြု‌၍ သူတို့၏ တပ်ဖွဲ့ထဲမှ ဒုတိယ အသုတ်အား ခေါ်ယူနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု နတ်ဧကရာဇ် တရားမျှမှုဂိုဏ်းအား အထင်လွဲသွားအောင် လုပ်ရန် ဖြစ်ပေသည်။ ထိုသို့သာဆိုပါက သူတို့မှာ နတ်ဧကရာဇ် တရားမျှမှုဂိုဏ်းဘက်မှ အရင်ဆုံး တိုက်ခိုက်လာအောင် လှည့်စားနိုင်မည်ဖြစ်သည်။ အကယ်၍ သူတို့မှာ ဝမ်ပေါင်လဲ့ကိုပါ မျှားခေါ်နိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်ပေသည်။ သို့သော် ထိုသို့ မျှားခေါ်နိုင်ခြင်း မရှိလျှင်မူ သူတို့မှာ သူတို့၏ နဂိုမူလ အစီအစဉ်အတိုင်း အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ကာ ဝမ်ပေါင်လဲ့အား သတ်ဖြတ်နိုင်ရန် ကြိုးစားကြမည် ဖြစ်သည်။

All Chapters