အင်မောတယ်အထက်ဘုံ တံဆိပ်ပြား
Vol. 11 Ch. 141
ထိုပျံသန်းခြင်းအဆောင်ကို မြင်သည့်အခါ အသားမည်းမည်းလူနှင့် ဆိုင်ရှင်တို့သည် သိသိသာသာ လှုပ်ရှားသွား၏။ ဟန်လိအပေါ် သူတို့၏အမြင်သည် ပို၍အလေးအနက် ဖြစ်လာ၏။ တကယ်တော့ စဦးအဆင့်မြင့်အဆောင်ကို ပိုင်ဆိုင်ထားသူသည် သာမညလူ မဟုတ်ဖို့ များ၏။
“ကောင်းပြီ…ကျုပ် လဲလှယ်မယ်…” ဝတ်ရုံနက်နှင့်လူက တည့်တိုးဆန်၏။ အသာစီးရသော လဲလှယ်မှု၌ မည်သူက အရောင်းအဝယ် မလုပ်ဘဲ နေပါ့မည်နည်း။
“ဒါပေမဲ့လည်း ကျုပ်တို့ အလဲအလှယ် မလုပ်ခင် ခင်ဗျား ပြောခဲ့တဲ့အတိုင်း ဒီရတနာပစ္စည်းက အရာဝတ္ထုတွေနဲ့ စိတ်ဝိညာဉ်ချီတွေကို ဖုံးကွယ်ပေးထားနိုင်လား သေချာအောင် ကျုပ် စမ်းသပ်ကြည့်ချင်တယ်။ အမှန်ဖြစ်ခဲ့ရင် ကျုပ်က ဒါကို လဲလှယ်မယ်။ မဟုတ်ရင်တော့ အရောင်းအဝယ် ဖြစ်မှာ မဟုတ်ဘူး…”
အသားမည်းမည်းလူက ဟန်လိ၏ စကားကို ကြားသည့်အခါ သူ အံ့အားသင့်သွားသည်။ သို့ပေမည့် သူက ပြုံးလိုက်၏။
“ကျုပ် ပြောခဲ့တဲ့အတိုင်း အမှန်ပါ။ ခုပဲ စမ်းသပ်ကြည့်နိုင်ပါတယ်…” ထိုသူက ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။
ဟန်လိကလည်း သူ့စကားကို ကြားသည့်အခါ ယဉ်ကျေးမနေတော့ပေ။ သူက အရက်ခွက်ကဲ့သို့ အရာတခုကို ထုတ်ယူကာ အဝတ်ဖြင့် ၎င်းအား ထွေးခြုံလိုက်၏။ အရက်ခွက် ပျောက်သွားသည့်အထိ စောင့်နေပြီးမှ ဟန်လိက သူ့လက်ချောင်းကို ဆန့်ထုတ်ကာ ပဲစေ့အရွယ် စိတ်ဝိညာဉ်ချီအဖြူရောင်အလုံးတလုံးကို သိပ်သည်းစေသည်။ သူသည် ၎င်းကို အဝတ်ပေါ်သို့ ၎င်းချီအလုံးကို တင်၏။ ထိုချီအလင်းလုံးသည် လုံးဝ ပျောက်ကွယ်သွားပြန်၏။
ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏မျက်နှာထက်တွင် ရွှင်မြူးဟန် ပေါ်လာသည်။ သူက လက်ထဲရှိ အဝတ်ကို ပေါ့ပေါ့ပါးပါး ဆွဲယူကာ အရက်ခွက်ထံမှ ပြန်ဖယ်ရှားလိုက်သည်။ အရက်ခွက် ပြန်ပေါ်လာ၏။ ခုလေးတင် ပျောက်ကွယ်သွားသော ချီအလင်းလုံးလည်း အတွင်း၌ စီးဆင်းနေသည်။
“မဆိုးပါဘူး။ ညီအစ်ကိုက မဟုတ်ကို အဟုတ်လုပ်ပြီး မပြောခဲ့ဘူးပဲ။ ကျုပ် အနေနဲ့ ဒီအပျက်အစီးရတနာအစိတ်အပိုင်းကို လိုချင်တယ်။ ဒီပျံသန်းခြင်းအဆောင်ကတော့ ရောင်းရင်းရဲ့ အပိုင်ပေါ့…”
ဟန်လိက ပျက်စီးခြင်းရတနာအစိတ်အပိုင်း အဝတ်စကို ယူကာ သိမ်းလိုက်၏။ ထို့နောက် သူသည် လက်သီးဆုပ်ဟန်ပြုကာ အသားမည်းမည်းလူထံ နှုတ်ဆက်၏။
“ကောင်းပြီ…ရောင်းရင်းက တည့်တိုးဆန်ပြီး ပွင့်လင်းတာပဲကို…” အသားမည်းမည်းလူက ခါးညွှတ်ကာ ဟန်လိထံမှ ပျံသန်းခြင်းအဆောင်ကို ယူလိုက်၏။ ထို့နောက် သူသည် ၎င်းအဆောင်မှာ အတုမဟုတ်မှန်း စစ်ဆေးပြီးနောက် ပြုံးလိုက်၏။
ဟန်လိသည်လည်း ရေးတေးတေး ပြုံးနေသည်။ သူက စကားထပ် မဆိုတော့ပေ။ သူ လှည့်ထွက်ကာ လူအုပ်ကြားကနေ တိုးဝေ့၍ ထွက်လာ၏။ သို့ပေမည့် သူ ခြေလှမ်းအနည်းငယ် မလှမ်းပြီးခင်မှာပင် လူအုပ်ထံမှ ပြောစကားများကို ကြားရသည်။
“ဒီလူက အရူးပဲဟ။ ဒီလို စဦးအဆင့်မြင့်အဆောင်ကို အားနည်းတဲ့ ပစ္စည်းတစ်ခုနဲ့ တကယ်ပဲ လဲလှယ်ခဲ့တယ်…”
“အဟုတ်ပဲ။ ဒီအစိတ်အပိုင်းက သေးငယ်လွန်းတယ်။ ဘာအတွက် အသုံးပြုပါ့မလဲ။ ဒီလို အရာနဲ့ လဲလှယ်တာဟာ မတန်ဘူး…”
“အဲ့လိုတော့ ပြောလို့ မရဘူးလေ။ သူက ဒါကို ကောင်းကောင်း အသုံးပြုတတ်တာလည်း ဖြစ်ချင် ဖြစ်နိုင်တာပဲ…”
……
ဟန်လိက ထိုစကားများကို ကြားသည့်အခါ အကြိမ်ကြိမ် နှာမှုတ်၏။ “ဒီကျင့်ကြံသူတွေဟာ ငါ့အတွက် ဒီရတနာဟာ ဘယ်လောက်ထိ အရေးကြီးလည်း ဘယ်သိပါ့မလဲ…”
“ညီအစ်ကို…ကျေးဇူးပြုပြီး ကျုပ်ကို စောင့်ပါအုံး…” သူ သိပ်ဝေးဝေး မရောက်ခင်မှာပင် နောက်မှ ခေါ်သံကို ကြားလိုက်ရ၏။ သူ့ထံ တယောက်ယောက်က အလျင်အမြန် လိုက်လာခြင်းပင်။ ဟန်လိသည် အတန်ငယ် အံ့အားသင့်သွား၏။ သူက ခေါင်းလှည့်ကြည့်မိသည်။
သူနှင့် မနီးမဝေး၌ လူတစ်ယောက်သည် အသည်းအသန် လှမ်းလာနေသည်ကို သူ တွေ့သည်။ ထိုသူမှာ အစောပိုင်းတုန်းက သူ့ဘေးကို သူကိုယ်တိုင် ဖိတ်ခေါ်ခဲ့သော မျက်နှာဝိုင်းဝိုင်းဖြင့် လူငယ်ပင်။ ဟန်လိက ဆက်မသွားသေးဘဲ ရပ်လိုက်၏။ သူသည် ထိုကောင်က သူနှင့် မည်သည့်ကိစ္စရှိမည်လဲဟု သူ သိချင်စိတ် ဖြစ်မိသည်။
“အစ်ကို…ဟူး…ခုမှပဲ ခင်ဗျားကို လိုက်မှီတော့တယ်…” သူ့ နောက်လိုက်လာသော လူငယ်က အမောတကောလေသံဖြင့် ပြောလာသည်။
“ဒီက ညီအစ်ကို စိတ်ထဲမှာ တခုခု ရှိနေလို့လား…” ဟန်လိက ထိုလူငယ်ကို သံသယဖြစ်ဟန်ဖြင့် ကြည့်သည်။
“ဒါက အစ်ကိုအတွက်ပါ။ အစ်ကိုကြီးက ကျုပ် ဘေးကြပ်နံကြံ ဖြစ်နေတဲ့ ဒုက္ခကို ကူညီဖြေရှင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာလို့ သတ်မှတ်ပေးပါ…”
ထိုလူငယ်က နောက်ထပ် စကားထပ်မဆိုဘဲ ဟန်လိကို စာအုပ်တအုပ် ကမ်းပေးလိုက်သည်။ ထို့နောက် သူသည် နောက်ပြန်လှည့်ကာ အသော့နှင်သည်။
ဟန်လိသည် နည်းနည်းတော့ အံ့အားသင့်သွား၏။ သို့သော် သူက ချက်ခြင်း ပြုံးလိုက်သည်။ ကျင့်ကြံသူများကြား၌ ရိုးစင်းသောစိတ်ထားရှိသော သည်လိုလူလည်း ရှိနေသေးသည်လော။ ထိုသည်မှာ အမှန်တကယ် မမျှော်လင့်မိသော အရာပင်။ ဟန်လိက သူ့နောက်သို့ လိုက်မနေတော့ဘဲ ထိုအစား လက်ထဲမှ စာအုပ်ကို ကြည့်လိုက်၏။
“ချင်းရှီမှတ်တမ်း…” ထိုစာအုပ်၏ အမည်ပင်။ ၎င်းမှာ မှော်ပစ္စည်းတစ်ခု ဟုတ်ပုံ မရပေ။ ဟန်လိက စိတ်ဝင်စားဟန်ဖြင့် စာအုပ်ကို အနည်းငယ် လှန်လှောကြည့်လိုက်၏။
ကြည့်ရသည်မှာ ၎င်းစာအုပ်သည် ယွဲ့ဒေသ၏ ကျင့်ကြံခြင်းကို မနှစ်သက်သော တာအိုရသေ့စီနီယာချင်းရှီ၏ စာစောင် ဖြစ်ပုံ ရသည်။ ထိုတာအိုရသေ့ချင်းရှီသည် နေရာမျိုးစုံထံ ခရီးသွားလာရခြင်းကို နှစ်သက်သူပင်။ ထိုစာအုပ်ထဲ၌ ဒဏ္ဍာရီများ၊ အသေးစိတ် မှတ်ချက်များ ပါဝင်သည်။ တချို့ စာမျက်နှာများထဲ၌ အသက်ဝင်လှသည့်အလား ရေးဆွဲထားသော ရုပ်ပုံများပင် ပါသေး၏။ ဟန်လိက သည်စာအုပ်ကို နည်နည်းပါးပါး ဖတ်ကြည့်ပြီးနောက် စိတ်ဝင်စားမိသွား၏။ သူက ၎င်းကို သူ့အင်္ကျီရင်ဘက်ထဲ ထည့်သိမ်းလိုက်၏။
ထို့နောက်တွင် ဟန်လိသည် ထူးထူးထွေထွေ အဖြစ်အပျက်များကို မကြုံရတော့ပေ။ သူသည် နည်းနည်းပါးပါး ပျင်းရိလာ၏။ သူ တည်းခိုရာ နေရာဆီ ပြန်လာခဲ့သည်။ အခန်းထဲ ရောက်သည့်အခါ ဟန်လိသည် အိပ်ယာပေါ်တွင် လှဲကာ ချင်းရှီမှတ်တမ်း အမည်ရှိ စာအုပ်ကို ဖတ်ရှုသည်။
သည်စာအုပ်၌ ချင်းရှီ၏ ကိုယ်တိုင်အတွေ့အကြုံများနှင့် တခြား ကောလဟာလ အချင်းအရာများ ပါဝင်သည်။ သို့ပေမည့် စာအုပ်၌ ပါဝင်သည့် အခြင်းအရာများက အံ့ဖွယ်ဆန်သည်။ ကြားရခဲသော ကျင့်ကြံခြင်းဂိုဏ်းများ၏ လျှို့ဝှက်ချက်များ၊ ထူးခြားသော ကိစ္စများ ပါဝင်နေသည်။ တာအိုရသေ့ချင်းရှီသည် ထိုအကြောင်းအရာများကို မည်သို့မည်ပုံ သိလာခဲ့သလဲကိုမူ မသိရပေ။
ဟန်လိသည် စိတ်ဝင်တစားဖြင့် ဖတ်ရှုနေ၏။ သို့ပေမည့် သူသည် စာအုပ်၏ နောက်ဆုံးစာမျက်နှာ ရောက်လာသည့်အခါ၌ အမိန့်ပေးတံဆိပ်ပြားများ ခုနစ်ခုအကြောင်း ရေးဆွဲပြထားသည်ကို မြင်လိုက်ရသည်။ ထိုတံဆိပ်ပြား ရုပ်ပုံများ၏ အောက်ခြေ၌ အင်မောတယ်အထက်ဘုံ စာချွန်ဟူသော စာလုံးများ ပါရှိသည်။ ထိုတံဆိပ်ပြားတို့ကို ယွဲ့ဒေသ၏ မဟာကျင့်ကြံခြင်းဂိုဏ်းကြီး ခုနစ်ဂိုဏ်းက ဖန်တီးခဲ့တာပင်။ ဂိုဏ်းအတွင်း၌ မြင့်မားလှသော အောင်မြင်မှုများ ရအောင် ဆောင်ကြဉ်းပေးနိုင်ပါက ကျင့်ကြံခြင်းဂိုဏ်းတခုစီက ထိုတံဆိပ်ပြားကို ချီးမြှင့်မည် ဖြစ်၏။
ထိုတံဆိပ်ပြား ကိုင်ဆိုင်ထားသောသူကို အင်မောတယ်အထက်ဘုံ စုဝေးပွဲ၏ နောက်ဆုံး အနိုင်ရသူကဲ့သို့ ပြုမူဆက်ဆံရမည်ဟူ၍ ဖော်ပြထား၏။ ၎င်းတံဆိပ်ပြား ကိုင်ဆောင်သူသည် ကျင့်ကြံခြင်းဂိုဏ်းကြီး တခု၏ အတွင်းစည်းတပည့် ဖြစ်ခွင့်ရှိသလို၊ အခြေခံတည်ဆောက်ခြင်းဆေးလုံးကိုလည်း လက်ခံရရှိမည် ဟူ၍ ဖော်ပြထား၏။ သို့ပေမည့် ထိုတံဆိပ်ပြားကို ဂိုဏ်းအတွင်း၌သာ အမြဲတမ်းလိုလို လက်ဆင့်ကမ်းတတ်ပေသည်။ ကျင့်ကြံသူအများစုသည် ၎င်းတံဆိပ်ပြားကို မြင်ရဖို့ အခွင့်အရေး မရကြပေ။
စာအုပ်၏ အဆုံးသပ်၌ အရှင်ချင်းရှီက စာလုံးသေးများဖြင့် ရေးသားထားသော အကြောင်းအရာများလည်း ရှိပေသည်။ ထိုတံဆိပ်ပြားကို ကျင့်ကြံခြင်းဂိုဏ်းများကြား လဲလှယ်နိုင်သည်ဟူ၏။ ထို့အပြင် သည်တံဆိပ်ပြားကို ကိုင်ဆောင်ထားသူမှာ မည်သူပင် ဖြစ်ပါစေ တံဆိပ်ပြားသည် အစစ်အမှန် ဖြစ်ဖို့သာ အရေးကြီးသည်။ တစုံတစ်ယောက်က အနှီတံဆိပ်ပြားကိုသာ ကိုင်ဆောင်ထားနိုင်ပါက သူတို့သည် မိုးကောင်းကင်ထံ ခြေတလှမ်း လှမ်းနိုင်ပြီဟုပင် ဆိုနိုင်သည်။
ဟန်လိသည် ထိုရှင်းပြချက်များကို ဖတ်ကြည့်ပြီးနောက် အမိန့်ပေးတံဆိပ်ပြားခုနစ်ခု၏ ပုံတူကို ထပ်ကြည့်သည်။ သူ အာခေါင်ခြောက်လာမိသည်။ သူ့နှလုံးခုန်သံမှာ ကဆုန်ပေါက်လာသည်။
ဟန်လိက အင်မောတယ်စုဝေးခြင်းပြိုင်ပွဲနှင့် ပတ်သတ်သည့် အခြင်းအရာများကို စကြားမိခဲ့တုန်းက သူသည် သူ သတ်ခဲ့သော လူပုထံမှ ရခဲ့သည့် ထူးဆန်းသည့် တံဆိပ်ပြားမှာ အဖွဲ့အစည်းတစ်ခုခုနှင့် ဆက်စပ်လိမ့်မည်ဟု ထင်ခဲ့၏။ အကြောင်းမှာ သည်လူပုထံမှ ရခဲ့သော တံဆိပ်ပြား၏ တဖက်၌ အင်မောတယ်အထက်ဘုံဟု စာလုံးနှစ်လုံး ရေးထွင်းထားသောကြောင့်ပင်။ ထိုစဉ်က ဟန်လိသည် ဤစာလုံးနှစ်လုံးမှာ တွေ့နေမြင်နေကျ ဖြစ်မည်ဟုသာ ခံစားမိခဲ့သည်။ ယင်းတံဆိပ်ပြားနှင့် ပတ်သတ်၍ ထူးထူးထွေထွေ မဖြစ်ခဲ့မိပေ။
တခြားသူများထံမှ အင်မောတယ်အထက်ဘုံ စုဝေးပွဲအကြောင်းကို အသေးစိတ် ကြားသိခဲ့ရပြီးနောက်မှာလည်း အင်မောတယ်အထက်ဘုံ တံဆိပ်ပြား ဟူသော စာလုံးများနှင့် မဆက်စပ်မိခဲ့ပေ။ သို့ပေမည့် အခု သူ မမျှော်လင့်ဘဲ ရလာခဲ့သော စာအုပ်၌ သူ အမှတ်မထင် ရခဲ့သော တံဆိပ်ပြား၏ ဇာစ်မြစ်နှင့် အမှန်တကယ် အသုံးဝင်မှုတို့အကြောင်း ပါဝင်နေပေပြီ။ ထို့အပြင် သည်အင်မောတယ်အထက်ဘုံတံဆိပ်ပြား၏ လုပ်ဆောင်နိုင်မှုမှာလည်း ကြီးမားလွန်းနေချေ၏။
ဟန်လိသည် ပိုပို စိတ်လှုပ်ရှားလာ၏။ သူသည် လူပုထံမှ ရခဲ့သော တံဆိပ်ပြားကို ခပ်မြန်မြန် ထုတ်ယူလိုက်၏။ ၎င်းနှင့် စာအုပ်ထဲရှိ ပုံတူများနှင့် ယှဉ်ထိုးကြည့်သည့်အခါ ပုံစံအသွင် အလွန်တူတာကို တွေ့လိုက်ရသည်။
“အဝါရောင်မေပယ်တောင်ကြား…” ယင်းတံဆိပ်ကား အဝါရောင်မေပယ်တောင်ကြား၏ တံဆိပ် ဖြစ်၏။ ဟန်လိသည် ခပ်တိုးတိုး ရေရွတ်ကာ သူ့လက်ထဲရှိ တံဆိပ်ပြားကို ပွတ်သပ်ကြည့်၏။
“ဒါပေမဲ့လည်း ဒီလောက်အဖိုးတန်တဲ့ ပစ္စည်းက ဟိုဘုန်းကြီးပုလို အဆင့်နိမ့် ကျင့်ကြံသူလက်ထဲ ဘယ်လိုလုပ် ရောက်လာခဲ့တာလဲ…”
ဟန်လိက သူ့ကိုယ်သူ တည်ငြိမ်စေ၏။ ထို့နောက် သူသည် သံသယရှိစွာ တွေးတောသည်။
တကယ်တော့ ဟန်လိ သတ်ခဲ့သော လူပုသည် ဒီအမိန့်ပေးတံဆိပ်ပြား၏ ပြီးခဲ့သော ပိုင်ရှင် ဖြစ်ခဲ့သည် မဟုတ်လား။
အမည်ကျော် ချင်းယဲ့တောင်တန်း၌ ယဲ့ဂိုဏ်းအပြင် နောက်ထပ် အဆင့်အတန်းတူသည့် ဂိုဏ်းတခု ရှိခဲ့ဖူး၏။ ၎င်းမှာ ချင်းဂိုဏ်းပင်။ ထိုဂိုဏ်းနှစ်ခုက ပတ်သတ်ဆက်နွှယ်မှု များစွာ ရှိကြ၏။ ဂိုဏ်းနှစ်ခုကြား ဂိုဏ်းတွင်းလက်ထပ်မှုများစွာ ရှိသည်။
အင်မောတယ်အထက်ဘုံ တံဆိပ်ပြားကို ချင်းဂိုဏ်းမှဘိုးဘေးများက လက်လွှဲပေးခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် သူတို့သည် ၎င်းကို အသုံးမပြုခဲ့ပေ။ အကြောင်းမှာ ချင်းဂိုဏ်း၌ ၎င်းတံဆိပ်ပြားနှင့် ထိုက်တန်သော ပါရမီရှင် မရှိလာတော့၍ပင်။ ထို့ကြောင့်လည်း သူတို့က ၎င်းတံဆိပ်ပြားကို လက်ဆင့်ကမ်း ပေးလာခဲ့ပြီး အကြောင်းရင်း မည်မည်ရရ မရှိဘဲ မဖြုန်းတီးပစ်ချင်ခဲ့ပေ။
သို့ပေမည့် မျိုးဆက်များစွာ ရှိလာသည့်နောက် ချင်းဂိုဏ်းမှ အမျိုးသားများသည် ပို၍ ကျဲပါးလာခဲ့၏။ သူတို့က ဆုတ်ယုတ်လာခဲ့သည်။ တဖက်မှာ ယဲ့ဂိုဏ်းက ပို၍ ဂုဏ်ရှိန်ဝါ ပြောင်ကာ တိုးတက်လာခဲ့သည်။ သို့ဖြစ်၍ ယဲ့ဂိုဏ်းသည် ချင်းယဲ့တောင်တန်း၌ အခြေချသော တစ်ခုတည်းသော ဂိုဏ်းဟူ၍ လူအများက သိလာပြီး ချင်းဂိုဏ်းကမူ မေ့ပျောက်ခံ ဖြစ်သွားခဲ့သည်။
ရွှေအလင်းဘုန်းကြီးပု၏ မျိုးဆက်၌ သူသည် ချင်းဂိုဏ်း၌ ကျန်ခဲ့သည့် တယောက်တည်းသော အမျိုးသား ဖြစ်လာခဲ့၏။ သူ၏ စိတ်နေမှာ ထူးခြားပြီး ပါရမီလည်း မရှိပေ။ သူ့အနေဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်နိုင်ဖို့ များသည်။ သူ့ပါရမီကြောင့် ဂိုဏ်းနှစ်ခုကြား ကွာခြားချက်ကလည်း ကြီးမားသဖြင့် ယဲ့ဂိုဏ်းက ချင်းဂိုဏ်းထံမှ ရတနာတော်တော်များများကို ရယူပစ်ဖို့ ဆုံးဖြတ်ခဲ့၏။ ထို့အပြင် ယဲ့ဂိုဏ်း အလိုချင်ဆုံးမှာ ချင်းဂိုဏ်း၏ အင်မောတယ်အထက်ဘုံ တံဆိပ်ပြားပင်။
ရွှေအလင်းဘုန်းကြီးပုက ကျင့်ကြံမှုအဆင့် နိမ့်ကျလွန်းသော်လည်း လူတွေအကြောင်းကိုတော့ နောကြေ၏။ ကောင်းကောင်းသိ၏။ သို့ဖြစ်၍ ယဲ့ဂိုဏ်းက လှုပ်ရှားရန် စီစဉ်သည်နှင့် ထိုလူပုက အရင်ဦးစွာ ထွက်ပြေးခဲ့ပေသည်။ သူနှင့်အတူ ဓားအဆောင်ငယ်တခုနှင့် ဒီအင်မောတယ်အထက်ဘုံ တံဆိပ်ပြားတို့ကို တပါးတည်း ယူလာခဲ့ပေသည်။ တခြား ရတနာများကိုမူ ချိပ်ပိတ်ထားခြင်းကြောင့် သူ့အနေဖြင့် အချိန်တိုအတွင်း ယူနိုင်ခြင်း မရှိခဲ့ပေ။ မည်သို့မျှ မတတ်နိုင်ဘဲ သူက ၎င်းတို့ကို ယဲ့ဂိုဏ်းအတွက်သာ ချန်ထားခဲ့ရပေသည်။
သည်လိုဖြင့် ရွှေအလင်းဘုန်းကြီးပုက ဆယ်စုနှစ်ကျော် ပြေးလွှားခဲ့ကာ တောနက်တခုအတွင်းရှိ တာအိုဘုံကျောင်းများထဲ၌ နေထိုင်ရှင်သန်ခဲ့၏။ သူက သူ၏ မဖြစ်စလောက် မှော်စွမ်းအားကို သုံးကာ သောက်လိုက်စားလိုက် လွတ်လွတ်လပ်လပ် နေခဲ့၏။ ထိုစဉ်က သူသည် အင်မောတယ်အထက်ဘုံ အမိန့်ပြားကို အသုံးပြုဖို့ စဉ်းစားခဲ့သေးသည်။ သို့သော် ထိုစိတ်ကူးက မဖြစ်မြောက်ခဲ့ပေ။
သူက အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို အရယူနိုင်ခဲ့လျှင်ပင် သူ့အနေဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဟု မှတ်ယူခဲ့၏။ သို့ဖြစ်၍ သူ့အနေဖြင့် အဆင့်နိမ့်တပည့်တစ်ယောက်အဖြစ် ကျင့်ကြံခြင်းဂိုဏ်းကြီးတစ်ခုဆီ သွားကာ ခက်ခဲကြမ်းတမ်းမှုများကို ခံစားနေဖို့ မလိုတော့ဟု ဆုံးဖြတ်ခဲ့ခြင်းပင်။
သည်လိုဖြင့် သူသည် သေမျိုးသိုင်းလောက၏ ချီးရွှမ်ဂိုဏ်း အရေးကိစ္စ၌ ဝင်ပါခဲ့ပြီး ဟန်လိ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူ ပိုင်ဆိုင်ခဲ့သော ဒီအင်မောတယ်အထက်ဘုံ တံဆိပ်ပြားကို ဟန်လိက တိုက်တိုက်ဆိုင်ဆိုင် ရရှိခဲ့တာပင်။