အသေအကြေတိုက်ခိုက်ခြင်း
Vol. 11 Ch. 142
ဟန်လိသည် ချင်းဂိုဏ်း၏ အခြေအနေကို လုံးလုံး မသိပေ။ သူ့စိတ်အခြေအနေမှာ ရွှင်မြူးနေ၏။ သူသည် စိတ်လှုပ်တရှား အခန်းထဲ၌ လမ်းပတ်လျှောက်နေ၏။ သူ့လက်ထဲ၌လည်း တံဆိပ်ပြားကို ကိုင်ဆနေသေး၏။ ထို့အပြင် သူသည် ၎င်းတံဆိပ်ပြားကို ပိုကြည့်မိလေလေ ပိုသဘောကျလေ ဖြစ်နေသည်။
အမွှေးတိုင်တတိုင်ထွန်းစာလောက် ကြာပြီးနောက် ဟန်လိက စိတ်လှုပ်ရှားမှုကို တည်ငြိမ်စေသည်။ သူက အနာဂတ်နှင့် ပတ်သတ်ပြီး သူ့အစီအစဉ်များကို စစဉ်းစားသည်။ သူသည် အဝါရောင်မေပယ်တောင်ကြားသို့ ခရီးနှင်ကာ ဝင်ခွင့်ရတပည့်အဖြစ်ကနေ ဆရာသခင် တယောက် ဖြစ်လာမည့်အကြောင်း တွေးနေမိသည်။
ထိုတညလုံး ဟန်လိမှာ ဂနာမငြိမ် ဖြစ်နေ၏။ အိပ်ဖို့ ခက်နေသည်။ နောက်နေ့တွင် ထိုက်နန်တောင်ကြား စုဝေးပွဲမှာ အဆုံးသပ်နေ့ ဖြစ်၏။ နောက်နေ့ မနက်ခင်း အစောပိုင်း၌ ကျင့်ကြံသူများစွာသည် တောင်ကြားထဲကနေ စထွက်သွားသူက သွားနှင့်ကြပေပြီ။ တောင်ကြားထဲ၌ လူဦးရေမှာ တဝက်မက လျှော့ကျသွားခဲ့ပြီ။
နေ့လယ်ခင်း အချိန်၌ ဆိုင်ခန်းကွက်လပ်နေရာတွင် အသက်ကြီးရင့်ဟန် ရသော စီနီယာကျွမ်းကျင်သူများ ပေါ်လာကြ၏။သူတို့က အားပေးစကား အချို့ ပြောပြီးနောက် ဒီစုဝေးပွဲမှာ ပြီးဆုံးပြီ ဖြစ်ကြောင်း ကြေငြာသည်။ တာအိုရသေ့ ချင်းယန်မှာလည်း ထိုစီနီယာများထဲ၌ တစ်ယောက်အပါအဝင်ပင်။
ရုတ်တရက် သုံးယောက်တစု၊လေးယောက်တစု အုပ်စုများအဖြစ် ကျန်ရစ်သော ကျင့်ကြံသူများသည် ကောင်းကင်ထက်သို့ ပျံတက်ကာ သည်နေရာ၌ ပျံဝဲ၏။ ထိုအချိန်မှာပင် တာအိုရသေ့ချင်းဝမ်နှင့် တခြားသူများက ဟန်လိကို လာရှာကြ၏။ သူတို့က သူတို့နှင့်အတူ ခရီးဆက်သွားဖို့ သူ့ကို လာဖိတ်ကြတာပင်။
ခဏတာ တိတ်ဆိတ်နေပြီးနောက် ဟန်လိက သူတို့၏ ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့သည်။ ဝူကျူးကျစ်နှင့် မော့ညီအစ်ကိုတို့မှာ ထို့အတွက် ဒေါသထွက်ကုန်၏။ တာအိုရသေ့ချင်းဝမ်ပင် မျက်နှာနည်းနည်း ပျက်သွားသည်။
“အစ်ကိုဟန်က ကျုပ်တို့နဲ့ ခရီးမနှင်ချင်မှတော့ ကျုပ်ချင်းဝမ်လည်း အတင်းအကြပ် မပြောတော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ…ညီအစ်ကို…”
ချင်းဝမ်က သက်ပြင်းချပြီးနောက် စိတ်မကောင်းဟန် လေသံဖြင့် ဆို၏။
ထို့နောက် သူက ဟန်လိ၏ ပုခုံးကို ပုတ်ကာ တောင်ကြားထဲကနေ တခြားသူများနှင့်အတူ ထွက်သွားတော့သည်။
ဟန်လိက ချင်းဝမ် သူ့ပုခုံးကို ပုတ်သွားချိန်၌ ဟန်လိ၏ ဝတ်စုံပေါ်သို့ အရောင်အစင်းမဲ့ အမှုန့်တချို့ ပေကျကျန်ခဲ့သည်ကို သတိ မပြုမိခဲ့ပေ။
ဝူကျူးကျစ်နှင့် တခြားသူများသည် တောင်ကြားထဲရှိ မြူထူထူအတွင်း ဝင်သွားသည့်အချိန်၌ တာအိုရသေ့ ချင်းဝမ်သည် သူတို့နောက်မှ ကျန်ခဲ့၏။ သူ၏ မကောင်းကြံမည့် အသွင်ဟန်ပန် ပေါ်လာသည်။ ရုတ်တရက်သူက သူ့အင်္ကျီလက်ခေါက်ကို ပင့်မြှောက်ကာ မီးတောက်တန်းတခုသည် ကောင်းကင်ထက်သို့ စေလွှတ်လိုက်သည်။ ၎င်းသည် ဘေးတဖက်ရှိ ချုံနွယ်များထဲ ကွယ်ပျောက်သွားသည်။ ထို့နောက် သူ့မျက်နှာက ပုံမှန်အတိုင်း မှန်ကန်ဖြောင့်မတ်သောအသွင်ဟန်ပန် ပြန်ဖြစ်သွား၏။
ဟန်လိသည် တာအိုရသေ့ချင်းဝမ်၏ အကြောင်းကို လုံးလုံး မသိထားပေ။ သို့သော် သူ၏ သတိထားတတ်သော ပင်ကိုယ်အသိစိတ်ကြောင့် သူက ချက်ခြင်း တောင်ကြားထဲကနေ ထွက်မသွားခဲ့၊ ညအချိန်ထိ စောင့်နေ၏။ နောက်နေ့ နံနက်စောပိုင်း ရောက်သည့်အခါကျမျှ ဟန်လိသည် တစ္ဆေသရဲအလား တောင်ကြားထဲကနေ ထွက်လာခဲ့သည်။
သူသည် ဒီထိုက်နန်တောင်ကြားကနေ ထွက်လာပြီးနောက် သွားမည့်ဦးတည်ရာကို သတ်မှတ်ထားခဲ့ပြီးပင်။ သူက နန်းတွင်းပျံသန်းခြင်းပညာရပ်ကို သုံးကာ မြေပြင်ပေါ် ခပ်ဖွဖွ လျှောက်ရုံဖြင့် ကျန်းအကွာအဝေး တော်တော်များများသို့ ရောက်၏။
သူ တောင်ကြားထဲကနေ ထွက်လာပြီး မကြာမီမှာပင် လူနှစ်ယောက်သည် အလျင်စလို ထွက်လာ၏။ သူတို့ရှေ့၌ လမ်းပြပေးသော လက်မအရွယ်ခန့် အစိမ်းရောင်အလင်းလုံး တလုံး ရှိသည်။ ထို့နောက် သူတို့သည် ဟန်လိ ထွက်သွားသော အရပ်သို့ လိုက်ပါလာသည်။ ထိုနှစ်ယောက်က အစိမ်းရောင်အလင်းလုံး၏ ညွှန်ပြချက်အတိုင်း နောက်က ထပ်ကြပ်မကွာ လိုက်လာကြခြင်းပင်။
ဟန်လိသည် ခရီးနှင်နေတာကို လုံးဝ မရပ်ပေ။ လီတစ်ရာထိ ရောက်လာသည့်နောက်တွင်ပင် သူသည် အနားမယူချေ။ သူက တောင်ကုန်းငယ် တလုံးနား ရောက်လာချိန်၌ ထိုင်ချကာ အစာပြေ စား၏။ သူ့ မောပန်းနေသော ခန္ဓာကိုယ်နှင့် မှော်စွမ်းအားကို အားပြန်ဖြည့်သည်။
သူက သူ့အပြုအမူများကြောင့် သူ့နောက်သို့ လိုက်လာသော လူနှစ်ယောက်က သူ့ကို ဆဲဆိုနေသည့်အကြောင်းကိုမူ မသိနေပါ။
ထိုသည်မှာ အံ့အားသင့်စရာ မဟုတ်ပေ။ သူတို့က နေ့အလင်းရောင် စသည်နှင့် နောက်ယောင်ခံလိုက်ခဲ့ရ၏။ ဟန်လိ၏ ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားကြောင့်သာ မဟုတ်ပါက သူတို့သည် ဟန်လိကို မျက်ခြေပြတ်နေလောက်ပြီ။ သို့သော် သူတို့၏ မူလအစီအစဉ်မှာ ဟန်လိရှေ့ကနေ ကြိုသွားကာ ထောင်ချောက်ဆင်ပြီး လက်ဦးမှုယူ၊အလစ်တိုက်ခိုက်ရန် ဖြစ်၏။
သူတို့ကို ဒေါသထွက်စေသည်မှာ ဗိုက်ဟောင်းလောင်း ဖြစ်နေရသောကြောင့်ပင်။ အကြောင်းမှာ ဟန်လိက တစက်လေးမျှ မနားဘဲ ခုန်ပျံကျော်လွှားပြီး လီတစ်ရာကျော် ဆက်တိုက် ခရီးနှင်ခဲ့သည် မဟုတ်လား။ သူတို့ ပင်ပန်းလွန်းနေပေပြီ။ တကယ်တော့ ထိုနှစ်ယောက်သည် ကျင့်ကြံသူများ ဖြစ်ခဲ့တာ ကြာခဲ့ပြီ ဖြစ်ပြီး မင်းသားများကဲ့သို့ နေထိုင်ရတာ အသားကျနေသူများပင်။ သူတို့၏ ခြေထောက်ကို အသုံးပြုကာ သည်မျှ ခရီးရှည်ရှည် သွားရသည့်အတွေ့အကြုံမျိုး မရှိကြပေ။
ဟန်လိက တောင်ကုန်းငယ်၌ ခြေချိတ်ထိုင်ကာ မျက်လုံးမှိတ်နေ၍ နေသည်မှာ အချိန်မည်မျှ ရှိနေပြီ မသိရတော့ပေ။ သူသည် မလှုပ်မယှက် ထိုင်နေခြင်းပင်။ သူ့ဘေးပတ်လည်မှ လေတိုက်သံကလွဲ၍ တခြားအသံဗလံများကိုလည်း သူ မကြားရပေ။
ထိုစဉ် သူ့အနီးအနားရှိ မြေပြင်ထံမှ အဖြူရောင်အလင်းတန်းဆယ်ခုကျော်က သူ့ထံ တိုက်ရိုက် တိုးဝင်လာ၏။
မလှုပ်မယှက် ရှိနေသော ဟန်လိသည် ရုတ်တရက် မျက်လုံးဖွင့်လာသည်။ သူက ထိုအေးစက်စက် အလင်းတန်းများကို မြင်သည်။ သူ့ခန္ဓာကိုယ်က ရုတ်ချည်း လေထဲသို့ မြောက်တက်သွားပြီး ဘေးတဖက်ရှိ နေရာလွတ်ထံ ခြေနှစ်ဖက်ဖြင့် ပေါ့ပေါ့ပါးပါး ပြန်ကျ၏။
ထိုအဖြူရောင်အလင်းတန်းများသည် သူတို့၏ ပစ်မှတ်နှင့် လွဲချော်သွားသည်။ ယင်းအဖြူရောင်အလင်းတန်းများမှာ ဟန်လိ တရားထိုင်နေစဉ် အလစ်တိုက်ခိုက်လာသော ရေခဲစူးချွန်များတည်း။ ဟန်လိက ထိုသည်ကို မြင်သည့်အခါ သူ့အမူအရာမှာ သုန်မှုန်သွား၏။
သူက ညာလက်ကို ဆန့်ကာ လက်ငါးချောင်းကို ဖြန့်ကား၏။ ချလစ်…ချလစ်…။ ပေါက်ကွဲသံများ ခဏ မြည်ပြီးနောက် မီးလုံးငယ်ငါးလုံး သူ့လက်ချောင်းထိပ်များ၌ ပေါ်လာ၏။ ထိုမီးလုံးငယ်များသည် မီးလုံးပညာရပ်၏ မီးလုံးများနှင့် ယှဉ်ပါက တဝက်မျှ ပိုသေးငယ်သည်။
“ခင်ဗျားတို့ ကျုပ်ရဲ့ ဒီမီးလုံးတွေ အရသာကို မြည်းကြည့်သင့်သွားပြီ…” ဟန်လိက ထိုသို့ အော်ဟစ်ကာ ရေခဲစူးများ ပျံသန်းထွက်လာသော နေရာထံ အကြည့် ရောက်သည်။ ထို့နောက် သူက သူ့လက်ချောင်းများကို ကွေးညွှတ်ကာ ရုတ်ချည်း ဆန့်ထုတ်သည်။ မီးလုံးငါးလုံးသည် တရစပ်တည်း ပျံသန်းထွက်သွားသည်။
ထိုမီးလုံးများက မြေပြင်နှင့် ထိမိတော့မည့် အချိန်၌ အဝါရောင်ဝတ်စုံဖြင့် လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။ သည်လူက တိုးဝင်လာသော မီးလုံးတိုက်ခိုက်မှုကို ရှောင်ပြီးသား ဖြစ်၏။ ဘန်း…။
ဟန်လိ၏ မီးလုံးများ ပေါက်ကွဲသွားသော နေရာ၌ ချိုင့်ခွက်တချို့ ဖြစ်ပေါ်ကာ အပူငွေ့လှိုင်းများ လေထဲ ပျံတက်လာသည်။ ခုလေးတင် သေဘေးမှ လက်မတင် လွတ်အောင် ရှောင်လိုက်နိုင်သော ထိုသူသည် ချွေးစေးပြန်သွားသည်။
သည်အချိန်၌ ဟန်လိက မြေပေါ်ရှိ ချိုင့်ခွက်များကို အာရုံမစိုက်၊ ခုန်ထွက်လာသော အဝါရောင်ဝတ်စုံနှင့်လူကိုသာ စူးစိုက်ကြည့်နေ၏။ ထိုသူမှာ ပိန်ပိန်ပါးပါး၊ အသက်သုံးဆယ်ဝန်းကျင် ရှိမည်။ ကောက်ကျစ်မည့် မျက်နှာကိုလည်း ပိုင်ဆိုင်ထားသည်။
“ခင်ဗျားက ကျုပ်ကို ဘာကြောင့် အလစ်တိုက်ခိုက်ရတာလဲ…” ဟန်လိက အေးစက်စက် မေးလိုက်သည်။
အဝါရောင်ဝတ်ရုံဖြင့်လူက ထိုစကားကို ကြားသည့်အခါ မျက်လုံး ကစား၏။ သူသည် လူယုတ်မာလေသံဖြင့် ရယ်မောပြီးမှ စကားဆိုသည်။ “မင်း နောက်ဘဝ ကျရင် သိလိမ့်မယ်…”
သူက ရုတ်တရက် အေးစက်စက်လေသံဖြင့် အော်ဟစ်လိုက်သည်။ “စတော့…”
ဟန်လိ တုန်လှုပ်သွား၏။ သူ လှုပ်ရှားရန် ဟန်ပြင်စဉ် သူ့အောက်ရှိ မြေပြင်ထံမှ အသံနှစ်သံကို ကြားလိုက်ရသည်။ ထို့နောက် အဝါရောင်အလင်းတောက်တောက် လက်နှစ်ဖက်က မြေပြင်ထံမှ ထိုးထွက်ကာ ဟန်လိ၏ ခြေထောက်များကို ဖမ်းဆုပ်ကိုင်သည်။ ဟန်လိသည် ချိန်းကြိုးများဖြင့် တုပ်နှောင်ခံရသည့်နှယ် ခြေတလှမ်းပင် လှမ်းနိုင်စွမ်း မရှိ ဖြစ်သွားသည်။
“ခွေးကောင်လေး…မင်း သေမှာ သေချာနေပြီ။ မင်း ခြေထောက်တွေလည်း မလှုပ်နိုင်တော့ဘူး။ မင်း ငါ့ရဲ့ ရေခဲပညာရပ်ကို ဘယ်လိုများ ရှောင်မလဲ ကြည့်ရတာပေါ့…”
ပြောပြောဆိုဆို ထိုသူက သူ့လက်နှစ်ဖက်ရှေ့ရှိ လေထုကို အဖြူရောင်သလင်းများအဖြစ် သိပ်သည်းစေသည်။ ယင်းတို့မှာ တဖြည်းဖြည်းဖြင့် ရေခဲစူးများအသွင် ပြောင်းလဲသည်။
ဟန်လိသည် အကြီးအကျယ် မျက်စိမျက်နှာ ပျက်သွားသည်။ သူ့လက်ဖြင့် လက်ကောက်ဝတ်ပေါ် ဖိနှိပ်ချ၏။ ခေါင်းလောင်းမြည်သံ ထွက်ပေါ်ကာ အေးစက်စက်အလင်းတစ်ခု လင်းလက်သည်။ သူက တောက်ပရှည်လျားသော ဓားတလက်ကို ထုတ်ယူကာ အလျင်အမြန် ခုတ်ပိုင်းချသည်။
ထန်…။ ဓားက ကျောက်တုံးကျောက်စများကို ထိုးနှက်မိသကဲ့သို့ မီးပွားများ ပန်းထွက်သည်။ ထို့အပြင် အဝါရောင်လက်နှစ်ဖက်မှာလည်း မည်သို့မျှ မဖြစ်သွားပေ။ ဟန်လိသည် သတိထားလိုက်၏။ သူက ဒေါသလည်း ထွက်နေပေပြီ။ သူသည် နောက်ထပ် ကြိုးစားကြည့်ဖို့ တွေးချိန်၌ သူ့မျက်နှာချင်းဆိုင်မှ အဝါရောင်ဝတ်စုံနှင့်လူက လှောင်ပြောင် ရယ်မောသည်။
“ဟားဟား…သေလိုက်တော့ ခွေးကောင်လေး…”
ဟန်လိမှာ စိတ်ချောက်ခြားသွားသည်။ သူက ချက်ခြင်း ခေါင်းပြန်မော့ ကြည့်သည်။ ရေခဲစူးချွန်နှစ်ဆယ်က သူ့ထံ အကြမ်းပတမ်း တိုးဝင်လာသည်ကို လှမ်းမြင်၏။ သူ့အနေဖြင့် ရှောင်၍ မရနိုင်လောက်ပေ။
ထိုသည်ကို မြင်သည့်အခါ ဟန်လိ၏ အမူအရာမှာ ပြေပြ၍မရအောင် သုန်မှုန်လာသည်။ သူက အသက်ဝဝရှိုက်သွင်းကာ အံကြိတ်၏။ လှုပ်ရှားခြင်း မရှိဘဲ သူ၏ခန္ဓာကိုယ်သည် ထူးခြားစွာ ဘယ်ညာတွန့်ခေါက်ကာ ယိမ်းနွဲ့သည်။ ရေခဲစူး အများစုကို မထင်မှတ်စွာဖြင့် သူ ရှောင်လိုက်နိုင်၏။ သူ့ညာပုခုံးနှင့် ဘယ်ခြေထောက်တွင်သာ ရေခဲစူး ထိမှန်တာ ခံလိုက်ရသည်။ ထိုအခိုက်၌ ယင်းဒဏ်ရာများထံမှ သွေးများ စီးကျလာသည်။ သူ့ဝတ်စုံ၌ သွေးများ ပေကျံသွားသည်။
ဟန်လိက လက်ထဲရှိ ဓားရှည်ကို ပစ်လွှတ်လိုက်၏။ သူ့လက်ဆယ်ချောင်းကို သုံးကာ သူ့ဒဏ်ရာများရှိ သွေးကြောများအား အလျင်အမြန် ပိတ်ဆို့သည်။ ထိုအခါ သွေးထွက်တာ ရပ်သွားသည်။ ထို့နောက်တွင် အဝါရောင်ဝတ်စုံနှင့်လူသည် မျက်လုံး ပြူးသွားသည်။ သူက သူ တွေ့မြင်လိုက်ရသော အဖြစ်ကို မယုံကြည်နိုင် ဖြစ်သွားတာ သိသာသည်။
ဟန်လိ၏ အမူအရာမှာ နက်မှောင်နေသည်။ သူက အားသုံး၍ ခြေထောက်နှစ်ဖက်ကို တွန့်ခေါက်လိမ်ကာ ညွတ်ကျစေသည်။ ယင်းခြေထောက်များ၌ အရိုးများ မရှိလေသည့်အလား။ သူ့ခြေထောက်နှစ်ဖက်ထံမှ တစီစီအသံများ ထွက်ပေါ်လာပြီးနောက် ရုတ်တရက် သူ၏ခန္ဓာကိုယ်သည် အသက်ရှင်လျက် အသားလုံးတခုကဲ့သို့ ကြုံ့သွားသည်။ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အထက်သို့ ပျံတက်သွား၏။ သူ့ခြေထောက်များမှာလည်း ဖမ်းဆုပ်ထားသော လက်ကြီးနှစ်ဖက်ကနေ ချောထွက်လာသည်။ သူက လေထဲသို့ ထိုးတက်သွားပြီးနောက် ကျန်းတစ်ဆယ်ကျော် အကွာအဝေး၌ ပြန်ကျလာသည်။ သူက သူ့ခြေထောက်နှစ်ဖက်ကို ဆုပ်ကိုင်ခဲ့သော လက်ကြီးနှစ်ဖက်ထံ အေးစက်စက် လှမ်း၍ စိုက်ကြည့်လေ၏။
“ခွန်အားသွေဖယ်ခြင်းပညာရပ်နဲ့ ငါ့ ချုပ်ကိုင်မှုကနေ သူ့ ခြေနှစ်ဖက်က ဘယ်လိုများ လွတ်ထွက်သွားရတာလဲ။ မဖြစ်နိုင်ဘူး…” လက်နှစ်ဖက်အောက်ရှိ မြေပြင်ထဲကနေ ဒေါသတကြီး ဝူးဝူးဝါးဝါးအသံ ထွက်ပေါ်လာသည်။
ထို့နောက် လက်နှစ်ဖက်သည် မြေကြီးထဲကနေ မြောက်တက်လာပြီး အဝါရင့်ရောင်အလင်း ခြုံလွှမ်းထားသော အရိပ်တစ်ခု လှစ်ဟပေါ်လာသည်။