← Chapters

ခေါင်းဖြတ်ပစ်ခြင်း

Vol. 11 Ch. 143

ခေါင်းဖြတ်ပစ်ခြင်း

Vol. 11 Ch. 143

မြေကြီးထဲမှ ထိုးထွက်လာသော လူထွားကြီးနှင့် အဝါရောင်ဝတ်စုံဖြင့်လူတို့သည် ဟန်လိနောက်သို့ လိုက်လံ၏။

သူတို့သည် ဟန်လိ အဝေးသို့ ထပ်မံ၍ ထွက်ပြေးသွားမှာကို စိုးနေ၏။ မှော်စွမ်းအားကို အတန်ငယ် အားပြန်ဖြည့်ပြီးသည်နှင့် သူတို့သည် ချက်ခြင်း အုပ်စုဖွဲ့ကာ နောက်ထပ်တိုက်ခိုက်မှုကို စီစဉ်သည်။

ဟန်လိမှာ သူ့ဒဏ်ရာကနေ နာကျင်မှု ခံစားနေရ၏။ အစောလေးတုန်းက သူ့လှုပ်ရှားမှုများက ဒဏ်ရာကို ပိုဆိုးဝါးသွားစေပုံပင်။

သို့သော် ခုချိန်၌ သည်ပြဿနာကို တွေးနေဖို့ အချိန်မရှိပေ။ မြေပြင်၌ ပုန်းကွယ်နေခဲ့သော လူထွားက ဓားမော့အရှည်ကို ဆွဲကိုင်ကာ ဟန်လိထံ တိုးဝင်လာ၏။ သူ့ဓား၌ အနက်ရောင်ချီများ ခြုံလွှမ်းထား၏။

ဟန်လိက ရန်သူများကို မြင်သည့်အခါ သူတို့သည် မြန်သော်လည်း လှုပ်ရှားမှုများက မသွက်လက် ဖြစ်နေတာကို တွေ့ရှိ၏။ ထိုနှစ်ယောက်သည် အထောက်အပံ့ မှော်ပညာရပ်များအပေါ် မှီခိုနေတာ သိသာ၏။ သူက အနည်းငယ် စိတ်အေးနိုင်သွားသည်။ သူ၏ ထူးခြားမြန်ဆန်သော လှုပ်ရှားမှုများက သူ့ကို ဖမ်းမိခြင်းကနေ ကာကွယ်ပေးနိုင်လောက်၏။ ထိုသို့တွေးမိကာ ဟန်လိသည် ထိုလူကြီးကို အာရုံစိုက်ကာ မစူးစမ်းတော့ဘဲ သူ့အာရုံက အစိမ်းရင့်ရောင် ဘူးသီးခြောက်တခုကို ထုတ်ယူလိုက်သော အဝါရောင်ဝတ်စုံနှင့်လူအပေါ်သို့ ကျရောက်သွား၏။

ထိုသူက ဘူးသီးခြောက်ကို ဟန်လိထံ ဦးတည်စေပြီး ၎င်း၏အဝကို လက်ညွှန်၏။ သူက မှော်ပညာရပ်တစ်ခုကို အသုံးပြုချင်တာ ထင်ရှားသည်။

“မင်းကိုယ်မင်း ဘာထင်နေလဲ…။ သေလိုက်တော့…”

လူထွားကြီးက အော်ဟစ်ကာ ဟန်လိနား တိုးဝင်လာ၏။ သူ့ခန္ဓာကိုယ်ပေါ်၌ အဝါရောင်အလင်း တောက်ပနေသည်။ သူက နတ်ဆိုးဆန်သော သူ၏ဓားရှည်ကို ပင့်မြှောက်ကာ ဟန်လိကို ခုတ်ပိုင်း၏။

ဟန်လိက နှာမှုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် ဖြတ်ခနဲ ဓားအဝန်းအဝိုင်း၏ အပြင်ဘက် ရောက်သွား၏။ “မင်း အရူး လုပ်ခံရပြီ ကောင်လေး…”

ထိုလူထွားက ရယ်မောလှောင်ပြောင်၏။

သူ့လက်ထဲမှ ဓားရှည်ထံကနေ အနက်ရောင်အလင်း တောက်ပကာ အနက်ရောင်ကြိုးရှည်အဖြစ်သို့ ပြောင်း၏။ မြွေတကောင်နှယ် ၎င်းက ဟန်လိထံ တွန့်လိမ်ကာ ဝင်ရောက်လာ၏။ ဟန်လိ့ကို လွတ်မြောက်ခွင့် မပေးချေ။

ဟန်လိက မင်သက်သွား၏။ သူက ချက်ခြင်းပင် ထူးခြားစွာ လှုပ်ရှား၏။ သူက ဘယ်ကနေညာ၊ ရှေ့ကနေနောက် လှည့်ပတ်သည်။ ဟန်လိက ထိုလူထွားကို လှည့်ပတ်ကာ လှုပ်ရှားလိုက်သည့်အလား။

ထိုသည်ကိုမြင်သည့်အခါ လူထွားကာ သူ့ခန္ဓာကိုယ်ကို မြေချပ်ဝတ်ပညာရပ်ဖြင့် ချက်ခြင်း အကာအကွယ် ပြု၏။ သူက ဟန်လိ၏ ပုံရိပ်ယောင်များကို ထပ်မံ အရေးမစိုက်တော့။ ထိုအစား သူက သူ့ အနက်ရောင်ကြိုးကို ခပ်သွက်သွက် လှုပ်ရှားကာ ဟန်လိ၏ အစစ်အမှန်ခန္ဓာကိုယ်ထံ တိုက်ခိုက်သည်။ ဟန်လိသည် ထိုသူ၏ ဘေးဘက်ခြမ်းကနေ ရှောင်ထွက်၏။ ထိုအတောအတွင်း သူက မီးလုံးနှစ်လုံးဖြင့် သည်လူထွားထံ ပစ်သွင်းတိုက်ခိုက်သည်။ ယင်းတို့က လူထွား၏ ခန္ဓာကိုယ်ကို ထိမှန်သည့်အခါ အဝါရောင်အလင်းမှာ လှုပ်ခတ်သည်။ ကံမကောင်းစွာဖြင့် ၎င်းအလင်းအကာသည် တဖန် ပြန်ကောင်းမွန်သည်။

“ဒီမီးလုံးလေးက ဒီဦးလေးရဲ့ အကာအကွယ်ပညာရပ်ကို ချိုးဖျက်နိုင်မယ်တဲ့လား…”

လူထွားက သူ့လက်နှစ်ဖက်ကို ပိုမြန်မြန် လှုပ်ရှား၏။ ကြိုးနက်က အဆက်မပြတ် လှုပ်ရှား၏။ ဟန်လိသည် ပူပန်လာ၏။ သည်လူထွား၏ ကြိုးနက်သည် သူ့ထက် နှေးသော်လည်း သူသည်လည်း ၎င်းကို မကျော်လွန်နိုင် ဖြစ်နေ၏။ သူက လှုပ်ရှားမှုကို အရှိန်မလျှော့ဝံ့ပေ။ မဟုတ်ပါက သူ ဖမ်းမိခံလိုက်ရနိုင်သည်။ သူသည် ကြိုးနက်မှာ မည်သည့်မှော်ပစ္စည်းမှန်း မသိသော်လည်း သူ့ကို အတော်လေး အကြပ်ရိုက်နေစေ၏။

ဟန်လိသည် အဝါရောင်ဝတ်စုံဖြင့်လူထံ တချက် လှမ်းကြည့်၏။ ထိုသူ၏ အမူအရာမှာ လေးနက်နေသည်ကို သူ လှမ်းမြင်သည်။ ထိုသူ့လက်ထဲမှ မှော်ပစ္စည်းဘူးသီးခြောက်သည် အဇူရာအလင်းကို စတင် ထုတ်လွှတ်လာ၏။

“မဟုတ်သေးဘူး။ ဒီလိုသာ ဆက်ဖြစ်နေရင် ငါ သေလိမ့်မယ်။ ငါ ရဲရဲဝံ့ဝံ့ စွန့်စားမှု တချို့ မလုပ်ရင် ငါ သေရလိမ့်မယ်…” ဟန်လိက ထိုသို့ တွေး၏။

ယင်းနောက် သူသည် ရွှေအလင်းဘုန်းကြီးပုထံမှ ရခဲ့သော အကာအကွယ် အဆောင်ကို အလျင်အမြန် ထုတ်ယူ၏။ ၎င်းမှာ အဆောင်ပညာရပ်တမျိုးဖြင့် အသုံးပြုရသော အဆောင်ပင်။ ၎င်းအဆောင်နှင့် ပတ်သတ်သည့် မန္တာန်ကို သူသည် ဘုန်းကြီးကူးဆန်ထံမှ သိရှိခဲ့ရပြီး ဖြစ်၏။ အခုအခါ၌ ဟန်လိသည် ၎င်းကို အသုံးပြုနိုင်ပေပြီ။

ဟန်လိက မန္တာန်စာသားများကို ခပ်ဖွဖွ ရွတ်၏။ သူသည် လှုပ်ရှားနေလျက် ဖြစ်၍ အသံက မပီမပြင် ဖြစ်နေသည်။ သို့သော် အဆောင်၏ ရွှေရောင်စာလုံးများက စတင်၍ တောက်ပလာ၏။ ထိုစာလုံးများ အလုံးစုံ တောက်ပသည်နှင့် ဟန်လိက ၎င်းကို သူ့ခန္ဓာကိုယ်ပေါ် ရုတ်ချည်း ထိကပ်၏။ သို့ပေမည့် သူ၏ခန္ဓာကိုယ် လှုပ်ရှားမှုမှာ နှေးသွားသည်။ ထိုအခါ ကြိုးနက်က သူ့ထံ ခြုံလွှမ်းလာကာ သူ့အား ရစ်ပတ်သည်။

အကာအကွယ်အဆောင်ကို အသုံးပြုခြင်းက လူတစ်ယောက်၏ လှုပ်ရှားမှုများကို နှေးစေနိုင်ပေ၏။ ဟန်လိက ဤသည်ကို စမ်းသပ်ကာ သိရှိထားခဲ့ပြီးပင်။ ကြိုးနက်က သူ့ကို အကြိမ်များစွာ ခြုံလွှမ်းသော်လည်း ၎င်းက ရွှေရောင်အလင်း၏ တားဆီးနှောက်ယှက်ခြင်းကို ခံရ၏။ သို့ဖြစ်၍ ဟန်လိမှာ ထိတ်ပျာမသွားပေ။ သူက ရွှေရောင်အရံအတားက သူ့ကို မှော်ပစ္စည်းဖြင့် တိုက်ခိုက်မှုကနေ ကာကွယ်ပေးနိုင်သည်ကို သိလိုက်၏။ သူ့အထင် မှန်သည်။

လူထွားက ထိုသည်ကို မြင်သည့်အခါ မာန်သွင်းသည်။ သူက ရှေ့တိုးဝင်လာသည်။ သူလက်သီးပေါ်၌ အဝါရောင်အလင်း တောက်ပသည်။

ပြီးခဲ့သော တခေါက်က ချုပ်နှောင်ခံလိုက်ရသည်ကို သင်ခန်းစာ ယူကာ ဟန်လိသည် ထိုသူ့ကို အနား အကပ်မခံတော့ပေ။ ရုတ်တရက် သူက လက်နှစ်ဖက်ကို မြေပြင်ထံ ရိုက်ချ၏။ ထို့နောက် သူသည် မန္တာန်စာသားကို တဖွဖွရွတ်သည်။ ရုတ်တရက် သူ့လက်နှစ်ဖက်မှာ အဝါရောင်အလင်းဖြင့် ထွေးခြုံလာသည်။

လူထွားက ထိုသည်ကို မြင်သည့်အခါ အနည်းငယ် ကြောင်သွား၏။ သူ့ တိုက်ခိုက်မှုမှာလည်း ရပ်သွားသည်။ နောက်ကျသွားခဲ့လေပြီ။ သူ့အောက်မှ မြေပြင်သည် ပျော့ပျောင်းအားနည်းကာ သဲရှင်အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခြေထောက်များမှာ ပေါင်ရင်းအထိ နစ်မြုပ်သွားသည်။ သို့ဖြစ်၍ သူသည် ပျာယာခတ်သွားသည်။

“တိုက်ခိုက်စမ်း…” စူးရှရှအသံတသံ ဟန်လိ၏ နားထဲ တိုးဝင်လာ၏။

ဟန်လိသည် စိတ်ချောက်ခြားသွား၏။ သူက အဝါရောင်ဝတ်စုံနှင့်လူထံ လှမ်းကြည့်သည်။ ထိုအခါ ဘူးသီးခြောက်အဝထံမှ မြင့်တက်လာသော ကြက်ဥအရွယ်ခန့် အနက်ရောင်အလုံးအဝန်းရှစ်ခုသည် သူ့ထံ အရှိန်အဟုန်နှင့် တိုးဝင်လာတာကို မြင်လိုက်ရသည်။

ဟန်လိမှာ မျက်စိမျက်နှာ ပျက်သွားသည်။ သူ့လက်ထဲရှိ အဝါရောင်အလင်းက ပြန့်ကြဲသွား၏။ ထို့နောက်တွင် သူက သူ့အင်္ကျီရင်ဘက်ထဲမှ သစ်သားသေတ္တာတစ်ခုကို ထုတ်ယူ၏။

ထိုအချိန်၌ အနက်ရောင်စက်ဝန်းများမှာ သူ့ရှေ့သို့ ရောက်လာပြီး သူ၏ အရံအတားနှင့် တိုက်ခိုက်နေပေပြီ။ အရံအတားမှာ အချိန်မရွေး ပျက်စီးတော့မည့်အလား ဖြစ်လာသည်။ ဟန်လိသည် ထိုကဲ့သို့ သေရေးရှင်ရေးကို အရေးမစိုက်အား၊ သူက ခြေချိတ် ထိုင်ချပြီး သူ့ပေါင်ပေါ်၌ သစ်သားသေတ္တာကို တင်လိုက်သည်။ ထို့နောက် သူသည် မန္တာန်ရွတ်၏။

ဖောင်း…ဖောင်း…ဖောင်း….။ စက်ဝန်းများ၏ တိုက်ခိုက်မှုတို့က ကြမ်း၏။ ရွှေရောင်အရံအတားမှာ တဖြည်းဖြည်း မှိန်ဖျော့လာသည်။ အရံအတားမှာ ပျက်စီး၍ သေခြင်းတရား ချဉ်းကပ်လာလေပြီ။

ထိုအခိုက်၌ ဟန်လိက မာန်သွင်း အော်ဟစ်လိုက်၏။ “မြင့်တက်စေ…”

ထိုအော်ဟစ်သံနှင့်အတူ သစ်သားသေတ္တာထဲမှ မီးခိုးရောင်အလင်းတန်းတစ်ခု ထိုးထွက်လာ၏။ ၎င်းအလင်းတန်းက ရေထဲမှ ထွက်ပေါ်လာသော ရေနဂါးတစ်ကောင်အလား ထင်ရကာ စက်ဝန်းများကို တစ်ခုပြီးတစ်ခု ချေမှုန်းပစ်၏။ ထိုစက်ဝန်းများသည် အမှုန့်အမွှားအဖြစ်သို့ ရောက်သွားချေသည်။

“ရတနာအဆောင်…” အဝါရောင်ဝတ်စုံနှင့်လူသည် တစ္ဆေသဘက်ကို မြင်ရသည့်နှယ် အလန့်တကြား ထအော်၏။ ဟန်လိက ထိုသည်ကို ကြားသည့်အခါ စိတ်အားတက်ကြွသွား၏။ သို့ပေမည့် သူသည် အတော်အတန် ဝေးသော နေရာ၌ လူထွားမှာ သူ၏ ထောင်ချောက်ထဲကနေ လွတ်မြောက်နေပြီဟု မထင်ထားမိခဲ့ပေ။ သို့သော် ဟန်လိ၏ မီးခိုးရောင်အလင်းကို မြင်သည့်အခါ ထိုလူထွား၏ မျက်နှာမှာ သေလောက်အောင် ဖြူဆုပ်သွား၏။ သူက ဟန်လိထံ တိုးဝင်လာဖို့ မတွေးသည့်အပြင် နောက်လှည့်ကာ အသည်းအသန် ထွက်ပြေးလေ၏။

ခုချိန်ကျမျှ ဟန်လိသည် ထိုသူတို့ကို မည်သို့ ထွက်သွားခွင့် ပေးပါ့မည်နည်း။ သူက လူထွားထံ လက်ညွှန်လိုက်၏။ ထိုအလင်းတန်းသည် ချက်ခြင်းပင် လူထွားနောက်၌ ပေါ်လာ၏။ ၎င်းက လူထွား၏ လည်ပင်းကို လှည့်ပတ်သည်။ ထိုအခါ လူထွား၏ဦးခေါင်းသည် မြေပေါ်သို့ လွယ်လင့်တကူ ပြုတ်ကျသွားတော့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝါရောင်အကာအကွယ် အလင်းမှာလည်း မတည်ရှိလေတော့သလား ထင်ရ၏။ ၎င်းသည် မီးခိုးရောင်အလင်းကို တစိုးတစိပင် မဟန့်တားပေးနိုင်ခဲ့ပေ။

အဝါရောင်ဝတ်စုံဖြင့်လူက ထိုသည်ကို မြင်သည့်အခါ ဒီနေရာ၌ အမှန်တကယ် ဆက်မနေဝံ့တော့ပေ။ သူက အဆောင်တခုကို ထုတ်ယူကာ သူ့ခန္ဓာကိုယ်ပေါ် ထိကပ်၏။ သူ့ခန္ဓာကိုယ် ဘေးနှစ်ဖက်မှ အဝါရောင်တောက်ပံ တစုံ ဖြန့်ကားထွက်လာသည်။ သူက ယင်းတောင်ပံများကို ခတ်ကာ အကွာအဝေးတခုထံ ပျံသန်းထွက်ပြေး၏။

ဟန်လိက မီးခိုးရောင်အလင်းကို နောက်မှ လိုက်လံတိုက်ခိုက်ရန် ထပ်မံ အမိန့်ပေးသည်။ ၎င်းအလင်းတန်းက ထိုသူ့နောက်သို့ နီးကပ်စွာ လိုက်လံသည်။ အဝါရောင်ဝတ်စုံနှင့်သူသည် ပိုမြန်မြန် ထွက်ပြေး၏။ မထင်မှတ်စွာဖြင့် မီးခိုးရောင်အလင်းက သူ့ကို အချိန်မီ မတိုက်ခိုက်နိုင်ဘဲ ရှိနေသည်။

ဟန်လိသည် နည်းနည်း စိတ်ပူလာ၏။ သူ့စိတ်နှလုံးရှိ ကြမ်းကြုတ်ရက်စက်လိုမှု ပိုကြီးထွားလာသည်။ ထို့နောက် သူသည် သူ့မှော်စွမ်းအားအားလုံးကို တစိုးတစိမျှ မထိန်ချန်ဘဲ အစွမ်းကုန် အသုံးပြု၏။ မီးခိုးရောင်အလင်းတန်းသည် ချက်ခြင်းပင် အရှိန်မြင့်သွားကာ အဝါရောင်ဝတ်စုံနှင့်လူ၏ ရင်ဘက်ကို ထွင်းဖောက်သွားတော့သည်။ ထိုအခါကျမျှ ဟန်လိသည် စိတ်အေးနိုင်တော့သည်။

အဝါရောင်ဝတ်စုံနှင့်လူသည် နာကျင်စွာ အော်ဟစ်၍ လေထဲကနေ ပြုတ်ကျလာ၏။

ဟန်လိသည် စိတ်ကျေနပ်နေသည်။ သူက မီးခိုးရောင်အလင်းကို ပြန်ဆင့်ခေါ်၏။ သူသည် ထိုသူ့ထံ လှမ်းသွားကာ သူ့ကို အသက်ရှင်လျက် ဖမ်းမိချင်နေသည်။ သူက ထိုသူနှင့် ဂရုစိုက်ကာ ညှိနှိုင်းမေးမြန်း ချင်တာ ဖြစ်၏။ ကံမကောင်းစွာဖြင့် ဟန်လိ ထိုသူ့အနား ရောက်သွားသည့်အခါ အသက်မဲ့ခန္ဓာကိုယ်ကိုသာ မြင်ရတော့၏။ ဟန်လိမှာ အတော်လေး စိတ်ပျက်မိသွား၏။

အသက်ရှင်လျက် ပြောနိုင်သော ပါးစပ်များ မရှိမှတော့ ဟန်လိအဖို့ လူသေခန္ဓာကိုယ်များထံကနေသာ အသုံးဝင်မည့် သဲလွန်စတခုခု ရလေမလားဟု ရှာဖွေကြည့်ဖို့သာ ရှိတော့သည်။

ဟန်လိသည် ထိုလူနှစ်ယောက်၏ အလောင်းကို သေချာနှံ့စပ်စွာ ရှာဖွေ၏။ သူသည် သူ့အား တိုက်ခိုက်လာသည့် အကြောင်းရင်းနှင့် ပတ်သတ်သော မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ပေ။ သို့သော် သူသည် အတော်လေး ပွသွားခဲ့သည်။ ထိုနှစ်ယောက်သည် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ငါးဆယ်နှင့် တခြား အဆောင်အနည်းငယ်၊ မှော်ပစ္စည်းအချို့တို့ကို အမှန်တကယ် ပိုင်ဆိုင်ထားကြသည် မဟုတ်လား။

ဟန်လိသည် ထိုနှစ်ယောက်က သူ့ကို မည်သည့်အတွက်ကြောင့် အလစ်တိုက်ခိုက်သည်ကို နားမလည်နိုင် ဖြစ်မိ၏။ သည်နှစ်ယောက်မှာ လေလွင့်ကျင့်ကြံသူများ ပျောက်ပျောက်သွားရသည့် အကြောင်းရင်း ဟုတ်၏၊ မဟုတ်၏ကိုလည်း သူ မသိပေ။ သို့သော် ဟန်လိသည် ဒီနေရာ၌ ကြာကြာထပ် မနေဝံ့တော့ပေ။ ဆေးလုံးအနည်းငယ် သောက်ပြီးနောက် သူက ခရီးထပ်ဆက်လာ၏။

All Chapters