အခြေခံတည်ဆောက်ခြင်းဆေးလုံး တစ်လုံးအတွက် အငြင်းအခုံ
Vol. 11 Ch. 144
ယွဲ့ဒေသ၏ မြောက်ပိုင်းတွင် တည်ရှိသော ကျင်းစီရင်စုသည် စီရင်စု ဆယ့်သုံးခုထဲ၌ အဆင့်နှစ်ပင်။ ၎င်းနယ်မြေတွင် တောင်ကုန်းတောင်တန်းများစွာ ရှိ၏။ လူဦးရေမှာ ကျဲပါးသည်။ ယွဲ့ဒေသ၏ နယ်စပ်လည်း ဟုတ်၏။
ထိုက်ယွဲ့တောင်တန်းမှာ သည်ဒေသ၏ အနောက်ဘက်ပိုင်း၌ တည်ရှိပေသည်။ လီပေါင်းထောင်ချီ ရှိသော တောင်တန်းပင်။ ထို့အပြင် သားရဲမျိုးစုံနှင့် ငှက်အမျိုးအစားများစွာသည် လူသူကင်းမဲ့သော တောအတွင်းနက်ပိုင်း၌ ကျက်စားကြသည်။ သစ်ခုတ်သမားများနှင့် မုဆိုးများသည် အင်မောတယ်များနှင့် မွန်းစတားများကို မြင်ဖူးကြသည်ဟူသော ကောလဟလ စကားများလည်း ရှိကာ ဒီဒေသကို ဆန်းကြယ်မှုနှင့် ထွေးခြုံနေစေသည်။
လူအများသည် ဒီတောင်တန်း၏ ဗဟိုချက်၌ မဟာကျင့်ကြံခြင်းဂိုဏ်းကြီးခုနစ်ဂိုဏ်းထဲမှ တစ်ခုဖြစ်သော အဝါရောင်မေပယ်တောင်ကြား၏ ဌာနေရပ် ဖြစ်လိမ့်မည်ဟု ထင်ကြလိမ့်မည် မဟုတ်ပါ။
အထက်စီးမှ ကြည့်ပါက သည်တောင်တန်းမှာ တခြားတောင်တန်းများနှင့် မကွာခြားလှပါ။ တောင်စွန်းများက နက်စောက်ပြီး တောအုပ်က စိမ်းလန်းစိုပြေသည်။ သို့သော်လည်း ထိုက်ယွဲ့တောင်တန်း၏ ဗဟိုချက်နေရာမှာ အဝါရောင်မေပယ်ဂိုဏ်း၏ အစီအရင်ကြီးဖြင့် ဖုံးကွယ်ထားကာ လုံးဝ ပုံရိပ်ယောင်တစ်ခု ဖြစ်နေပေသည်။ အစီအရင်၏ အောက်၌ မရေမတွက်နိုင်သော မျှော်စင်များ၊ ခန်းမကြီးများ တည်ရှိနေတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ အလုပ်ရှုပ်နေသော ကျင့်ကြံသူများစွာလည်း ရှိနေကြ၏။ သစ်ရွက်ပုံစံမှော်ပစ္စည်းကို အသုံးပြုကာ ပျံသန်းနေသော ကျင့်ကြံသူများလည်း ရှိကြသည်။
အဝါရောင်မေပယ်တောင်ကြား၏ လက်ရှိဂိုဏ်းချုပ်မှာ ကျုံးလင်းတောက် ဖြစ်၏။ သူ့သက်တမ်းမှာ တစ်ရာ ရှိနေပေပြီ။ သို့ပေမည့် သူသည် သက်လတ်ပိုင်းအရွယ်ပုံစံသာ ရှိသေး၏။ သူ၏ ကျင့်ကြံမှုအဆင့်မှာ အခြေခံတည်ဆောက်ခြင်း နောက်ဆုံးအဆင့်။ သူ့စိတ်က တည်ငြိမ်ပြီး အဖွဲ့အစည်းတခုကို ဦးဆောင်နိုင်သည့် အရည်အချင်းရှိပုံ ပေါ်သည်။ ဂိုဏ်းအတွင်း၌ သူ၏ အဆင့်အတန်းမှာ မြင့်မားလှသည်။ ဂိုဏ်းအကြီးအကဲများနှင့် သူ၏ ရောင်းရင်းညီအစ်ကိုများသည် သူ့အပေါ် ယုံကြည်မှု များစွာ ရှိကြ၏။
သို့ပေမည့် ခုလက်ရှိ၌ အမြဲလိုလို တည်ငြိမ်နေတတ်သော ဂိုဏ်းခေါင်းဆောင်ကျုံးမှာ ပင်မခန်းမအတွင်းရှိ ထိုင်ခုံပေါ်တွင် မျက်မှောင်ကြုတ်၍ နေ၏။ သူသည် သူ့ရှေ့ရှိ သက်လတ်ပိုင်းလူနှင့် အဘိုးအိုတစ်ယောက်တို့ကြား ကတောက်ကဆ ဖြစ်ကာ ငြင်းခုန်နေသည်ကို အကူအညီမဲ့စွာ ကြည့်နေရ၏။ ပင်မခန်းမဆောင်အတွင်း၌ ဘက်နှစ်ဖက်တွင် တခြားကျင့်ကြံသူ ဆယ်ယောက်ကျော်လည်း ရှိနေသည်။ သူတို့၏ အမူဟန်ပန်များက ကွဲပြားနေ၏။ ထိုသူများမှာ အဝါရောင်တောင်ကြား၏ အကြီးအကဲများပင်။
“စီနီယာအကြီးအကဲမုယုံ။ လွန်ခဲ့တဲ့ လအချို့က ကျုပ်တို့ အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေ အားလုံးကို ဖြန့်ဝေပေးခဲ့ပြီးပြီ။ ဒါပေမဲ့ ကျုပ်ရဲ့ မြေးဟာ ဒီဆေးလုံးကို မရခဲ့ဘူး။ သူ့အစား လေလွင့်ကျင့်ကြံသူတစ်ယောက်ကို ပေးခဲ့တယ် မလား။ ဒါက လက်ခံနိုင်စရာ မရှိဘူး…”
ဒေါသပုန်ထနေသော အဘိုးအိုက သက်လတ်ပိုင်းလူကို အော်ပြောလိုက်ခြင်းပင်။
ဤသည်မှာ အမှန်တော့ အံ့အားသင့်ဖို့ ကောင်း၏။ ထိုအဘိုးအိုသည် သက်လတ်ပိုင်းလူထံ အသက်ကြီးမှာ သံသယ ရှိစရာ မလိုပေ။ သို့သော် သူက ထိုသူ့ကို စီနီယာအစ်ကိုဟု ခေါ်ဝေါ်သုံးစွဲနေ၏။
“ဂျူနီယာညီလေးယဲ့၊ ဒါက မတော်တဆ ဖြစ်ခဲ့တာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းက တစုံတစ်ယောက်ဟာ အင်မောတယ်အထက်ဘုံတံဆိပ်ပြားနဲ့ ဂိုဏ်းထဲ ဝင်ရောက်လာခဲ့တယ်။ ကျုပ်တို့ ဒါကို ဘယ်လိုများ လစ်လျူရှုနိုင်ခဲ့လို့လဲ။ ကျုပ်တို့က အဲ့လူကို အခြေခံတည်ဆောက်ခြင်းဆေးလုံး တလုံး ပေးခဲ့ရတာပဲ မလား…”
သက်လတ်ပိုင်းလူက တည်ငြိမ်စွာ ပြော၏။ သူ့အမူအရာက ပြောင်းလဲမသွားပေ။
“ဒါပေမဲ့လည်း အခုတယောက်က ကျင့်ကြံခြင်းဂိုဏ်းတခုက လူ မဟုတ်ဘူးလေ။ သူက လေလွင့်ကျင့်ကြံသူလေးပဲ။ ဒီလို အခြေအနေလေးအောက်မှာ သူ့ကို ကျုပ်တို့ အခြေခံတည်ဆောက်ခြင်းဆေးလုံး ပေးဖို့ လိုသေးတာလား။ ကျုပ် အနေနဲ့ကတော့ ဂိုဏ်းထဲ ဝင်ခွင့်ပြုတာနဲ့ သူ့အတွက် လုံလောက်သင့်နေပြီ။ ဒီလောက်ဆိုရင်ကို သူ့အနေနဲ့ မဟာကံကောင်းမှုတစ်ခုအဖြစ် မှတ်ယူလို့ ရနေလောက်ပြီ…”
ထိုအဘိုးအိုသည် ဒေါသသံဖြင့် ပြန်ငြင်းခုန်သည်။
“ဂျူနီယာညီလေးယဲ့…စကားကို ခုလို လက်လွတ်စပယ် ပြောလို့မရဘူး။ သူ့ဘိုးဘေးတွေဟာ ကျင့်ကြံခြင်းဂိုဏ်းတခုခုက ဟုတ်၊မဟုတ် မင်း ဘယ်သိမလဲ။ သူ့ဂိုဏ်းဟာ ကျဆင်းပြီး ပျက်စီးခဲ့လို့ သူဟာ လေလွင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့တာလည်း ဖြစ်နိုင်တာပဲ။ ဒါ့အပြင် ဘယ်သူကများ သူတို့ရဲ့ ဂိုဏ်းဟာ အချိန်ကာလ အောက်မှာ မပျက်စီးနိုင်ဘူးလို့ အာမခံဝံ့လဲ။ တနေ့မှာ ဂျူနီယာညီလေးရဲ့ ယဲ့ဂိုဏ်းဟာလည်း အလားတူ ဆုတ်ယုတ်သွားနိုင်တာပဲ…”
“အဲ့လိုအချိန် ရောက်လာခဲ့တဲ့အခါ ယဲ့ဂိုဏ်းရဲ့ အနာဂတ် ပါရမီရှင်တစ်ယောက်က အင်မောတယ်အထက်ဘုံ တံဆိပ်ပြားကို ယူလာခဲ့ရင် ကျုပ်တို့ အဝါရောင်မေပယ်တောင်ကြားက သူ့ကို အခြေခံတည်ဆောက်ခြင်း ဆေးလုံးတလုံး မပေးရတော့ဘူးလား။ ဂျူနီယာညီလေးက ကျုပ်တို့အားလုံးရှေ့မှာ အဲ့လိုကျိန်ဆိုရင် ကျုပ်၊မုယုံရှန်းဟာ ခုပဲ လှည့်ထွက်သွားပြီး အခြေခံတည်ဆောက်ခြင်းဆေးလုံး ကိစ္စကို ဒီအတိုင်း ထားခဲ့လိုက်မယ်…”
သက်လတ်ပိုင်းလူ၏ ယုံကြည်ခိုင်မာသော စကားလုံးများက အဘိုးအို၏ မျက်နှာက စိမ်းဖန့်ဖန့် ဖြစ်သွားစေ၏။ အဘိုးအိုမှာ ပြောစရာ စကားမဲ့သွားသည်။
သူသည် ထိုသို့သော ကျိန်စာကို မည်သို့ ကျိန်ဆိုဝံ့ပါ့မည်နည်း။ သူ ကျိန်ဆိုခဲ့လျှင်ပင် စီနီယာအစ်ကိုမုယုံက သည်ကိစ္စ၌ မပါဝင်ဘဲ ထွက်သွားမည် ဆိုခဲ့လျှင် တခြားသူများက ဝင်ပါ၊မပါကို မည်သူက သိနိုင်ပါ့မည်နည်း။
“ဒါပေမဲ့လည်း ကျုပ်မြေးရဲ့ ဆေးလုံးကို ဘာကြောင့်များ ပေးပစ်ခဲ့ရတာလဲ။ တခြားသူတွေရဲ့ ဆေးလုံးကို ကျတော့ ဘာကြောင့်များ မပေးခဲ့တာလဲ…”
ထိုအဘိုးအိုက အလျှော့မပေးဘဲ မေးလိုက်၏။
“ဒါဆို ဂျူနီယာညီလေးရဲ့ မြေးက ပါရမီနည်းပါးလွန်းတဲ့အကြောင်းကို ဘာကြောင့်များ မမေးရတာလဲ။ စစ်ဆေးတဲ့အချိန်တုန်းက သူ့အဆင့်ဟာ အောက်ဆုံးနား ရောက်နေခဲ့တာပဲ…” သက်လတ်ပိုင်းလူက စိတ်မကောင်းဟန်ဖြင့် ခေါင်းယမ်းကာ ပြောလိုက်သည်။
သူ့ရှေ့မှလူ၏ အပြောအဆိုနှင့်အမူဟန်ပန်ကို မြင်သည့်အခါ အဘိုးအိုသည် မုန်းတီးဟန်ဖြင့် အံတင်းတင်းကြိတ်၏။ သို့သော် သူ့မြေး၏ အကျိုးအတွက် သူသည် ထိုသူ့ကို မည်သို့မျှ မတုန့်ပြန်နိုင်ပေ။ စိတ်လျော့ကာ သူက ဆက်ပြောလိုက်သည်။ “ကျုပ် မြေးရဲ့ အဆင့်ဟာ တကယ်ပဲ မကောင်းပါဘူး။ ဒါပေမဲ့ သူက နောက်ဆုံးတော့ မဟုတ်ဘူး။ သူ့အဆင့်အောက်က နှစ်ယောက်ကတော့ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ရသွားကြတယ်လေ။ အဲ့နှစ်ယောက်ကရော…”
“ဂျူနီယာညီလေး ပြောတာ မှန်တယ်။ အဲ့နှစ်ယောက်ဟာ စမ်းသပ်မှုမှာ ညီလေးမြေးထက် နှစ်ဆင့်နိမ့်တယ်။ ဒါပေမဲ့လည်း အဲ့နှစ်ယောက်ရဲ့ အနေအထားက သာမန်မဟုတ်ဘူး…”
သက်လတ်ပိုင်းလူက သနားဟန်ပေါက်သော လေသံဖြင့် ပြောလိုက်၏။
“ဘာများ ထူးခြားနေကြလို့လဲ။ ခင်ဗျားက ကျုပ်ကို ဆီလျော်တဲ့ အကြောင်းရင်း တခု မပေးနိုင်ရင်တော့ ကျုပ် ခင်ဗျား လေသံအတိုင်း လိုက်နိုင်မှာ မဟုတ်ဘူး…”
အဘိုးအိုသည် စိတ်ရှုပ်နေ၏။ သူ့ထံမှ စကားကြမ်းကြမ်းများပင် ထွက်လာသည်။
“အဲ့နှစ်ယောက်က တကယ်ပဲ သာမန်မဟုတ်ဘူး။ သူတို့နှစ်ယောက်ကို ကျော်ပြီး ဂျူနီယာညီလေးရဲ့ မြေးဟာ ရွေးချယ်ခံလို့ရတယ်။ ကျုပ် ဒါကိုလည်း သဘောတူတယ်။ ဒါပေမဲ့ ဂျူနီယာညီလေးအနေနဲ့ သူတို့နှစ်ယောက်ရဲ့ နောက်ခံကို မေးဖို့ မလိုတော့ဘူးလား။ ကျုပ် ညီလေးကို ရှင်းပြပေးမယ်…”
ဂိုဏ်းခေါင်းဆောင် ကျုံးလင်းတောက်က ထိုသို့ ဝင်ပြောလာခြင်းပင်။
ကျုံးလင်းတောက်က ထိုသို့ ပြောလာသည့်အခါ အဘိုးအို၏ စိတ်ထဲ၌ ကြောက်လန့်မှုကြောင့် တုန်လှုပ်သွားသည်။ ထိုအဘိုးအိုသည် စမ်းသပ်မှုအတွင်း သူ့မြေး၏ အဆင့်ထက် နိမ့်ကျသော နှစ်ယောက် ရှိနေသည်ကိုသာ သိထားခဲ့၏။ မည်သူမည်ဝါမှန်းကိုမူ သူ မသိပေ။ သို့ဖြစ်၍ သူသည် အမှန်တကယ် မကျေမနပ် ဖြစ်ခဲ့သည်။ ဂိုဏ်းခေါင်းဆောင်ကဲ့သို့ ဖြောင့်မတ်တည်ကြည်သော သူပင် ထိုနှစ်ယောက်အပေါ် ဘက်လိုက်နေတာ ဖြစ်နိုင်သည်လား။
ကျုံးလင်းတောက်က လက်ဝေ့ယမ်းလိုက်၏။ သက်လတ်ပိုင်းလူမှာ သူ့ထိုင်ခုံပေါ် သူ ပြန်ထိုင်သည်။ ထို့နောက် သူက သက်ပြင်းချကာ ပြောလိုက်၏။ “ဂျူနီယာညီလေးယဲ့…ဒီတကြိမ် မင်းမြေးနဲ့ ပတ်သတ်ပြီး မှားနေမှာ ငါ စိုးမိတယ်။ အဲ့နှစ်ယောက်ထဲက တစ်ယောက်ဟာ စမ်းသပ်မှု စံနှုန်းတွေနဲ့ မပြည့်မှီတဲ့ မိန်းကလေးငယ် တစ်ယောက်ပဲ။ ဒါပေမဲ့ ငါက သူမကို အခြေခံတည်ဆောက်ခြင်းဆေးလုံး လက်ခံယူနိုင်မယ့် စာရင်းထဲ ထည့်သွင်းဖို့ ရွေးချယ်ပေးခဲ့တာပဲ။ ဘာလို့လဲဆိုတော့ သူမဟာ ဒေါ်လေးဟုန်ဖူရဲ့ သေမျိုးလောကက တစ်ဦးတည်းသော မျိုးဆက် ဖြစ်လို့ပဲ။ ဂျူနီယာညီလေးအနေနဲ့ သူ့ရှိကနေ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ပြန်မလိုချင်တာ သေချာပါတယ်…”
ထိုအဘိုးအိုသည် ဟုန်ဖူဟူသော အမည်ကို ကြားသည့်အခါ မင်သက်သွား၏။ သူ့မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းပြီး အကြောက်တရားနှင့် ပြည့်နှက်သွား၏။
“ဒေါ်လေးဟုန်ဖူရဲ့ မျိုးဆက် ဖြစ်နေမှတော့ သူမကို ဂရုစိုက်ပေးရမှာပဲလေ။ ဒီညီလေးက အကြီးအကဲဒေါ်လေးဟုန်ဖူကို ဘယ်လိုလုပ် မလေးမစား လုပ်ဝံ့မှာလဲ။ ကျုပ်အနေနဲ့ ဒေါ်လေးဟုန်ဖူရဲ့ မျိုးဆက်က အခြေခံတည်ဆောက်ခြင်းဆေးလုံးကို လက်ခံရရှိတဲ့အပေါ် ကျေနပ်ရပါတယ်…”
ထိုအဘိုးအိုက ဖြူဖပ်ဖြူရော မျက်နှာဖြင့် ပြောလာသည်။
အဘိုးအို၏ အသွင်ဟန်ပန် ထိုသို့ မြင်သည့်အပေါ် ဂိုဏ်းခေါင်းဆောင်ကျုံးမှာ အံ့အားမသင့်သွားပေ။ တကယ်တော့ သူမသည် အဝါရောင်မေပယ်တောင်ကြား၏ တစ်ယောက်တည်းသော အမျိုးသမီးမျိုးဆက်၊ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူ၊ ဒေါ်လေးဟုန်ဖူ ဖြစ်နေသည် မဟုတ်လား။
“ဒါဆို နောက်တစ်ယောက်ကရော…” ထိုအဘိုးအိုသည် ခုထိ လက်မလျှော့သေးပေ။ သူသည် နောက်တစ်ယောက်မှာလည်း လုံလောက်သော အကြောင်းရင်းတခုကြောင့် ရွေးချယ်ခံခဲ့ရတာကို သိသော်လည်း စိတ်ထဲ၌ မကျေလည်သေးသဖြင့် ထပ်မေးလိုက်ခြင်းပင်။
“နောက်တစ်ယောက်ကတော့ သူဟာ လေဓာတ်စိတ်ဝိညာဉ်ရင်းမြစ်ကို ပိုင်ဆိုင်ထားလို့ပဲ။ ဒါက လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်တယ် မလား…”
ကျုံးလင်းတောက်က သူ့လက်ချောင်းတို့ဖြင့် သူ၏ မုတ်ဆိတ်ရှည်တို့ကို လိမ်ကျစ်ကာ ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်၏။
အဘိုးအိုသည် ထိုစကားကို ကြားသည့်အခါ ငြိမ်သက်သွား၏။ အဝါရောင်မေပယ်တောင်ကြား၏ ဂိုဏ်းစည်းမျဉ်းများ၌ ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်နှင့် ထူးခြားစိတ်ဝိညာဉ်ရင်းမြစ် ရှိသူများကို အခြေခံတည်ဆောက်ခြင်း ဆေးလုံး ပေးအပ်ရမည်ဟူသော စည်းကမ်းချက်ကို ဖော်ပြထားခဲ့ပြီးသားပင်။ သူ့အနေဖြင့် အထွန့်မတတ်နိုင်ပေ။
သို့သော် သူ့မြေးဖြစ်သူမှာ သူ့ သွေးသား မဟုတ်သော်ငြားလည်း ဂိုဏ်းသို့ စရောက်လာတည်းက သူ ကြည့်ရှုခဲ့သောသူ မဟုတ်လား။ သို့ဖြစ်၍ သူ့မြေးကိုယ်သူ အခြေခံတည်ဆောက်ခြင်းဆေးလုံး မရနိုင်တော့ပြီဟု မည်သို့သောစိတ်ဖြင့် ပြောပြရမည်နည်း။
“ဆိုတော့ ကျုပ်မြေးက တကယ်ပဲ မျှော်လင့်ချက် မဲ့သွားပြီပေါ့။ သူက နောက်ထပ် ဆယ်နှစ် ထပ်စောင့်မယ်ဆိုရင်တော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နိုင်မယ့် အကောင်းဆုံး အချိန်အပိုင်းအခြားကို လွဲချော်သွားခဲ့ပြီ။ ဒီဘဝမှာ သူ့အနေနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးသွားပြီ…”
ထိုအဘိုးအိုသည် ဒီစကားများကို ခပ်တိုးတိုး ရေရွတ်ရင်း သူ့ထိုင်ခုံ၌ စိတ်ပျက်လက်ပျက် ပြန်ထိုင်သည်။
“ဂျူနီယာညီလေးယဲ့။ နည်းလမ်းတခု ရှိပါသေးတယ်…” မျက်နှာရှည်ရှည်၊ နှာခေါင်းချွန်ချွန်နှင့် အဘိုးအိုတစ်ယောက်က ထိုသို့ ပြောလာသည်။
“စီနီယာအစ်ကိုဝူမှာ ဘယ်လို နည်းလမ်းများ ရှိလို့ပါလဲ…” အဘိုးအိုယဲ့က ထိုစကားကို ကြားသည့်အခါ စိတ်လှုပ်ရှားသွား၏။ ဂိုဏ်းအတွင်း၌ သည်စီနီယာအစ်ကိုဝူသည် ကြံရည်ဖန်ရည်ရှိသူအဖြစ် လူသိများသည်။ သူ့ထံ၌ နည်းလမ်းတခုခု အမှန်တကယ် ရှိနိုင်လောက်၏။
အဘိုးအိုဝူက မဆိုသလောက် ပြုံး၍ ချက်ခြင်း ပြန်မဖြေ။ ထိုအစား သူက ဂိုဏ်းခေါင်းဆောင်ကျုံးထံ လှမ်းကြည့်ကာ အရိုအသေပေးကာ ကြည်လင်သောလေသံဖြင့် မေးလိုက်သည်။ “ကျုပ်အနေနဲ့ ဂိုဏ်းခေါင်းဆောင်ကို တခု မေးလို့ ရနိုင်မလား။ အင်မောတယ်အထက်ဘုံတံဆိပ်ပြားကို ယူလာခဲ့တဲ့သူရဲ့ စိတ်ဝိညာဉ်ရင်းမြစ်က ဘယ်လို ဂုဏ်သတ္တိများ ရှိပါသလဲ။ သူ့ပါရမီကကော…”
“သူ့ပါရမီက သိပ်မကောင်းလောက်ဘူး။ ဂျူနီယာညီလေးဝမ်…မင်း ကိုယ်တိုင် သူ့ကို စမ်းသပ်ခဲ့ပြီး မလား။ ကျုပ်တို့ကို ဘာကြောင့်များ မပြောပြရတာလဲ..”
ကျုံးလင်းတောက်က သူ့ဘယ်ဘက်ခြမ်းတွင် ထိုင်နေသော တစုံတယောက်ကို လှမ်းမေး၏။
“ကောင်းပါပြီ…ဂိုဏ်းခေါင်းဆောင်…”
အစိမ်းရောင်ဝတ်စုံခပ်ဖျော့ဖျော့ကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူက ထိုင်ခုံကနေ ထကာ မထူခြားနားလေသံဖြင့် ပြောလိုက်၏။ “သူ့အသက်ကတော့ သိပ်မကြီးသေးဘူး။ ဆယ့်ရှစ်၊ဆယ့်ကိုးလောက်ပဲ ရှိအုံးမယ်။ သူက သစ်သားဓာတ်အခြေခံကျင့်ကြံခြင်း ပညာရပ်မှာ အဆင့်ကိုးထိ ရောက်ခါစပဲ။ သူ့စိတ်ဝိညာဉ်ရင်းမြစ်ကတော့ သတ္တုကလွဲလို့ ကျန်တဲ့ ဒြပ်စင်လေးခု ရောနှောနေတဲ့ စိတ်ဝိညာဉ်ရင်းမြစ်ပဲ။ အဲ့လို စိတ်ဝိညာဉ်ရင်းမြစ်မျိုးကို စိတ်ဝိညာဉ်ရင်းမြစ်အတုလို့လည်း သတ်မှတ်ကြတယ်။ ဒါ့ကြောင့် သူ့ရဲ့ ပါရမီဟာ အောက်ဆုံးမှာပဲ ရှိမယ်လို့ ဆုံးဖြတ်နိုင်ပါတယ်…”
“ဒါပေမဲ့လည်း သူက ကံကောင်းမှုများများ ကြုံခဲ့ရပြီး ဝိရိယရှိရှိ လေ့ကျင့်ခဲ့ပုံ ရတယ်။ မဟုတ်ရင် သူ့အနေနဲ့ ခုလက်ရှိ အဆင့်ကို ဘယ်ရောက်နေပါ့မလဲ။ သူ့မှာသာ တခြား ကံကောင်းမှု ကြီးကြီးမားမား မရှိခဲ့ရင် ဒီဘဝမှာ သူ့အနေနဲ့ ချီစုဆောင်းခြင်းအဆင့် အဆင့်ဆယ်တစ်၊ ဆယ့်နှစ်လောက်ကိုပဲ အများဆုံး ရောက်နိုင်လိမ့်မယ်။ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်မှာ မဟုတ်ဘူး။ သူ့မှာ အခြေခံတည်ဆောက်ခြင်းဆေးလုံး တလုံး ပိုင်ဆိုင်ရခဲ့ရင်တောင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ဖို့ အခွင့်အရေးဟာ သူ့အတွက် တစ်ရာခိုင်နှုန်းပဲ ရှိလိမ့်မယ်…”
“ကောင်းတယ်…” အဘိုးအိုဝူက ဂျူနီယာညီလေးဝမ် ပြော၍ မပြီးခင်မှာပင် ကြားဖြတ်ကာ ကျယ်လောင်စါာ ပြောလိုက်၏။
“ဘာများ ကောင်းတာလဲ…” အဘိုးအိုယဲ့က မမေးမိဘဲ မနေနိုင်ပေ။
တခြားသူများကလည်း အဘိုးအိုဝူထံ သံသယအကြည့်များဖြင့် ကြည့်လာသည်။ ကျုံးလင်းတောက် တစ်ယောက်သာ မျက်ခုံးစုကြုံ့နေ၏။ သူ့စိတ်ထဲ၌ တခုခုကို ခန့်မှန်းမိလိုက်ပြီပင်။
“ကျုပ်အနေနဲ့ ဂိုဏ်းခေါင်းဆောင်ကို မေးလို့ ရနိုင်မလား။ အဲ့လူကသာ အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို သူ့သဘောနဲ့သူ ပြန်ပေးတယ်ဆိုရင် ကျုပ်တို့ရဲ့ ကတိကို ဖောက်ဖျက်ရာ မကျဘူးလို့ ယူဆနိုင်တယ်မလား…”
အဘိုးအိုဝူက မေးလိုက်၏။
“ဒါပေါ့။ ဒါပေမဲ့လည်း ဘယ်သူကမျှ ဒီကိစ္စကို အတင်းအကြပ်လုပ်တာ၊ ချိန်းခြောက်တာမျိုး လုပ်ခွင့် မရှိဘူး။ မဟုတ်ရင် ကျုပ်တို့ အဝါရောင်မေပယ်တောင်ကြားရဲ့ ဂိုဏ်သိက္ခာ ကျဆင်းရလိမ့်မယ်…”
ဂိုဏ်းခေါင်းဆောင်ကျုံးက အလေးအနက် ပြောလိုက်၏။
“ဟားဟား…ခေါင်းဆောင်အနေနဲ့ စိတ်ချလက်ချ နေပါ…” အဘိုးအိုဝူက ပြုံး၍ အဘိုးအိုယဲ့ထံ ခေါင်းလှည့်ကာ ပြောလိုက်၏။
“ဂျူနီယာညီလေးယဲ့….မင်းအနေနဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံးအတွက် တချို့ပစ္စည်းကောင်းလေးကို ပေးဖို့ ပြဿနာ မရှိဘူးမလား…။ ပါရမီနိမ့်တဲ့သူအတွက် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ချေဟာ မဖြစ်နိုင်သလောက်ပဲ။ ဒါက ဂျူနီယာညီလေးအတွက် အခွင့်အရေးပဲ။ သူ့ကို ပိုပြီးလက်တွေ့ကျတဲ့ တစုံတခုကို ပေးပြီး သူ့ရှိကနေ ဂျူနီယာညီလေးယဲ့က အခြေခံတည်ဆောက်ခြင်းဆေးလုံးကို လဲလှယ်ယူနိုင်မယ် မဟုတ်လား…”
အဘိုးအိုဝူက ယုံကြည်မှုအပြည့် ဟန်ပန်ဖြင့် ထိုသို့ ပြောလိုက်သည်။