မမျှော်လင့်ဘဲ ရောက်လာသော ဧည့်သည်
Vol. 11 Ch. 145
“အဟုတ်ပဲ။ စီနီယာအစ်ကိုဝူက တကယ် အကြံကောင်း ရှိတာပဲ…” အဘိုးအိုယဲ့၏ မျက်လုံးတို့မှာ စိတ်လှုပ်ရှားမှုဖြင့် အရောင်တောက်လာ၏။
ထို့နောက် သူက ဂိုဏ်းခေါင်းဆောင်ဘက်သို့ လှည့်ကာ တောင်းဆိုလိုက်သည်။ “ဂိုဏ်းခေါင်းဆောင်…ကျုပ် အနေနဲ့ အင်မောတယ်အထက်ဘုံတံဆိပ်ပြား ပိုင်ရှင်နဲ့ တွေ့ခွင့် ရနိုင်မလား။ ကျုပ် သူ့ရှိက ဒီတံဆိပ်ပြားကို တခုခုနဲ့ အလဲအလှယ် လုပ်ချင်ပါတယ်…”
ကျုံးလင်းတောက်က ထိုသည်ကို ကြားသည့်အခါ တကိုယ်တည်း တီးတိုးရေရွတ်၏။ ထို့နောက် သူက ခေါင်းညိတ်ပြသည်။ သို့သော် သူက ထိုအဘိုးအိုကို စည်းမကျော်ဖို့၊ အတင်းအကြပ် မလုပ်ဖို့ သတိပေးလိုက်၏။ ဂျူနီယာညီလေးဝမ်ကိုပါ လိုက်သွားခိုင်းလိုက်သည်။
အဘိုးအိုယဲ့နှင့် ဂျူနီယာညီလေးဝမ်တို့သည် ပင်မခန်းမထဲကနေ ထွက်လာကြ၏။ သစ်ရွက်ပုံမှော်ပစ္စည်းအပေါ် ခြေလှမ်းတက်ပြီးနောက် သူတို့က ကောင်းကင်ထက်သို့ ထိုးတက်ကာ အဝါရောင်မေပယ်တောင်ကြား၏ ဧည့်ကြိုအဆောက်အဦထံ ဦးတည်ကြသည်။
သည်အဆောက်အဦထဲရှိ အခန်းတခု၌ လူငယ်တစ်ယောက်မှာ အိပ်ယာထက်တွင် လဲလျောင်းကာ အခန်းမျက်နှာကြက်ကို ကြည့်၍ အတွေးယဉ်ထဲ နစ်မြောနေသည်။ သူသည် အင်မောတယ်အထက်ဘုံစုဝေးပွဲပြိုင်ပွဲ အဆုံးသပ်ပြီးနောက် အဝါရောင်မေပယ်တောင်ကြားထံ ပြိုင်ပွဲ၏ အနိုင်ရသူများနှင့်အတူ လိုက်ပါလာခဲ့သော ဟန်လိပင်။
ဟန်လိက သူ့အား အလစ်တိုက်ခိုက်ခဲ့သော ကျင့်ကြံသူနှစ်ယောက်ကို သတ်ဖြတ်ခဲ့ပြီးနောက် သူက လန်စီရင်စု၏ လျှို့ဝှက်တောင်ထွတ်၌ ကျင်းပသော အင်မောတယ်အထက်ဘုံပြိုင်ပွဲထံ ခပ်သွက်သွက် အရောက်လာခဲ့သည်။ ထိုအချိန်က သူသည် ဟူပိုင်ကူး ပြောပြခဲ့သည့်အတိုင်း ပြိုင်ပွဲ၌ ကြမ်းတမ်းလှသော တိုက်ပွဲများကို တွေ့မြင်ခဲ့ရသည်။
အသေအရှင် တိုက်ခိုက်ကြပြီးနောက် စင်မြင်တခုစီတွင် နောက်ဆုံးအနိုင်ရသူများ ပေါ်လာခဲ့၏။ ထို့နောက်တွင် မဟာကျင့်ကြံခြင်းဂိုဏ်းကြီး ခုနစ်ဂိုဏ်းကို ကိုယ်စားပြုသူများလည်း အသီးသီး လူလုံး ပြလာသည်။ အဝါရောင်မေပယ်တောင်ကြား၏ ကိုယ်စားပြုသူမှာ အကြီးအကဲမ်ပင်။
ထို့နောက်တွင် ဟန်လိက စွန့်စားကြည့်မည်ဟု ဆုံးဖြတ်ကာ ထိုလူ့ကို သွားတွေ့ပြီး အင်မောတယ်အထက်ဘုံတံဆိပ်ပြားကို ပေးခဲ့၏။ ထိုကိုယ်စားပြုသူမှာ မင်သက်ကြောင်ရီသွားခဲ့ရသည်။
ထိုကိုယ်စားပြုသူမှာ ချက်ခြင်းပင် ဟန်လိကို ဂိုဏ်းသို့ ခေါ်လာခဲ့၏။ သည်ကိစ္စကို ဆုံးဖြတ်ရမည့်သူမှာ သူတို့၏ ဂိုဏ်းခေါင်းဆောင် မဟုတ်လား။ တကယ်တော့ အင်မောတယ်အထက်ဘုံ တံဆိပ်ပြားကို ရရှိပိုင်ဆိုင်ခြင်းမှာ နှစ်ပေါင်းလေးငါးရာမှ တခါ တွေ့ရသော ဖြစ်ရပ်မျိုးပင်။
ဟန်လိမှာလည်း ထိုအစီအစဉ်ကို မကန့်ကွက်ခဲ့ပေ။ မဟုတ်ပါက သူ့အနေဖြင့် အဝါရောင်မေပယ်တောင်ကြားကို ကိုယ်တိုင် ရှာဖွေရလိမ့်မည်။ သူ့အတွက် များစွာ ပိုပင်ပန်းရမည် မဟုတ်လား။
ထိုသို့ဖြင့် တခြားသူများသည် ဟန်လိကို အံ့အားတသင့် ကြည့်ကုန်၏။ သူသည် ပြိုင်ပွဲ၌ အနိုင်ရသူ ဆယ်ယောက်နှင့်အတူ လှေအသွင်ရှိသော မှော်ပစ္စည်းတခုပေါ်၌ ထိုင်ကာ အဝါရောင်မေပယ်တောင်ကြားသို့ လိုက်လာခဲ့တာပင်။ သူတို့နှင့်အတူ ကိုယ်စားပြုသူ အကြီးအကဲဝမ်လည်း ပါ၏။ သူ ထိုတောင်ကြားသို့ ရောက်သည့်အခါ ဒီနေရာ၌ စောင့်နေခဲ့ရ၏။ တခြား ဆယ်ယောက်ကမူ တောင်ကြား၏ တခြားနေရာများစီ အသီးသီး ရောက်သွားခဲ့သည်။ သူတို့ မည်သည့်နေရာသို့ ရောက်သွားသည်ကိုမူ မသိရပေ။
ဟန်လိက ဒီနေရာတွင် စောင့်နေတာ သုံးလေးရက် ရှိနေပြီ။သူက အခန်းထဲကနေ အပြင် လုံးဝ မထွက်ပေ။ အသက်ဆယ့်တစ်၊ဆယ့်နှစ်လောက် ရှိမည့် ကောင်လေးတစ်ယောက်က သူ့အဖို့ နေ့စဉ် အစားအသောက်များ အချိန်မှန်လာပေး၏။ ထိုကောင်လေးကလွဲ၍ သူသည် တခြားသူများကို မတွေ့ရ၊ မမြင်ရ သေးပေ။
ဟန်လိသည် အခန်းထဲကနေ မထွက်တာ နာခံသိတတ်လွန်းသောကြောင့် မဟုတ်ပေ။ သို့သော် ကိုယ်စားပြုသူဝမ်က သူ နေဖို့ထိုင်ဖို့ စီစဉ်ပေး၊ သူ့ စိတ်ဝိညာဉ်ရင်းမြစ်ကို စမ်းသပ်ပြီးနောက် သူ့ကို ပြောပြခဲ့သော အခြင်းအရာကြောင့်ပင်။ ၎င်းအခြင်းအရာမှာ ဟန်လိသည် အဝါရောင်မေပယ်တောင်ကြား၏ တပည့်တစ်ယောက် မဟုတ်သေး၍ အခန်းထဲ၌ အတားအဆီးပညာရပ်အချို့ ရှိနေကြောင်း၊ သို့ဖြစ်၍ သူ အခန်းထဲကနေ ထွက်၍ မရသေးကြောင်း၊ မဟုတ်ပါက သူ့အနေဖြင့် အတားအဆီးပညာရပ်များကို သွားထိမိကာ သူ့အတွက် ဘေးဖြစ်စေလိမ့်မည်ဟု ပြောခဲ့ခြင်းပင်။
ကိုယ်စားပြုသူဝမ်၏ စကားများကို ကြားသည့်နောက် ဟန်လိသည် အခန်းထဲ၌သာ နေနေခဲ့ခြင်း ဖြစ်၏။ ထို့အပြင် သူက စိတ်ဝိညာဉ်ရင်းမြစ်အတုကိုသာ ပိုင်ဆိုင်ထားသည်ကို သေချာ သိခဲ့ရပြီးနောက် သူ့စိတ်အခြေအနေမှာ ဆိုးဝါးသွားခဲ့၏။
ဟန်လိက သူ့ပါရမီသည် မကောင်းမှန်း သိထားပြီး ဖြစ်သော်လည်း အခု သူ့နားနှင့် ကိုယ်တိုင်ကိုယ်ကျ ကြားရသည့်နောက် သူ ဝမ်းနည်းသွားခဲ့၏။ ထိုတနေ့လုံးလည်း စိတ်ဓာတ် ကျနေခဲ့သည်။ သူက ကျင့်ကြံခြင်းလမ်းကြောင်းပေါ်၌ ဆက်ရှိနေချင်ပါက သူ့အနေဖြင့် ဆေးလုံးများနှင့် တခြားအရာများကဲ့သို့ ပြင်ပအကူအညီများအပေါ် မှီခိုမှ ရတော့မည့် ပုံပင်။
သို့သော်လည်း ထာဝရနွေဦးပညာရပ်၏ အဆင့်ကိုးထိ ရောက်လာပြီးနောက် နဂါးဝါဆေးလုံးနှင့် ရွှေအနှစ်သာရဆေးလုံးများ၏ အကျိုးသက်ရောက်မှုမှာ များစွာ လျော့နည်းလာသည်ဟု သူ ခံစားမိရသည်။ ယင်းဆေးလုံးများက အရင်ကလို သူ့အတွက် အကူအညီ ကြီးကြီးမားမား မဖြစ်စေတော့ပေ။ သူ့အနေဖြင့် ကျင့်ကြံသူတစ်ယောက်နှင့် အမှန်တကယ် သင့်တော်မည့် စိတ်ဝိညာဉ်ဆေးဖော်စပ်နည်းများကို ရှာကာ ဆေးလုံးများ ဖော်စပ်ရတော့မည့်ပုံပင်။ မဟုတ်ပါက သူ၏ကျင့်ကြံမှု အမြန်နှုန်းသည် နှေးဖင့်လေတော့မည်။
ဟန်လိသည် အတွေးထဲ နစ်နေစဉ် တံခါးအပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရ၏။ ထို့အပြင် လူတစ်ယောက်တည်း၏ ခြေသံ မဟုတ်နေပေ။ သူ သတိထားလိုက်၏။ ရက်ပေါင်းများစွာ သည်းခံစောင့်ဆိုင်းနေရပြီးနောက် သူ မျှော်လင့်နေသော အဖြေမှာ ရောက်လာတော့ပေမည်။
“မိတ်ဆွေလေး…မင်းက ဒီမှာ နေရတာ အသားကျလာပြီလား…”
အခန်းတံခါး ညင်ညင်သာသာ ပွင့်လာ၏။ ကိုယ်စားပြုသူဝမ်၏ အသံလည်း တံခါးဖွင့်သံနှင့်အတူ ကြားလိုက်ရသည်။ အခန်းထဲသို့ ကိုယ်စားပြုသူဝမ် ဝင်လာ၏။ သူ့နောက်တွင် အဘိုးအိုတစ်ယောက်လည်း ပါလာ၏။
“အင်မောတယ်ဝမ်ကို နှုတ်ဆက်ပါတယ်…” ဟန်လိသည် အိပ်ယာထဲကနေ ချက်ခြင်း ခုန်ထကာ သူ့ကို တလေးတစား နှုတ်ဆက်သည်။ သူသည် နှိမ့်ချတန် နှိမ့်ချရမည်။ သို့မှသာ သူ့အနေဖြင့် အကျိုးအမြတ် ရနိုင်လိမ့်မည်။
“သူက…” ဟန်လိက အဘိုးအိုထံ အကြည့်ရောက်သွား၏။ သူက ပဟေဠိဖြစ်ဟန်ဖြင့် မေးလိုက်သည်။
“ဒါက ငါ့ရဲ့ စီနီယာအစ်ကိုယဲ့ပဲ…” ကြီးကြပ်သူဝမ်က ပြုံး၍ ရှင်းပြ၏။
ယဲ့ မျိုးရိုးလား။ ဟန်လိ အံ့အားသင့်မိ၏။ ရွှေအလင်းဘုန်းကြီးကို သတ်ပြီး သူ့အနေဖြင့် တံဆိပ်ပြား ရခဲ့သည့် ကိစ္စများ ပေါ်သွားသည်လား။ ယဲ့ဂိုဏ်းဝင်များက သူ့ကို လာဖမ်းဆီးတာလား။ သို့ပေမည့် ထိုအဘိုးအို၏ အမူအရာမှာ အဆိုးကြီး မဟုတ်ပေ။ ဒေါသထွက်နေဟန်လည်း မပေါ်ပါ။ ကြည့်ရသည်မှာ တခြား ဆန်းကြယ်သည့်အကြောင်းရင်း တချို့ ရှိနေပုံပင်။ ဟန်လိက မလွယ်ကူသလို ခံစားမိ၏။ သို့သော် သူ့မျက်နှာထက်တွင်တော့ မည်သည့်စိတ်ခံစားချက်မျှ မပေါ်လာပေ။ သူက တလေးတစား လေသံဖြင့် ပြောလိုက်၏။ “အို…အင်မောတယ်ယဲ့ပေါ့…”
ထိုအဘိုးအိုကလည်း ဟန်လိကို အကဲခတ်၏။ ဟန်လိသည် ရွက်ကြမ်းရေကြို ရုပ်သွင်နှင့် သာမန်ဆန်လွန်းနေ၏။ ထူးထူးခြားခြား ဖြစ်မနေပေ။ သူ့အနေဖြင့် ဒီကို လာခဲ့သည့် ရည်ရွယ်ချက်အတွက် မသေချာမရေရာသလိုပင် ခံစားမိလိုက်ရ၏။
သို့ဖြစ်၍ ဟန်လိ၏ နှုတ်ဆက်စကားကို ကြားသည့်အခါ သူက ဖော်ရွှင်ဟန်ပြုံး၍ ပြောလိုက်၏။ “ဟားဟား…မိတ်ဆွေလေးဟန်…ဒီလောက်ထိ ရည်မွန်နေစရာ မလိုပါဘူး။ မိတ်ဆွေလေးဟန်က ကျုပ်တို့ အဝါရောင်မေပယ်တောင်ကြားကို အင်မောတယ်အထက်ဘုံ တံဆိပ်ပြား ကိုင်ဆောင်ပြီး ရောက်လာမှတော့ မိတ်ဆွေလေးက ဂိုဏ်းတပည့် ဖြစ်နေပြီပဲ။ ကျုပ်ကို အကြီးအကဲယဲ့လို့ပဲ တရင်းတနှီး ခေါ်နိုင်ပါတယ်။ အပြင်လူတစ်ယောက်လို ကိုယ့်ကိုယ်ကိုယ် မထင်ပါနဲ့…”
ဟန်လိက ထိုအဘိုးအို၏ စကားကို ကြားသည့်အခါ သူ့စိတ်နှလုံးမှာ ပေါ့ပါးသွား၏။ သို့သော် သူ့စိတ်ထဲ၌ ထင့်နေဆဲပင်။
တဖက်လူက သည်မျှ ယဉ်ကျေးစွာ ပြောလာသည်ဖြစ်၍ သူ့အပေါ် ရန်ငြှိုး ရှိပုံတော့ မရပေ။ သို့သော်လည်း သည်မျှ ယဉ်ကျေးနေခြင်းက မည်သို့သော အဓိပ္ပာယ်နည်း။
“မိတ်ဆွေလေးဟန်…စီနီယာအစ်ကိုယဲ့ ပြောတာ မမှားဘူး။ လက်ရှိ ဂိုဏ်းခေါင်းဆောင်က မိတ်ဆွေလေးကို ဂိုဏ်းတပည့် ဖြစ်လာဖို့ သဘောတူလိုက်ပြီ။ ဒါ့အပြင် အခြေခံတည်ဆောက်ခြင်းဆေးလုံး တလုံးလည်း မိတ်ဆွေလေးအတွက် ပြင်ဆင်ပေးထားတယ်…” အကြီးအကဲဝမ်က ပေါ့ပေါ့ပါးပါး ပြုံး၍ ဆိုသည်။
“တကယ်ပဲလား…” အမြဲတည်ငြိမ်စွာ ရှိတတ်သော ဟန်လိမှာ သည်စကားများကို ကြားသည့်အခါ၌ စိတ်မလှုပ်ရှားမိဘဲ မနေနိုင် ဖြစ်ရသည်။ သူသည် ပျော်မြူး၍ ခုန်ပေါက်ကချင်စိတ်ပင် ပေါက်မိသည်။
ဟန်လိ၏ အမူဟန်ပန်ကို မြင်သည့်အခါ အကြီးအကဲဝမ်က ပြုံး၏။ သူသည် အံ့အားမသင့်ပေ။ ဟန်လိ၏ ထိုသို့သော တုန့်ပြန်မည့် အမူဟန်ပန်ကို သူ့အနေဖြင့် မျှော်လင့်ခန့်မှန်းမိပြီးသားပင်။
“ဂျူနီယာညီလေးဝမ်…ကျုပ် တူလေးနဲ့ သီးသန့် စကားပြောချင်တယ်။ မင်း ခဏလောက် ရှောင်ပေးလို့ ရနိုင်မလား…”
ထိုအဘိုးအိုက စိတ်သိပ်မရှည်ပုံ ရ၏။ နောက်ဆုံး၌ သူသည် အခန်းထဲသို့ ဝင်လာပြီး တအောင့်အကြာမှာပင် သူ လိုချင်သော အရာကို ပြောလာခဲ့ပေပြီ။
“ရတာပေါ့။ ဂျူနီယာညီက ဂိုဏ်းခေါင်းဆောင်ဆီ အရင် ပြန်သွားလိုက်ပါ့မယ်။ စီနီယာအစ်ကိုနဲ့ တူလေးဟန်တို့ စကားပြောလို့ ပြီးမှပဲ အတူတူ လာခဲ့ကြပေါ့…”
အကြီးအကဲဝမ်က လေသံတမျိုးဖြင့် ပြော၏။ ဟန်လိကို မသိမသာ ကြည့်လိုက်ပြီးနောက် သူသည် အခန်းထဲကနေ ထွက်သွားတော့သည်။
အခုအချိန်၌ အခန်းထဲတွင် ဟန်လိနှင့် အဘိုးအိုယဲ့တို့သာ ကျန်ခဲ့တော့၏။
ဟန်လိသည် သူ့ရှေ့ရှိ ဒီအဖြစ်သနစ်ကြောင့် မင်သက်သွား၏။ အကြီးအကဲဝမ် ဆိုသူမှာ ထွက်သွားပြီး အခု သူ့ကိုယ်သူ အကြီးအကဲဟု ခေါ်ခိုင်းသော အဘိုးအိုသာ ကျန်ခဲ့၏။ ထိုသူက သူနှင့် မည်သည့်အခြင်းအရာများ ပြောဖို့ ရှိနေသနည်း။ သူက ထိုစီနီယာအကြီးအကဲယဲ့သည် မည်သည့်ကိစ္စ ပြောဖို့ ရှိနေသည်ကို မသိရသော်လည်း စိတ်ထင့်နေမိ၏။
အဘိုးအိုက ဟန်လိ တမျိုးတမည် ဖြစ်နေသည်ကို မြင်သည်။ သို့သော် သူက လုံးဝ ဂရုမစိုက်ပေ။ သူက ထိုလူငယ်မှာ အတွေ့အကြုံမရှိသောသူ ဖြစ်မှန်း သိလိုက်၏။ သူ ဖြစ်ချင်သော ကိစ္စမှာ အောင်မြင် ချော့မွေ့လိမ့်မည်။
“ကဲ…တူလေးဟန်…။ ဦးလေးက တဲ့တိုးသမားပဲ။ ဒါ့ကြောင့် ကွေ့ပတ် ပြောမနေတော့ဘူး။ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ကျုပ် ဒီကို လာခဲ့တဲ့ ကိစ္စက မင်းရဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံးနဲ့ ပတ်သတ်နေတယ်။ ကျုပ်အနေနဲ့ တူလေးရှိကနေ ဒီတံဆိပ်ပြားနဲ့ ပစ္စည်းတချို့ကို လဲလှယ်ချင်တယ်။ တူလေးအနေနဲ့ ဘယ်လို သဘောရလဲ…”
အဘိုးအိုယဲ့က လိုရင်းကို တိုက်ရိုက် ပြောလာ၏။
“သူက ငါ့ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို လဲလှယ်ချင်တယ်တဲ့လား။ ငါများ နားကြား မှားသွားတာလား…”
ဟန်လိသည် အဘိုးအိုယဲ့၏ စကားကို ကြားသည့်အခါ တုန်လှုပ်သွား၏။ သို့သော် တအောင့်အကြာ၌ သူ့အမူရာမှာအကြီးအကျယ် ပြောင်းလဲသွား၏။ သူ မျက်စိမျက်နှာ ပျက်မိနေလေပြီ။
“တူလေးဟန်။ ချီတုံချတုံ ဖြစ်မနေပါနဲ့။ ကျုပ်က တူလေးရှိက ဒီဆေးလုံးကို အလကား ယူမှာ မဟုတ်ပါဘူး။ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ရှစ်တုံးလောက်၊ စဦးအလယ်အဆင့် စိတ်ဝိညာဉ်အဆောင် အချို့၊ မှော်ပစ္စည်းတွေနဲ့ ဒီဆေးလုံးကို လဲလှယ်ပေးမှာပါ။ အကြီးအကဲမှာ မှော်စွမ်းအားကို တိုးတက်အောင် လုပ်ပေးနိုင်တဲ့ ဆေးလုံးအချို့လည်း ပိုင်ဆိုင်ထားသေးတယ်။ ဒီဆေးလုံးတွေက အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို မယဉ်နိုင်ပေမယ့်လို့ ဂိုဏ်းအတွင်းမှာတောင် ရဖို့ခက်တဲ့ စိတ်ဝိညာဉ်ဆေးလုံးတွေပဲ…”
အဘိုးအိုယဲ့သည် ဟန်လိ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သည့်နောက် ခပ်သွက်သွက် ရှင်းပြလိုက်သည်။
ဟန်လိက ထိုစကားများကို ကြားသည့်နောက် သူ့အမူအရာမှာ အတော်လေး ပြန်ကောင်းမွန်သွားသည်။ သူ့အနေဖြင့် တဖက်လူ၏ စကားများထဲမှ ကိုယ်ချင်းစာသည့် သဘောကို ခံစားမိသည်။ ထိုအဘိုးအိုသည် သူ့ထံကနေ ပလိန်းကြီး ဓားပြလာတိုက်တော့ ဟုတ်ပုံ မရပေ။ ထိုသူက သူ၏ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို အမှန်တကယ် ဝယ်ယူချင်နေတာ ဖြစ်မည်။