ညှိနှိုင်းခြင်း
Vol. 11 Ch. 146
အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ငါ့မျက်လုံးနဲ့ ကိုယ်တိုင် မမြင်ဖူးပေမယ့်လည်း ငါ၊ ဟန်လိဟာ ၎င်းရဲ့ အဖိုးတန်ပုံနဲ့ အရေးကြီးပုံကို ကောင်းကောင်း သိတယ်။ အင်မောတယ်အထက်ဘုံစုဝေးပွဲ ပြိုင်ပွဲမှာ ကျင့်ကြံသူ တစ်ထောင်နီးပါးဟာ ဒီဆေးလုံးအတွက် အသေအကြေ တိုက်ခိုက် ယှဉ်ပြိုင်ခဲ့ကြတယ်။ ဘာအတွက်လဲ။ ဒီအခြေခံတည်ဆောက်ခြင်းဆေးလုံးရဲ့ စွဲဆောင်မှုကြောင့် မဟုတ်ဘူးလား။ ပြီးတော့ ဒီအကြီးအကဲယဲ့က ငါ့ကို တောသားငနုံလို့ တကယ် ထင်နေတာလား”
ဟန်လိသည် စိတ်ထဲကနေ ကြိတ်၍ လှောင်ရယ်၏။ သို့သော် အပြင်ဘက်တွင်မူ သူက လေးစားဟန်သာ ပြသထားသည်။ သူသည် အကြီးအကဲယဲ့ ပြောနေသည့် အကြောင်းကို အာရုံစိုက် အလေးထားကာ နားထောင်နေသည့်အလား။
အဘိုးအိုယဲ့သည် ဟန်လိ၏ တုန့်ပြန်ပုံကို ကျေနပ်သွား၏။ သူ့အနေဖြင့် အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို လဲလှယ်ပေးသ၍ သည်အနာဂတ် တပည့်သည် သူ့ကို ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
အဘိုးအိုယဲ့သည် အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို လွယ်လွယ်ဖြင့် အရောင်းအဝယ် လုပ်၍ ရလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။ ငနုံငအ မဟုတ်သော လူတိုင်းသည် ဒီအဖိုးတန်ဆေးလုံးကို ဈေးပေါပေါဖြင့် ရောင်း၍ မဖြစ်တာကို သိကြမည်သာ။ သူ အစောပိုင်းတုန်းက ပြောခဲ့သမျှသည် စမ်းသပ်မှု တခုမျှသာ ဖြစ်၏။
သို့သော် အခုအခါ၌ ဟန်လိ၏ အနေအထားအရ ညှိနှိုင်း၍ ရမည့်ပုံ ပေါ်၏။ သူ အတော်လေး ပျော်မြူးသွားသည်။
ဟန်လိသာ ဒီဆေးလုံးကို ရောင်းဝယ်ဖို့ ဆန္ဒရှိပါက အဘိုးအိုယဲ့သည် ဟန်လိ ကျေနပ်အောင် လုပ်ပေးနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှု ရှိ၏။ ထိုသို့ တွေးကာ အဘိုးအိုယဲ့၏ အပြုံးက ပို၍ ပီပြင်လာသည်။
“တူလေးဟန်…မင်း အနေနဲ့ မင်းရဲ့ စိတ်ဝိညာဉ်ရင်းမြစ်အကြောင်း သိနေမှာပဲ။ ရိုးရိုးသားသား ပြောရရင် တူလေးရဲ့ ပါရမီနဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သောက်သုံးရင်တောင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နိုင်ချေဟာ အလွန်နိမ့်ပါးလွန်းတယ်။ အများဆုံးမှ ဒီဆေးလုံးဟာ တူလေးရဲ့ မှော်စွမ်းအားကို မြှင့်တင်ပေးနိုင်ရုံပဲ။ အခြေခံအဆင့်ကို နှစ်ဆင့်၊ သုံးဆင့်လောက် တိုးတက်အောင် လုပ်ပေးနိုင်ရုံပဲ။ ဒီလိုဆို အခြေခံတည်ဆောက်ခြင်းဆေးလုံးရဲ့ အာနိသင်ဟာ အချည်းနှီး ဖြစ်ရလိမ့်မယ်။ တူလေးအတွက် တခြား လက်တွေ့ပိုကျမယ့် အဖိုးတန် ပစ္စည်းတွေနဲ့ ဒီဆေးလုံးကို လဲလှယ်ပစ်တာ အကောင်းဆုံးပဲ…”
အဘိုးအိုယဲ့သည် ဟန်လိကို စတင် သွေးဆောင်တော့၏။
ဟန်လိသည် အကြီးအကဲယဲ့ ပြောနေသည်ကို အာရုံစိုက်ကာ နားထောင်နေပုံ ပေါက်နေသော်လည်း သူ့ခေါင်းထဲတွင်မူ ကောင်းကျိုး၊ဆိုးကျိုးများကို တွက်ချက်နေပေ၏။
သူသည် ထိုအဘိုးအို ပြောနေသည်မှာ အမှန်ဖြစ်မှန်း သိ၏။ အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို သူ သောက်သုံးခဲ့လျှင်ပင် ထိုအဆင့်သို့ ရောက်ဖို့ အခွင့်အရေးမှာ နိမ့်ပါးလွန်းသည်။ သို့သော် ဟန်လိသည် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို လွယ်လွယ် လက်လွှတ်ပေးခဲ့ရပါက သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။ အခွင့်အရေးက နည်းပါးလွန်းသည် ဆိုလျှင်ပင် အောင်မြင်နိုင်ချေ တစိုးတစိမျှ ရှိနေတုန်း မဟုတ်လား။
သို့သော် သူက အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သူ့ရှေ့ရှိ အဘိုးအိုယဲ့အား ပေးဖို့ ငြင်းဆန်ပါကလည်း နောက်ပိုင်း၌ အဝါရောင်မေပယ်တောင်ကြားတွင် သူ့ဘဝမှာ ကျိန်းသေပေါက် ပျော်ရွှင်စရာ ရှိနိုင်တော့မည် မဟုတ်ပေ။ ထိုအဘိုးအိုယဲ့က သူ့ကို အကြောင်းရင်းမရှိဘဲ ရန်ငြှိုးဖွဲ့လိမ့်မည် မဟုတ်လား။ ထိုသူက အဝါရောင်မေပယ်တောင်ကြား၌ အာဏာအချို့ ရှိပုံ ပေါ်၏။ သူ့အတွက် ဒုက္ခများသွားနိုင်သည်။
“အကြီးအကဲယဲ့…ကျုပ်အနေနဲ့ မေးခွင့်ရှိမလား။ ဦးလေးက ဒီဆေးလုံးကို ဘယ်သူအတွက် လိုချင်ရတာလဲ…။ ဦးလေးယဲ့ကိုယ်တိုင်ကတော့ ဒီလိုဆေးလုံးမျိုး မလိုအပ်တော့မှာ ကျုပ် သေချာ သိတယ်…”
ဟန်လိက ထိုသို့ တွေးကာ အဘိုးအိုယဲ့၏ ရည်ရွယ်ချက်ကို ထောက်ကြည့်၏။
ထိုအဘိုးအိုသည် ဟန်လိ၏ ကြားဖြတ် အမေးကြောင့် မပျော်မရွှင် ဖြစ်သွားပုံ မပေါ်ပေ။ ဟန်လိ၏ အမေးကို ကြားသည့်အခါ သူက နည်းနည်းတော့ တွေဝေသွားသေး၏။ သို့သော် သူက ဟန်လိကို ပြောပြလာသည်။
“တူလေးက မေးမှတော့ ကျုပ်လည်း ဘာမှ ဖုံးကွယ်ထားစရာ မရှိပါဘူး။ ကျုပ် အနေနဲ့ ဒီဆေးလုံးကို ကျုပ်မြေးအတွက် ပေးချင်လို့ ခုလိုမျိုး လာတောင်းဆိုနေတာပဲ။ တူလေးအနေနဲ့ ကျုပ်ရဲ့ ဆန္ဒကို ကျေးဇူးပြုပြီး ဖြည့်စီး ပေးနိုင်မလား…”
ဟန်လိက ထိုသည်ကို ကြားသည့်အခါ စိတ်ထဲကနေ ခါးခါးသီးသီး ရယ်မောကာ တွေးမိ၏။
“မြေး တစ်ယောက်အတွက်လား။ ငါ ထင်တော့ ထင်သားပဲ။ သူ့ ဆွေမျိုးတစ်ယောက်ယောက် အတွက် ဖြစ်လောက်မယ်လို့။ သူ့မြေးအတွက် ဒီအကြီးအကဲယဲ့က ငါ့လို့ ဂျူနီယာ တစ်ယောက်ရှိကနေ အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို မရမက လိုချင်နေတယ်။ သူက အသည်းအသန် ရဖို့ ကြိုးစားနေတာပဲ။ ဒါ့ကြောင့် သူ့မြေးကို သူ တော်တော်လေး ချစ်မယ့်ပုံ ရတယ်။ ဒါ့ကြောင့် ငါသာ အရောင်းအဝယ် မလုပ်ခဲ့ရင် ဒီအဘိုးအိုကို ရန်စမိသလို ဖြစ်သွားမှာ တစ်ရာရာခိုင်နှုန်း သေချာတယ်။ အဲ့ကျရင် အဝါရောင်မေပယ်တောင်ကြားမှာ ငါ ကောင်းကောင်း နေလို့ ရတော့မှာ မဟုတ်ဘူး။ ငါ့ နာကျင်မှုကိုပဲ အံကြိတ် မြိုချပြီး ဒီအရောင်းအဝယ်ကို လုပ်မှ ရတော့မယ်။ ငါ ကိုယ်တိုင် အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ဖို့အတွက်ကတော့ တခြားနည်းလမ်းတွေပဲ ရှာကြည့်ရတော့မှာပဲ။ ငါ့မှာ ဆန်းကြယ်ပုလင်းငယ်လည်း ရှိတဲ့အတွက် ငါ့မှာသာ အချိန်နဲ့ဆေးညွှန်သာ ရှိရင် ဒီလို ဆေးဝါးမျိုးကို ငါ ဘာကြောင့် မဖော်စပ်နိုင်ရမှာလဲ…”
ဟန်လိသည် ကောင်းကျိုး၊ဆိုးကျိုးများကို ချိန်စ ပြီးနောက် သူ့ရွေးချယ်မှုကို ပြုလုပ်သည်။ သို့ပေမည့် သူသည် ဒီရောင်းဝယ်မှု၌ အကျိုးအမြတ် ရနိုင်သမျှရအောင်တော့ ကြိုးစား ကြည့်ချင်သည်။ ထို့ကြောင့် သူသည် ဒီဆေးလုံးကို ရောင်းဝယ်ဖို့ ချီတုံချတုံ ဖြစ်နေပုံ၊ ဆုံးဖြတ်ဖို့ ခက်ခဲနေပုံ ပြုမူ ရပေမည်။
“အကြီးအကဲ…ဒီဂျူနီယာက စီနီယာကို မလေးမခန့် လုပ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံးဟာ တူလေးအတွက် အလွန်အရေးကြီးလှပါတယ်။ ဂျူနီယာရဲ့ ပါရမီကနိမ့်၊ အဆင့်က နိမ့်နေရင်တောင် မျှော်လင့်ချက် အမျှင်တန်းလေးတခု ရှိနေတုန်းမလား။ ကျုပ်အနေနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်နိုင်မယ့် အခွင့်အရေး မြူတမှုန်စာလောက်ကို ခုချိန်မှာ လက်လွှတ်လိုက်တာနဲ့ ဂျူနီယာဟာ မဟာကျင့်ကြံခြင်းလမ်းကြောင်းပေါ် လုံးဝ ခြေမချနိုင်တော့မှာ သေချာပါတယ်…”
ထိုအဘိုးအိုသည် ဟန်လိ၏ စကားကို ကြားသည့်နောက် စိတ်ထဲကနေ ကြိတ်၍ လှောင်၏။ “မင်းရဲ့ အရည်အချင်းနဲ့ မြင့်မားတဲ့ လမ်းကြောင်းကို ရောက်နိုင်ဖို့ မဖြစ်နိုင်ဘူး။ မင်းက မင်းကိုယ်မင်း လုံးဝ အထင်တကြီး ရှိနေတာပဲ…”
အပြင်ပိုင်းတွင်မူ ထိုအဘိုးအိုသည် ကတိအမျိုးမျိုးပေးကာ ဟန်လိကို ဆက်၍ သွေးဆောင်နေ၏။ ဟန်လိ၏ ဆုံးဖြတ်ချက် ပြောင်းသွားအောင်၊ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ရောင်းဖို့ သဘောတူအောင် ဆက်တိုက် ဖိအားပေးနေသည်။
ထိုအနှစ်မပါသော ကတိစကားများကို ကြားသည့်အခါ ဟန်လိသည် စိတ်ထဲကနေ အေးစက်စက် လှောင်ရယ်၏။ သို့သော် အပြင်ပိုင်းတွင်မူ သူက မပြတ်မသားဟန်၊ အရောင်းအဝယ် မလုပ်ချင်ဟန် ပေါက်သော စကားများကိုသာ တတွင်တွင် ပြောနေ၏။ သူ ထိုသို့ ဆက်၍ တင်းခံထားလေလေ သူ ရနိုင်မည့် တန်ကြေးက ပိုမြင့်လေ ဖြစ်လာနိုင်သည် မဟုတ်လား။
“ကဲ တူလေး…။ မင်းအနေနဲ့ ဒီဆေးလုံးကို လဲလှယ်မယ်ဆို တောင်ကြားတပည့်တွေ လုပ်ဆောင်ရတဲ့ နေ့စဉ်တာဝန်တွေထဲမှာ မင်း ကြိုက်တဲ့ အလုပ်ကို ရွေးချယ်လို့ ရအောင် ငါ လုပ်ပေးမယ်…”
ဟန်လိက သဘောတူသလို၊ မတူသလိုလို ဖြစ်နေသည်ကို မြင်သည့်အခါ သူသည် သူ၏ နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးလာတော့သည်။
“လုပ်ငန်းတာဝန်တွေလား…” ဟန်လိသည် ဒီတကြိမ်၌ အမှန်တကယ် မင်သက်မိသွားသည်။
“ဟုတ်တယ်။ အဝါရောင်မေပယ်တောင်ကြားက အဆင့်နိမ့်တပည့်တွေဟာ လစဉ်လတိုင်း လုပ်ငန်းတာဝန် ပြီးမြောက်ရမယ်။ ဒါကို မင်း သိထားသင့်တယ်။ ဥပမာ ဘယ်လိုအလုပ်တွေလဲ ဆိုတော့ မိုင်းတွင်းတွေကို သွားပြီး မိုင်းတူးသမားတွေကို ကြီးကြပ်တာမျိုး။ ကျုပ်တို့ ဂိုဏ်းက ပိုင်တဲ့ ဈေးကွက်မှာ ဈေးသွားရောင်းပေးတဲ့ တာဝန်မျိုး။ တောင်ကြားရဲ့ ရှားပါးသက်ရှိတွေကို ဂရုစိုက်ပေးတာမျိုး။ စိတ်ဝိညာဉ်ဆေးပင်တွေကို ကြီးထွားအောင် စိုက်ပျိုးပေးရတာမျိုးတွေပဲ။ အလုပ်တာဝန် ပြီးမြောက်တဲ့ အပေါ်မူတည်ပြီး ဂိုဏ်းက အဲ့တပည့်တွေကို ဆုအဖြစ် စိတ်ဝိညာဉ်ကျောက်တုံးအချို့ကို ချီးမြှင့်တယ်။ ပြီးတော့ ငါက တောင်ကြားရဲ့ ဒီလို အလုပ်တာဝန်တွေကို တာဝန်ယူ ခွဲဝေပေးရတဲ့သူပဲ။ ဒါ့ကြောင့် တူလေး လုပ်ချင်တဲ့ ဘယ်အလုပ်ကိုမဆို ငါ့အနေနဲ့ ရအောင် လုပ်ပေးနိုင်တယ်…”
အဘိုးအိုယဲ့က ယုံကြည်မှုအပြည့်ဖြင့် ပြောလာ၏။ သူ့ထံ၌ ထိုသို့သော အာဏာ အမှန်တကယ် ပိုင်ဆိုင်ထားရမည်။
သို့သော် နားထောင်နေသော ဟန်လိမှာ စွံ့အနေမိ၏။ သူ မည်သည့်နေရာသို့ ရောက်နေပါစေ လူအများသည် သူတို့၏ အကျိုးစီးပွားအတွက် အာဏာကို အမြဲတမ်း အသုံးပြုနေကြသည်ပင်။ အခုလို အဝါရောင်မေပယ်တောင်ကြားကဲ့သို့ ဂိုဏ်းကြီးများလည်း အပါအဝင် ဖြစ်၏။
သို့သော် အဘိုးအိုယဲ့က ဆေးပင်များစိုက်ပျိုးခြင်းနှင့် ပတ်သတ်သည့် အလုပ်အကြောင်း စကားဟမိသည့်အခါ ဟန်လိသည် စိတ်ဝင်စားမိသွား၏။ သူသည် ထိုအလုပ်မှာ သူ့အတွက် သင့်တော်မည်ဟု ခံစားမိ၏။ ထို့အပြင် ဒီစီနီယာအကြီးအကဲယဲ့မှာ ပစ္စည်းကောင်းများကိုလည်း သူ့ကို ပေးအုံးမည်ဟု ကတိပေးထားခဲ့ပြီးပင်။ သူသာ ဆက်၍ ချီတုံချတုံ ဆက်လုပ်နေပါက လောဘကြီးလွန်းသည့်ပုံ ပေါက်သွားတော့သည်။ ထို့ကြောင့် သူသည် ရပ်သင့်သည့်အချိန်တွင် ရပ်ရပေမည်။
ထိုသို့တွေးကာ ဟန်လိသည် စိတ်လှုပ်ရှားဟန် ပြုမူလာ၏။ သူက အဘိုးအိုယဲ့ကို ခါးသီးသော လေသံဖြင့် ပြောလိုက်သည်။
“စီနီယာယဲ့က ဒီလောက်ပြောနေမှတော့ ကျနော့်အနေနဲ့ အလဲအလှယ်လုပ်ဖို့ သဘောမတူသေးရင် စီနီယာ့ကို မျက်နှာသာ မပေးရာ ကျတော့မယ်။ စီနီယာကသာ ကတိပေးထားတဲ့အတိုင်း ကျနော်ကို ပေးမယ်ဆိုရင် ဒီတူလေးက အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ပေးလိုက်ပါတော့မယ်…”
အဘိုးအိုယဲ့က ထိုသည်ကို ကြားသည်နှင့် ရွှင်မြူးသွား၏။ သူသည် အလေးအနက် ကတိပေးလိုက်၏။ “တူလေးဟန်…စိတ်ပူဖို့ မလိုပါဘူး။ ကျုပ်က အမြဲတမ်း ကတိတည်တဲ့သူပဲ။ ငါတို့ ဂိုဏ်းခေါင်းဆောင်နဲ့ တွေ့တဲ့အခါကျရင်တော့ တူလေးအနေနဲ့ အရောင်းအဝယ် ကိစ္စနဲ့ ပတ်သတ်ပြီး လွတ်လွတ်လပ်လပ် ပြောနိုင်တယ်။ ဒါပေမဲ့ ကျုပ်တို့ နှစ်ဦးကြား သဘောတူထားတဲ့ ကိစ္စကိုတော့ သူ့ရှေ့မှာ မပြောနဲ့အုံး…”
ဟန်လိက ပြုံးလိုက်၏။ သူက အသေအချာ ပြောလိုက်သည်။ “စိတ်ချပါ အကြီးအကဲ။ ဂျူနီယာ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။ ဂျူနီယာက မထော်မနန်း ဖြစ်မယ့် ကိစ္စကို လုပ်မှာ မဟုတ်ပါဘူး…”
ထိုသည်ကို ကြားသည့်အခါ အဘိုးအိုယဲ့သည် အပီအပြင် ပြုံးတော့သည်။ သူသည် ဟန်လိ၏ လိုက်လျောညီထွေ ရှိသော အပြုအမူအပေါ် အတော်လေး ကျေနပ်မိသည်။