← Chapters

တောင်ကြားအတွင်းရှိ အချက်အလက်များ

Vol. 11 Ch. 147

တောင်ကြားအတွင်းရှိ အချက်အလက်များ

Vol. 11 Ch. 147

ဟန်လိနှင့် အဘိုးအိုယဲ့တို့သည် သူတို့၏ ကိစ္စကိဝ္စများ ပြီးသည့်နောက် အဝါရောင်မေပယ်တောင်ကြား၏ ဂိုဏ်းခေါင်းဆောင်ကျုံးလင်းတောက်နှင့် တွေ့ဖို့ ပင်မခန်းမကို ရောက်လာကြ၏။ ဟန်လိကို အဘိုးအိုယဲ့က ပျံသန်းခြင်းမှော်ပစ္စည်းသုံး၍ ပင်မခန်းမကို ခေါ်ဆောင်လာခဲ့တာ ဖြစ်၏။

တအောင့်အကြာတွင် ဟန်လိသည် ဆယ်မီတာကျော် မြင့်မားသော ကျောက်သားအဆောက်အအုံရှေ့တွင် ရပ်နေ၏။ သူက အဆောက်အအုံတံခါးရှေ့တွင် ရပ်နေသော အဝါရောင်မေပယ်တောင်ကြား၏ တပည့်တပန်းများကို စူးစမ်းကြည့်နေသည်။ ထိုသူများ၏ စွမ်းအားက ဟန်လိထက် သိသိသာသာ သာလွန်၏။ သူတို့သည် အနည်းဆုံး အခြေခံကျင့်ကြံခြင်းပညာရပ်၌ အဆင့်တစ်ဆယ်၊ ထိုထက်ပိုသော အဆင့်သို့ ရောက်နေသူများပင်။ ဟန်လိသည် သည်ဂိုဏ်း၏ ကျင့်ကြံသူများ၏ ခွန်အားနှင့် ထည်ဝါသောဟန်ပန်တို့အပေါ် အံ့အားတသင့် ဖြစ်မိရသည်။

အစောပိုင်းလေးတုန်းက သူနှင့် အဘိုးအိုယဲ့တို့ ဒီနေရာကို ရောက်လာသည့်အချိန်၌ အဘိုးအိုယဲ့သည် သူ့ကို အဆောက်အဦခန်းမ အပြင်ဘက်၌ အရင်နေခဲ့ခိုင်း၏။ သူက ခေါင်းဆောင်ကျုံးလင်းတောက်၏ ဆင့်ခေါ်မှုကို စောင့်နေရခြင်းပင်။ ထိုသို့ဖြင့် ဟန်လိသည် ခန်းမအပြင်ဘက်တွင် ကြောင်တိကြောင်တောင် စောင့်နေရသည်။

အချိန်အတော်အတန် ကြာပြီးနောက် ဝတ်စုံဖြူသက်လတ်ပိုင်းလူတစ်ယောက်က ခန်းမထဲကနေ ထွက်လာပြီး ဟန်လိရှေ့ ရောက်လာ၏။ သူက အေးစက်စက်လေသံဖြင့် ပြောလာသည်။ “ငါ့ နောက်လိုက်ခဲ့။ ဂိုဏ်းခေါင်းဆောင်က မင်းကို ဆင့်ခေါ်ခိုင်းလိုက်တယ်…”

ထို့နောက်တွင် ထိုသူက ဟန်လိ၏ တုန့်ပြန်မှုကို စောင့်မနေဘဲ တဖက်သို့ ပြန်လှည့်ကာ ရှေ့ကနေ အရင် ထွက်သွား၏။ ဟန်လိမှာ အောင့်သီးအောင့်သက် ပြုံးမိသည်။ သူကဲ့သို့ ချီစုဆောင်းခြင်းအဆင့်ကိုး ကျင့်ကြံသူတစ်ယောက်မှာ ထိုသူ၏ မျက်လုံးထဲ၌ ပမွှား ဖြစ်နေသည် မလား။ ထိုသူက သူ့ကို စကားတခွန်းပင် လိုတာထက် ပိုပြောချင်စိတ် မရှိပုံ ရသည်။

ဟန်လိသည် ထိုသူ၏ မောက်မာမှုအပေါ် မကျေမနပ် ဖြစ်သွားသော်လည်း သူ့အနေအထားကို သူ သိ၏။ သူသည် ထိုသူ့နောက်သို့ နာနာခံခံဖြင့် လိုက်သွားကာ ပင်မခန်းမထဲ ဝင်လာခဲ့သည်။

ဂိုဏ်းတပည့်များ စောင့်ကြပ်နေသော ဂိတ်တံခါးသုံးခုကို ဖြတ်ကျော်လာပြီးနောက် ဟန်လိသည် အဝါရောင်မေပယ်တောင်ကြား၏ ဂိုဏ်းခေါင်းဆောင်ကျုံးလင်းတောက်ကို မြင်လိုက်ရပေပြီ။ ဂိုဏ်းခေါင်းဆောင်မှာ ရှည်လျားသောမုတ်ဆိတ်မွှေးသုံးခုနှင့် သက်လတ်ပိုင်းအရွယ် ရှိသည်။

ခန်းမ၏ တဘက်တချပ်စီတွင် လူဆယ်ယောက်ကျော် ရှိနေသည်။ သူတို့က ကွဲပြားသော ဝတ်စုံများကို ဝတ်ထားကြသည်။ ဟန်လိ ဝင်လာသည့်အခါ သူ၏ ပုံပန်းသွင်ပြင်မှာ ထူးခြားမနေ၊ စိတ်ဝင်စားဖို့လည်း မကောင်း၊ သာမန်သာ ဖြစ်နေ၏။ ထို့အပြင် အဘိုးအိုယဲ့နှင့် အကြီးအကဲဝမ်တို့လည်း ဒီခန်းမထဲ၌ ထိုင်နေကြသည်။

“လူငယ်လေး…မင်း နာမည်က ဟန်လိလား…” ခေါင်းဆောင်ကျုံးက မေးလိုက်သည်။

“ဟုတ်ပါတယ်ဗျ။ တပည့်ဟန်လိက ဂိုဏ်းခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်…”

ဟန်လိသည် ရှေ့သို့ တလှမ်းတိုးကာ ခေါင်းဆောင်ကို တလေးတစား နှုတ်ဆက်သည်။

“အပိုတွေ လုပ်ပြီး ယဉ်ကျေးလွန်းနေဖို့ မလိုဘူး။ လူငယ်လေး..မင်းက အင်မောတယ်အထက်ဘုံ တံဆိပ်ပြားကို ယူလာခဲ့မှတော့ ဒီခေါင်းဆောင်က ကျုပ်တို့ ဘိုးဘေးတွေ ချမှတ်ထားခဲ့တဲ့ စည်းမျဉ်းတွေကို လေးစားရမှာပေါ့။ လူငယ်လေး…မင်းအနေနဲ့ ဂိုဏ်းထဲ ဝင်ရောက်နိုင်ပြီ…”

ကျုံးလင်းတောက်က ပြုံး၍ ဆို၏။

ဟန်လိသည် သူ့ခန္ဓာကိုယ်ကို ညွတ်ကာ အရိုအသေ ပေးမည့်ဟန် ပြင်စဉ် မမြင်ရသော အားတစ်ခုက သူ့အား ဝန်းရံလာပြီး လေးစားသမှု ပြဖို့ ခန္ဓာကိုယ်ကို အောက်ဘက် ကိုင်းညွှတ်၍ မရသလို ခံစားလိုက်ရသည်။ ထိုသည်က သူ့ကို မင်သက်သွားစေသည်။ သူသည် ဂိုဏ်းခေါင်းဆောင်အပေါ် လေးစားမှုလည်း ဖြစ်ပေါ်မိသွားသည်။

“မိတ်ဆွေလေးက ဂိုဏ်းထဲ ဝင်နိုင်ရုံသာမက အခြေခံတည်ဆောက်ခြင်းဆေးလုံး တလုံးကို ရဖို့လည်း အရည်အချင်း ပြည့်မှီတယ်။ ဂျူနီယာညီလေးယဲ့ကတော့ မိတ်ဆွေလေးဟာ ကိုယ်ရမယ့် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ပြန်ပေးအပ်မယ်လို့ ပြောတယ်တဲ့။ ဒီဆေးလုံးကို တစ်ယောက်ယောက်ကို ပေးပစ်မယ်ဆို။ ဒါ အမှန်ပဲလား…”

ခေါင်းဆောင်ကျုံးလင်းတောက်သည် ဝေ့ဝိုက်မနေဘဲ ဟန်လိကို ခန်းမထဲ ခေါ်ရသည့် ရယ်ရွယ်ချက်အား တိုက်ရိုက် ပြောလိုက်သည်။

“အမှန်ပါပဲ…ဂိုဏ်းခေါင်းဆောင်။ တပည့်ရဲ့ ပါရမီက နိမ့်ပါးလှတယ်လို့ ခံစားမိခဲ့ပါတယ်။ ဒါ့ကြောင့် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သံးစွဲပစ်တာဟာ ဖြုန်းတီးသလို ဖြစ်နေပါတယ်။ ဒါ့ကြောင့် ကျုပ်က ဒီအဖိုးတန် ဆေးလုံးကို ပိုပြီး လိုအပ်တဲ့ စီနီယာအစ်ကို တစ်ယောက်ကို ပေးမလို့ပါ…

ဟန်လိက ထိုစကားများကို ပြောပြီးသည့်နောက် သူ့စိတ်ထဲ၌ နာကျင်မှုကို ခံစားရသည်။ ဤသည်မှာ အခြေခံတည်ဆောက်ခြင်းဆေးလုံး မဟုတ်ပါလား။

လူတစ်ယောက်သည် အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ကျင့်ကြံခြင်းလောကအတွင်းသို့ ဖြန့်လိုက်ပါက သွေးလွှမ်းတိုက်ပွဲများဖြစ်ကာ ဗြောင်းဆန်ကုန်မည်မှာ မြေကြီးလက်ခတ် မလွဲပေ။ သူသည် သူ၏ ဆန်းကြယ်သောပုလင်းအပေါ် မှီခိုနိုင်သည် ဆိုသော်လည်း သူ့အနေဖြင့် အခြေခံတည်ဆောက်ခြင်း ဆေးလုံးကဲ့သို့ စိတ်ဝိညာဉ်ဆေးလုံးကို အပြစ်အနာဆာ ကင်းကင်း သန့်စင်နိုင်လိမ့်မည်ဟု ယုံကြည်မှု မရှိပေ။ ခုလေးတင် သူ ပြောခဲ့သော စကားများကမူ စိတ်ရင်းဖြင့် မဟုတ်ပေ။

သို့ပေမည့် အပြင်ပိုင်း၌ သူ့ပုံပန်းသွင်ပြင်ကမူ လုံးဝ နာခံပုံ ပေါက်နေ၏။ သည်ခန်းမထဲရှိ လူတော်တော်များများကို ကျေနပ်သွားစေသည်။

“ကောင်းတယ်…မိတ်ဆွေလေးဟန်…။ ကျုပ် ဂိုဏ်းခေါင်းဆောင်က လူငယ်လေးရဲ့ ဆုံးဖြတ်ချက်အပေါ် လက်ခံပါတယ်။ ကျုပ်က လူငယ်လေးအနေနဲ့ ခုလိုမျိုး အဖိုးတန်ပစ္စည်းကို အလကားသပ်သပ်တော့ စွန့်လွှတ်ခိုင်းမှာ မဟုတ်ပါဘူး…”

ထိုသို့ ပြောပြီးနောက် ကျုံးလင်းတောက်က ခေါင်းလှည့်ကာ အဘိုးအိုယဲ့ထံ လှမ်းကြည့်သည်။

“ဂျူနီယာညီလေးယဲ့။ မိတ်ဆွေလေးဟန်က သူ့ရဲ့ အခြေခံတည်ဆောက်ခြင်းကို မင်းရဲ့ မြေးအတွက် ပေးမယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ဂျူနီယာညီလေးယဲ့အနေနဲ့ မိတ်ဆွေလေးဟန်ရဲ့ ဆုံးရှုံးမှအတွက် ပြန်သိတတ်ရမယ်။ သူ့ကို ကျေနပ်အောင်လို့ ညီလေးယဲ့ လုပ်ပေးရမယ်…”

ကျုံးလင်းတောက်က အလေးအနက် ပြောလိုက်သည်။

“ဟားဟား…ဂိုဏ်းခေါင်းဆောင်…စိတ်ချနေပါ။ ကျုပ်အနေနဲ့ တူလေးဟန်ကို ကျိန်းသေပေါက် ကျေနပ်စေရပါမယ်…” အဘိုးအိုက သူ ဖြစ်ချင်သည့်အတိုင်း ကိစ္စရပ်များက ဖြစ်လာသည့်အတွက် ကျေနပ်ပျော်ရွှင်မိနေသည်။ သူက ထပ်ခါထပ်ခါ ခေါင်းဆောင် ကျုံးလင်းတောက်၏ စကားကို ထောက်ခံခြင်း ပြုနေ၏။

အဘိုးအိုယဲ့၏ အသွင်ဟန်ပန်ကို မြင်သည့်အခါ ကျုံးလင်းတောက်က ခပ်ရေးရေး ပြုံး၏။ သည်ခက်ခဲသော ပြဿနာမှာ မထင်မှတ်စွာဖြင့် လွယ်လွယ်ကူကူ ဖြေရှင်းပြီး သွားခဲ့လေပြီ။ နှစ်ဖက်လုံးမှာ ကျေနပ်မှု ရှိကြ၏။ ထို့ကြောင့် ခေါင်းဆောင်ကျုံးလင်းတောက်သည် စိတ်သက်သာရာ ရကာ သက်ပြင်းချနိုင်တော့သည်။

“အခြေခံတည်ဆောက်ခြင်းဆေးလုံးနဲ့ ပတ်သတ်လို့လည်း ဖြေရှင်းပြီးသွားပြီ ဆိုတော့ ဒီနေ့ကစပြီး မိတ်ဆွေလေးဟန်က ဂိုဏ်းတပည့်တစ်ယောက် ဖြစ်လာပြီ။ ဂျူနီယာညီလေးဝမ်…တူလေးဟန် နေဖို့ စီစဉ်ပေးလိုက်ပါ။ သူ့ကို တောင်ကြားရဲ့ စည်းမျဉ်းတွေကိုလည်း အကျဉ်းချုပ်‌ ပြောပြပေးလိုက်အုံး။ ဦးဆုံးအနေနဲ့ သူ့ကို ကျင့်ကြံခြင်းလက်သင်တပည့်အဖြစ် သတ်မှတ်ပေးလိုက်။ တိုးတက်မှု ဖြစ်စဉ် တခုခု ရှိလာခဲ့ရင် နောက်ထပ် ရာထူးထပ်တိုးပေးမယ်…”

ဂိုဏ်းခေါင်းဆောင် ကျုံးလင်းတောက်က ထိုသို့ ပြောလိုက်သည်။

“အမိန့်တိုင်းပါ…ခေါင်းဆောင်…” အကြီးအကဲဝမ်က ထရပ်ကာ ဂိုဏ်းခေါင်းဆောင်၏ အမိန့်များကို လက်ခံသည်။

ထို့နောက်တွင် အကြီးအကဲဝမ်သည် ဟန်လိကို ဒီခန်းမထဲကနေ ချက်ခြင်း ခေါ်လာပြီး အဝါရောင်မေပယ်တောင်ကြား၏ စည်းမျဉ်းများအကြောင်း ရှင်းပြ၏။ တခြား သိသင့်သိထိုက်သော ဗဟုသုတများကိုလည်း ပြောပြပေးသည်။ ဟန်လိသည် အာရုံစိုက်၍ နားထောင်နေ၏။ သူသည် ဒီတောင်ကြားနှင့် ပတ်သတ်၍ အနည်းနှင့်အများ ပို နားလည်လာခဲ့သည်။

အဝါရောင်မေပယ်တောင်ကြား၌ စုစုပေါင်း တပည့်တစ်သောင်းလောက် ရှိပေသည်။ ကိုးဆယ်ရာခိုင်နှုန်းမှာ ချီစုဆောင်းခြင်းအဆင့်၌ ရှိကြ၏။ အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်ရာချီလည်း ရှိ၏။ ထိုသူများသည် အဝါရောင်မေပယ်တောင်ကြား၏ ပင်မစွမ်းအားပင်။

သူတို့အထက်၌ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ရှိ၏။ အရေအတွက်ကမူ နည်းပါး၏။ သူတို့သည် တနှစ်ပတ်လုံး တံခါးပိတ်ကျင့်ကြံနေတတ်ပြီး တောင်ကြား၏ အရေးကိစ္စများကို စိတ်မဝင်စားကြပေ။ အဝါရောင်မေပယ်တောင်ကြား၏ သေရေးရှင်ရေး ကိစ္စတခုခု ဖြစ်မလာပါက ဂိုဏ်းခေါင်းဆောင်ဝမ်သည်ပင် ထိုသူတို့၏ မျက်နှာများကို ပုံမှန်အားဖြင့် မြင်တွေ့ရလေ့ မရှိပေ။

တောင်ကြား၏ တစ်ယောက်တည်းသော စဦးစိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူမှာ ခေါင်းဆောင်ကျုံးနှင့် တခြားသူများ၏ ဘိုးဘေးပင်။ ထိုသူမှာ အသက်ကိုးရာလောက် ရှိပြီဟု ဆို၏။ သူ၏ မှော်စွမ်းအားသည် မခန့်မှန်းနိုင်လောက်အောင် နက်ရှိုင်းရုံသာမက သူ၏ တာအိုပညာရပ်များမှာလည်း လေးနက်ထည်ဝါသည်။ သူ၏ စဦးစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာနိုင်ကာ လီတစ်သောင်းထိ စိတ်ဖြင့် ခရီးသွားလာနိုင်စွမ်း ရှိသည်။ သူသည် ဒီမြေကမ္ဘာ၏ အစစ်အမှန်အင်မောတယ်တစ်ယောက်ပင်။ သို့သော် ထိုအကြီးအကဲက တောင်ကြားထံမှ ထွက်သွားခဲ့တာ ကြာမြင့်ခဲ့ပေပြီ။ ယွဲ့ဒေသအတွင်း၌ပင် မရှိတော့ပေ။ သူသည် တခြားသော တိုင်းပြည်ဒေသမျိုးစုံသို့ ခရီးနှင်ဖို့ ထွက်သွားခဲ့ပြီ ဖြစ်၏။ ဘယ်အချိန် သူ တောင်ကြားကို ပြန်ရောက်လာမည်အား မည်သူမျှ မသိကြပေ။

ချီစုဆောင်းခြင်းအဆင့် တပည့်များသည် တောင်ကြား၌ အရေအတွက် များလှ၍ သူတို့အားလုံးအဖို့ အခြေခံတည်ဆောက်ခြင်း ပေးနိုင်ဖို့မှာ ဂိုဏ်းအတွက် မဖြစ်နိုင်ပေ။ ပါရမီအကောင်းဆုံးနှင့် ထူးချွန်တပည့်များသည်သာ အခွင့်ထူးခံ ရနိုင်စွမ်း ရှိကြ၏။

ထို့ကြောင့် ဆယ်နှစ်တကြိမ်တိုင်း အသက်သုံးဆယ်အောက်ရှိ လူငယ်တပည့်များကြား အပြိုင်အဆိုင်များ၊ ရွေးချယ်မှုများ အဆက်မပြတ် ရှိကြ၏။ သည်ပြိုင်ဆိုင်မှုများက အပြင်ဘက်ရှိ အင်မောတယ်အထက်ဘုံစုဝေးပွဲလောက်တော့ မပြင်းထန်၊ မကြမ်းတမ်းပါ။ ချီစုဆောင်းခြင်း အဆင့်ဆယ့်တစ် သို့မဟုတ် ဆယ့်နှစ်သို့ ရောက်အောင် ကျင့်ကြံနိုင်သော ပါရမီရှိသူများသာ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို ရဖို့ အရည်အချင်း ပြည့်မှီနိုင်ကြ၏။

ထိုရွေးချယ်ခံ အကောင်းဆုံး တပည့်ရာချီထဲမှာပင် နှစ်ဆယ်၊သုံးဆယ်လောက်သာ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သောက်ပြီးနောက် အဆင့်ချိုးဖျက်နိုင်ကြ၏။ ကျန်သည့်သူများကမူ သူတို့၏ စွမ်းအားသည် တိုးတက်လာပြီး ချီစုဆောင်းခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ကြ၏။ သို့သော် သူတို့သည် ထိုအဆင့်ကို လုံးဝ မချိုးဖျက်နိုင်ကြတော့ပေ။

တောင်ကြားရှိ တပည့်များကို သုံးမျိုးသုံးစား ခွဲထား၏။

အဆင့်နိမ့်ဆုံးမှာ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို မရရှိနိုင်သော သူများပင်။ ထိုသို့သော တပည့်အရေအတွက်မှာ များလှ၏။ သူတို့၏ စွမ်းအားမှာလည်း နက်ရှိင်းခြင်း မရှိကြပေ။ ထိုသူများသည် သာမန်လုပ်ငန်းတာဝန်များကို လုပ်ရ၏။ ကျန်သည့် အချိန်များတွင်သာ ကျင့်ကြံရသည်။ သို့သော် သူတို့သည် တောင်ကြား၌ အဆင့်နိမ့်ဆုံး ဖြစ်သော်လည်း သူတို့ကို သတ်မှတ်ထားသော အမည်ကမူ တခမ်းတနားတော့ ရှိသည်။ သည်လို တပည့်များကို ဂုဏ်ထူးဆောင်တပည့်များဟု ခေါ်ကြသည်။

အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို ရရှိပြီးသော်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်သို့ မဝင်ရောက်နိုင်သော တပည့်များလည်း ရှိကြ၏။ သူတို့၏ စွမ်းအားက ဂုဏ်ထူးဆောင်တပည့်များထက် များစွာ ပိုသာသည်။ သူတို့က အလယ်အဆင့် ကျင့်ကြံခြင်း ပညာရပ်အချို့ကိုပင် အသုံးပြုနိုင်စွမ်း ရှိသည်။ သို့ဖြစ်၍ သူတို့သည် ဂုဏ်ထူးဆောင်တပည့်များကို အုပ်ချုပ်ရသော သူများ ဖြစ်လာ၏။ သူတို့ကို တပည့်ခေါင်းဆောင်များဟု ခေါ်ကြ၏။

အဆင့်အတန်းအမြင့်ဆုံး တပည့်များမှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်ပြီးသူများပင်။ သူတို့ကို အစစ်အမှန်အင်မောတယ်များဟု သတ်မှတ်ကြ၏။ အင်မောတယ်လမ်းကြောင်းကို ခြေချနိုင်သော ကျွမ်းကျင်သူများဟု သတ်မှတ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်သော သူများကမူ စိတ်ဝိညာဉ်ချီ ပေါကြွယ်သော နေရာကို ရှာ၍ တကိုယ်တည်း ကျင့်ကြံဖို့ အင်မောတယ်လှိုဏ်ဂူများကို ဖန်တီးကြ၏။ ထို့အပြင် သူတို့သည် နှစ်စဉ်တိုင်း သတ္တုအမျိုးအမည်များစွာ၊ စိတ်ဝိညာဉ်ကျောက်တုံးများစွာကို အထောက်အပံ့ ရကြ၏။ သူတို့၏ ကျင့်ကြံမှု ပိုမို အဆင့်တက်နိုင်ရန်အတွက်ပင်။ သူတို့၏ တခုတည်းသော တာဝန်မှာ ဂိုဏ်းက ရန်သူကြီးများနှင့် ရင်ဆိုင်ရချိန်တွင်သာ အကူအညီပေးရန် ဖြစ်၏။

အဝါရောင်မေပယ်တောင်ကြား၏ ထိုတပည့်များအပြင် ဂိုဏ်းကို ထိန်းချုပ်သော အစစ်အမှန်စွမ်းအားဖြင့် အကြီးအကဲများလည်း ရှိကြ၏။ ထိုအကြီးအကဲများမှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ဝင်ရောက်ပြီးသော တပည့်များပင်။ သူတို့က အချိန်များစွာ ကျင့်ကြံပြီးနောက် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ မတက်လှမ်းနိုင်သူများ ဆိုလည်း ဟုတ်သည်။ သူတို့သည် သူတို့၏ ကျင့်ကြံမှုအဆင့် မတိုးတက်တော့သည်ကို သိပါက ကျင့်ကြံခြင်းကို လက်လွှတ်ကာ ဂိုဏ်း၏ အရေးကိစ္စများကို ဆောင်ရွက်ကြသည်။

အဘိုးအိုယဲ့နှင့် ပင်မခန်းမအတွင်းရှိ တခြားလူဆယ်ယောက်ကျော်မှာ ထိုသို့သော အကြီးအကဲများပင်။

ဂိုဏ်းခေါင်းဆောင်ကျုံးလင်းတောက်မှာလည်း ထိုအထဲတွင် ပါ၏။ သူက အဆင့်အတန်းမြင့်သော အကြီးအကဲမည်၏။ သို့ပေမည့် သူသည် ဂိုဏ်း၏ အရေးကိစ္စအားလုံးကို စီမံရပြီး ကျန်အကြီးအကဲအားလုံး၏ ခေါင်းဆောင်ပင်။

ဂိုဏ်း၏ သေရေးရှင်ရေးနှင့် ပတ်သတ်သည့် အစစ်အမှန် ဆုံးဖြတ်ချက်များကိုမူ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူများက ချမှတ်ပေသည်။ သူတို့၏ တည်ရှိမှုကြောင့် အဝါရောင်မေပယ်တောင်ကြားသည် မဟာကျင့်ကြံခြင်းဂိုဏ်းကြီး ခုနစ်ဂိုဏ်းထဲ၌ တခု ပါဝင်နေခြင်းတည်း။ မကောင်းသော အကြံရှိသူများကလည်း ဒီတောင်ကြားကို လာမတိုက်ခိုက်ဝံ့ကြခြင်းပင်။ မဟုတ်ပါက အဝါရောင်မေပယ်တောင်ကြားသည် မှော်စွမ်းအား မြင့်မားသည့် မကောင်းဆိုးဝါး ကျင့်ကြံသူများကြောင့် အကြိမ်ကြိမ် ပျက်စီးနှင့်ခဲ့လောက်ပြီ ဖြစ်၏။

ထိုသတင်းအချက်အလက်များကို အကြီးအကဲဝမ်က တိုက်ရိုက် ပြောပြခဲ့တာ မဟုတ်ပေ။ ဟန်လိက အကြီးအကဲဝမ်၏ စကားများထံမှ သူ့ဟာသူ စဉ်းစား၍ ကောက်ချက် ချမိတာ ဖြစ်၏။

သို့ဖြစ်၍ ဟန်လိသည် သူ၏အဆင့်နှင့် သူ့ပတ်ဝန်းကျင်အကြောင်းကို ကောင်းကောင်း နားလည်သွားပေပြီ။ နောက်ပိုင်း၌ ရောင်းရင်းဂိုဏ်းဖော် တပည့်များနှင့် ဆက်ဆံရချိန်တွင် သူ့အနေဖြင့် အသေးအမွှား အကူအညီများ ယူစရာ လိုတော့မည် မဟုတ်ပါ။

All Chapters