မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအို
Vol. 11 Ch. 148
အကြီးအကဲဝမ်က ဟန်လိကို သစ်ရွက်ပုံမှော်ပစ္စည်းပေါ်၌ ခေါ်တင်ကာ နှစ်နာရီလောက် ပျံသန်းလာ၏။ သူတို့က တောင်တန်း တနေရာထံ ဆင်းသက်လိုက်သည်။ ထိုနေရာမှာ အမိုးနိမ့်အိမ်များ ရှိနေ၏။ သည်အိမ်များကို တောင်များထံမှ ကျောက်တုံးကျောက်သားများ သုံးကာ တည်ဆောက်ထားခြင်းပင်။ ထိုအိမ်များထဲ၌ လူတစ်ဦးတေလေမျှ ရှိမနေပေ။ ယင်းတို့သည် ဗလာ ဖြစ်နေ၏။ သို့အတွက် ဟန်လိမှာ စဉ်းစားမရ ဖြစ်နေ၏။
“အံ့အားသင့် မသွားနဲ့။ ဒီအိမ်တွေထဲမှာ တကယ်ပဲ လူမရှိဘူး။ ဒီနေရာဟာ တပည့်အသစ်တွေ သူတို့ရဲ့ မှော်စွမ်းအား တိုးတက်လာတဲ့အထိ နေဖို့ တည်ဆောက်ပေးထားတာ။ ပြီးရင် သူတို့က ဒီကနေထွက်ပြီး တခြား တနေရာရာမှာ သွားနေဖို့ ရှာဖွေကြတယ်။ ဒီလိုပုံစံနဲ့ ဆယ်နှစ်လုံးလုံး လည်ပတ်နေတာ ဖြစ်တယ်။ အခုထိ တပည့်အသစ်တွေ ဂိုဏ်းကို ဝင်မလာသေးတဲ့အတွက်ကြောင့် ဒီအိမ်တွေမှာ လူမရှိဘဲ ဖြစ်နေတာ…”
အကြီးအကဲဝမ်က ဟန်လိကို သေချာ ရှင်းပြ၏။ ထိုအခါကျမျှ ဟန်လိက သေချာ သိသွားတော့သည်။
အကြီးအကဲဝမ်က ဟန်လိကို အိမ်များကြားသို့ လျှောက်လှမ်း၍ ခေါ်လာ၏။ အချိုးအကွေ့ များလှသဖြင့် ဟန်လိမှာ ခေါင်းပင် မူးနောက်နောက် ဖြစ်လာသည်။ ထို့နောက်တွင် သူတို့က တခြားသာမန်ကျောက်တုံးအိမ်များထက် ပိုကြီးသော အိမ်တခုရှေ့၌ ရပ်လိုက်၏။ သူက ဟန်လိကို များများစားစား ရှင်းပြမနေဘဲ ကျယ်လောင်စွာ အော်ခေါ်လိုက်၏။ “ဂျူနီယာညီလေးလင်း…တံခါးဖွင့်ပါအုံး။ ကျုပ် ပစ္စည်းပစ္စယတွေ ယူဖို့အတွက် တပည့်အသစ်တစ်ယောက် ခေါ်လာခဲ့တယ်…”
အကြီးအကဲဝမ်၏ အော်သံ ဆုံးသည့်နောက် တံခါးပွင့်လာ၏။ အကြီးအကဲဝမ်က ချက်ခြင်း အိမ်ထဲသို့ လှမ်းဝင်၏။ ဟန်လိက တွန့််ဆုတ်နေသေး၏။ ထို့နောက် သူလည်း အိမ်ထဲ လိုက်ဝင်လာသည်။
အိမ်အတွင်းပိုင်းသည် အပြင်ပိုင်းမြင်ရတာထက် ပို၍ ကျယ်ကျယ်ပြန့်ပြန့် ရှိ၏။ ဟန်လိသည် ထိုအိမ်အကြောင်း သိချင်စိတ် ဖြစ်မိနေ၏။
သို့သော် အိမ်အတွင်းရှိ အခြေအနေက တမျိုးတမည် ခံစားမိစေ၏။ သည်အိမ်ထဲ၌ ရှုပ်ပွနေသောကြောင့်ပင်။
ပစ္စည်းမျိုးစုံ ပွကြဲနေ၏။ အဝတ်အစားတချို့၊ ဓားတို၊ဓားရှည်ကဲ့သို့ လက်နက်အချို့လည်း ရှိ၏။ သို့သော် ထိုလက်နက်များထံမှ စိတ်ဝိညာဉ်စွမ်းအင်များ ပေးစွမ်းနေ၏။ ယင်းတို့မှာ အတော်လေး ကောင်းမွန်သော မှော်ပစ္စည်းများ ဖြစ်မည့်ပုံပင်။
ထိုအရာများအပြင် နေ့စဉ်သုံး ဂေါ်ပြားများ၊ တူများလည်း ရှိသေး၏။ ထိုပစ္စည်းများထံမှလည်း အားကောင်းသော စိတ်ဝိညာဉ်စွမ်းအားကို ပေးစွမ်းနေသည်။ ထိုသည်တို့ကို မြင်ရသည့်အခါ ဟန်လိမှာ အမြင်ကျယ်ရသည်။ သည်လို ပစ္စည်းများက မည်သို့သော သက်ရောက်မှု ရှိနေသနည်း။
အိမ်အလယ်တည့်တည့်တွင် ထောင့်စွန်းရှစ်ခုနှင့် စားပွဲတခု ရှိ၏။ တံခါးကို မျက်နှာမူကာ ထိုစားပွဲနောက်၌ မီးခိုးရောင်ဝတ်စုံဖြင့် အဘိုးအိုတစ်ယောက် ထိုင်နေသည်။ သူ့ဆံပင်တို့မှာ ရှုပ်ပွနေ၏။ ထိုအဘိုးအိုသည် အိမ်ထဲ ဝင်လာသော သူတို့နှစ်ယောက်ကို လစ်လျူရှုထားပြီး သူ့လက်ထဲရှိ လက်ဝါးအရွယ်ခန့် အဝါရောင်သစ်သားကိုသာ ဓားငယ်လေးဖြင့် အာရုံစိုက်၍ ထွင်းထုနေသည်။
အကြီးအကဲဝမ်က ထိုသည်ကို မြင်သည့်အခါ မျက်မှောင်အနည်းငယ် ကြုံ့သွား၏။ သို့သော် သူ့မျက်နှာအမူအရာမှာ ချက်ခြင်း ပုံမှန် ပြန်ဖြစ်သွားသည်။ သူသည် ရှေ့ဆက်မလျှောက်၊ ထိုအဘိုးအို၏ အလုပ်ကိုလည်း မနှောက်ယှက်ဘဲ အခန်းထောင့်မှ ခုံတခုကို ဆွဲယူပြီး အဘိုးအို၏ မျက်နှာချင်း ဆိုင်တွင် ထိုင်ကာ သစ်သားထွင်းထုခြင်း ပြီးသည့်အထိ ငြိမ်ငြိမ်သက်သက် စောင့်နေသည်။
ဟန်လိသည် ဒီအခြေအနေကို မြင်သည့်အခါ မျက်တောင် ပေကလတ်ပေကလတ် ဖြစ်သွား၏။ သူသည် စကားတခွန်းမှ မဆိုဘဲ အကြီးအကဲဝမ်၏ နောက်တွင်သာ ရပ်နေ၏။
မီးခိုးရောင်ဝတ်စုံအဘိုးအို၏ လက်များက လေအလျင် မြန်ဆန်သွက်လက်လှ၏။ သူ့လက်ချောင်းများကြားမှ သစ်သားစများ ကျနေသည်။ ဆယ့်ငါးမိနစ်လောက် ကြာသည့်နောက် ထိုအဘိုးအို၏ လက်ထဲ၌ အသက်ဝင်လှသော မျောက်ငယ်ပုံ သစ်သားပန်းပု ပုံစံ ပေါ်လာသည်။
“ညီလေးလင်းရဲ့ ပန်းပုပညာက အတော်လေး တိုးတက်လာခဲ့တာပဲ…” အကြီးအကဲဝမ်က ပြုံး၍ ချီးကျူး ပြောဆို၏။
“ဘာမှ အထင်ကြီးစရာ မရှိဘူး။ ကျုပ်က ဒီအတိုင်း အချိန်ဖြုန်းနေတာ။ အစ်ကိုဝမ်က ဘယ်ကနေ ဘယ်လိုကြောင့် ကျုပ်ရဲ့ နိမ့်ကျတဲ့အိမ်ကို ရောက်လာခဲ့ရတာလဲ…”
မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုက အရေးမစိုက်သောလေသံဖြင့် ပြောလိုက်၏။ သို့သော် သူ့အကြည်ကမူ ဟန်လိထံ ရောက်နေ၏။ သူက ဟန်လိတို့နှစ်ယောက် သူ့အိမ်ကို ရောက်လာသည့်အကြောင်းရင်းအား ခန့်မှန်းမိပြီး ဖြစ်ပုံ ရ၏။
“အရေးတကြီးတော့ မဟုတ်ပါဘူး။ ကျုပ်အနေနဲ့ ဂိုဏ်းကို ဝင်လာတဲ့ တပည့်အသစ်တွေအားလုံး ရရှိရမယ့် အသုံးအဆောင်တွေကို တူလေးဟန်အတွက် လာယူချင်ရုံပါ…” သူက ပြုံး၍ ပြန်ဖြေ၏။
“အင်မောတယ်အထက်ဘုံစုဝေးပွဲက တပည့်သစ်တွေအားလုံး သူတို့ရဲ့ အသုံးအဆောင်တွေကို ယူပြီးပြီ မဟုတ်ဘူးလား။ အခု ဘယ်ကနေဘယ်လို နောက်တစ်ယောက် ထပ်ရောက်လာတာလဲ။ သူ့ပါရမီကလည်း စုတ်ပြတ်နေတာပဲ။ ကျုပ်တို့ ခေါင်းဆောင်ကျုံးရဲ့ စံချိန်စံနှုန်းတွေက တကယ်ပဲ နိမ့်ကျသွားပြီလား။ သူက ဒီလို ပါရမီညံ့လှတဲ့တယောက်ကိုတောင် ဂိုဏ်းထဲမှာ လက်ခံနေပြီလား…”
ထိုမီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုသည် ဟန်လိရှေ့မှာပင် သူ ပြောချင်တာကို ပြောလာ၏။ သူ့လေသံအရ ဂိုဏ်းခေါင်းဆောင်ကျုံးကို မလေးစားသည့်ပုံ ပေါက်နေသည်။
ထိုသည်ကို ကြားသည့်အခါ နေရထိုင်ရခက်သွား၏။ အကြီးအကဲဝမ်လည်း မချိပြုံး ပြုံးလိုက်ရ၏။
သူက အတိတ်တုန်းက ဖြစ်ခဲ့သော ကိစ္စကြောင့် ဒီဂျူနီယာညီလေးလင်းသည် သူတို့၏ စီနီယာအစ်ကို၊ ခေါင်းဆောင်ကျုံးအပေါ် ရန်ငြှိုးထားနေတုန်း ဖြစ်သည်ကို သိ၏။ သို့သော် ဟန်လိကဲ့သို့ ဂျူနီယာတစ်ယောက်ရှေ့မှာ သူက ခုလိုပုံစံမျိုး ပြောနေလေ၏။
အကြီးအကဲဝမ်က ချောင်းအနည်းငယ် ဟန့်ကာ စကားလမ်းကြောင်း လွှဲ၏။ “ညီလေးလင်း…ဒီတူလေးဟန်က အင်မောတယ်အထက်ဘုံတံဆိပ်ပြားကို ယူလာပြီး ကျုပ်တို့ အဝါရောင်မေပယ်တောင်ကြားကို ဝင်ရောက်လာခဲ့တာ။ ဒါ့ကြောင့် သူ့ပါရမီက အရေးမကြီးဘူး။ ကျုပ်တို့ဂိုဏ်းက ကတိတည်ဖို့ပဲ အရေးကြီးတာ…”
“အင်မောတယ်အထက်ဘုံတံဆိပ်ပြား…” မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအိုသည် အတော်လေး အံ့အားသင့်သွားကာ ဟန်လိကို ထပ်ကြည့်သည်။
“အစ်ကိုဝမ် ပြောတဲ့အတိုင်းဆိုရင် ဒီကောင်လေးက အတော်လေး ကံကောင်းတာပဲ။ သူက အခြေခံတည်ဆောက်ခြင်းဆေးလုံးကိုတောင် ရအုံးမှာ မလား…”
ထိုအဘိုးအိုက လေသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ ဟန်လိကို ကြည့်နေသော သူ၏အကြည့်မှာ “ကောင်လေး၊ မင်း တော်တော်ကံကောင်းတဲ့ ခွေးကောင်ပဲ” ဟု အဓိပ္ပာယ် ရသည်။
“ဟားဟား…ပုံမှန်ဆိုရင်တော့ အဲ့လိုပေါ့။ ဒါပေမဲ့ တူလေးဟန်နဲ့ အစ်ကိုယဲ့တို့က သဘောတူညီမှု တခု ရခဲ့တယ်။ သူက အခြေခံတည်ဆောက်ခြင်းဆေးလုံးကို လိုလိုလားလား ပြန်ပေးမယ်လို့ ဆိုတယ်…” အကြီးအကဲဝမ်က ပြုံး၍ ပြောပြ၏။
“အခြေခံတည်ဆောက်ခြင်းဆေးလုံးကို လက်လွှတ်တာလား…” ထိုအဘိုးအိုသည် အစပိုင်း၌ အံ့အားသင့်သွား၏။ သို့သော် မည်သည့်အတွက်ကြောင့်မှန်း မသိရသော အကြောင်းရင်း အချို့ကြောင့် သူ့မျက်နှာမှာ ချက်ခြင်း မဲမှောင်သွား၏။ တအောင့်ကြာ တိတ်ဆိတ်သွားပြီးနောက် သူက ဟန်လိကို ပြောလိုက်၏။
“သူက ဒီဆေးလုံးကို လက်လွှတ်တာဟာ ကောင်းတယ်။ လူတွေအတွက် အရေးကြီးဆုံးက ကိုယ့်အဆင့်ကိုယ် သိဖို့ပဲ။ ဘယ်အချိန် လက်လွှတ်ရမလဲ၊ ဘယ်အချိန် အရပြန်ယူရမလဲကို ဒီအသက်အရွယ်လေးနဲ့ သိနေတယ်ဆိုတော့ ဒီအရည်အချင်းမှာ သူက ငါ့ထက် သာနေပြီ…”
မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအို၏ မျက်နှာသွင်ပြင်ထက်တွင် အထီးကျန်နေပုံ ပေါက်၏။ သူ့မျက်လုံးထဲရှိ မူလတုန်းက အေးတိအေးစက်နိုင်မှုမှာလည်း ကြင်နာဟန် ဖြစ်လာသည်။
သို့သော် ဟန်လိသည် ထိုအဘိုးအို၏ စကားကို ကြားသည့်အခါ သူသည် စိတ်ရှုပ်ထွေးမိသွား၏။ ထိုအဘိုးအို၏ စကားကို သူ့စိတ်ထဲကနေလည်း လက်မခံနိုင် ဖြစ်မိသည်။
“ကိုယ့်အဆင့်ကိုယ် သိတာလား။ ကျုပ်မှာ ရွေးချယ်စရာ မရှိတဲ့အတွက်ကြောင့်သာ ဒီလို အဖိုးတန်ဆေးလုံးကို လက်လွှတ်လိုက်ရတာ။ အဲ့လိုသာမဟုတ်ရင် ဘယ်သူကများ ဒီလိုဆေးလုံးမျိုးကို လက်လွှတ်ပါ့မလဲ…”
ဟန်လိသည် စိတ်ထဲ၌ အထွန့်တက်နေမိစဉ် ထိုအဘိုးအိုသည် ရုတ်တရက် မျက်နှာတည်ကာ ထရပ်လာသည်။ သူက သူ့လက်နှစ်ဖက်ကို ပေါ့ပေါ့ပါးပါး အသုံးပြု၍ သူ့ဘေးပတ်လည်ရှိ နေရာလွတ်ကို အဆက်မပြတ် ကုတ်ဆွဲဟန် ပြုသည်။ ရုတ်တရက် သူ့လက်ထဲ၌ ပစ္စည်းတခု ပေါ်လာသည်။ တခြားပစ္စည်းများလည်း ဆက်တိုက် ထွက်ပေါ်လာ၏။ ထိုဖြစ်စဉ်က ဟန်လိကို အံ့အားသင့်မိစေသည်။
“အဝါရောင်ပိုးသားအင်္ကျီ၊ အဇူရာသစ်ရွက်မှော်ပစ္စည်း၊ နေ့စဉ် သန့်စင်ဖော်စပ်တဲ့ ပစ္စည်းတစုံ၊ နေဓား၊ လဓား၊ ဆယ်စသိုလှောင်အိတ်…”
ထိုအဘိုးအိုက သူ့လက်ထဲ၌ ပေါ်လာသော ထိုပစ္စည်းများကို အေးတိအေးစက် စာရင်းပြုစုပြီး စားပွဲပေါ် တင်လိုက်သည်။
“ကဲ ပစ္စည်းတွေစုံပြီ။ ကောင်လေး…ဒါတွေကို ယူသွားတော့။ အစ်ကိုဝမ်က အလုပ်ရှုပ်တဲ့သူပဲ။ ဒါ့ကြောင့် ကျုပ်အိမ်မှာ မနေနေခိုင်းတော့ဘူး။ ကျေးဇူးပြုပြီး ခင်ဗျား ကိုယ်တိုင် ကြည့်လိုက်ပါအုံး…”
ထိုသို့ ပြောပြီးနောက် အဘိုးအိုသည် သူ့ရင်ဘက်ထဲမှ နောက်ထပ်သစ်သားပိုင်း တခုကို ထုတ်ကာ ထပ်မံ ထွင်းထုပြန်သည်။ သူက သူ့ရှေ့မှ ဟန်လိတို့နှစ်ယောက်ကို အရေးမစိုက်တော့ပေ။
ထိုသည်ကို မြင်သည့်အခါ အကြီးအကဲဝမ်သည် သက်ပြင်းချမိ၏။ သူက တခြားစကားများ ပြောမနေဘဲ ဟန်လိကို ဒီပစ္စည်းများအား ကောက်ယူရန် ပြောလိုက်၏။ သူတို့နှစ်ယောက်က ဒီအိမ်ထဲကနေ ထွက်သွားသည်နှင့် တံခါးသည် ကျယ်လောင်သော မြည်သံနှင့်အတူ အလိုလို ပြန်ပိတ်သွား၏။
အကြီးအကဲဝမ်သည် ပိတ်သွားသော တံခါးကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူက ဟန်လိနှင့်အတူ ဒီနေရာကနေ ထွက်ဖို့ ဟန်ပြင်သည်။
“အို…မင်းက လက်နှစ်ဖက်တည်းနဲ့ ဒီလောက် ပစ္စည်းအများကြီးကို သယ်ဖို့ မလိုပါဘူး။ ဒါတွေကို မင်းရဲ့ သိုလှောင်အိတ်ထဲ ထည့်ယူရုံပဲ…” အကြီးအကဲဝမ်က တဖက်သို့ ပြန်လှည့်ကြည့်ရာ ဟန်လိသည် သူ့လက်နှစ်ဖက်ဖြင့် ပစ္စည်းများကို မနိုင်မနင်း ပွေ့ကာ သူ့ဘေး၌ ငနုံတစ်ကောင်ကဲ့သို့ ရပ်နေသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူက ဟန်လိကို အသိပေး ပြောဆိုလိုက်တာပင်။
ဟန်လိက အကြီးအကဲဝမ်၏ စကားကို ကြားသည့်နောက် သူ့လက်နှစ်ဖက်ထဲရှိ ပစ္စည်းများကို အောက်သို့ ချ၏။ ထိုပစ္စည်းများထဲမှ အဝတ်နက်အိတ်တခုကို ရှာသည်။ “ဒါက ဆယ်စသိုလှောင်အိတ်လား…” ဟန်လိသည် နည်းနည်း စိတ်ရှုပ်ထွေးမိနေသည်။
သူက ထိုအိတ်ကို ကောက်ယူကာ သေးငယ်လှသော အိတ်ပေါက်ဝကို ကြည့်၏။ ထို့နောက် ဓားများနှင့် တခြားပစ္စည်းများထံ အကြည့်ရောက်သွားပြန်သည်။ သူသည် ဒီပစ္စည်းများကို ခုလိုသေးငယ်သော အိတ်အဝထဲ မည်သို့ ထည့်ရမည်အား မသိဘဲ ဖြစ်နေသည်။
“မင်းက ခုမှ သိုလှောင်အိတ်ကို သုံးဖူးတာ ဖြစ်မယ်။ ကဲကဲ ဘယ်လို အသုံးပြုရလဲ ငါ ပြပေးလိုက်မယ်…”
အကြီးအကဲဝမ်က ဟန်လိ သိုလှောင်အိတ်ကို မသုံးတတ်သေး ဖြစ်နေတာကို နားလည်၏။ သူက လက်လှမ်းကာ သိုလှောင်အိတ်ကို ယူလိုက်သည်။
“မင်းအနေနဲ့ ဒီအိတ်ထဲ ပစ္စည်းတွေ ထည့်ချင်ရင် မှော်စွမ်းအားအချို့ကို အိတ်ထဲ ထည့်သွင်းလိုက်၊ ပြီးရင် ထည့်မဲ့ပစ္စည်းအပေါ် အာရုံစိုက်။ ဒါဆို အဲ့ပစ္စည်းက သူ့ဟာသူ အိတ်ထဲ ဝင်ရောက်သွားလိမ့်မယ်…” အကြီးအကဲဝမ်က ပြောလည်းပြောပြ၊ ကိုယ်တိုင်လည်း သရုပ်ပြပေးလိုက်သည်။
သူက အိတ်အဝထံ လက်ညွှန်၏။ သူ့လက်ထဲ၌ အဖြူရောင်အလင်း လင်းလက်သွားသည်။ တောက်ပသော အဖြူရောင်အလင်းတခုက အိတ်ထဲကနေ ထိုးထွက်ကာ မြေပေါ်ရှိ ပစ္စည်းများအား ဖုံးအုပ်သွား၏။ ထိုအလင်းအောက်ရှိ ပစ္စည်းအားလုံးသည် ချက်ခြင်း ကြုံ့သွားကာ အရွယ်အစားတခုထိ သေးငယ်သွားပြီးနောက် အိတ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ဘေးမှ ကြည့်နေသော ဟန်လိသည် အတော်လေး အံ့အားတသင့် ဖြစ်မိနေ၏။
“ဒီလို တူညီတဲ့ နည်းလမ်းနဲ့ပဲ မင်း လိုချင်တဲ့ ပစ္စည်းကို အိတ်ထဲကနေ ပြန်ထုတ်နိုင်တယ်။ မှော်စွမ်းအား ထည့်သွင်းပြီးရင် မင်း ပြန်ထုတ်ချင်တဲ့ ပစ္စည်းအပေါ် အာရုံစိုက်လိုက်ရုံပဲ…”
အကြီးအကဲဝမ်က ထိုသို့ ပြောကာ သိုလှောင်အိတ်ကို ဟန်လိထံ ပြန်ပေးလိုက်၏။
“ဒါပေမဲ့ သိုလှောင်အိတ်နဲ့ ပတ်သတ်လို့ စည်းမျဉ်းအချို့တော့ ရှိတယ်။ တူလေးဟန်…အဲ့တာတွေကိုတော့ မင်း သေချာ မှတ်ထားရမယ်..” အကြီးအကဲဝမ်သည် သူ့လက်နှစ်ဖက်ကို နောက်ပစ်လျက် အလေးအနက် ပြော၏။ သူ့စကားကို ကြားသည့်အခါ ဟန်လိသည် နာခံစွာ ခေါင်းညိတ်ပြ၏။
“ပထမဆုံးစည်းမျဉ်းက ဒီသိုလှောင်အိတ်ဟာ အရွယ်အစား တခု ရှိတဲ့ ပစ္စည်းတွေကိုပဲ ထည့်သိမ်းထားနိုင်တာ။ အရွယ်အစား ကြီးလွန်းတဲ့ ပစ္စည်းတွေ၊ ဒါမှမဟုတ် အရေအတွက် များလွန်းရင် ဒီအိတ်ရဲ့ စွမ်းဆောင်ရည် ဆုံးရှုံးသွားလိမ့်မယ်။ မင်းအနေနဲ့ ဒီအိတ်ထဲကို နောက်ထပ် ပစ္စည်းတွေ ထပ်ထည့်နိုင်စွမ်း ရှိမှာ မဟုတ်တော့ဘူး…”
“နောက်ထပ် စည်းမျဉ်းကတော့ ဒီအိတ်ထဲမှာ သက်ရှိတွေကို မထည့်ထားနိုင်ဘူး။ မင်းအနေနဲ့ သက်ရှိတစ်ကောင်ကို အဲ့အိတ်ထဲ ထည့်လိုက်တာနဲ့ အဲ့သက်ရှိဟာ သေသွားမှာ သေချာတယ်…”
“နောက်ဆုံးစည်းမျဉ်းကတော့ အရေးကြီးဆုံးပဲ။ မင်း စိတ်ထဲမှာ စွဲမြဲနေအောင် မှတ်ထားပါ။ အဆင့်နိမ့် သိုလှောင်အိတ်တွေဟာ သူတို့ရဲ့ ပိုင်ရှင်ကို သိရှိနိုင်တဲ့ စွမ်းရည် မရှိကြဘူး။ ဒါ့ကြောင့် မင်းရဲ့ သိုလှောင်အိတ်ကို ခိုးယူခံရရင် အထဲက ပစ္စည်းတွေလည်း ပါသွားပြီသာ မှတ်လိုက်တော့။ ဒါ့ကြောင့် မင်းအနေနဲ့ တခြားကျင့်ကြံသူတွေ ရှေ့မှာ ဒီသိုလှောင်အိတ်ကို လွယ်လွယ်မဖွင့်နဲ့။ ဒါကို ကောင်းကောင်း သိုဝှက်ပြီး သိမ်းထားရမယ်။ မဟုတ်ရင် မင်း အနေနဲ့ ဒုက္ခတွေကို မီးထွန်းရှာမိသလို ဖြစ်သွားနိုင်တယ်…”