ဂိုဏ်း၏ လုပ်ငန်းတာဝန်များ
Vol. 11 Ch. 149
ဟန်လိက အကြီးအကဲဝမ်၏ စကားများကို သေချာမှတ်ထားလိုက်သည်။
“မင်းက အခု ရသင့်တဲ့အရာတွေ အကုန်လုံး ရပြီဆိုတော့ ငါနဲ့အတူ ကျင့်ကြံခြင်းလမ်းညွှန်အဆောက်အအုံကို သွားကြည့်ရအောင်…”
အကြီးအကဲဝမ်က ထိုသို့ ပြောပြီးနောက် ဟန်လိကို ပျံသန်းခြင်းမှော်ပစ္စည်းပေါ် တင်ခေါ်ကာ ပျံသန်းလာသည်။
ထိုသို့ ပျံသန်းခြင်းဖြင့် သူတို့သည် ခရီးပိုမြန်မြန် သွားနိုင်၏။ တအောင့်အကြာတွင် သူတို့က တောင်ခြေတခုသို့ ရောက်လာ၏။ ထိုတောင်ခြေ၌ ကျောက်သားအဆောက်အဦကြီး တခု တည်ရှိသည်။ ယင်းအဆောက်အဦ၏ရှေ့ ကျောက်ပြားသင်္ကေတပေါ်၌ ကျင့်ကြံခြင်းလမ်းညွှန်အဆောက်အဦ ဟု ရွှေရောင်စာလုံးများဖြင့် ရေးထိုးထားသည်။ သည်အဆောက်အဦ အနီးအနားတွင် ဝင်ချည်၊ထွက်ချည် ရှိနေသော ငယ်ရွယ်သည့် တပည့်အချို့လည်း ရှိနေကြ၏။
အကြီးအကဲဝမ်က သည်တကြိမ်၌ မည်သည့်စကားမျှ မဆို၊ သည်အတိုင်း ရှေ့က ဦးဆောင်ကာ လျှောက်လာသည်။ ဟန်လိက သူ့နောက်မှ ကပ်လိုက်လာ၏။ တပည့်အချို့က အကြီးအကဲဝမ်ကို သိကြသည်။ သူတို့က သူ့ကို တလေးတစား အရိုအသေပေးကာ နှုတ်ဆက်သည်။ ကြည့်ရသည်မှာ ဒီအကြီးအကဲဝမ်သည် အဝါရောင်မေပယ်တောင်ကြား၌ ဂုဏ်သတင်းကောင်းမွန်ပုံ ရသည်။
အဆောက်အဦထဲ ဝင်လာပြီးနောက် ဟန်လိက သည်အဆောက်အဦ၏ အနောက်ဘက်ခြမ်း တဝက်ကျော်သည် တောင်အတွင်းပိုင်းထဲထိ ချဲ့ဝင် တည်ဆောက်ထားသည်ကို မထင်မှတ်စွာ တွေ့လိုက်ရသည်။ ၎င်း၏အတွင်းပိုင်းက ကျယ်ပြောလှ၏။ ကျောက်တံခါးများက ဘေးတဖက်တချပ်တွင် ရှိနေပြီး ထိုတံခါးများကို ဖြတ်၍ ဂိုဏ်းတပည့်များက ဝင်လိုက်၊ထွက်လိုက် လုပ်နေသည်။
ဟန်လိက သေချာ ကြည့်နေစဉ်မှာပင် အကြီးအကဲဝမ်က ညာဘက်ခြမ်းရှိ တတိယမြောက်တံခါးကို တွန်းဖွင့်ကာ ရှေ့ကနေ ဝင်သွား၏။ ဟန်လိလည်း ချီတုံချတုံ ဖြစ်သွား၏။ သူ လိုက်ဝင်ရမည်လား၊ မဝင်ရမည်လားကို မသိဘဲ ဖြစ်နေခြင်းပင်။
“ဝင်လာခဲ့…” အကြီးအကဲဝမ်က တံခါးအတွင်းဘက်ကနေ ဟန်လိကို လှမ်းခေါ်၏။
သည်အခန်းထဲတွင် လူများများစားစား ရှိမနေပေ။ အထဲ၌ အသက်သုံးဆယ်ဝန်းကျင် တပည့်တစ်ယောက် ရှိနေ၏။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် အကြီးအကဲဝမ်၏ ဘေးတွင် ရပ်နေသည်။ ဟန်လိ ဝင်လာသည်ကို မြင်သည့်အခါ သူက ဖော်ရွှေစွာ ပြုံးပြသည်။
“သူက ဝူဖန်ပဲ။ သူဟာ တပည့်အသစ်တွေရဲ့ ကျင့်ကြံခြင်းပညာရပ်အတွက် တာဝန်ယူထားရတဲ့သူ။ မင်း နောင်ကျလို့ ကျင့်ကြံခြင်းနဲ့ ပတ်သတ်ပြီး ဘာပဲ မေးချင်မေးချင် သူ့ကို လမ်းညွှန်ပေးဖို့ တောင်းဆိုနိုင်တယ်။ စဦးကျင့်ကြံခြင်း ပညာရပ်တွေအပေါ် နားလည်မှုမှာတော့ ဝူဖန်က ထိပ်ဆုံးဆယ်ယောက်ထဲ ပါတယ်…”
အကြီးအကဲဝမ်က ထိုဝူဖန်ဆိုသူကို ချီးကျူးပြောဆိုလိုက်သည်။
“အနာဂတ်မှာ စီနီယာဝူက ကျုပ်ကို အများကြီး လမ်းညွှန်ပေးဖို့ မျှော်လင့်ပါတယ်…”
ဟန်လိသည် တလေးတစား နှုတ်ဆက်သည်။ သူသည် ထိုသူမှာ နောင်၌ သူ၏ ကျင့်ကြံခြင်းပညာရပ်နှင့် ပတ်သတ်ပြီး ဆရာ ဖြစ်လာမည်ကို ကောင်းကောင်း သဘောပေါက်သည်။ သူ့အနေဖြင့် မလေးမစား ဘယ်နေဝံ့ပါ့မည်နည်း။
“ဟားဟား…အကြီးအကဲက ကျုပ်ကို မြှောက်နေပြီ။ တကယ်တော့ ကျုပ်က ကျင့်ကြံခြင်းပညာရပ်တွေနဲ့ ပတ်သတ်ပြီး နက်နက်ရှိုင်းရှိုင်း မသိထားပါဘူး။ အပေါ်ယံပါဘဲ။ ကျုပ်က ကျင့်ကြံခြင်းအပေါ် နားလည်ဖို့အတွက် ဂျူနီယာညီလေးကလည်း အပြန်အလှန် ထောက်ပြလမ်းညွှန်ပေးပါ…”
“တူလေးဝူ….ကျင့်ကြံခြင်းပညာရပ်တွေနဲ့ ပတ်သတ်ပြီး မင်းရဲ့ ဗဟုသုတကို ငါ ကောင်းကောင်း နားလည်တယ်။ ဒါ့ကြောင့် တအား နှိမ့်ချနေဖို့ မလိုဘူး။ ငါ့အနေနဲ့ တူလေးဟန်ရဲ့ ကျင့်ကြံခြင်းပညာရပ်ကိစ္စကို မင်းရှိပဲ လက်လွှတ်ထားခဲ့လိုက်မယ်။ မင်းတို့နှစ်ယောက် သိကျွမ်းရအောင် ငါ သူ့ကို ခေါ်လာခဲ့တာ။ ပြီးရင် ငါ သူ့ကို တခြားနေရာတွေနဲ့ မိတ်ဆက်ပေးဖို့ ထပ်ခေါ်သွားပေးရအုံးမယ်… သူက ခုတော့ ဒီမှာ ကြာကြာ ရှိနိုင်အုံးမှာ မဟုတ်သေးဘူး…”
အကြီးအကဲဝမ်က တည့်တိုးဆန်သူပင်။ သူ ထိုသို့ ပြောဆိုပြီးနောက် စီနီယာအစ်ကိုဝူက အကြီးအကဲဝူနှင့် ဟန်လိတို့ကို တလေးတစား လိုက်ပို့ပေးသည်။ သူတို့သည် အခန်းထဲကနေ ထွက်လာကြ၏။
အကြီးအကဲဝမ်သည် ဟန်လိကို တခြား မသိမဖြစ်နေရာများထံ ခေါ်သွားပေး၏။ သူ့ကို ဂုဏ်ထူးဆောင်တပည့်များနှင့် မိတ်ဆက်ပေးသည်။ မီးခိုးရောင်ဝတ်စုံနှင့် အဘိုးအိုရှိသော ကျောက်သားအိမ်ထံ မပြန်ခင် တခြား နေ့စဉ် သတိထားရမည့်၊ သိထားရမည့် ကိစ္စအချို့ကိုပါ ရှင်းပြပေးသည်။ ထို့နောက် သူက ဟန်လိကို နေဖို့ ကျောက်သားအခန်းတခု ရွေးချယ်ပေးခဲ့ပြီးနောက် တယောက်တည်း ပြန်ထွက်လာခဲ့တော့သည်။
ဟန်လိသည် အကြီးအကဲဝမ် ရွေးချယ်ပေးခဲ့သော အခန်းရှေ့တွင် ရပ်နေ၏။ သူက ဒီရိုးရှင်းသော အဆောက်အဦငယ်ကို ကြည့်ကာ ခါးသီးစွာ ပြုံးမိ၏။
ဟန်လိသည် သူ၏အခြေခံပညာရပ်ကို အဆင့်တစ်ဆယ်ထိ ကျင့်ကြံပြီးသည်နှင့် သူက ဒီနေရာကနေ ထွက်နိုင်ပြီး ဆန်းကြယ်မြေကမ္ဘာတောင်ဟု ခေါ်သော နေရာ၌ နေထိုင်ဖို့ ရွှေ့ပြောင်းနိုင်မည်ကို သိနေပြီးပင်။
ထိုနေရာရှိ တပည့်များက အများကြီး ပိုလွတ်လပ်ကြ၏။ သူတို့သည် တောင်ပေါ်၌ ကိုယ်ပိုင်နေအိမ်များကို ရနိုင်သည့်အပြင် အိမ်ကို မည်သို့မည်ပုံ ဆောက်လုပ် နေထိုင်ရမည် ဟူသော ကန့်သတ်တားဆီးချက်များလည်း မရှိပေ။
ဟန်လိသည် သူ၏ကျင့်ကြံမှုအဆင့်က အဆယ့်တစ်ဆယ်ထိ မရောက်သေးသော်လည်း သူက ဒီကျောက်တုံးအိမ်၌ အချိန်ကြာကြာနေဖို့ စိတ်ကူး မရှိပေ။
ထို့နောက်တွင် သူက ခပ်ရေးရေး ပြုံး၍ သူ့သိုလှောင်အိတ်ထဲမှ ပျံသန်းခြင်းအဇူရာသစ်ရွက်မှော်ပစ္စည်းကို ထုတ်ယူလိုက်၏။ ထို့နောက် သူ့မှော်စွမ်းအားကို ၎င်းထံ ထည့်သွင်းကာ သူ့ကိုယ်သူ လေထဲသို့ ပျံတက်စေသည်။
အစပိုင်း၌ ဟန်လိသည် ထိုပစ္စည်းနှင့် အသားမကျသေးပေ။ သူက ဘယ်ညာ ယိမ်းထိုး၊ မြင့်လိုက်၊ နိမ့်လိုက် ဖြစ်နေသေး၏။ သို့ပေမည့် သိပ်မကြာခင်မှာပင် သူက ၎င်းပစ္စည်းကို လွယ်လွယ်ဖြင့် ကျွမ်းကျွမ်းကျင်ကျင် အသုံးပြု တတ်သွားသည်။ သူက အကြီးအကဲဝမ်ကဲ့သို့ ၎င်းပစ္စည်းကို သုံးကာ ယုံကြည်မှု ရှိရှိ လက်နောက်ပစ်လျက် ပျံသန်းနိုင်ပေပြီ။
ထိုမှော်ပစ္စည်းကို ထိန်းချုပ်ဖို့၊ ကျွမ်းကျင်ဖို့ လွယ်ကူသော်လည်း ၎င်း၏ အမြန်နှုန်းကမူ သိပ်မမြန်ပေ။ ၎င်းသည် မြင်းတကောင်ထက် အနည်းငယ် ပိုမြန်ရုံသာ။ ထို့ကြောင့် တောင်ကြားရှိ တပည့်များသည် ခုလိုမျိုး စွမ်းအားရှိကာ ပျံသန်းနိုင်ကြခြင်းသည် အံ့အားသင့်စရာ မဟုတ်တော့ပေ။ ဒီအဇူရာသစ်ရွက်ကို ချို့ယွင်းချက် ရှိသော်လည်း ဟန်လိအနေဖြင့် အခုက ပထမဆုံးအကြိမ် လေထဲ၌ ကိုယ်တိုင် ပျံသန်းဖူးတာ ဖြစ်၏။ သို့ဖြစ်၍ သူသည် ခဏတော့ ကျေနပ်မြူးထူးနေမိသည်။
“ဟားဟား…” အားပါးတရ ရယ်မောကာ ဟန်လိက သူ၏ ပျံသန်းခြင်းအတွက် ကျေနပ်နေ၏။
လမ်းတလျှောက်၌ သူသည် အလားတူ ပျံသန်းနေသော တခြားတပည့်များကိုလည်း တွေ့ရ၏။ ဟန်လိကို မသိကြ၍ အများစုက သူ့အား စပ်စုလိုစိတ်ဖြင့် လှမ်းကြည့်ကြ၏။ သို့သော် သူတို့သည် ဟန်လိ၏ ကျင့်ကြံမှုအဆင့်မှာ အဆင့်ကိုးသာ ရှိသေးသည်ကို မြင်သည့်အခါ အထင်သေးဟန်ဖြင့် ထွက်သွားကြသည်ပင်။
ဟန်လိသည် ထိုသူများ၏ အပြုအမူများကို မြင်သော်လည်း သူ့မျက်နှာထက်၌ မည်သည့်စိတ်ခံစားချက်မျှ မပြပေ။ မည်သို့ပင်ဖြစ်စေ သူသည် စိတ်ထဲကနေတော့ အကြိမ်ကြိမ် လှောင်ရယ် ရယ်မိ၏။ ကြည့်ရသည်မှာ ဒီမဟာကျင့်ကြံခြင်းဂိုဏ်းများမှာလည်း သေမျိုးလောကမှ သေမျိုးများနှင့် လုံးလုံး ကွဲပြားခြင်း မရှိကြပုံပင်။ သူတို့သည်လည်း အထက်ဖား၊အောက်ဖိများသာ။
ထိုအတွေးက ဟန်လိစိတ်ထဲ၌ ပေါ်လာမိစဉ် သူသည် အဆောက်အဦကြီးတခုရှေ့သို့ ရောက်လာ၏။ ထို့နောက်တွင် သူသည် ပျံသန်းနေရာကနေ အောက်ဘက်သို့ ဆင်းသက်လာ၏။ သူက အခွင့်အရေးတစ်ရာခန်းမ ဟူ ဆိုင်းဘုတ် ချိတ်ထားသော ထိုအဆောက်အဦကြီးထံ လျှောက်လာ၏။
သည်အဆောက်အဦထဲ၌ သက်လတ်ပိုင်းအရွယ် ဂုဏ်ထူးဆောင်တပည့်တစ်ယောက် ရှိနေသည်။ သူက ဟန်လိ ဝင်လာသည်ကို မြင်သည့်အခါ အံ့အားသင့်သွား၏။ သူက လှမ်းမေးသည်။ “ဂျူနီယာညီလေးဟန်…မင်း ဘာကြောင့် ခုလောက် မြန်မြန် ပြန်လာရတာလဲ။ အကြီးအကဲဝမ်ကော…”
သည်နေရာမှာ အစောလေးတုန်းက အကြီးအကဲဝမ်နှင့်သူ အလျင်စလို ရောက်လာခဲ့ပြီးသော နေရာပင်။ ထိုဂုဏ်ထူးဆောင်တပည့်ကိုလည်း ဟန်လိ အစောလေးတုန်းက ဆုံဖူး၏။ ထို့ကြောင့်လည်း ဟန်လိ ပြန်လာသည်ကို မြင်သည့်အခါ ထိုသူသည် အတော်လေး အံ့အားသင့်သွားတာ ဖြစ်၏။
“စီနီယာအစ်ကိုဝူ…ကျုပ် ဒီကို အစောလေးတုန်းက ရောက်လာခဲ့တဲ့ အချိန်တုန်းက ဒီနေရာဟာ လုပ်ငန်းတာဝန်တွေ ရွေးချယ်ရတဲ့ နေရာလို့ ကြားခဲ့ရတယ်။ ဟုတ်တယ် မလား…”
“အင်း…။ ညီလေးက ဂိုဏ်းတာဝန်တွေကို မြန်မြန် လိုချင်နေပုံပဲ။ ညီလေးဟန်က ခုမှ တပည့်သစ်တစ်ယောက် ဖြစ်တယ်။ စည်းမျဉ်းအရဆို ညီလေးက တလလောက် ဂိုဏ်းရဲ့ အခြေအနေတွေကို သိကျွမ်းရင်းနှီးအောင် လုပ်ရမယ်လေ။ ပြီးမှ လုပ်ငန်းတာဝန်တခုကို လက်ခံလည်း ရတယ်။ ဒါ့ကြောင့် အခုချက်ခြင်းကြီး လုပ်ငန်းတာဝန်နဲ့ ပတ်သတ်ပြီး စိတ်ပူနေဖို့ မလိုပါဘူး…”
ထိုတပည့်က ဤသို့ ပြောပြလာ၏။
“ဟားဟား…ကိစ္စတော့ မရှိပါဘူး။ ကျုပ်အနေနဲ့ တခုခုလုပ်ချင်နေတာ။ ဆေးပင်ဝါးပင်တွေ စိုက်ပျိုးခြင်းနဲ့ ပတ်သတ်ပြီး လူလိုနေတာများ မရှိဘူးလား…”
ဟန်လိက ခပ်ရေးရေး ပြုံး၏။
“အဲ့လိုတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်ကို ရွေးလို့ မရဘူး။ တပည့်တွေ လက်ခံရတဲ့ တာဝန်အားလုံးကို ကျပန်း ခွဲပေးတာ။ ဘယ်သူကမှ ကိုယ်လုပ်တဲ့တာဝန်ကို ကိုယ့်သဘောနဲ့ကိုယ် ရွေးခွင့် မရှိဘူး။ တခုတော့ ရှိတယ်။ သူတို့က သက်ဆိုင်ရာ လုပ်ငန်းတာဝန်မှာ ကျွမ်းကျင်မှု ရှိရင်တော့ စဉ်းစားပေးခံရတာ ရှိမယ်…”
ဂုဏ်ထူးဆောင်တပည့်က ထိုသို့ ပြောလိုက်၏။
ဟန်လိသည် ထိုစကားကို ကြားသည့်အခါ မျက်မှောင်ကြုံ့သွား၏။ သူသည် အကြီးအကဲယဲ့ကို သွားရှာမှပဲ ဖြစ်တော့မည်လား။
“ကိစ္စမရှိဘူး။ တူလေးဟန်က သူ့ စိတ်ကြိုက် ရွေးချယ်ပါစေ…”
ဟန်လိနောက်ဘက်မှ ရင်းနှီးသော အသံတစ်သံကို ကြားလိုက်ရ၏။ သူက ခေါင်းလှည့်ကာ ကြည့်လိုက်သည်။ မထင်မှတ်စွာဖြင့် သူသည် အဘိုးအိုယဲ့ကို တွေ့လိုက်ရသည်။ အဘိုးအိုယဲ့က သူ့နောက်၌ မည်သည့်အချိန်က ရောက်နေသည်ကိုမူ ဟန်လိ မသိပေ။ သူက ဟန်လိကို ပြုံး၍ ကြည့်နေ၏။
“ခန်းမသခင်…ပြန်ရောက်လာပြီလား…” သက်လတ်ပိုင်းအရွယ် တပည့်က ထိုအဘိုးအိုကို မြင်သည့်အခါ ချက်ခြင်း လှမ်းနှုတ်ဆက်သည်။
“အင်း…ကျုပ် ပြန်ရောက်လာပြီ…” ထိုအဘိုးအိုက သာမန်ကာလျံကာ ပြောလိုက်၏။
“အကြီးအကဲယဲ့…” ဟန်လိက သူ့ကို တလေးတစားဖြင့် ချက်ခြင်း နှုတ်ဆက်၏။
“ဟားဟား…တူလေးဟန်က ဒီကို မြန်မြန် ရောက်လာခဲ့တာပဲ။ ကျုပ်က တူလေးဟန် စိတ်ကြိုလုပ်ငန်းတာဝန် ရွေးချယ်တာကို ခွင့်ပြုဖို့ ကျုပ် လက်အောက်က လူတွေကို ပြောဖို့ အရောက်ပြန်လာခဲ့တာပဲ…”
အဘိုးအိုယဲ့က ဟာသတဝက်နှောကာ ပြောလိုက်၏။ ကြည့်ရသည်မှာ ဒီအကြီးအကဲယဲ့၏ စိတ်အခြေအနေမှာ အတော်လေး ကောင်းမွန်နေပုံ ရသည်။
“ပူပန်ပေးတဲ့အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ်။ ကျနော်လည်း တချက် လာကြည့်တာပါ။ ကျနော့်အတွက် သင့်တော်တဲ့ လုပ်ငန်းတာဝန် တခုခု လာရှာတပါ။ အဲ့အတွက် သင့်တော်ပါ့မလား အကြီးအကဲ…”
ဟန်လိက ထိုသို့ မေးလိုက်၏။
“ငါက ဒီမှာ တာဝန်ရှိတဲ့သူပဲ။ ဒါ့ကြောင့် ဘာများ မသင့်တော်စရာ ရှိလဲ။ တပည့်ယု…အပင်စိုက်ပျိုးတဲ့ တာဝန်အားလုံးကို သွားယူလာခဲ့။ တူလေးဟန် သူ့စိတ်ကြိုက် ရွေးပါစေ…”
ထိုအဘိုးအိုက လက်ဝေ့ယမ်းလိုက်ကာ သူ့လက်အောက်မှ လူများကို အမိန့်အတိုင်း လုပ်ဖို့ အချက်ပေးလိုက်သည်။
တပည့်ယုသည် ထိုစကားများကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွား၏။ သူက ဟန်လိကို လေးလေးနက်နက် လှမ်းကြည့်၏။ ထို့နောက် သူသည် အလုပ်တာဝန်များ မှတ်တမ်းထင်ထားသည့် စာလိပ်များကို ခပ်သွက်သွက် သွားရှာ၏။ သူ့စိတ်ထဲပလ်း သူ၏ ကြီးကြပ်သူဖြစ်သော အကြီးအကဲဝမ်နှင့် ဟန်လိတို့ကြား ပတ်သတ်မှုကို မတွေးမိဘဲ မနေနိုင် ဖြစ်မိနေ၏။
“ဒီမှာ အပင်စိုက်ပျိုးတဲ့ တာဝန်တွေပါ။ သေချာကြည့်လိုက်ပါအုံး…ညီလေးဟန်…”
တအောင့်အကြာ၌ တပည့်ယုက ကျောက်စိမ်းပြားများနှင့်အတူ ပြန်ရောက်လာကာ ထိုသို့ ပြော၏။
ဟန်လိသည် ကျေးဇူးတင်စကားဆိုကာ ဒီကျောက်စိမ်းပြားများကို လှမ်းယူ၏။ သူက ၎င်းတို့ကို တခုချင်း သေချာ ကြည့်သည်။
“ဆယ့်သုံးနှစ်သက်တမ်း ရှိတဲ့ ပန်းငါးမျိုး အပင်ကို ကြည့်ရှုပျိုးထောင်ခြင်း၊ နှစ်တိုင်း ဒီအပင်တွေဟာ အဖြူရောင်သစ်သီးနှစ်လုံးကို သီးပေးတယ်…”
“နှစ်သုံးရာ သက်တမ်းရှိတဲ့ မီးတိမ်ဂျင်ဆင်းကို သေချာဂရုစိုက်ပေးရမယ်။ ၎င်းအပင်ရဲ့ သဘာဝစိတ်ဝိညာဉ်ကို မဆုံးရှုံးအောင် လုပ်ပေးရမယ်…”
“လမက်မွန်သီးမြက်တခင်း စိုက်ပျိုးရမယ်…။ ရာသီကုန်တိုင်း ဒီမြက်ခင်းရဲ့ ငါးရာကီလိုဂရမ်ကို ပေးနိုင်ရမယ်…”
“ကျောက်စိမ်းဝါဝါးသစ်တော်ကို ကြည့်ရှုရခြင်း…”
သည်ကျောက်စိမ်းပြားများထဲ၌ အပင်စိုက်ပျိုးခြင်းနှင့် ပတ်သတ်သော လုပ်ငန်းတာဝန်အားလုံးကို ဖော်ပြထား၏။ အမျိုးအစားမှာ အမှန်ပင် များလှ၏။ သို့သော် ဟန်လိ မဖတ်ကြည့်ရသေးသော လုပ်ငန်းတာဝန်အချို့လည်း ကျန်သေးသည်။ သူက ကျန်သည့် ကျောက်စိမ်းပြားများကို အကြမ်းဖျဉ်း ဖတ်ကြည့်ချိန်၌ သူ့အတွက် စိတ်ကျေနပ်စေမည့် လုပ်ငန်းတာဝန်တခုကို ရှာတွေ့သွားတော့၏။