← Chapters

အင်တင်တင်ဖြစ်နေခြင်း

Vol. 11 Ch. 150

အင်တင်တင်ဖြစ်နေခြင်း

Vol. 11 Ch. 150

“အဇူရာကျောက်သားတောင်တန်းရဲ့ ဆေးပင်တစ်ရာဥယျာဉ်ကို ဂရုစိုက်ပေးရမယ်။ နှစ်စဉ်နှစ်တိုင်း ရှားပါးဆေးအမယ်တွေ ပမာဏ တစ်ခု လိုအပ်ချက် ရှိတယ်…”

ကျောက်စိမ်းပြား ပေါ်ရှိ ဒီစာသားများကို မြင်သည့်အခါ ဟန်လိသည် အတော်လေး ပျော်ရွှင်သွား၏။ သူက တပည့်ယုထံ ခေါင်းမော့ကြည့်ကာ သည်ကျောက်စိမ်းပြားကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “ကျုပ် ဒီတာဝန်ကို ယူချင်ပါတယ်။ စီနီယာယုက ဒီတာဝန် ကျုပ်ကို ပေးလို့ ရနိုင်မလား…”

ဟန်လိ၏ စကားကို ကြားသည့်နောက် ဂုဏ်ထူးဆောင်တပည့်ယုက ပြုံး၏။ သို့သော် သူက ဟန်လိ ရွေးချယ်လိုက်သော တာဝန်ကို ကြည့်သည့်အခါ သူ့မျက်နှာပေါ်ရှိ အပြုံးသည် တောင့်တောင့်ကြီး ဖြစ်သွားတော့၏။

“ဂျူနီယာညီလေး…ကျေးဇူးပြုပြီး နောက်ထပ်လုပ်ငန်းတာဝန်တခုကို ရွေးပါအုံး။ ဒီဥယျာဉ်တာဝန်ဟာ လုံးဝ ခက်ခဲတယ်။ ဒါက ညီလေးအတွက် မသင့်တော်ဘူး…”

တပည့်ယုက အကောင်းဖြင့် ပြောပြသည်။ သို့ပေမည့် ဟန်လိ၏ ပဟေဠိဖြစ်နေသည်ကို မြင်သည့်အခါ သူက ရှင်းပြလိုက်သည်။ “ဒီတာဝန် ဒီမှာ ရှိနေတာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ တော်တော်များများလည်း ကြိုးစားခဲ့ပြီး ဖစြ်တယ်။ဒါပေမဲ့ သူတို့အားလုံး မအောင်မြင်ခဲ့ကျဘူး။ သူတို့က ဆုလဒ်မရတဲ့အပြင် စိတ်ဝိညာဉ်ကျောက်တုံးအများအပြားပါ ရော်ကြေး ပေးလိုက်ရသေးတယ်။ ဒါက ဒီမှာ ရှိတဲ့ အခက်ခဲဆုံး တာဝန်တွေထဲက တခုပဲ။ ညီလေဟန်က နောက်နေတ်ဆိုရင်တောင် ကျုပ် ဒီကျောက်စိမ်းပြားကို ခွဲဝေပေးခဲ့တဲ့ တပည့်တိုင်းဟာ အပင်စိုက်ပျိုးခြင်းမှာ ပါရမီကောင်းတဲ့ သူတွေပဲ…”

ဟန်လိသည် ထိုစကားများကို ကြားသည့်အခါ သူက ရယ်ချင်မိသွား၏။ သို့သော် သူက လက်လျှော့ဖို့ စိတ်ကူး မရှိပေ။ သူက နှိမ့်နှိမ့်ချချလေသံဖြင့် မေးလိုက်၏။ “စီနီယာအစ်ကို ကျုပ်ကို ပြောပြပေးပါအုံး။ ဒီတာဝန်က ဘယ်လိုမျိုး ခက်ခဲနေလို့လဲ။ ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့တဲ့ စီနီယာအစ်ကိုတစ်ယောက်မျှ မရှိတာလား။ ဒါက ဥယျာဉ်ထဲမှ ဆေးပင်တွေကို ဂရုစိုက်ပေးရုံပဲလေ။ ဘာလို့များ ခက်ခဲနေရတာလဲ…”

“တူလေးက စီနီယာအစ်ကိုမာရဲ့ ဆေးဥယျာဉ်တာဝန်ကို ရွေးချယ်လိုက်တာလား…”

ဟန်လိနှင့်တပည့်ယုတို့၏ အပြန်အလှန် စကားသံကို ကြားသည့်အခါ အနီးအနားမှ အဘိုးအိုယဲ့သည် မျက်မှောင်ကြုတ်ကာ ကြားဖြတ် ဝင်ပြောလာသည်။

“အမှန်ပါပဲ။ ဒီညီလေးဟန်က အကြီးအကဲမာရဲ့ ခက်ခဲတဲ့ တာဝန်ကို သဘောကျနေတာပါ…”

တပည့်ယုသည် ရယ်ရမလား၊ ငိုရမလား မသိ ဖြစ်နေ၏။

အဘိုးအိုယဲ့က ထိုစကားကို ကြားသည့်အခါ နားမလည်ဟန်ဖြင့် ပြုံး၏။

“ဟားဟား…တူလေးဟန်က တကယ်ပဲ ဘယ်လို ရွေးချယ်ရမလဲ ကောင်းကောင်း သိနေတာပဲ။ သူက အခက်ခဲဆုံး တာဝန်ကိုမျှ သွားပြီး သဘောကျနေတာကို။ ဒါပေမဲ့ ဒီတာဝန်ဟာ လူတစ်ယောက်ကို တကယ်ပဲ ခေါင်းကိုက်အောင် လုပ်နိုင်တယ်။ ဒါ့ကြောင့် အရင်တုန်းက ဒီတာဝန်ကို အတင်းအကြပ် ယူခိုင်းခဲ့ရတယ်။ ဒီတာဝန်ကြောင့် ငါ့ကို အထွန့်တက်ခဲ့တဲ့ တပည့်တွေလည်း အများကြီးပဲ ရှိခဲ့တယ်…”

“ဒါပေမဲ့လည်း အစ်ကိုမာက ဆုပေး၊ဒဏ်ပေးကို လွယ်လွယ်နဲ့ မပြောင်းလဲပေးတဲ့အတွက် ငါလည်း ဘာမျှ မတတ်နိုင်ခဲ့ဘူး။ တူလေးဟန် မင်း ဒီတာဝန်ရဲ့ အသေးစိတ်ကို သိချင်တယ်ဆိုရင် ငါနဲ့ ခန်းမထဲကိုသာ လိုက်ခဲ့တော့။ ဒီတာဝန်ကို လုပ်ခဲ့ဖူးတဲ့သူတွေရဲ့ မှတ်တမ်းတွေကို လိုက်ကြည့်ချေ။ ဒါက ပါးစပ်နဲ့ ရှင်းပြတာထက် အများကြီး ပိုကောင်းလိမ့်မယ်…”

အခွင့်အရေးတစ်ရာခန်းမသခင်ယဲ့သည် မည်သည့်အတွက်ကြောင့် ဟန်လိကို ပွင့်ပွင့်လင်းလင်း တဲ့တိုး ပြောပြနေသည်ကို မသိရပေ။ သူက အဆောက်အဦတံခါးကို ဖွင့်ကာ အထဲသို့ လှမ်းဝင်သွား၏။

ဟန်လိသည်လည်း မျက်မှောင်ကြုတ်မိနေသည်။ သည်အကြီးအကဲယဲ့က အတော်လေး တက်ကြွလွန်းနေ၏။ သူက ထိုသူ့ကို သူ၏ အခြေခံတည်ဆောက်ခြင်းဆေးလုံး ပေးခဲ့သော်လည်း မျှမျှတတ အလဲအလှယ်တခု ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ထိုအကြီးအကဲက သူ့အပေါ် အဘယ်ကြောင့် ကောင်းကောင်း ဆက်ဆံနေရသနည်း။

ဟန်လိသည် သူ့စိတ်ထဲရှိ သံသယကို ခဏဘေးဖယ်ထားလိုက်၏။ သူက ပင်မခန်းမ၏ အနောက်ဘက်ရှိ အခန်းအချို့ထဲက ကျောက်စိမ်းပြားများကို ယူလာသော အဘိုးအိုယဲ့နောက်သို့ လိုက်လာတော့၏။ မှတ်တမ်းများသည် အခန်းထဲတွင် စုပုံနေသည်။

အဘိုးအိုယဲ့က သူ့လက်ထဲရှိ ကျောက်စိမ်းပြားများကို ဝေ့ယမ်းလိုက်သည်။ ထို့နောက် ကျောက်စိမ်းပြားတခုသည် လင်းလက်သွားပြီး သူ့လက်ထဲသို့ စာလိပ်တလိပ် ပျံသန်းရောက်လာ၏။ သူက ၎င်းကို ဟန်လိထံ လှမ်းပေးလိုက်သည်။

သူက ခုလို လုပ်ပေးနေမှတော့ ဟန်လိလည်း ယဉ်ကျေးမနေတော့ဘဲ စာလိပ်ကို ယူကာ ခပ်သွက်သွက် ဖတ်ကြည့်လိုက်၏။

စာလိပ်ထဲရှိ အကြောင်းအရာများမှာ ရှည်ရှည်လျားလျားတော့ မဟုတ်ပေ။ ဆေးဥယျာဉ် တာဝန်ကို ယူခဲ့သော တပည့်များ၏ အကြောင်းသာ ဖြစ်၏။ ဟန်လိ သည်အကြောင်းများကို ခပ်မြန်မြန် ဖတ်ကြည့်လိုက်သည်။ တအောင့်အကြာ၌ သူက သည်တာဝန်၏ ခက်ခဲပုံနှင့် အသေးစိတ်တို့ကို သေချာ သဘောပေါက်သွားသည်။

“ဘယ်လိုလဲ။ မင်း တခြား တာဝန် ပြောင်းသင့်တယ်နော်။ ဒီတာဝန်ရဲ့ ဆုလဒ်က အတော်လေး မက်လောက်စရာ ဆိုပေမဲ့ ဒါက သာမန်တပည့်တွေ ပြီးမြောက်အောင် လုပ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး…”

အကြီးအကဲယဲ့က စိတ်ပူဟန်ဖြင့် ပြောပြသည်။

ဟန်လိက ထိုစကားများကို ကြားသည့်နောက် တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်နေ၏။ သူက နောက်ဆုံးတွင် ခေါင်းယမ်းကာ အခိုင်အမာ ဆို၏။ “အကြီးအကဲယဲ့ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီတာဝန်က ကျနော့် အကြိုက် ဖြစ်နေတယ်။ ဒါ့ကြောင့် တခြားတာဝန်နဲ့ မလဲတော့ပါဘူး။ ဒါကိုပဲ ရွေးလိုက်ပါတော့မယ်…”

အဘိုးအိုယဲ့က ဟန်လိ၏ ပြတ်သားသော စကားများကို ကြားသည့်အခါ သူက အံ့အားတသင့် ဖြစ်သွားမိ၏။ သို့သော် သူသည် နောက်ထပ် ဘာမျှ ထပ်မပြောတော့ပေ။ သူ ခေါင်းညိတ်ပြ၏။ ထို့နောက် သူသည် ဟန်လိကို အခန်းထဲကနေ ပြန်ခေါ်လာသည်။ ခဏတာ တွေဝေနေပြီးနေက် သူက တခုခု ထပ်ပြောလိုက်သည်။

“တူလေးဟန်…မင်းရဲ့ အခြေခံတည်ဆောက်ခြင်းဆေးလုံးအတွက် ကျုပ် ပေးမယ်လို့ သဘောတူထားတဲ့ ပစ္စည်းတွေနဲ့ ပတ်သတ်ပြီး နောက်ကျလို့ ရမလား။ ဒီဦးလေးက ချီစုဆောင်းခြင်း ဆေးလုံးကို သန့်စင်ချင်နေတာ။ ကျုပ်အတွက် ဒါက အမှန်တကယ် အကန့်အသတ် ရှိနေခဲ့တယ်။ ဒါပေမဲ့လည်း တူလေးဟန် စိတ်ချနေပါ။ ကျုပ် အနေနဲ့ တူလေးကို ပေးရမယ့် ပစ္စည်းတွေကို အပြည့်အဝ ပေးမှာပါ…”

ဟန်လိက ထိုစကားများကို ကြားသည့်အခါ တဒင်္ဂ အံ့အားသင့်သွားသည်။ သို့သော် သူက ချက်ခြင်း ပြုံး၏။

“အကြီးအကဲယဲ့က ဘာလို့များ ခုလို ပြောနေရတာလဲ။ အကြီးအကဲအတွက် အဆင်မပြေမှတော့ ကျနော်က အချိန်ကြိုက်သလောက် ပေးနိုင်ပါတယ်။ အနာဂတ်မှာ ပြန်ပေးပါ့မယ်ဆိုတဲ့ စကားကို ပြောနေဖို့ မလိုပါဘူး။ ဒါက လူငယ်မျိုးဆက်တစ်ယောက်က သူ့ရဲ့ အကြီးအကဲအပေါ် ထားရမယ့် လေးစားသမှု မဟုတ်လား…”

ဟန်လိသည် သူ၏ ခုလို တုန့်ပြန်မှုမှာ မှန်လား၊မှားလား မသိတော့ပေ။ သူ့စိတ်ထဲတွင်မူ ဖိစီးမိနေတာကတော့ သံသယရှိစရာ မလိုပေ။ သူသည် တဖက်လူ၏ ကတိဖောက်ဖျက်နေသည့်အပေါ် စက်ဆုပ်မိသည်။ သို့သော် သူ့မျက်နှာကမူ ပြုံးနေဆဲပင်။ သူက တဖက်လူ ကျေနပ်သွားအောင်ပင် ပြောလိုက်သေး၏။

“တူလေးရဲ့ စကားက ဘာအဓိပ္ပာယ်လဲ။ ဒီအကြီးအကဲက ကိုယ့်ကတိကိုယ် ဖောက်ဖျက်မယ်လို့ ထင်နေလို့လား။ ကျုပ်လို အကြီးအကဲတစ်ယောက်က တူလေးကို ပေးထားတဲ့ ကတိအတိုင်း နည်းနည်းလေးမျှ အတိမ်းအစောင်း ခံမှာ မဟုတ်ဘူး…”

အကြီးအကဲယဲ့က သူ့ကိုယ်သူ ဂုဏ်သိက္ခာရှိသော လူတစ်ယောက်၏ ဟန်ပန်ဖြင့် ပြောလိုက်၏။

ထိုစကားကို ကြားသည့်အခါ ဟန်လိသည် ဟန်လုပ် မပြုံးနိုင်လောက်အောင်ပင် ဖြစ်မိသွား၏။

ထိုအကြီးအကဲသည် အရည်ထူလွန်းသည်။ သူသည် ပစ္စည်းကောင်းများ ပေးလိုက်ရမည့်အပေါ် မပေးချင် ဖြစ်နေတာ သိသာ၏။ မည်သို့ပင် ဖြစ်စေ အပေါ်ယံတွင်တော့ သူက သူ့ကတိကိုယ်သူ ဖောက်ဖျက်မည့်သူ မဟုတ်ကြောင်း အမူအရာဖြင့် ပြသထား၏။ ထိုသူသည် အမှန်တကယ် သူတော်ကောင်းဟန် ဆောင်တတ်သူပင်။

ဟန်လိက သူ့ကိုယ်သူ ပြန်ထိန်းထား၏။ သူက စိတ်ထဲကနေမူ အဆက်မပြတ် ဆဲနေမိသည်။ သို့သော် သူ့မျက်နှာရှိ အပြုံးကမူ နည်းနည်းလေးပင် မယိုယွင်းသွားပေ။ သူက စိတ်မကောင်းဟန် လေသံဖြင့်ပင် ပြောလိုက်၏။ “အကြီးအကဲက ကျုပ်ကို အထင်လွဲနေတာပဲ။ တကယ်တော့ တူလေးက ဂိုဏ်းကို ဝင်လာခဲ့တည်းက အကြီးအကဲ ပေးမယ်လို့ ကတိပေးထားတဲ့ ပစ္စည်းတွေဟာ ကျုပ်အတွက် လိုတာထက် ပိုနေပြီလို့ တွေးနေမိတာ။ ဒါ့ကြောင့် အကြီးအကဲကိုပဲ ဒီပစ္စည်းတွေကို ယာယီထိန်းသိမ်းထားခိုင်းမလို့။ ဒါမှ ဂျူနီယာဟာ ပစ္စည်းကောင်းတွေကို မဖြုန်းတီးမှာမလား…”

ဟန်လိ၏ စကားတို့ကို ကြားသည့်အခါ အဘိုးအိုယဲ့၏ မျက်နှာဟန်ပန်မှာ ပြန်အဆင်ပြေသွားသည်။ သူက မဆိုသလောက် ခေါင်းညိတ်ပြကာ ပြောလိုက်၏။ “တူလေးဟန်က တကယ် နားလည်သဘောပေါက်မှု ရှိတာပဲ။ တပည့်သစ်တွေက ပိုင်ဆိုင်မှု များတယ်ဆိုရင် သူတို့ရဲ့ ကျင့်ကြံခြင်းအပေါ် တကယ်ပဲ အဟန့်အတား ဖြစ်စေနိုင်တယ်လေ။ ဒါ့ကြောင့် တူလေးရဲ့ စကားအတိုင်းပဲ လုပ်ကြတာပေါ့။ ပစ္စည်းတော်တော်များများကို ကျုပ်ရှိမှာပဲ ယာယီထားလိုက်ပေါ့။ တူလေးက အနာဂတ်မှာ ဒီပစ္စည်းတွေ လိုအပ်လာတာနဲ့ ကျုပ်ရှိကို အားနာမနေဘဲ လာတောင်းယူနိုင်ပါတယ်…”

“ကျနော့်ကြောင့် ဒုက္ခများရပြီ။ ကျေးဇူးတင်ပါတယ်…အကြီးအကဲယဲ့…” ဟန်လိက ပြုံး၍ ပြောလိုက်၏။ စိတ်ထဲကမူ အဆက်မပြတ် ကျိန်ဆဲနေသည်ပင်။ သူသည် သူ့ရှေ့မှ အဘိုးအိုကို စော်ကားမိ၍ မရသေးပေ။ နောက်ပိုင်း၌ အခွင့်အရေး ရလာခဲ့ပါက သူသည် အတိုးကော၊အရင်းကော ကျိန်းသေပေါက် ပြန်တောင်းမည် ဖြစ်၏။

“ဟားဟား…ကိစ္စမရှိပါဘူး။ ငါတို့ သွားကြစို့…” ထိုအဘိုးအိုယဲ့၏ စိတ်အခြေအနေမှာ ပြန်ကောင်းမွန်သွားပုံ ရ၏။

နောက်ပိုင်းကိစ္စများကတော့ ချောချောမွေ့မွေ့သာ ပြီးသွား၏။ အကြီးအကဲယဲ့၏ အကူအညီဖြင့် ဟန်လိက လုပ်ထုံးလုပ်နည်းများကို အေးဆေး လုပ်ဆောင်နိုင်ပြီး သူ၏ တာဝန်ကို ကိုယ်စားပြုသော ကျောက်စိမ်းတံဆိပ်ပြားကို လက်ခံရရှိ၏။ ထို့နောက် သူ့ကို ဂုဏ်ထူးဆောင်တပည့်တစ်ယောက်က အဇူရောကျောက်သားတောင်တန်း၏ ဆေးပင်တစ်ရာ ဥယျာဉ်ထံ လိုက်ပို့ပေးသည်။

အဘိုးအိုယဲ့က အခွင့်အရေးတစ်ရာခန်းမ ဝင်ပေါက်တွင် ရပ်နေ၏။ သူက အကွာအဝေးတခုထံ ထွက်ခွာသွားသော ဟန်လိ၏ ပုံရိပ်ကို တွေ့မြင်သည်။ သူသည် ငြိမ်သက်နေ၏။ သူ့မျက်နှာအမူအရာမှာ သုန်မှုန်နေသည်။ သူက တခုခုကို တွေးနေတာ ဖြစ်နိုင်သည်။

“ညီလေးရဲ့ စိတ်အခြေအနေ မကောင်းဘူးလား…” သူ့နောက်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။

“မေးနေစရာတောင် မလိုဘူး။ ကျုပ်အနေနဲ့ ခုမှ ဂိုဏ်းကို ဝင်လာတဲ့ တပည့်တစ်ယောက်အပေါ် ခုလိုနည်းလမ်းတွေ သုံးနေရတာ ဘယ်အဆင်ပြေပါ့မလဲ။ ဒီကိစ္စကို သူက ဂိုဏ်းခေါင်းဆောင်ဆီ သွားပြီး တင်ပြချင် တင်ပြနိုင်တယ်…”

အဘိုးအိုယဲ့သည် ဒီ့ထက် ပိုမပြောတော့ပေ။ သို့သော် သူ့စကားများက စိတ်အဆင်မပြေမှုကို ပြနေ၏။

“ဟားဟား…တင်ပြမှာလား…” သူ့နောက်မှ လူက လှောင်ပြော ပြောလိုက်၏။

“ဘာလဲ။ အစ်ကိုဝူက ဒီကိစ္စနဲ့ ပတ်သတ်ပြီး မလွယ်ကူသလို မဖြစ်မိဘူးလား…”

အဘိုးအိုယဲ့က တဖက်သို့ လှည့်ကာ သူ၏ စီနီယာအစ်ကိုဝူထံ ပြောလိုက်သည်။

“ဘာများ စိတ်ပူနေစရာ ရှိလို့လဲ။ ဒီကောင်လေးက ကျုပ်တို့နဲ့ အရင်တည်းက သဘောတူထားခဲ့ပြီး မလား။ ညီလေးရှိမှာ သူက ပစ္စည်းတွေ ထားအုံးမယ်လို့ ပြောခဲ့တာမလား။ ညီလေးက သူ့ကို မပေးဘူးလို့ ပြောခဲ့တာမှ မဟုတ်တာ။ ဒီပစ္စည်းတွေကို ညီလေးက ယာယီ ထိန်းသိမ်းထားပေးရုံပဲလေ…”

“ဒါပေမဲ့ ငါတော့ ဒီကောင်လေးက နည်းနည်းတော့ အသိအမှတ်ပြုမိတယ်။ သူ့အသက်အရွယ်လောက်နဲ့ သူက ဘယ်အချိန် ရှေ့တိုးရမလဲ၊ ဘယ်အချိန် နောက်ပြန်ဆုတ်ရမလဲတောင် သိနေပြီ။ ဒါက အထင်ကြီးစရာပဲ။ သူ့ပါရမီကသာ စုတ်ပြတ်မနေရင် သူ ဂိုဏ်းထဲ ဝင်လာတဲ့အပေါ် ကျုပ်အနေနဲ့ တကယ်ပဲ အသိအမှတ်ပြုမိမှာ…”

အကြီးအကဲဝူက ဆက်၍ ပြောလိုက်၏။ သူ့မျက်နှာထက်တွင် စိတ်မကောင်းဟန် ပုံစံ ပေါက်နေသည်။

“ကံကောင်းစွာနဲ့ သူက ခေါင်းမမာလို့။ မဟုတ်ရင် ကျုပ်တို့ တခြားလှည့်ကွက်တွေ သုံးနေရလောက်ပြီ။ ခုတော့ အများကြီး ပိုအဆင်ပြေသွားတာပေါ့…”

အဘိုးအိုယဲ့က ထိုသို့ ပြောလိုက်သည်။

“ကဲ…တောက်လောက်ပြီ။ ဒီကောင်လေးနဲ့ ပတ်သတ်ပြီး ဘာမျှ စိတ်ပူမနေနဲ့တော့။ ကျုပ်တို့ အနေအထားနဲ့ သူ့အကြောင်းတွေးနေတာဟာ ပုရွတ်ဆိတ်တစ်ကောင် အကြောင်း စဉ်းစားနေရသလို ဖြစ်နေပြီ။ ညီလေးယဲ့က ငွေကြေးအများအပြား ဖြုန်းတီးဖို့ မလိုပါဘူး။ ဒါပေမဲ့ ကျုပ်တို့ အရင်က သဘောတူထားတာကိုတော့ မမေ့နဲ့…”

အကြီးအကဲဝူသည် ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်၏။ သူ့စကားများထဲ၌ အဓိပ္ပာယ်တခုခုကို ကွယ်ဝှက်ထားပုံ ရသည်။

“ကျုပ် မမေ့ပါဘူး။ အသစ်သန့်စင်ထားတဲ့ ချီစုဆောင်းခြင်းဆေးလုံး တဝက်ကို ကျုပ် ခင်ဗျားကို ပေးမှာပါ။ ဟူး။ အမှန်တိုင်း ပြောရရင် ကျုပ်မြေးက အခြေခံတည်ဆောက်ခြင်းအဆင့် လမ်းတဝက်မှာ ရောက်နေတာကြောင့် အဖိုးတန်ဆေးလုံး အများအပြားရဲ့ အကူအညီကို လိုအပ်နေတာကြောင့်သာ မဟုတ်ရင် ကျုပ်အနေနဲ့ ဂျူနီယာတစ်ယောက်ကို ဒီလိုနည်းနဲ့ လှည့်စားမိမှာ မဟုတ်ဘူး…”

အဘိုးအိုယဲ့က ခေါင်းယမ်းကာ ဆိုလိုက်၏။ သူ့ရှိရင်းစွဲ အသက်ထက်ပင် နည်းနည်းပိုအိုစာ သွားသလိုပင်။

အဘိုးအိုဝူသည် ထိုစကားများကို ကြားသည့်အခါ ပြုံး၏။ သူက စကားတော့ မဆိုပေ။ ကျေနပ်စွာဖြင့် သူက စိတ်ထဲကနေ တွေးလိုက်သည်။ “ဒီဂျူနီယာညီလေးယဲ့က သူ့ရဲ့ မဖြောင့်မမတ်တဲ့ လုပ်ဆောင်မှုကို ခုလေးတင် ဝန်ခံသွားတယ်။ ဒါက ငါ့အတွက် သူ့ကို ကိုယ်တွယ်ဖို့ အသုံးပြုနိုင်တဲ့ အချက် ဖြစ်လာနိုင်တယ။ ဒါ့ကြောင့် နောက်ပိုင်းမှာ သူနဲ့ ပတ်သတ်ပြီး အလုပ်ကိစ္စတွေ ဆွေးနွေးဖို့ ငါ စိတ်ပူဖို့ မလိုတော့ဘူး…။ သူက ငါ့ကို ဆန့်ကျင်လိမ့်မှာ မဟုတ်လောက်ဘူး…”

All Chapters