← Chapters

ဆေးပေါင်းတစ်ရာဥယျာဉ်

Vol. 11 Ch. 151

ဆေးပေါင်းတစ်ရာဥယျာဉ်

Vol. 11 Ch. 151

ဟန်လိသည် သူ ထွက်သွားပြီးနောက် အဘိုးအိုယဲ့နှင့် အဘိုးအိုဝူတို့၏ ပြောစကားများကို မသိသော်လည်း သူသည် အလွန် ဒေါသထွက်နေမိ၏။

သူက သမားတော်မော့နှင့် ဖြစ်ပျက် တွေ့ကြုံခဲ့သည့် အချိန်မှစ၍ အခုလိုမျိုး ပြဿနာက စောင့်ကြိုနေမှန်း သိသိရက်နှင့် အခြေအနေကို ပထမဆုံးအကြိမ် ကြုံရခြင်းပင်။ သို့သော် သူ့၌ ရွေးချယ်စရာ မရှိခဲ့ပေ။ ဤသည်က ဟန်လိကို အတော်လေး စိတ်ရှုပ်စေ၏။ သို့သော်လည်း ဒီအဖြစ်က ကျင့်ကြံခြင်းလောက၌ အားနည်းသူသည် အားကြီးသူကို အသနားခံရမည်ဟူသော ဟန်လိ၏ အတွေးအမြင်ကို ပိုခိုင်မာစေခဲ့သည်။

“အနာဂတ်မှာ တူလေးက ဒီပစ္စည်းတွေကို လိုချင်ရင် အားနာမနေဘဲ ကျုပ်ရှိ အရောက်လာပြီး ပြန်ယူနိုင်ပါတယ်…” အဘိုးအိုယဲ့၏ အနှီစကားကို ဟန်လိသည် စိတ်ထဲကနေ လှောင်ပြောင် ရယ်မောပစ်မိ၏။ နောင်တွင်လည်း အဘိုးအိုယဲ့သည် သူ့ကို ပေးမည်ဟု ကတိပေးထားသော ပစ္စည်းများကို လွယ်လွယ်နှင့် ပြန်ပေးမည် မဟုတ်တာကို သူ သေချာသိနေသည်။

ဆေးဥယျာဉ်ကို ဟန်လိရှေ့ မနီးမဝေးတွင် မြင်နေရပေပြီ။ ထိုဆေးဥယျာဉ်ပိုင်ရှင်က တောင်ကုံးနှစ်ခုကြား၌ အတားအဆီး အစီအရင်ငယ်အချို့ကို ချခင်းထား၏။ အပြင်လူများ ကျူးကျော်လာခြင်းကနေ ဟန့်တားထားသည့် သဘောပင်။

ဟန်လိက အကွာအဝေးတစ်ခုထိ လျှောက်လာပြီးနောက် အတားအဆီးအချို့နား ရောက်လာ၏။ ထိုအခါ သူ့လမ်းကို အဖြူရောင်အလင်းက ကာဆီးထားသည်။

သို့သော် သူက ထိတ်လန့်မသွားပေ။ ထိုအစား သူက ကျောက်စိမ်းပြားကို ပင့်မြှောက်လိုက်၏။ ၎င်းက သူ့ရှေ့တွင် လင်းထင်း တောက်ပသွားသည်။ အစိမ်းရောင်အလင်းက ကျောက်ပြားထံမှ ချက်ခြင်းထိုးထွက်ကာ အတားအဆီးများထဲ တိုးဝင်သွားသည်။ ထို့နောက်တွင် ဟန်လိက စိတ်ရှည်လက်ရှည် စောင့်နေ၏။

“ဝင်လာခဲ့…” အတွင်းဘက်မှ ခြောက်ကပ်ကပ်အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံသည် အဝေးမှ ထွက်ပေါ်လာသည် ဖြစ်သော်လည်း ဟန်လိ နားဘေး၌ ကပ်ပြောလိုက်သည့်အလား ထင်ရ၏။ ထို့နောက်တွင် သူ့ရှေ့မှ အတားအဆီးအားလုံးမှာ နေလာနှင်းပျောက်သကဲ့သို့ ကွယ်ပျောက်သွားသည်။ ထိုသည်ကို မြင်သည့်အခါ ဟန်လိသည် အီလေးဆွဲမနေဝံ့ဘဲ အထဲသို့ ချက်ခြင်း လှမ်းလျှောက်ဝင်လာ၏။

သူ့ရှေ့က လမ်းငယ်အတိုင်း လျှောက်လာပြီး ဟန်လိသည် ခြံဝန်းတခု၌ ရပ်လိုက်၏။ ထိုခြံဝန်း၏ ရှေ့မျက်နှာစာတွင် ဆေးပေါင်းတစ်ရာဥယျာဉ်ဟု ရေးသားထားသော ကျောက်ပြား တချပ် ရှိသည်။ ထိုခြံဝန်းမှာ ဧကအတော်အတန် ကျယ်ဝန်း၏။ သူ ခြံဝန်းထဲ မဝင်ခင်မှာပင် အတွင်းမှ သိပ်သိပ်သည်းသည်း ဆေးနံ့များကို ရလိုက်၏။ ဟန်လိသည် စိတ်အား တက်ကြွသွားသည်။

“မင်း အပြင်မှာပဲ ငတုံးတစ်ယောက်လို ရပ်နေတော့မှာလား။ မြန်မြန် ဝင်လာခဲ့။ ငါ လုပ်စရာ ကိစ္စ ရှိသေးတယ်…” ဟန်လိက မင်သက်သွား၏။ သို့သော် သူသည် ချက်ခြင်း နာခံကာ ခြံဝန်းထဲ လှမ်းဝင်လာ၏။

ခြံဝန်းထဲ ရောက်သွားသည့်အခါ ဟန်လိသည် ဒီဥယျာဉ်၏ အနေအထားကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

ဒီဥယျာဉ်၏ အလယ်၌ မြက်ခြောက်၊ဝါးတို့ဖြင့် ဆောက်ထားသော တဲအိမ်ပုလေးအချို့ ရှိ၏။ ဒီဥယျာဉ်ကို မြောင်းများဖြင့် ဝန်းရံထားသည်။ ထိုမြောင်းများမှာ လေးထောင့်ကျကျဖြင့် အချိုးညီညီ ရှိ၏။ ၎င်းတို့မှာ ဆေးစိုက်ခင်းများပင်။ ဟန်လိ သိပြီးသား ဆေးပင်ဝါးပင်များလည်း ရှိနေသည်။ ဒီဥယျာဉ်တခုလုံးတွင် စိတ်ဝိညာဉ်ချီ စီးဆင်းမှုက အားကောင်းစွာ ရှိ၏။ ထူးဆန်းသော ပုံစံရှိသည့် အပင်များကြောင့် စိတ်ဝိညာဉ်ချီက ထိုသို့ အားကောင်းနေခြင်းပင်။ ဟန်လိကဲ့သို့ ကျင့်ကြံသူ တစ်ယောက်ပင် အားပါးတရ လေရှုသည့်အခါ အတော်လေး လန်းလန်းဆန်းဆန်း ဖြစ်သွား၏။

“အိမ်ထဲ ဝင်လာခဲ့…” ထိုအသံပိုင်ရှင်က အနည်းငယ် စိတ်မရှည်ပုံ ပေါက်နေ၏။

ဟန်လိက ခပ်ရေးရေး ပြုံးလိုက်သည်။ သူက အိမ်ထဲ လှမ်းဝင်လာသည်။

အိမ်အတွင်း၌ အရပ်ပုပု အဘိုးအိုတစ်ယောက် ရပ်နေ၏။ သူက ဝင်လာသော ဟန်လိကို မကျေမနပ် တန်းကြည့်သည်။ အဘိုးအိုမှာ အသက်ငါးဆယ်ဝန်းကျင်လောက် ရှိလောက်မည်။ သူ့ထံ၌ ခပ်ဝါဝါ နှုတ်ခမ်းမွှေး ကျိုးတဲကျဲတဲနှင့် ကြည်ကြည်လင်လင် မဟုတ်သော မျက်လုံးတစုံ ပိုင်ဆိုင်ထား၏။ သူ့မျက်လုံးတို့မှာ သေးငယ်သည်။ အမှတ်မထင် ကြည့်ပါက သူ့ပုံစံသည် လူသားအသွင် ပြောင်းထားသော ကြွက်ကြီးတစ်ကောင်နှင့်ပင် အတော်တူနေသည်။

“မင်းက ဒီဥယျာဉ်ကို စောင့်ရှောက်မယ့် အခွင့်အရေးတစ်ရာခန်းမက တပည့်လား။ မင်းက ငယ်လွန်းတယ်။ ပြီးတော့ ပါရမီလည်း ဆိုးလှတယ်။ ယဲ့ဆိုတဲ့သူက မင်းကို လွှတ်ပြီး ငါ့ကို သပ်သပ် အလုပ်ရှုပ်ခိုင်းလိုက်တာလား။ သူ လွှတ်လိုက်တဲ့သူတွေက တဖြည်းဖြည်း ပိုပို ဆိုးလာတယ်…”

ဟန်လိ၏ ပုံပန်းသွင်ပြင်ကို မြင်သည့်အခါ ထိုအရိုးပေါ်အရေတင် အဘိုးအို၏ မျက်နှာမှာ နက်မှောင်သွား၏။ သူက အပြစ်ဆိုစကားများကိုလည်း ပြောလိုက်သေးသည်။

“တပည့်ဟန်လိက အကြီးအကဲမာကို နှုတ်ဆက်ပါတယ်…” ဟန်လိသည် ထိုအဘိုးအို၏ ထူးခြားသော စိတ်နေစိတ်ထားအကြောင်းကို မှတ်တမ်းများထံကနေ သိရှိထားခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူက အဘိုးအို ထိုသို့ ဆိုလာသည့်အခါ အံ့အားမသင့်သွား။ ထိုအစား သူက ချက်ခြင်း လှမ်းလာကာ အရိုအသေပြု နှုတ်ဆက်လိုက်သည်။

“ဟက်…မင်းအနေနဲ့ ဒီတာဝန်ကို ပြီးမြောက်အောင် မလုပ်နိုင်ရင် ဘယ်လို ဒဏ်ပေးခံရမလဲ သိတယ်မလား။ အခု ပြန်သွားတာ နောက်မကျသေးဘူး။ ပြန်သွားပြီးတော့ ဂျူနီယာယဲ့ကို နောက်ထပ် တခြားတစ်ယောက် ဒီကို လွှတ်ခိုင်းလိုက်…”

ထိုအဘိုးအိုက ယင်းသို့ ပြောလိုက်၏။

“ဆေးဥယျာဉ်ကို ထိန်းသိမ်းပြုပြင်ရမယ်။ ဆေးပင်တွေကို မသေဆုံး စေရဘူး။ လတိုင်းမှာ ဆေးဝါးပင် ပမာဏတခု ပို့ပေးနိုင်ရမယ်…။ ဒီလိုတွေ လုပ်ပေးရမယ်ဆိုရင်တောင် ဂျူနီယာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါတယ်…” ဟန်လိက အဘိုးအို၏ စကားများကြောင့် မလှုပ်ခတ်သွားပုံ ပေါ်သည်။

ဟန်လိ၏ အပြောကို ကြားသည့်အခါ ထိုအဘိုးအိုမာသည် နည်းနည်းတော့ အံ့အားသင့်သွား၏။ ခုလိုမျိုး အစတည်းက ယုံကြည်မှုရှိရှိ ပြောလာသော ဆေးဥယျာဉ် ပြုစုပျိုးထောင်ရမည့် တာဝန်ယူသည့် တပည့်မျိုးကို သူ့အနေဖြင့် ခုမှ ပထမဆုံးအကြိမ် တွေ့ဖူးတာပင်။ သူက ဟန်လိကို ထပ်ကြည့်ကာ အကဲဖြတ်ပြန်သည်။ သို့သော် သူ့မျက်လုံးထဲရှိ သံသယကမူ လျော့ပါးမသွားပေ။

“ကဲ…ငါနဲ့လိုက်ခဲ့…” ထိုပိန်ပါးပါးအဘိုးအိုက အေးတိအေးစက် လှမ်းပြောကာ အိမ်ထဲကနေ လှမ်းထွက်လာ၏။ ဟန်လိက သူ့နောက်ကနေ ချက်ခြင်း လိုက်ပါလာသည်။

“ဒီဆေးပင်တွေထဲမှာ မင်းအနေနဲ့ ဘယ်နှစ်မျိုးလောက် သိလဲ…” ထိုအဘိုးအိုက ဥယျာဉ်ထဲရှိ ဆေးပင်များထံ လက်ညှိုးထိုးကာ ပြောလိုက်၏။ သူက ဟန်လိကိုလည်း စိုက်ကြည့်နေသေးသည်။

“ဆယ်ပင်မှာ တစ်ပင် သိပါတယ်…” ဟန်လိက ဆေးပင်များကို ဝေ့ဝိုက် ကြည့်ရှုပြီးနောက် ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။

ဟန်လိ၏ စကားကို ကြားသည့်အခါ ထိုအဘိုးအိုမာသည် အေးတိအေးစက် ရယ်မောလိုက်၏။

“ကောင်လေး…မင်းသာ ဒီဆေးပင်တွေရဲ့ ဆယ်ပင်မှာ တစ်ပင် သိတယ်ဆိုရင် ဒီဥယျာဉ်ကို မင်းလက်ထဲ ငါ ထည့်ထားခဲ့မယ်။ တခြား အပိုစကားတွေ ထပ်ပြောနေဖို့ကို မလိုတော့ဘူး…”

ထိုသို့ ပြောသည့်အခါ ဟန်လိက ပြုံးယောင်ယောင်ဖြင့် အဘိုးအို၏ ဘေးကနေ ရှေ့သို့ လှမ်းထွက်လာသည်။

“သန်းခေါင်ယံပန်း၊ အဝါရောင်မြက်လုံး၊ ကြိုးကြာဖြူပန်း၊ လပြည့်မြက်…”

ဟန်လိသည် ဥယျာဉ်ထဲ လျှောက်လာရင်း သူ သိသော ဆေးပင်များ၏ အမည်များကို ရွတ်ပြနေ၏။

အစပိုင်း၌ အဘိုးအိုမာသည် ဟန်လိကို လှောင်ကြည့်ကြည့်နေ၏။ သို့သော် ခဏလောက် နားထောင်ပြီးနောက် သူ့မျက်နှာထက်တွင် အံ့အားသင့်ဟန် ပေါ်လာသည်။ ဟန်လိသည် လူသိမများသော ဆေးပင်များ၏ အမည်များကိုပါ ပြောပြလာခဲ့၏။ တချို့အပင်များဆို သူကိုယ်တိုင်ပင် ၎င်းတို့၏ အမည်များကို သိအောင် မနည်းအားထုတ်ခဲ့ရ၏။ ဟန်လိ၏ တုန့်ပြန်မှုက သူ့ကို တကယ် အံ့အားသင့်စေခဲ့သည်။

“လုံလောက်ပြီ…” အဘိုးအိုက ထိုသို့ လှမ်းပြောလိုက်၏။

“သိပ်ကောင်းတယ်။ ကြည့်ရတာ မင်းက လုံးလုံး အသုံးမတည့်တဲ့သူ မဟုတ်ဘူးပဲ။ အခုချိန်ကစပြီး ဒီဆေးဥယျာဉ်ကို မင်း စီမံရမယ်။ ဒီမှာ အတားအဆီးတံဆိပ်ပြား။ ဒီ ဥယျာဉ်ကို သေချာ ဂရုစိုက်ပါ…”

အဘိုးအို၏ အမူအရာမှာ ကျေနပ်ပုံ ပေါ်လာ၏။ သူသည် အစိမ်းရင့်ရောင် သစ်သားပြားတခုကို ထုတ်ယူကာ ဟန်လိထံ လှမ်းပစ်ပေးသည်။

“အိမ်ထဲမှာ ငါ နှစ်ပေါင်းများစွာ ဆေးပင် စိုက်ပျိုးလာတဲ့ ငါ့အတွေ့အကြုံတွေကို ရေးမှတ်ထားတဲ့ မှတ်စုအချို့ ရှိတယ်။ မင်းက ဆေးပင်အများစုနဲ့ မစိမ်းမှတော့ မင်းအနေနဲ့ ဒီမှတ်စုတွေကို သေချာ ဖတ်နိုင်မှာပါ…။ ဒီအပင်တွေကို မသေစေနဲ့…” အဘိုးအိုမာက သူ၏ တိုနံ့နံ့ နှုတ်ခမ်းမွှေးကို ထိကိုင်ကာ အလေးအနက် ပြောလိုက်သည်။

“အကြီးအကဲမာရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီတပည့်က သေချာ မှတ်ထားပါ့မယ်…” ဟန်လိက တလေးတစား ပြောလိုက်၏။

“အဟမ်း…အပြောထက် အလုပ်က ပိုသာဖို့ ငါ မျှော်လင့်တယ်။ ဒါမှသာ ငါ့အနေနဲ့ ဒီဥယျာဉ်ကို လက်လွှဲထားနိုင်ပြီး ကျင့်ကြံခြင်းမှာ ပိုအာရုံစိုက်နိုင်မှာ။ ဒီဥယျာဉ်က ငါ ပိုင်တဲ့ ဥယျာဉ်ပဲ။ ဒါ့ကြောင့် မင်းအနေနဲ့ အလုပ်လုပ်တာ ကောင်းရင် မင်းအတွက်လည်း မနစ်နာအောင် ငါ လုပ်ပေးမှာပါ…”

ထိုအဘိုးအိုသည် သဘောကောင်းဟန်ဖြင့် ပြောလိုက်၏။ တချိန်တည်းမှာ သူ့လေသံ၌ အသုံးမကျပါက အပြစ်ပေးမည်ဟူသော သဘောလည်း ပါနေသည်။

သည်နှစ်ခွဖြစ်သော လေသံနှင့် စကားတို့ကို ကြားသည့်အခါ ဟန်လိသည် ထိုအဘိုးအိုမာကို ပို၍ပင် သဘောကျမိသွား၏။ သူက ထိုအဘိုးအိုမာသည် အကြီးအကဲယဲ့ထက် အများကြီး ပိုကောင်းသည်ဟု ထင်မိ၏။ အနည်းဆုံးတော့ ထိုအဘိုးအိုမာသည် ကြောင်သူတော် မဆန်ပေ။ ထို့ကြောင့် သူက ခပ်သွက်သွက် ခေါင်းညိတ်ကာ “ဟုတ်ကဲ့”ဟု ပြန်ပြောလိုက်၏။

ဥယျာဉ်နှင့် ပတ်သတ်ပြီး မည်သို့ စီမံထိန်းသိမ်းရမည်ကို အတိုချုပ် ပြောပြီးနောက် ထိုအဘိုးအိုမာသည် အိမ်ထဲ ခပ်သုတ်သုတ် ပြန်ဝင်သွား၏။ ထို့နောက် သူသည် ဒီဥယျာဉ်ထဲကနေ ပျံသန်းထွက်ခွာသွား၏။ သူက နောက်ပင် ပြန်လှည့်မကြည့်ခဲ့ပေ။

အကြီးအကဲမာ ထွက်သွားသည်ကို စောင့်ကြည့်နေပြီး ဟန်လိက တဲအိမ်တလုံးကို ကျပန်း ရွေးလိုက်ပြီး သန့်ရှင်းရေး လုပ်၏။ သူ့အခန်းကို ပြင်ဆင်၏။

တနေ့လုံး အလုပ်ရှုပ်နေပြီး အနားယူဖို့ အခွင့်အရေး မရသည့်အတွက်ကြောင့် ဟန်လိကဲ့သို့ ကျင့်ကြံသူတစ်ယောက်ပင် ပင်ပန်းမှုကို ခံစားမိသည်။ ထို့ကြောင့် သူက အိပ်ယာပေါ်တက်ကာ တကျိုးတည်း အိပ်လိုက်တော့သည်။

အပြင်ဘက်တွင် ကိစ္စကြီး တခုခု ဖြစ်နေလျှင်ပင် သူ အိပ်စက် အနားယူပြီး ခွန်အားပြည့်လာမှ ဖြေရှင်းလည်း မနောက်ကျဘူး မဟုတ်လား။ အချိန်က ခုမှ မှောင်ရီပျိုးစ ရှိသေး၏။

ဟန်လိသည် အဝါရောင်မေပယ်တောင်ကြားသို့ တပည့်သစ်တစ်ယောက်အဖြစ် စဝင်ရောက်သည့် ပထမဆုံးနေ့၌ မည်သည့်အလှည့်အပြောင်း အချိုးအကွေ့မှ မကြုံခဲ့ရပေ။ နောက်နေ့တွင် ဟန်လိက အားအင်အပြည့် နိုးလာသည့်အခါ၌ သူ၏ ကျင့်ကြံခြင်းလမ်းကြောင်းမှာ တရားဝင် အစပြုလေပြီ။

နောက်ရက်များ၌ ဟန်လိက နံနက်ခင်းပိုင်း၌ အဘိုးအိုမာ၏ ဆေးပင်များအကြောင်း မှတ်စုများကို လေ့လာရင်း အချိန်ကုန်ဆုံး၏။ ညပိုင်းတွင် သူက ဆေးပင်စိုက်ကွင်းထောင့်၌ ဆန်းကြယ်သောပုလင်းငယ်ကို လျှို့ဝှက် မြှုပ်နှံ့သည်။ သူ ဈေးကြီးပေး၍ လဲလှယ်ခဲ့ရသော ပစ္စည်းများနှင့် စိတ်ဝိညာဉ်ချီတို့ကို ဖုံးကွယ်ပေးထားနိုင်သည့် အပျက်အစီးမှော်ရတနာ အဝတ်စဖြင့်လည်း ဒီပုလင်းကို ဖုံးထားသေးသည်။

ထိုသို့ဖြင့် တခြားသူများသည် ဒီပုလင်းကို လုံးလုံး အာရုံစိုက်မိတော့မည် မဟုတ်ပေ။

ရက်အနည်းငယ် ကြာပြီးနောက် အဘိုးအိုယဲ့က အခြေခံတည်ဆောက်ခြင်းဆေးလုံးအတွက် သူ ပေးရမည့် ပစ္စည်းအချို့ကို ဟန်လိအား လာပေးသည်။ သို့သော် သူသည် သဘောတူထားသည့် ပစ္စည်းများ၏ ငါးပုံတပုံကိုသာ လာပေးခဲ့ခြင်းပင်။ ချီသန့်စင်ခြင်းဆေးလုံးကိုမူ ထိုခန်းမခေါင်းဆောင်ယဲ့က လုံးလုံး မေ့နေ့ပုံ ရသည်။ ဟန်လိကလည်း မည်သို့မျှ မဖြစ်သည့်နှယ် ဟန်ဆောင်ကာ အလိုက်သင့်နေ၏။

သို့ပေမည့် မည်သို့ပင် ဖြစ်စေ ဟန်လိကဲ့သို့ ငမွဲတစ်ကောင်အတွက် အခုလောက် ပစ္စည်းအမယ်များ ရလိုက်ခြင်းကပင် နေ့ချင်းညချင်း ချမ်းသာသောသူ တစ်ယောက် ဖြစ်လာသည်ဟု ဆိုနိုင်ဆဲပင်။ သူက အဘိုးအိုမာထံကနေ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံး၊ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ဒါဇင်လောက်၊ မှော်ပစ္စည်းသုံးခုနှင့် အဆောင်များကို ရရှိခဲ့သည် မဟုတ်လား။

All Chapters