← Chapters

နှစ်နှစ်ကြာပြီးနောက်

Vol. 11 Ch. 152

နှစ်နှစ်ကြာပြီးနောက်

Vol. 11 Ch. 152

အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးကို ခုမှ ဟန်လိသည် ပထမဆုံးအကြိမ် မြင်ဖူးတာပင်။ ထိုနှစ်တုံးထဲမှ တတုံးသည် အနီရောင်အလင်း တောက်ပနေသော မီးဓာတ် စိတ်ဝိညာဉ်ကျောက်တုံး ဖြစ်၏။ နောက်တစ်တုံးက အဝါရောင်အလင်း ပေးစွမ်းနေသော မြေဓာတ်စိတ်ဝိညာဉ်ကျောက်တုံးပင်။ သည်စိတ်ဝိညာဉ်ကျောက်တုံးများသည် တွေ့ရမြင်ရ များသော အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများပင်။

ယင်းတို့သည် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးများနှင့် သိသိသာသာ ကွဲပြား၏။ အရောင်အစင်းသာ ကွဲပြားသည် မဟုတ်။ စိတ်ဝိညာဉ်လှိုင်းဂယက်မှာလည်း အများကြီး ပိုအားကောင်းသည်။ သို့ဖြစ်၍ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးနှင့် လုံးဝ မှားနိုင်မည် မဟုတ်ပေ။

ထို့အပြင် မှော်ပစ္စည်းသုံးခုမှာလည်း အတော်လေး ကောင်းမွန်၏။ အခြေခံတည်ဆောက်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်က သန့်စင်ထားသော ပစ္စည်းများ ဖြစ်၍ ဟန်လိ ထိုက်နန်တောင်ကြား၌ မြင်ခဲ့ဖူးသော အဆင့်နိမ့် မှော်ပစ္စည်းများထက် များစွာ ပိုအားကောင်း၏။

ယင်းတို့ထဲမှ တခုမှာ သံမဏိကို သန့်စင်ထားသော လက်စွပ်တကွင်းပင်။ ၎င်းကို အသုံးပြုသည့်အခါ အလိုအလျောက် ပျံသန်း၍ ရန်သူ၏ အမြင်အာရုံကို ကျိန်းစပ်သွားအောင် လုပ်ပေးနိုင်စွမ်း ရှိသည်။ အကွာအဝေးတခုအတွင်း၌ ၎င်း၏ အရွယ်အစားကိုလည်း စိတ်ကြိုက် ပြောင်းနိုင်သည်။ ဟန်လိသည် ၎င်းလက်စွပ်ကို စိတ်ဝင်စားမိ၏။ သူ့ခန္ဓာကိုယ်မှ မှော်စွမ်းအားကို ထိုလက်စွပ်ထဲ ထည့်သွင်းကြည့်သည်။ လက်စွပ်က အဝါရောင်အလင်း ခပ်ဖျော့ဖျော့ ထုတ်လွှတ်ပေးကာ တဲအိမ်အတွင်း၌ ၎င်း၏ အရွယ်အစားပါ ကြီးမားလာ၏။ ဟန်လိမှာ စွံ့အမိသွားသည်။

နောက်ထပ် မှော်ပစ္စည်းတခုက တြိဂံအလံငယ်နှင့် တုတ်ချောင်းတခုပင်။ ထိုတုတ်ချောင်းမှာ မဟူရာရောင် ရှိ၏။ ထိုတုတ်နက်ကို ရိုးရိုး အသုံးပြု၍ မရပေ။ ၎င်းအလံအတွင်း စိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းပေးထားသ၍ တုတ်နက်က အနက်ရောင်မြူခိုးအဖြစ်သို့ ပြောင်းလဲကာ ရန်သူ၏ အမြင်အာရုံကို တားဆီးပေးကာ အသုံးပြုသူ၏ ခြေရာလက်ရာကို ဖျောက်ပေးနိုင်သည်။ ၎င်းသည် အကာအကွယ် မှော်ပစ္စည်းတခုပင်။

သည်ပစ္စည်းနှစ်ခုမှာ အပြင်ဘက်လောက၌ မြင်ရခဲသော ပထမတန်းစား ပစ္စည်းကောင်းများပင်။ ထိုပစ္စည်းနှစ်ခု၏ အသုံးတည့်မှုကြောင့် ဟန်လိက အတော်လေး ပျော်မိနေ၏။ သူ့ထံ၌ နောက်ထပ် မှော်ပစ္စည်းတစ်ခုလည်း ကျန်သေးသည်။ ၎င်းမှာ ကြေးဝါရောင် ပုလင်းတခု ဖြစ်၏။ ထိုပုလင်းက အရာဝတ္ထုတိုင်း၏ စိတ်ဝိညာဉ်စွမ်းအားကို မလွင့်ပြယ်အောင် သိုလှောင်ထားပေးနိုင်သည်။

ဟန်လိသည် ထိုမှော်ပုလင်းကို ကိုင်ကြည့်ချိန်၌ ဆန်းကြယ်အစိမ်းရောင် အရည်ကို ထိန်းသိမ်းထားနိုင်မည့် ပြဿနာအကြောင်း ချက်ခြင်း တွေးမိခဲ့၏။

ဟန်လိက စိတ်ဝိညာဉ်စွမ်းအား၏ တည်ရှိမှုကို သိရှိခဲ့သည့် အချိန်မှစ၍ သူ့ထံ၌ ရှိနေသော ဆန်းကြယ်သည့်ပုလင်းငယ်နှင့် ပတ်သတ်ပြီး သံသယ ဝင်နေခဲ့တာ ကြာပေပြီ။ ထိုပုလင်းငယ်က ညအချိန်၌ ကောင်းကင်နှင့်မြေကြီး၏ သဘာဝစိတ်ဝိညာဉ်ချီကို သိပ်သည်းစုပ်ယူနိုင်စွမ်း ရှိခဲ့၏။ သို့သော် ၎င်းဆန်းကြယ်သည့် ပုလင်းငယ်ထဲ၌ စိတ်ဝိညာဉ်ချီကို စုပ်ယူ၍ သိပ်သည်းစေသော အစိမ်းရောင်အရည်ကို ကြာကြာ ထိန်းသိမ်းထားနိုင်စွမ်း မရှိခဲ့ပေ။ အရင်တုန်းက သူသည် ထိုအချက်ကို ခိုင်ခိုင်မာမာ သိစေမည့် သင့်တော်သောနည်းလမ်း လုံးဝ မရှိခဲ့ပေ။ သူ့စိတ်ထဲရှိ ထင်မြင်ချက်သပ်သပ်များသာ။

အခု ဒီအဝါရောင်မှော်ပုလင်းကို ရလာသည့်အခါ သူ၏ ထင်မြင်ချက်များကို သက်သေပြမည့် နည်းလမ်း တစ်ခု ရလာတော့သည်။ သို့ဖြစ်၍ ညနေခင်းပိုင်း၌ သူက သိပ်သည်းပြီးသော အစိမ်းရောင်အရည်ကို ဒီကြေးဝါရောင်ပုလင်းထဲသို့ ထည့်၏။ ထိုပုလင်းက ဒီအရည်ကို ထိန်းသိမ်းထားနိုင်မည်လား သူ စမ်းသပ်ကြည့်သည်။

သို့သော် ရလဒ်က သူ့ကို အတော်လေး စိတ်ပျက်သွားစေ၏။

ကြေးဝါရောင်ပုလင်းက အစိမ်းရောင်အရည်ကို နှစ်ဆယ့်လေးနာရီသာ ထိန်းသိမ်းပေးထားနိုင်၏။ ထိုအချိန်ထက် ကျော်လွန်သွားပါက ပုလင်းထဲရှိ အစိမ်းရောင်အရည်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။ ထိုအစိမ်းရောင်အရည်မှာ ကောင်းကင်နှင့်မြေကြီးထံမှ စိတ်ဝိညာဉ်ချီကို သိပ်သည်းခြင်းကြောင့် ဖြစ်ပေါ်လာရုံ သပ်သပ်မဟုတ်။ ထိုမျှ မရိုးရှင်းဟု ထင်ရ၏။ သည်အရည်ထဲ၌ တခြားရှုပ်ထွေးသော အရာတခုခု ရောနှောနေတာ ဖြစ်နိုင်လောက်သည်။

ထိုသို့ စမ်းသပ်ပြီးနောက် ဟန်လိသည် ခုလက်ရှိ သူ့အခြေအနေကို ပိုသိလာ၏။ သို့သော် သူသည် ခုလက်ရှိ သူ့အဆင့်ဖြင့် အစိမ်းရောင်အရည်ကို ကြာကြာထိန်းသိမ်းထားနိုင်ဖို့ ပြဿနာအတွက် အဖြေကို ရှာနိုင်စွမ်း မရှိချေ။ သို့ဖြစ်၍ သူ့ကိုယ်သူ ဒုက္ခခံကာ စဉ်းစားမနေတော့ပေ။ မည်သို့ပင်ဖြစ်စေ ခုလက်ရှိ၌ပင် ဒီဆန်းကြယ်သော ပုလင်းငယ်၏ လုပ်ဆောင်မှုက ဟန်လိအတွက် အကျိုးများစွာ ရစေနေပြီးပင်။

သူ ဖြေရှင်း၍ မရနိုင်သေးသော ကိစ္စကို ထား၍ ဟန်လိက ဒီအစိမ်းရောင်အရည်ကို အကျိုးရှိစွာသာ အသုံးချတော့၏။ ထိုအရည်ကို အသုံးပြု၍ နဂါးဝါဆေးလုံးနှင့် ရွှေအနှစ်သာရဆေးလုံးများကို ပိုမို ဖော်စပ်သည်။ ဒီဆေးလုံးများက အရင်လောက် သူ့အပေါ် အကျိုးသက်ရောက်မှု မရှိတော့သည့်အတွက် သူက တောင်ကြားအတွင်း၌ စိတ်ဝိညာဉ်စွမ်းအင် ပိုမိုပါဝင်သော ဆေးလုံးများကို ဖော်စပ်နိုင်မည့် ဆေးဖော်စပ်နည်းများကိုလည်း ရှာဖွေဖို့ ကြိုးစားသည်။

သို့သော် ဒီကိစ္စမှာ အလျင်လို၍ မရမှန်း ဟန်လိက ကောင်းကောင်း သဘောပေါက်သည်။

ဂိုဏ်းကို ခုမှ ဝင်ရောက်လာသော တပည့်အသစ်တစ်ယောက်က ဆေးလုံးဖော်စပ်နည်းများကို မေးမြန်းစူးစမ်းနေပါက တခြားသူများသည် သူ တခုခု ဖုံးကွယ်ထားသလားဟု သံသယ ဝင်လာနိုင်သည်။ ထိုအခါ သူ့အတွက် ကံဆိုးမှုများ ရောက်လာနိုင်သည်။

သို့ဖြစ်၍ ဟန်လိက နှစ်ရှည်ကျင့်ကြံဖို့ ပြင်ဆင်၏။ သူက ဂိုဏ်း၏ အတွင်းရေးကိစ္စများကို ကောင်းကောင်း နားလည်သည့်အထိ အရင် လုပ်အုံးမည်။ သူ့အနေဖြင့် အဝါရောင်မေပယ်တောင်ကြား၏ တပည့်လက်သစ်တစ်ယောက် မဟုတ်တော့သည့် အခါကျမျှ ဆေးဖော်စပ်နည်းများကို မေးမြန်းစုံစမ်းတော့မည်ဟု စဉ်းစားထားသည်။

ဆေးအမယ်များအတွက်မူ ဟန်လိအနေဖြင့် ပူပန်ဖို့ မလိုပေ။ အစိမ်းရောင်အရည်၏ အကူအညီဖြင့် ဆေးဝါးပင်များသည် ညတွင်းချင်း ရင့်မှည့်ကြီးထွားနိုင်သည် မဟုတ်လား။ ဟန်လိက ဒီဆေးဥယျာဉ်၌ အချိန်အတော်ကြာ နေဖို့ ရည်ရွယ်ထား၏။ ထိုသို့ နေထိုင်မည့်အပေါ် အကြီးအကဲမာသည် မည်သို့မျှ မပြောဆိုမှာ သေချာသည်။

ထိုသို့ဖြင့် ဟန်လိသည် နေ့စဉ်နေ့တိုင်း သူ၏ ပုံမှန်ကိစ္စများနှင့် အလုပ်ရှုပ်နေတော့သည်။

နံနက်ပိုင်း အဘိုးအိုမာ၏ မှတ်စုများကို လေ့လာပြီးသည်နှင့် နေ့ခင်းပိုင်းတွင် သူသည် ကျင့်ကြံခြင်းလမ်းညွှန်တပည့် ဝူဖန်ထံ ပြေးတော့၏။ သူ့ထံမှ လက်တွေ့ကျသော စဦးမှော်ပညာရပ်များအတွက် မန္တာန်များကို သင်ယူသည်။

ထို့အပြင် ဟန်လိသည် နဂါးဝါဆေးလုံးများနှင့် ရွှေအနှစ်သာရဆေးလုံးများကိုလည်း သကြားလုံးကဲ့သို့ ဝါးစားနေ၏။ ဟန်လိက အရည်အသွေးသည် မေးခွန်းထုတ်စရာ ဖြစ်လာ၍ အရည်အတွက်ပေါ် မှီခိုရမည်ဟု တွေး၏။

ထိုသို့ဖြင့် အချိန် ကုန်လာခဲ့သည်။ မသိလိုက် မသိဘာသာဖြင့် ဟန်လိသည် မဟာကျင့်ကြံခြင်းဂိုဏ်းခုနစ်ဂိုဏ်း၏ တခုဖြစ်သော အဝါရောင်မေပယ်တောင်ကြား၏ ဂိုဏ်းသားတစ်ယောက် ဖြစ်လာခဲ့တာ နှစ်နှစ်တာ ရှိလာခဲ့ပေပြီ။

သည်နှစ်နှစ်အတွင်း ကိစ္စရပ်များစွာ ဖြစ်ခဲ့၏။ ဟန်လိသည် တကိုယ်တည်း ကျင့်ကြံနေပြီးနောက် သိပ်မကြာခင်မှာ ဂိုဏ်း၏ ဆယ်နှစ်တစ်ကြိမ် လူသစ်ခေါ်ခြင်း စတင်၏။ ကျင့်ကြံခြင်းဂိုဏ်းမျိုးစုံထံမှ လက်သင့်ခံနိုင်သော စိတ်ဝိညာဉ်ရင်းမြစ်နှင့် လူငယ်ပေါင်းထောင်ချီသည် အဝါရောင်မေပယ်တောင်ကြားသို့ ဝင်ရောက်လာ၏။ သူတို့ထဲ၌ ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ထားသော အမွှာနှစ်ယောက်လည်း ပါ၏။ သူတို့၏ ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ်များသည် အဖျက်အစီးစွမ်းအားအရာ၌ နာမည်ကျော်သော မိုးကြိုးစိတ်ဝိညာဉ်ရင်းမြစ်များ ဖြစ်၏။

ထိုညီအစ်ကိုနှစ်ယောက် ပေါ်လာသည့်အခါ သူတို့သည် တောင်ကြား၏ ထိပ်တန်းပုဂ္ဂိုလ်များ အာရုံစိုက်မှုကို အကြီးအကျယ် ရလာကြသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ပင် ထွက်လာကာ ထိုညီအစ်ကိုနှစ်ယောက်၏ အရိုးကို စစ်ဆေးကြည့်ကြ၏။ သူက ထိုနှစ်ယောက်သည် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ရောက်နိုင်စွမ်း ရှိလာပါက သူ တံခါးပိတ် ကျင့်ကြံနေရာကနေ ထွက်လာပြီး သူတို့ကို လမ်းညွှန်ပေးမည်ဟု လူသိထင်ရှား ပြောခဲ့ပေသည်။

ထိုအခါ သူတို့၏ ရောင်းရင်းများသည် အတော့်ကို မနာလို ဖြစ်ကုန်၏။ သို့ပေမည့် ထိုနှစ်ယောက်အပြင် တခြား ရှားပါးပါရမီရှင်များလည်း ရှိကြသေး၏။

ဥပမာ လီအမည်ရ ဂိုဏ်းငယ်တခုမှ လာခဲ့သော လူငယ်တစ်ယောက်သည် မထင်မှတ်စွာဖြင့် အသက်ဆယ့်နှစ်နှစ် အရွယ်မှာပင် အခြေခံပညာရပ်၌ အဆင့်ကိုးအထွတ်အထိပ်သို့ ရောက်နေခဲ့ပေသည်။ သူသည် ဆေးဝါးအကူအညီကိုလည်း မယူခဲ့ပေ။ သူ၏ တိုးတက်မှုက အံ့အားသင့်လောက်အောင် မြန်သည်။ သူသည် ဆင့်ကဲစိတ်ဝိညာဉ်ရင်းမြစ် ပိုင်ဆိုင်ထားသူများနှင့် သိသိသာသာ မကွာခြားပေ။

အသက်ရှစ်နှစ်အရွယ် ဝမ်အမည်ရ ကောင်လေးမှာလည်း ထူးကဲသည်ပင်။ သူသည် ဝမ်ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက် ဖြစ်ရုံသာမက မွေးရာပါ ယင်မျက်လုံးကို ပိုင်ဆိုင်သူ ဖြစ်၏။ သို့အတွက် သူသည် သမိုင်းထဲ၌ ပျောက်ကွယ်နေတာ ကြာပြီဖြစ်သော နတ်အလင်းမျက်လုံးကို ကျင့်ကြံနိုင်စွမ်း ရှိလိမ့်မည်။ ထိုပညာရပ်က လောကရှိ သရဲတစ္ဆေ၊ ပုံရိပ်ယောင်အားလုံးကို ထိန်းချုပ်နိုင်၏။

သူတို့အပြင် သာမန်တပည့်များထက် များစွာ ထူးချွန်သော ပါရမီရှိသူများလည်း ရှိသေး၏။ ထိုထိပ်တန်းတပည့်များကို ဂိုဏ်းက လက်ခံနိုင်သည့်အတွက် ဂိုဏ်းခေါင်းဆောင်ကျုံးမှာ သည်ရက်များ၌ ရွှင်တပြုံးပြုံး ဖြစ်နေ၏။ ထိုကဲ့သို့ ပါရမီကောင်းလှသော တပည့်များကို ဂိုဏ်းအတွင်း၌ လက်ခံနိုင်ခြင်းမှာ ကြီးမားသော အကျိုးအမြတ် မဟုတ်ပါလား။ လူအများက ဒီဂိုဏ်းသည် မိုးကောင်ကင်၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ကာ တခြားဂိုဏ်းများ၏ အထက်၌ ရောက်တော့မည်ဟု ယုံကြည်ကုန်၏။

သို့ပေမည့် အဝါရောင်မေပယ်တောင်ကြားမှ သူများသည် ဂိုဏ်းကြီးခုနစ်ဂိုဏ်း၌ အစွမ်းထက်ဆုံး ဖြစ်သော လမျက်နှာဖုံးဂိုဏ်းတွင်လည်း ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်နှင့် မိန်းကလေးငယ်တစ်ယောက်ကို လက်ခံရရှိခဲ့သည်ကို သိရှိခဲ့ကြသည်။ ထိုသည်က ရွှင်တပြုံးပြုံး ဖြစ်နေသော ဂိုဏ်းခေါင်းဆောင်ကျုံးကို နေ့တဝက်လောက် အာစေးမိသွားစေခဲ့သည်။

သို့ပေမည့် မည်သို့ပင်ဖြစ်စေ ခုတခေါက် ဂိုဏ်းသားအသစ်များမှာ ဂိုဏ်းအတွင်းရှိ လူအများအပြား၏ အာရုံစိုက်မှုကို ရကြပေ၏။ သည့်အရင်က ဂိုဏ်းကို ရောက်နေခဲ့သော အဆင့်နိမ့်တပည့်များသည် သူတို့ ဂျူနီယာများ၏ ပါရမီများအကြောင်းကို နေ့စဉ်နေ့တိုင်း ပြော၍ မဆုံး ရှိကြ၏။ ထိုဂျူနီယာများ၏ ကျင့်ကြံမှုက တိုးတက်လာသည့်အချိန်၌ သူတို့က မည်သည့်အရာကို စွမ်းဆောင်နိုင်ကြမည်အား အဘယ်သူက သိနိုင်ပါ့မည်နည်း။

သို့ဖြစ်၍ သည်လိုမျိုး တောက်ပသော လူငယ်လက်သစ်ပါရမီရှင်များ၏ အောက်၌ အင်မောတယ်အထက်ဘုံတံဆိပ်ပြားကို အသုံးပြုကာ ဂိုဏ်းအတွင်းသို့ ဝင်ရောက်လာခဲ့သော ဟန်လိကို ဂိုဏ်းခေါင်းဆောင်ကျုံးနှင့် တခြားအကြီးအကဲအားလုံးသည် မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ပေပြီ။

ဟန်လိသည် တနေကုန် ဆေးဥယျာဉ်တွင် အချိန်ကုန်နေတတ်သဖြင့် တခြားသူများနှင့်လည်း သိပ်မတွေ့ဖြစ်ပေ။ မကြုံဖြစ်ပေ။ သူ့ကို သိသော တပည့်များမှာ အနည်းအကျဉ်းသာ ရှိ၏။ ကျင့်ကြံခြင်းလမ်းညွှန်တပည့် ဝူဖန်၊ အခွင့်အရေးတစ်ရာ ခန်းမမှ ဂုဏ်ထူးဆောင်တပည့်ယုတို့သည်သာ ဟန်လိကို မှတ်မိသေးတာ ဖြစ်နိုင်လောက်၏။ တကယ်တော့ ထိုနှစ်ယောက်ကိုလည်း ဟန်လိသည် ကျင့်ကြံခြင်းပညာရပ်များအတွက် လမ်းညွှန်မှု သွားတောင်းခံခြင်းအချိန် သို့မဟုတ် လစဉ်တိုင်းအတွက် စိတ်ဝိညာဉ်ကျောက်တုံးများကို လက်ခံသည့်အချိန်၌သာ ဆုံဖြစ်တာပင်။

တခြားသူများက သူ့ကို မည်သို့ပင်ထင်ထင် ဟန်လိကမူ ခုလက်ရှိ၌ တကိုယ်တည်းကျင့်ကြံနေရင်း ကျေနပ်နေမိ၏။ ထို့အပြင် လစဉ်တိုင်း ဆေးအမယ်များကို စုဆောင်း ရရှိနေသဖြင့် အကြီးအကဲမာလည်း အတော်လေး ကျေနပ်နေ၏။ တကယ်တော့ ဟန်လိသည် အချိန်မှန် လိုအပ်သော ပစ္စည်းများကို လက်လွှဲပေးနိုင်စွမ်း ရှိနေသည် မဟုတ်လား။ အကြီးအကဲမာအနေဖြင့် ဟန်လိကဲ့သို့ ဥယျာဉ်ကို ကြည့်ရှုပေးနိုင်သူက မည်သည့်နေရာက သွားရှာပါတော့မည်နည်း။

သိုဖြစ်၍ အကြီးအကဲမာသည် ဟန်လိ၏ အကျိုးဆောင်ပေးမှုကို တုန့်ပြန်သည့်အနေဖြင့် စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက်ကိုလည်း ဆုလဒ်အဖြစ် ပိုပို တိုးပေးသည်။ မူလတုန်းက အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး နှစ်တုံး ပေးရာကနေ အခု သူသည် လစဉ် စိတ်ဝိညာဉ်ကျောက်တုံးငါးတုံးအား ဟန်လိကို ပေး၏။ သို့ဖြစ်၍ ဟန်လိသည် အဆင့်နိမ့်တပည့်များကြား၌ ဝင်ငွေကောင်းသူ ဖြစ်လာခဲ့သည်။ သာမန်တပည့်များ၏ တလပျမ်းမျှ ဝင်ငွေမှာ စိတ်ဝိညာဉ်ကျောက်တုံး သုံးတုံးသာ ရှိကြသည် မဟုတ်လား။ ထို့အတွက် ဟန်လိကလည်း အကြီးအကဲမာအပေါ် အမြင်ပိုကြည်လာကာ လေးစားမှုလည်း ပိုရှိလာသည်။

ခုထိ သူ ပေးထားသော ကတိအတိုင်း ပစ္စည်းများ၏ တဝက်ကျော်ကို မပေးရသေးသော ခန်းမသခင်ယဲ့၏ မြေးကမူ အခြေခံတည်ဆောက်ခြင်းဆေးလုံးကို သောက်ပြီးနောက်တွင်လည်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို မရောက်နိုင်ဟု စကားသံများ ထွက်နေ၏။ သူ၏ မြေးမှာ မည်သို့မျှ မတတ်နိုင်ဘဲ ချီစုဆောင်းခြင်းအထွတ်အထိပ်အဆင့်၌သာ ရှိရတော့မည်။ ဟန်လိက ထိုသတင်းကို ကြားမိသည့်အချိန်၌ အားပါးတရ ရယ်မောပစ်မိခဲ့၏။ သူ့စိတ်အခြေအနေပင် အတော်လေး နေလို့ထိုင်လို့ ကောင်းသွားခဲ့သည်။

ဆေးလုံးများကို ပဲကြီးလှော်ကဲ့သို့ ဝါးစားခဲ့သော အကျိုးကြောင့် ဟန်လိ၏ ထာဝရနွေဦးပညာရပ်မှာလည်း နောက်ထပ်အဆင့်နှစ်ခုထိ ချိုးဖျက်နိုင်ခဲ့၏။ နောက်ဆုံး၌ သူသည် အဆင့်နိမ့်တပည့်များကြား၌ အလယ်အလတ်အဆင့်လောက်ဟု သတ်မှတ်နိုင်မည့် ချီစုဆောင်းခြင်းအဆင့်ဆယ့်တစ်သို့ ရောက်လာနိုင်ခဲ့ပေပြီ။ အလားတူပင် နဂါးဝါဆေးလုံးနှင့် ရွှေအနှစ်သာရဆေးလုံးတို့၏ သူ့အပေါ် အကျိုးသက်ရောက်မှုမှာ လုံးလုံး မရှိတော့ပေ။ သူက ထိုဆေးလုံးများစွာကို ဆက်လက် သုံးစွဲသော်လည်း မည်သည့်ရလဒ်မှ မထွက်ပေါ်လာတော့ပေ။

သို့ဖြစ်၍ ဟန်လိမှာ ရွေးချယ်စရာ မရှိဘဲ တခြားဆေးလုံးများကို ရှာဖို့ဖွေဖို့ စီစဉ်ရတော့၏။

ကံကောင်းစွာဖြင့် ခုချိန်၌ တောင်ကြားအတွင်း၌ သူ့ကဲ့သို့ သာမညောင်ညကောင်ကို မည်သူကမျှ စိတ်မဝင်စားခြင်းပင်။ သူသာ သတိထား၊ ဂရုစိုက်နေပါက သူ၏အပြုအမူများသည် အာရုံစိုက်ခြင်း ခံရလိမ့်မည် မဟုတ်ပေ။

All Chapters