အကြီးအကဲရှုနှင့် ကျမ်းစာအခန်း
Vol. 11 Ch. 154
ဟန်လိ ရပ်နေသော ခန်းမမှာ တမူထူး၏။ ဒုလုံးပုံစံ ရှိသောအခန်းများမှာ အကျယ် မီတာကိုးဆယ်၊ အမြင့်ဆယ့်ငါးမီတာလောက်ထိ ကြီးမားသည်။ ခန်းမအတွင်း ပတ်လည်၌ အစိမ်းရောင်ကျောက်သားနံရံများ ရှိ၏။ ၎င်းနံရံများအတွင်း၌ အနီရောင်သလင်းကျောက်များကို မြှုပ်ထားသည်။ ကြမ်းပြင်မှာ သဲဖြူခင်းထားသည်။ ဒီခန်းမအဆောက်အဦတခုလုံးသည် သန့်ရှင်းသေသပ်နေသည်။
မျက်နှာကြက်၌ အဖြူရောင်ကျောက်စက်ပန်းဆွဲများ ချိတ်ထားသည်။ မင်သက်လောက်စရာပင်။ ဒီနေရာမှာ အမှန်တကယ် ကျောက်စက်ပန်းဆွဲ ဂူတလုံး ဖြစ်၏။ ဒီဂူကို လူများက အနည်းငယ် အသွင်ပြောင်းကာ ပုံဖော်ထား၍ အခုလိုမျိုး ပုံစံအနေအထား ထွက်နေခြင်းပင်။
ခန်းမပတ်လည်၌ ဥမင်လမ်းသုံးခု ရှိ၏။ ထိုထဲမှ တခု၏ ဝင်ပေါက်ထိပ်တွင် မှော်ပစ္စည်းဟု စာသားကို ရေးထွင်းထား၏။ နောက်တခုတွင် ဆေးလုံးဟူသော စာသားကို ရေးသားထားသည်။ နောက်ဆုံး ဥမင်တွင်မူ မည်သည့်စာသားကိုမျှ အမည်မတပ်ထားပေ။
သည်ခန်းမအတွင်း၌ အခုချိန်မှာ မည်သူမျှ ရှိမနေ။ ဟန်လိက ဟိုဟိုဒီဒီ လိုက်ကြည့်နေ၏။ သူက နည်းနည်း ချီတုံချတုံ ဖြစ်နေသေးသည်။ ထို့နောက် သူသည် ဝင်ပေါက်၌ ဆေးလုံးဟု အမည်တပ်ထားသော ဥမင်ထံ ဦးတည်ကာ လျှောက်လာသည်။
ထိုဥမင်လမ်းမှာ မရှည်ဝေးပေ။ ခြေဆယ်လှမ်းကျော် လျှောက်လာပြီး တဆစ်ချိုးကွေ့သည်နှင့် ဥမင်၏ အဆုံးမှာ အတန်ငယ် ကြီးသော အိမ်တလုံး ပေါ်လာသည်။ ထိုအိမ်ထဲ၌ စားပွဲရှည်တခု ရှိ၏။ ထိုစားပွဲဘေးတွင် အဘိုးအိုတစ်ယောက် ရပ်နေ၏။ သူက ဝင်လာသော ဟန်လိကို ပြုံးဖြဲဖြဲဖြင့် ကြည့်နေသည်။
စားပွဲ၏နောက်၌ နံရံကပ်ထားသော စင်များ ရှိသည်။ စင်ပေါ်တွင် ဆေးမီးပြင်းဖို ဒယ်ဇောက်များ၊ ကုန်ကြမ်းအမယ်များ၊ ဟန်လိ အရင်က လုံးဝ မမြင်ဖူးသော တခြား ထူးခြားသော ပစ္စည်းအမယ်မျိုးစုံတို့ ရှိနေ၏။
ပြုံးဖြီးဖြီးနှင့် အဘိုးအိုသည် ဟန်လိ စကားမဆိုလာခင်မှာပင် သူက အရင် လှမ်းပြောသည်။ “မိတ်ဆွေလေး….မင်းကို ငါ မသိသလိုပဲ။ မင်းအနေနဲ့ ဒီကို ပထမဆုံး ရောက်ဖူးတာမလား။ ဒီနေရာကို ရောက်လာတဲ့ မျက်နှာသစ်တွေက နည်းသထက် နည်းလာပြီပဲ။ မင်းလို ငယ်ရွယ်နုပျိုတဲ့ မျက်နှာနဲ့ လူငယ်လေးကို မြင်ရတာ သိပ်ကောင်းတယ်…”
ထိုအဘိုးအိုက ခေါင်းယမ်းကာ ကြိုဆိုသော လေသံဖြင့် ပြောလိုက်၏။
ဟန်လိက ထိုအဘိုးအိုအပေါ်၌ ကောင်းကင်မျက်လုံး ပညာရပ်သည် အလုပ်မဖြစ်မှန်း သဘောပေါက်ထားပြီး ဖြစ်သည်။ သူ့အနေဖြင့် အဘိုးအို၏ ကျင့်ကြံမှုအဆင့် မည်မျှ နက်နဲသည်ကိုလည်း မပြောနိုင်ပေ။ ထိုအဘိုးအိုက နောက်ထပ် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်၏။ ဟန်လိသည် သူ့ကို မည်သို့ လစ်လျူရှုဝံ့ပါ့မည်နည်း။
သူက တလေးတစားဖြင့် ပြောလိုက်သည်။ “ဂျူနီယာက အကြီးအကဲကို နှုတ်ဆက်ပါတယ်။ ကျနော်က ခုမှ ယွဲ့လုခန်းမကို ပထမဆုံး ရောက်ဖူးတာပါ။ စီနီယာအနေနဲ့ ကျေးဇူးပြုပြီး ကျနော့်ကို လမ်းညွှန်ပေးပါ…”
ဟန်လိက သူ့ကိုယ်သူ နှိမ့်ချကာ ပြောသည်။
“မိတ်ဆွေလေး…မင်းမှာ မေးစရာရှိရင် မေးပါ။ ဒါ့အပြင် ငါ့မျိုးရိုးနာမည်က ရှု။ ငါ့ကို ဦးလေးရှု၊ ဒါမှမဟုတ် အကြီးအကဲရှုလို့ ခေါ်နိုင်တယ်…”
“ဂျူနီယာ သိပါပြီ…” ဟန်လိက ထိုအဘိုးအိုသည် ထူးခြားသည်ဟု ခံစားမိသည်။
“ကဲ ဟုတ်ပြီ…မင်း ဒီကို ဘာကြောင့် ရောက်လာတာလဲ ပြောပါအုံး…” အဘိုးအိုရှုက ထိုသို့ ပြောလိုက်သည်။
“ဂျူနီယာက ဆေးလုံးတွေနဲ့ ပတ်သတ်တဲ့ ဖော်စပ်နည်းတွေကို ကြည့်ချင်တာပါ။ ဆေးပညာနဲ့ ပတ်သတ်တဲ့ စာအုပ်တွေကိုလည်း ဖတ်ကြည့်ချင်တယ်။ ဆေးလုံးသန့်စင်ခြင်းနည်းလမ်းတွေကို လေ့လာချင်ပါတယ်…”
ဟန်လိက ဝေ့ဝိုက်ကာ အကောင်းဆုံး ကြိုးစား၍ ပြောလိုက်သည်။ သူသည် လူများ အာရုံစိုက်မှာကို မလိုချင်ပေ။
“ဆေးပညာနဲ့ ပတ်သတ်တဲ့ စာအုပ်တွေ၊ ဖော်စပ်နည်းတွေလား။ ဒီလှေကားအတိုင်း တက်သွားလိုက်…”
ထိုအဘိုးအိုက သူ့ကို ထွေထွေထူးထူး မမေးမြန်းသည့်အတွက် ဟန်လိမှာ အံ့အားသင့်မိသွားသည်။ ထိုအဘိုးအိုက အနက်ရောင်တံဆိပ်ပြားတခုကို ထုတ်ယူလိုက်ပြီး မန္တာန်တခု ထုတ်ဖော်သည်။ ထို့နောက်တွင် မျက်နှာကြက်ထံ ဦးတည်သော ကျောက်လှေကားများသည် စင်များဘေးနားရှိ နေရာလွတ်လေဟာနယ်ကနေ ပေါ်လာချေသည်။
ဟန်လိက ပျော်သွား၏။ သူက ချက်ခြင်းပင် လှေကားအတိုင်း ခပ်သွက်သွက် တက်လာ၏။ သို့သော် သူ အပေါ်သို့ ရောက်ခါနီး၌ အကြီးအကဲရှု၏ အမူဟန်ပန်က ရုတ်တရက် မရိုးဖြောင့်ဟန် ဖြစ်ပေါ်သွား၏။
“ဒုတိယထပ်က စာကြည့်တိုက်ထဲမှာ ဖတ်ဖို့တွက် နှစ်နာရီတိုင်း အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး တတုံး ကျသင့်မယ်။ ဒီထဲက မူရင်းစာအုပ်တွေကို ယူခွင့် မရှိဘူး။ ဒီစာအုပ်တွေထဲက အကြောင်းအရာကို ကူးယူချင်ရင် စာမူတခုအတွက် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံး ကျသင့်မယ်…”
အကြီးအကဲရှု၏ စကားသံကို ကြားလိုက်ရသည့်အခါ ဟန်လိမှာ အပေါ်တက်နေသော ခြေလှမ်းများပင် ဒယီးဒယိုင် ဖြစ်မိသွား၏။ သူသည် အော်ဆဲမိမတတ်ပင်။
တန်ကြေးက များလှ၏။ ဈေးကြီးလှသည်။ စာအုပ်လေး ကူးယူသည့် အခကို မပြောနှင့်အုံး ဖတ်ရုံဖြင့်ပင် စိတ်ဝိညာဉ်ကျောက်တုံး တတုံး ကျသင့်နေပြီ မဟုတ်လား။
အဆင့်နိမ့်တပည့်များသည် သူတို့၏ သက်ဆိုင်ရာ အလုပ်များကနေ တနှစ်လုံးမှ စိတ်ဝိညာဉ်ကျောက်တုံး နှစ်ဆယ်၊သုံးဆယ်လောက်သာ ရကြ၏။ သို့သော် သူတို့၏ ကျင့်ကြံမှုနှင့် နေ့စဉ်ကုန်ကျစရိတ်များအတွက် အသုံးပြုရသေးသည်ဖြစ်ရာ အမှန်တကယ်တွင် စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်ကိုသာ စုမိဆောင်းမိသည်။
သို့ဖြစ်၍ အခု တန်ကြေးမှာ ကျိန်းသေပေါက် တရားလွန်နေသည် မဟုတ်ပြီလော။ ထိုအကြီးအကဲအပေါ် ဟန်လိ၏ အမြင်မှာလည်း ပြောင်းပြန်ဖြစ်သွားတော့၏။ ဘယ်လောက်တောင် အမြတ်ကြီး စားလိုက်သနည်း။
ဟန်လိ၏ မျက်နှာအမူအရာမှာ မချိတင်ကဲ ဖြစ်သွားသော်လည်း သူက ထိုအကြီးအကဲ၏ အပြောကြောင့် ခြေလှမ်းတော့ မရပ်သွားပါ။ ထိုအစား သူက နောက်လှည့်မကြည့်ဘဲ အကြီးအကဲရှုထံ စိတ်ဝိညာဉ်ကျောက်တုံး တတုံးကို ပစ်ပေးလိုက်သည်။ ထို့နောက် ခပ်သွက်သွက် ခြေလှမ်းကာ ဒုတိယထပ်သို့ တက်လာ၏။
“စိတ်ဝင်စားစရာပဲ။ ဒီလောက် တန်ကြေးက သူ့ကို မလန့်သွားစေဘူးဆိုတာ ငါ မယုံဘူး။ ကြည့်ရတာသူက ငွေပေါတဲ့ပုံပဲ။ ဟားဟား။ ငါတော့ ချမ်းသာအုံးမယ် တူတယ်…”
ဟန်လိက လှေကားထစ်သို့ တက်သွားသည်ကို ကြည့်နေပြီး အကြီးအကဲရှု ဆိုသူသည် မပြုံးမိဘဲ မနေနိုင် ဖြစ်၏။ သူက သူ့အင်္ကျီလက်စဖြင့် ဟန်လိ ပစ်ပေးခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးကို ပွတ်သပ်ကာ မျက်စိနားကပ်၍ သေချာ ကြည့်၏။ သူ၏ တွန့်တိုကာ ကပ်စီးနဲသော ဟန်ပန်အမူအရာမှာ လှစ်ဟပေါ်လာသည်။ အခု သူ့ပုံစံက ဟန်လိ ဝင်လာခဲ့စဉ်က ဖော်ရွှင်သောဟန်ပန်နှင့် လားလားမျှ မဆိုင်တော့ပါ။
ဟန်လိသည် မကျေမနပ် ဖြစ်စိတ်ကို ကြိုးစား ဖိနှိပ်ထားရ၏။ သူ့ကိုယ်သူ တည်ငြိမ်စေပြီးနောက် ဟန်လိသည် ဒုတိယထပ်ကို သေချာ စူးစမ်းသည်။
သည်အခန်းက သူ စိတ်ကူးမိထားသလို စာအုပ်များ၊ ဝါးပုရပိုက်များဖြင့် ပြည့်နေသော အခန်းကျယ်ကြီး မဟုတ်ပေ။ ဒုတိယထပ်ရှိ အခန်းက မကျဉ်းသော်လည်း အမှန်တကယ် စိတ်လှုပ်ရှားစေမည့် ပစ္စည်းကမူ နည်းပါးလွန်းသည်။
ဖုန်တတ်နေသော စင်နှစ်ခု၊ ညစ်ပတ်ပတ် စားပွဲတလုံး၊ ထိုင်ခုံကျိုးတခု။ ယင်းတို့မှာ ဒီအခန်း၏ ပရိဘောဂများသာ။ စာအုပ်စင်များပေါ်၌ နှစ်နှစ်ဆယ်၊သုံးဆယ်လောက် ရှိရော့မည့် ဝါကျင့်ကျင့်စာအုပ်များ ရှိနေသည်။ စားပွဲပေါ်တွင် ဝါးပုရပိုက်အနည်းငယ် ရှိနေ၏။ မူလအရောင် လွင့်ပြယ်နေပြီ ဖြစ်သော ကျောက်စိမ်းကျည်တောက်ပုံဘူး နှစ်ခု ရှိ၏။
“ဘာကြီးလဲဟ။ ငါ နေရာများ မှားလာခဲ့မိတာလား။ ဒါက မဟာကျင့်ကြံခြင်းဂိုဏ်းကြီးရဲ့ လျှို့ဝှက် စာကြည့်တိုက် ဆိုတာလား။ ဒီနေရာက မရှိဆင်းရဲသား ကျောင်းတော်သားရဲ့ စာကြည့်ခန်းနဲ့ ပိုတူနေတယ်…”
ဟန်လိသည် သူ့ရှေ့၌ တွေ့မြင်နေရသော အခင်းအကျင်းကြောင့် ကြောင်တိကြောင်တောင် ဖြစ်မိနေသည်။ အဘိုးအိုရှု၏ ခန့်မှန်းမရသော ကျင့်ကြံမှုအဆင့်ကြောင့်သာ မဟုတ်ပါက သူသည် ခုချက်ခြင်း အောက်ပြန်ဆင်း၍ ထိုအဘိုးအိုရှုကို ဂုတ်ကကိုင်၍ ဒီနေရာက ဂိုဏ်းကြီးတခု၏ စာကြည့်တိုက်ကော ဟုတ်ရဲ့လားဟု မေးပစ်ချင်စိတ် ပေါက်နေသည်။
အသက်ဝဝရှိုက်သွင်းပြီးနောက် ဟန်လိက စင်တခုရှေ့သို့ တည်တည်ငြိမ်ငြိမ် လျှောက်လာ၏။ သူက ကြုံရာ စာအုပ်ဟောင်းတခုကို ကောက်ယူကာ သေချာ ဖတ်ကြည့်သည်။
“ကိုယ်တွင်းအင်္ဂါငါးခုကို ချိန်သားကိုက်ကိုက်နဲ့ အပ်စိုက်ကုထုံး ပေးနိုင်ရင် လူတစ်ယောက်ရဲ့ သက်တမ်း(အသက်အနှစ်သာရ)ကို ပြောင်းလဲပေးနိုင်တယ်…”
ဟန်လိသည် ထိုစာအုပ် ပထမဆုံး စာလေးငါးကြောင်းကို ဖတ်ကြည့်သည်။ သူ အံ့အားသင့်မိသွား၏။ ထို့နောက် သူက စာအုပ်ကို ပြန်ပိတ်လိုက်သည်။
“ဟွာဂိုဏ်းရဲ့ လျှို့ဝှက်အပ်စိုက်ကုထုံး ပညာရပ်…” ဟန်လိ၏ မျက်လုံးရှေ့တွင် ထိုစာသားများ ပေါ်လာသည်။
ဟန်လိ၏ မျက်နှာအမူအရာမှာ မဲမှောင်သွား၏။ သည်စာအုပ်၌ ဖော်ပြထားသည် ပညာရပ်မှာ သေအံ့မူးမူး လူနာတစ်ယောက်ကို ကယ်တင်ပေးနိုင်မည့် ရှားပါးအပ်စိုက်ပညာရပ် ဖြစ်၏။ သို့သော် ထိုအပ်စိုက်ကုထုံးတို့က ဆေးလုံးများ သန့်စင်ခြင်းနှင့် အဘယ်သို့ သက်ဆိုင်ပါမည်နည်း။ ဟန်လိသည် ဒီစာအုပ်ကို သမားတော်မော့နှင့် အတူနေခဲ့ရစဉ်က အကြိမ်ပေါင်း မရေနိုင်အောင် ဖတ်ခဲ့ဖူးပြီးပင်။ သူ့စိတ်ထဲက စွဲထင်းနေအောင် မှတ်မိနေပြီးသား ဖြစ်၏။ သည်စာအုပ်မှာ သေမျိုးလောက၏ ဆေးပညာစာအုပ် မဟုတ်ပါလား။ အဘယ်ကြောင့် ဒီနေရာ၌ ရှိနေရသနည်း။
ဟန်လိ၏ စိတ်ထဲ၌ မေးခွန်းများ အဆက်မပြတ် မေးမိနေ၏။ သူက မျက်မှောင်စုကြုံ့ကာ စိတ်ရှုပ်နေသည်။ သို့သော် သူ့အကြည့်က စာအုပ်စင်ပေါ်ရှိ တခြားစာအုပ်များထံ ကျရောက်သွားသည့်အခါ ခံစားချက်က ပို၍ပင် ဆိုးဝါးသွားတော့သည်။
ဟန်လိသည် ဒီစာအုပ်အဟောင်းများကို ခပ်မြန်မြန် ဖတ်ကြည့်၏။ စာအုပ်တအုပ် ဖတ်ပြီးတိုင်း သူ့မျက်နှာမှာ ပိုပျက်လာ၏။ ပိုနက်မှောင်လာ၏။ သူသည် နောက်ထပ် စင်ပေါ်မှ စာအုပ်များကိုပါ အကြမ်းဖျဉ်း ဖတ်ကြည့်ပြီးသည့်အခါတွင်တော့ သူ့အမူအရာသည် မုန်တိုင်းမလာခင် မဲမှောင်အုံ့ဆိုင်းနေသော ကောင်းကင်ယံအလား နက်မှောင်သွားတော့သည်။
သည်စာအုပ်နှစ်ဆယ်လုံးမှာ ဆေးလုံးသန့်စင်ခြင်းနှင့် လားလားမျှ မဆိုင်ပါ။ လူနာများကို ကယ်တင်ကုသနည်း၊ ထူးခြားရှုပ်ထွေးသော ရောဂါများအတွက် အိမ်တွင်း ကုသနည်းများ၊ အဆိပ်ဖြေနည်းများ စသည့်အကြောင်းများသာ။ သည်စာအုပ်အားလုံးကို သေမျိုးလောက၌ အသုံးပြုကြ၏။
“နှစ်နာရီ ပြည့်ပြီ။ မင်း ဆက်ဖတ်ချင်သေးရင် စိတ်ဝိညာဉ်ကျောက်တုံး ထပ်ပေးရမယ်…”
အောက်ထပ်မှ အကြီးအကဲရှု၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာ၏။
သူ့အသံကို ကြားသည့်အခါ ဟန်လိမှာ စွံ့အမိ၏။ ဒီအမှိုက်သာသာ စာအုပ်များကို ဖတ်ဖို့ စိတ်ဝိညာဉ်ကျောက်တုံးများ ပေးရခြင်းက ထိုက်တန်ပါ၏လား။ သို့သော် သူက စားပွဲပေါ်ရှိ ပစ္စည်းများထံ အကြည့်ရောက်သွားသည့်အခါ စိတ်ထဲ၌ သံသယ ရှိမိ၏။ သို့ဖြစ်၍ နောက်ထပ် စိတ်ဝိညာဉ်ကျောက်တုံးတတုံး ထုတ်ကာ လှေကားအပေါ်ကနေ အောက်ဘက်သို့ ပစ်ပေးလိုက်သည်။
“ကျုပ် စိတ်ဝိညာဉ်ကျောက်တုံးကို ရပါပြီ…မိတ်ဆွေလေး။ စာ အေးဆေး ဆက်ဖတ်ပါ။ ဒီအကြီးအကဲက မနှောက်ယှက်တော့ပါဘူး…” အကြီးအကဲရှုက ပြုံးဖြီးဖြီးဖြင့် အောက်ဘက်ကနေ လှမ်းပြော၏။
ဟန်လိက ထိုအကြီးအကဲကို အာရုံမစိုက်အားတော့ပေ။ သူက ထိုအဘိုးအိုသည် သူ့၏ လိုအင်ဆန္ဒများကို မဖုံးကွယ်ထားသော သူမျိုးမှန်း ကောင်းကောင်း သိလိုက်ပြီ ဖြစ်၏။ သူ့အနေဖြင့် ထိုအဘိုးအိုကို လေးစားသမှုပြခြင်း၊ မပြခြင်းက အရေးမပါတော့ပါ။ ဟန်လိက သူ့ကို စိတ်ဝိညာဉ်ကျောက်တုံးများ ထပ်ပေးခြင်း၊ မပေးခြင်းကသာ သူ့အတွက် အရေးပါ၏။
သို့သော် ဟန်လိသည် နောက်ထပ် စိတ်ဝိညာဉ်ကျောက်တုံးတခုကို ထပ်ဖြုန်းဖို့ အစီအစဉ် မရှိတော့ပေ။ သို့ဖြစ်၍ သူက အချိန်ရှိတုန်းက စားပွဲပေါ်ရှိ ဝါးပုရပိုက်များကို အရင်ထက် ပိုမြန်မြန် ဖတ်ရှု၏။ သူက တကြောင်းချင်း ဖတ်ကြည့်မည့်အစား အတိုချုပ်သာ ဟိုလှန်ဒီလှန်၍ ဖတ်ကြည့်၏။
ထိုဝါးပုရပိုက်ကို လှန်လှော ဖတ်နေရင်း ဟန်လိ၏ စိတ်အခြေအနေမှာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေ၏။ ထို့နောက်တွင် သူက ၎င်းဝါးပုရပိုက်ကို စားပွဲပေါ် ပြန်တင်သည်။
သည်တကြိမ်၌မူ ဒီဝါးပုရပိုက်များထဲ၌ ဆေးလုံးအချို့ ဖော်စပ်နည်းအတွက် နည်းလမ်းများ၊ မှတ်စုများ ပါဝင်သည်။ သို့သော် ကံမကောင်းစွာဖြင့် ဆေးလုံးဖော်စပ်ရာတွင် သုံးရမည့် အမယ်ပစ္စည်းများအရ ဒီဆေးလုံး၏ သက်ရောက်မှုသည် နဂါးဝါဆေးလုံး၊ ရွှေအနှစ်သာရဆေးလုံးတို့လောက်သာ ရှိပေလိမ့်မည်။ ထာဝရနွေဦးပညာရပ်၏ အဆင့်ဆယ့်တစ်သို့ ရောက်နေသော ဟန်လိအဖို့ ဒီဆေးလုံးများက သက်ရောက်မှု ထပ်ရှိနိုင်တော့ မဟုတ်ပေ။
ထို့ကြောင့်လည်း ဟန်လိ၏ တခုတည်းသော မျှော်လင့်ချက်မှာ သူ့လက်သီးစုပ်ခန့် အရွယ်အစား ရှိသော ကျောက်စိမ်းကျည်တောက်နှစ်ခုထံ၌သာ ရှိတော့၏။ သူသည် လက်ဗလာဖြင့် ပြန်လှည့်မသွားရဖို့ မျှော်လင့်မိပါသည်။