ချိုးဖောက်ခြင်း
Vol. 7 Ch. Chapter 12
ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V7 Chapter 12 - ချိုးဖောက်ခြင်း
"အခုတလော သူပုံမှန်မဟုတ်ဘူးလို့ ငါထင်တယ်။" ဟယ်ရီက သက်ပြင်းချရင်း ပြောလိုက်တယ်။ ဖားလေးကတော့ လုံးဝနားမလည်နိုင်ဘူး။ ပြောရရင် ဖားလေးသိတဲ့ မယ်လီက အခုမယ်လီနဲ့ ဘာမှသိပ်မကွာဘူး။ အားလုံးကို ဂရုစိုက်တတ်တယ်၊ သတ္တိရှိတယ်၊ ကြင်နာတတ်တယ်။
"ဒီစီကိစ္စအပြီး နယူးယောက်ပြန်ရောက်လာတည်းက ငါသူ့ကို မသင်္ကါနေတာ။ အရေးကြီးတဲ့အချိန်တိုင်းမှာ သူအပြင်ထွက်ဖို့ ဆင်ခြေတစ်ခုခုပေးသွားတာချည်းပဲ။" ဟယ်ရီက ဒီလိုပြောလိုက်ပေမဲ့ ဖားလေးက မယုံဘူး။
"အခုကျွန်တော့်အတွက် မနက်စာဝယ်ဖို့ထွက်သွားတာကို ဌာနမှူးက ဆင်ခြေတစ်ခုလို့ ထင်နေတာလား။" ဖားလေးက ပြောလိုက်တော့ ဟယ်ရီက ပခုံးတွန့်ပြလိုက်တယ်။ "ငါက ဒီအတိုင်း ငါ့သံသယတွေကိုငါ ထုတ်ပြောရုံပါ။"
ဒါပေမဲ့ ဖားလေးက ဟယ်ရီရဲ့စကားတွေကို ဒီတိုင်းလွှတ်ထားနိုင်လောက်အောင် သည်းခံနိုင်စွမ်းရှိပုံမရဘူး။ အဲဒီအစား သူက ဟယ်ရီကို မျက်မှောင်ကြုတ်ပြီး နာကြည်းစွာကြည့်လိုက်တယ်။ သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ထားရင်း အေးစက်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
"ခင်ဗျားဘယ်လိုစိတ်မျိုးနဲ့ အဲဒီစကားကို ပြောလိုက်တာလဲ။ ကျုပ်အခုချက်ချင်း အစ်မမယ်လီကို သွှားရှာမယ်။ သူ့ကို ဘာဂါဆိုင်မှာတွေ့တယ်ဆိုရင် ခင်ဗျားသံသယက မှားတယ်ဆိုတဲ့သက်သေပဲ။ ဒါဆိုရင် ခင်ဗျားသူ့ကို ပြန်တောင်းပန်ရမယ်။"
ဖားလေးရဲ့စကားကို ဟယ်ရီက စိတ်မဆိုးဘဲ နားထောင်နေပါတယ်။ ဖားလေးက ဟယ်ရီထက်စာရင် အတွေ့အကြုံနည်းတယ်။ ဒါပေမဲ့ ဟီးရိုးတွေလောကမှာ သစ္စာဖောက်တယ်ဆိုတာ မရှားခဲ့ဘူး။ လွန်ခဲ့တဲ့လအနည်းငယ်ကလည်း နယူးယောက်က တခြားဟီးရိုးတွေ သူတို့ကိုသစ္စာဖောက်ခဲ့လို့ ဝရမ်းပြေးသာသာ ဖြစ်ခဲ့ရပြီးပြီလေ။ လူတစ်ယောက်ရဲ့သစ္စာရှိမှုကို ရင်းနှီးမှုတစ်ခုတည်းနဲ့ ဟယ်ရီပုံအပ်ပြီး မယုံနိုင်ဘူး။
"တကယ်လို့ ငါမှန်ခဲ့ရင်ရော...." ဟယ်ရီက လက်ထဲက စီးကရက်ကို မြေပေါ်ပစ်ချလိုက်ပြီး ခြေထောက်နဲ့နင်းကာ မီးသတ်လိုက်တယ်။ နောက်တော့ ဖားလေးရဲ့မျက်လုံးတွေကို သေချာကြည့်ပြီးမေးတယ်။ ဖားလေးဆွံအသွားတယ်။ သူ့မှာအဖြေရှိမနေဘူး။ သူ့မျက်လုံးထဲကနေ မျက်ရည်စတချို့စီးကျလာနေတယ်။
ဟယ်ရီနဲ့မယ်လီတို့က သူ့အတွက် လေးစားချစ်ခင်ရတဲ့ စီနီယာတွေပါ။ ဒါပေမဲ့ အခုတော့ ဟယ်ရီက မယ်လီအပေါ် သံသယဝင်နေပြီလေ။ "ကျွန်တော်ပြန်လာခဲ့မယ်။"
ဖားလေးက ဟယ်ရီကို ကျောခိုင်းပြီး စပြေးတယ်။ သူက မယ်လီထွက်သွားတဲ့နေရာဆီ ဦးတည်ပြေးနေတာပါ။ ဟယ်ရီလည်း မျက်လုံးပြူးသွားပြီး လှမ်းတားဖို့ကြိုးစားပေမဲ့ နောက်ကျသွားပြီ။ "တစ်ယောက်တည်းလိုက်မသွားနဲ့၊ အန္တရာယ်များတယ်။"
အတန်ကြာအောင် လမ်းပေါ်မှာပြေးလွှားနေပြီးတဲ့နောက်မှာတော့ ဟယ်ရီရဲ့အသံကို ဖားလေးမကြားရတော့ဘူး။ မောလာလို့ ပြေးနှုန်းကိုလျှော့လိုက်ပေမဲ့ ခပ်လှမ်းလှမ်းမှာ ဘာဂါကင်းတံဆိပ်ကပ်ထားတဲ့ ဆိုင်ခန်းလေးတစ်ခုကို တွေ့လိုက်ရတဲ့အတွက် သူပြုံးလိုက်တယ်။ လေထုထဲမှာ မွှေးပျံနေတဲ့ ချေ့စ်ဘာဂါနံကို သူရနေတယ်။ မြို့ထဲက ဆိုင်တွေလောက် ရောင်းအားကောင်းပုံမပေါ်သလို ဝန်ထမ်းတစ်ယောက်ပဲရှိပေမဲ့ ဒီဆိုင်ကိုမြင်လိုက်ရတော့ သူ့စိတ်ထဲ အေးသွားသလိုပဲ။
"အစ်မကြီးမယ်လီရော... " ဒါပေမဲ့ ဆိုင်ထဲဝင်တဲ့အထိ ရင်းနှီးနေတဲ့ မိန်းကလေးရဲ့အရိပ်ကို မမြင်ရတဲ့အတွက် သူစပြီးစိုးရိမ်လာတယ်။ ဟယ်ရီသာမှန်နေရင် ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးကြောင့် သူ့ရင်တွေ တဒိန်းဒိန်းခုန်နေပါတယ်။
"ဘာဂါလာယူတာလား။" ကြင်နာတတ်ပုံပေါ်တဲ့ အဖွားအိုတစ်ယောက်ရဲ့အသံက ဆိုင်နောက်ကနေ ထွက်လာတဲ့အတွက် ဖားလေးနည်းနည်းအံ့ဩသွားတယ်။ ဘာဂါကင်းခါးဖုံးစည်းဝတ်ထားတဲ့ အဖွားတစ်ယောက် လက်ထဲမှာ စက္ကူဘူးထဲထည့်ထားတဲ့ အသားနှစ်ထပ်ဘာဂါကိုကိုင်ရင်း ကောင်တာနောက်ကနေ ထွက်လာတယ်။
"အစောပိုင်းတုန်းက ခပ်ထွားထွားကောင်မလေးတစ်ယောက် ရောက်လာပြီး အဖွားကို ဘာဂါလုပ်ခိုင်းခဲ့တယ်လေ။ စောင့်ပြီးယူမယ်ထင်ပေမဲ့ အရေးကြီးကိစ္စပေါ်လာလို့ဆိုပြီး ဟူဒီဝတ်ထားတဲ့ ခပ်ဝဝကောင်လေး လာယူလိမ့်မယ်ဆိုပြီး ပိုက်ဆံရှင်းပြီးထားခဲ့လို့ အဖွားစောင့်နေတာ။"
နောက်တော့ အဖွားက ဖားလေးရှေ့ရောက်လာပြီး သူ့လက်ထဲ ဘာဂါထည့်ပေးလိုက်တယ်။ "ရော့၊ စားကောင်းပါစေ ငါ့မြေးလေး။"
စက္ကန့်အနည်းငယ်လောက်ကြာတော့ ဖားလေးက ဆိုင်ပြင်ပြန်ရောက်နေပြီဖြစ်ပြီး လမ်းဘေးပလပ်ဖောင်းပေါ်မှာထိုင်ရင်း ဘာဂါစားနေတယ်။ ဒါပေမဲ့ သူ့ဦးနောက်ထဲမှာတော့ အတွေးတွေက ရှုပ်ယှက်ခတ်လို့နေပါတယ်။
"အစ်မကြီးမယ်လီက ဘာဂါတကယ်ဝယ်ဖို့လာခဲ့တာပဲ။ ဒီတော့ ငါတို့နားကထွက်သွားတာ ဆင်ခြေမဟုတ်ဘူး။ ဒါပေမဲ့ သူက ဘာလို့ငါတို့ဆီကို ဘာဂါယူပြီးပြန်မလာတာလဲ။ အရေးကြီးကိစ္စ၊ လက်ရှိမစ်ရှင်ကိုတောင် ပစ်ထားပြီးသွားကတဲ့ကိစ္စက ဘာများလဲ။"
ဖားလေးနားမလည်နိုင်တော့ဘူး။ ဒါပေမဲ့ အဖြေကိုသေချာသိရအောင် မယ်လီကို ကိုယ်တိုင်လိုက်ရှာပြီးမေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကျန်နေတဲ့ ဘာဂါကို ပါးစပ်ထဲပစ်ထည့်ပြီး မျိုချပြီးတဲ့နောက် ဖားလေးက ထိုင်နေရာကနေ ခုန်ထလိုက်ပြီး ဆိုင်က အဖွားကို လှမ်းအော်မေးလိုက်တယ်။
"အဖွား၊ အဲဒီအစ်မကြီးက ဘယ်ဘက်ထွက်သွားတာလဲ။" အဖွားအိုက ဆိုင်ပြင်ထွက်လာပြီး ဖားလေးကို လမ်းညွန်တယ်။ လမ်းညွန်ချက်ရတာနဲ့ ဖားလေးက တစ်ခါတည်းပြေးပြီးလိုက်ရှာပေမဲ့ အတော်ကြာတဲ့အထိ ဘာမှမတွေ့ရသေးဘူး။ သူက ဒူးကိုလက်နှစ်ဖက်နဲ့ထောက်ထားရင်း မောဟိုက်စွာအသက်ရှုလိုက်တယ်။
"မကောင်းတော့ဘူး၊ အစ်မကြီးကယ်လီက ငါ့ထက်အရင်ထွက်သွားတာပဲ။ ဘယ်ဖက်ထွက်သွားတယ်ဆိုတာလောက်နဲ့တော့ သူ့ကိုရှာလို့မရဘူး။ ပိုပြီးတိကျတာတစ်ခုလိုမယ်။"
ဖားလေးက တစ်ခဏတာစဥ်းစားလိုက်ပြီးနောက် သူ့ပါးသူ ဖြတ်ရိုက်လိုက်တယ်။ "လူးစီးယပ်၊ မင်းက မြူတန့်တစ်ယောက်လေ၊ မြူတန့်လိုတွေး။"
သူ့ခန္ဓာကိုယ်က မျက်စိရှေ့မှာတင် ဖောင်းကားသွားပြီး ဖားပြုတ်တစ်ကောင်အဖြစ် အသွင်ပြောင်းသွားပါတယ်။ နောက်တော့ သူက ဓာတ်တိုင်တစ်ခုပေါ်ကို တွယ်တက်လိုက်ပြီး အပေါ်စီးမြင်ကွင်းကတစ်ဆင့် အောက်ကိုကြည့်လိုက်တယ်။ ဒါပေမဲ့ မြို့စွန်နားမှာမလို့ တိုက်အမြင့်ကြီးတွေမရှိတာနဲ့ မထိရောက်ဘူး။
"အကြားအာရုံရော၊ ငါ့အကြားအာရုံက သာမန်မြူတန့်တွေထက် ပိုကောင်းတယ်လေ။"
လူတွေမကြာခဏ မေ့နေတတ်တဲ့ အချက်တစ်ခုက ဖားတွေမှာ ကောင်းမွန်တဲ့အကြားအာရုံကို ပိုင်ဆိုင်ထားပြီး လူတွေမကြားနိုင်တဲ့ ကြိမ်နှုန်းတွေကိုတောင်
သူတို့ကြားနိုင်ကြပါတယ်။ ဖားလေးက ဖားတွေလုပ်သမျှ အကုန်လိုက်လုပ်နိုင်တဲ့ အသွင်ပြောင်းမြူတန့်ဖြစ်တာကြောင့် ဒီလိုစွမ်းအားမျိုးကိုလည်း သူသုံးနိုင်ပါတယ်။
"အာရုံစိုက်စမ်း... အာရုံစိုက်၊ အစ်မကြီးကယ်လီကိုရှာရမယ်။" ဖားလေးက သူ့စိတ်ကို ရှင်းရှင်းထားပြီး ပတ်ဝန်းကျင်က အသံတွေကို စနားထောင်တယ်။ သူ့အကြားအာရုံက မြေအောက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကနေစပြီး ခပ်လှမ်းလှမ်း လမ်းဘလောက်တွေက အသံမျိုးစုံကိုပါ စကြားလာရတယ်။ ဒါပေမဲ့ ဒီလို့သံတွေကြားထဲမှာ ကယ်လီရဲ့အသံကိုအတည်ပြုဖို့က အလွန်ခက်တဲ့အလုပ်ပါ။
"အာရုံထပ်စိုက်စမ်း၊ လူးဆီးယပ်။ အစ်မကြီးကယ်လီက ငါတို့အနားမှာ အမြဲရှိနေခဲ့တာ။ မင်းတမင်မှတ်မထားရင်တောင် သူ့ရဲ့အသက်ရှုသံကို မင်းမှတ်မိနေမှာပဲ။"
ဖားလေးက သူ့အစွမ်းကို အဆုံးအစွန်ထိဖိအားပေးပြီး ကယ်လီကိုရှာဖို့ ကြိုးစားနေတာကြောင့် နှာခေါင်းကနေ သွေးတွေစီးကျလာတယ်။ သူ့ခေါင်းမူးနောက်နေပေမဲ့ တတ်နိုင်သမျှသည်းခံရင်း ဆက်ပြီးရှာနေပါတယ်။ နောက်တော့ ရင်းနှီးတဲ့ သက်ပြင်းချသံသဲ့သဲ့ကို သူကြားလိုက်ရပြီး သတိပြန်ဝင်လာတယ်။
"သူပဲဖြစ်ရမယ်။" ဖားလေးက ဓာတ်တိုင်ပေါ်ကနေ ပြန်ခုန်ဆင်းတယ်။ အကောင်ကြီးကြီးဖားပြုတ်အဖြစ်ကနေ သေးသွယ်တဲ့ ဖားမလေးအဖြစ်ကို ပြောင်းသွားပြီး အမြန်နှုန်းနဲ့စတင်ခုန်ကူးရင်း မယ်လီရှိနိုင်တယ်လို့ သူယူဆတဲ့နေရာဆီကို အပြေးသွားတယ်။
လူရှင်းတဲ့လမ်းကြားတစ်ခုမှာတော့ အနက်ရောင်နည်းပညာချပ်ဝတ်တွေ ဝတ်ထားတဲ့ လူတစ်စုရှိနေပါတယ်။ သူတို့အုပ်စုက စွန့်ပစ်ထားပြီး အသုံးမပြုတော့တာ ကြာပြီဖြစ်ပုံပေါ်တဲ့ မိလ္လာမြောင်းပေါက်အဖုံးတစ်ခုပေါ်မှာ ရပ်နေကြတာဖြစ်ပြီး သူတို့ထဲကတစ်ယောက်က မြောင်းဖုံးကို ဖွင့်လိုက်တယ်။ သူတို့က ဒီနေရာကနေ ထွက်သွားကြတော့မယ့်ပုံပါပဲ။
"အစ်မကြီးကယ်လီ..." ရုတ်တရက် အော်သံတစ်ခုကြောင့် သူတို့အားလုံး တစ်နေရာကို လှည့်ကြည့်လိုက်ကြတယ်။ မျက်နှာပေါ်မှာ ဖားတစ်ကောင်ရဲ့အရေပြားလိုအရာတွေ တင်ကျန်နေသေးတဲ့ မိန်းမငယ်လေးတစ်ယောက်က သူတို့ရှေ့မှာရပ်နေပြီး မောဟိုက်စွာ အသက်ကိုလုရှုနေတယ်။
ရုတ်တရက်ရောက်လာတဲ့ ဖားလေးကြောင့် လူအုပ်စုထဲက တစ်ယောက်က နောက်ကိုဆုတ်သွားတယ်။ ဖားလေးကလည်း အဲဒီလူအုပ်ထဲက တုန်လှုပ်သွားတဲ့တစ်ယောက်ကိုပဲ စိုက်ကြည့်နေတာ။
"ဘာလို့ ဒီနေရာအထိလိုက်လာတာလဲ။" ကယ်လီရဲ့မျက်နှာက သွေးပျက်ချောက်ချားမှုကြောင့် တုန်လှုပ်သွားတယ်။ ဒါပေမဲ့ သူ့မျက်နှာက ဖားလေးမှတ်မိတာနဲ့ သိပ်မတူဘူး။ သူ့မျက်လုံးတွေက မျက်သူငယ်အိမ်ကလွဲလို့ မျက်သားတွေနီရဲနေပြီး မျက်ရည်စီးကြောင်းတည့်တည့် မျက်နှာအရေပြားမှာလည်း အက်ကွဲရာတစ်ဖက်တစ်ချက်စီရှိနေပြီး တကယ့်ကို လူသားမဆန်ဘူး။
"မင်းမိတ်ဆွေက ဒီအထိလိုက်လာတာလား၊ ခြေရာဖျောက်ဖို့ ငါမပြောခဲ့ဘူးလား။"
ခေါင်းဆောင်ဖြစ်ပုံပေါ်တဲ့ စစ်ပွဲသုံးပုဆိန်ကိုင်ထားတဲ့တစ်ယောက်က ပြောလိုက်တယ်။ သူကတော့ မျက်နှာဖုံးဝတ်ထားလို့ ဘယ်သူလဲဆိုတာ ဖားလေးမမြင်ရဘူး။ သူက ဖားလေးကို လက်ညိုးထိုးလိုက်ပြီး နည်းပညာဝတ်စုံဝတ်မထားပေမဲ့ သူတို့နဲ့အတူတူရှိနေတဲ့ လူတွေထဲကတစ်ယောက်ကို အမိန့်ပေးလိုက်တယ်။
"မင်းက ငါ့အဖွဲ့ထဲကတစ်ယောက် ဖြစ်ချင်တယ်မဟုတ်လား။ ဒီတစ်ယောက်ကို ကိစ္စဖြတ်ပြီး ငါ့ကိုသက်သေပြ။"
မျက်နှာဖုံးတပ်လူရဲ့အမိန့်နဲ့အတူ မိန်းကလေးတစ်ယောက်က ရှေ့ထွက်လာတယ်။ ပထမကတော့ ဖြူစင်တဲ့ပုံစံမျိုးရှိပေမဲ့ သူ့ပုံစံက တဖြည်းဖြည်းနဲ့အနက်ရောင်ပြောင်းသွားပြီး မိန်းကလေးလက်ထဲမှာ အဆိပ်ဓားမြှောင်နှစ်လက်ပေါ်လာတယ်။ တကယ်လို့မက်ဒါနာသာ ဒီမှာရှိနေမယ်ဆိုရင် အိုင်ဗီမှန်းတန်းသိမှာပါ။
"မဟုတ်တာ သူက အခုထိကလေးပဲရှိသေးတာလေ။" မယ်လီက ဝင်ပြောလိုက်ပေမဲ့ မျက်နှာဖုံးတပ်က မျက်စောင်းလေးတစ်ချက်ထိုးလိုက်တာနဲ့တင် မယ်လီတစ်ကိုယ်လုံး တုန်တက်သွားပြီး အသံတောင် ဆက်မထွက်ရဲတော့ဘူး။ မျက်နှာဖုံးတပ်ကတော့ ရှတတအသံနဲ့ပဲ အခုလိုပြောလိုက်လေရဲ့။
"နောက်တစ်ခါထပ်ပြီးတော့ လူသားတစ်ယောက်ရဲ့ခံစားချက်ကို မထိန်းချုပ်နိုင်ပြန်ဘူးလား။ မင်းက ပိုးကောင်တစ်ကောင်နော်။ ထပ်ပြီး သတိမပေးရစေနဲ့။"
မယ်လီက ဖားလေးကို တစ်ခုခုပြောချင်သေးပုံပေါ်ပေမဲ့ နောက်ဆုံးတော့ မျက်နှာလွှဲလိုက်ပြီး ဘာမှမပြောတော့ဘူး။ မြောင်းဖုံးလည်း ပွင့်သွားပြီ။ အောက်ဆင်းတော့မှာမလို့ တခြားလူတွေနီးတူ မယ်လီလည်း မျက်နှာဖုံးနက်ကို တပ်လိုက်တဲ့အတွက် သူ့မျက်နှာအမူအရာ ဘယ်လိုရှိလဲဆိုတာ ဖားလေးမမြင်ရတော့ဘူး။
"ကဲ၊ ဒီတော့ တို့နဲ့ကပွဲလေးစတော့မလား။ ကောင်မလေး ၊ မင်းက ချစ်စရာကောင်းတော့ ရွေးစရာနှစ်ခုပေးမယ်လေ။ မြန်မြန်နဲ့ သက်သောင့်သက်သာသေချင်လား ဒါမှမဟုတ် နှေးနှေးနဲ့ နာနာကျင်ကျင်သေချင်လား။"
ဖားလေးက အခုထိကြမ်းပြင်ကို ငုံကြည့်နေတုန်းပဲ။ လက်သီးကို အားနဲ့ဆုတ်ထားတဲ့အတွက် လက်သည်းတွေက လက်ဝါးအရေပြားကို ဖောက်ဝင်နေပြီး သွေးစက်တွေ စီးကျလာနေတယ်။ သွေးစက်တစ်စက်က ကြမ်းပြင်ပေါ် ကျဆင်းသွားပြီးတဲ့နောက် ဖားလေးက သွေးကြောတွေထောင်ထနေတဲ့ မျက်လုံးနဲ့အိုင်ဗီကို ကြည့်လိုက်ပြီး အားနဲ့အော်ဟစ်လိုက်တယ်။
"မင်းတို့ အစ်မကြီးကယ်လီကို ဘာလုပ်လိုက်တာလဲ။"
အိုင်ဗီက ဒီစကားကိုကြားတော့ သူ့ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့်တုန်တဲ့အထိ ရယ်မောလိုက်တယ်။ အဲဒီနောက် ဖားလေးကို အထင်သေးတဲ့ပုံစံမျိုးနဲ့ ကြည့်လိုက်ပြီး...
"ခုထိနားမလည်သေးဘူးလား၊ သူ့ဦးနောက်ကို ပိုးကောင်တစ်ကောင်စားသွားတာလေ။ သူ့မှတ်ဉာဏ်တွေနဲ့ခန္ဓာကိုယ်က အကောင်းအတိုင်းရှိနေသေးပေမဲ့ သူက သူမဟုတ်တော့ဘူး။ ငါ့လိုပဲ ဘုရင်မရဲ့အစေခံတစ်ယောက် ဖြစ်နေပြီ။"
စကားဆုံးတာနဲ့ အိုင်ဗီက နေရာကနေ ပျောက်သွားပြီး ဖားလေးရှေ့မှာ ပေါ်လာတယ်။ ဖားလေးတစ်ခုခု ပြန်မလုပ်နိုင်သေးခင်မှာပဲ သူ့ဓားမြှောင်က ဖားလေးရဲ့နံရိုးကြားထဲကို စိုက်ဝင်သွားပြီ။
'သေစမ်း၊ ငါတို့အဆင့်က ကွာလွန်းတယ်။' အိုင်ဗီရဲ့အမြန်နှုန်းက A အဆင့်တစ်ယောက်အောက် မနိမ့်ကျနိုင်မှန်း ဖားလေးသတိထားမိလိုက်တယ်။ ဖားလေးက ထိပ်သီးBအဆင့်ဖြစ်ပေမဲ့ တုံ့ပြန်ဖို့နည်းနည်းလေးမှ မစွမ်းသာခဲ့ဘူး။
ဓားမြှောင်က ဖားလေးရဲ့နှလုံးအထိစိုက်ဝင်သွားပေမဲ့ ဖားလေးက ရူးရူးမိုက်မိုက်ရယ်မောလိုက်ပြီး သူ့ကြွက်သားတွေကို ကြုံလိုက်တယ်။ အိုင်ဗီက ဓားကိုပြန်ဆွဲထုတ်ဖို့လုပ်တော့ ဓားက သူ့လက်ထဲပြန်မပါလာတော့ဘူး။
"မဖြစ်နိုင်တာ... မင်းနှလုံးသားထဲကို ငါဓားနဲ့စိုက်သွင်းလိုက်တာတောင် အသက်ရှင်နေသေးတာလား။"
ဒါပေမဲ့ ဖားကတော့ အပိုတွေပြောမနေဘဲ ဖားစိမ်းအပြည့်အသွင်ပြောင်းကာ သူ့ရဲ့လက်သွယ်သွယ်လေးကိုမြှောက်ကာ အိုင်ဗီကိုလက်ပြန်ရိုက်ချလိုက်တယ်။
ဘောင်း....
အသားချင်းထိသံထွက်ပေါ်လာပြီးနောက် အိုင်ဗီရဲ့ခန္ဓာကိုယ်က ဘေးကိုယိုင်ထွက်သွားတယ်။ အိုင်ဗီပြန်မတိုက်နိုင်သေးခင် ဖားလေးက ခုန်ပြီး အိုင်ဗီရဲ့ရင်ဝကို ဆောင့်ကိုင်လိုက်တယ်။ ဖားမလေးပုံစံက ဖားပြုတ်နဲ့ယှဥ်ရင် သိပ်မသန်မာပေမဲ့ လျင်တော့လျင်ပါသေးတယ်။
အိုင်ဗီနောက်ကိုခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရတယ်။ ဒါပေမဲ့ ချက်ချင်းပြန်မတိုက်သေးဘဲ ဖားလေးရဲ့ခံနိုင်ရည်ကြောင့် အထင်ကြီးသွားပုံပါပဲ။ သူက မျက်နှာကိုလက်ဝါးနဲ့အုပ်ပြီး နောက်တစ်ခါ ခန္ဓာကိုယ်တစ်သိမ့်သိမ့်တုန်တဲ့အထိ ခါးခါးသီးသီးရယ်မောလိုက်ပြန်တယ်။
"အား.... ဟုတ်သားပဲ၊ နင်က ဟိုအသွင်ပြောင်းဖားမြူတန့်မဟုတ်လား။ အသွင်ပြောင်းမြူတန့်တစ်ယောက်အနေနဲ့ အသားနာခံနိုင်ပြီး ဒဏ်ရာပြန်ကောင်းနိုင်စွမ်းမြင့်မှာပဲ။ ဒါပေမဲ့ ငါ့ဓားမှာအဆိပ်ပါတယ်လေ။"
အိုင်ဗီပြောတာအမှန်ပဲ။ ဖားလေးက စိုက်နေတဲ့ဓားကို ဆွဲနုတ်လိုက်ပြီး တဆစ်ဆစ်နာကျင်ကိုင်ခဲနေတဲ့ ဒဏ်ရာကို လက်နဲ့ဖိထားလိုက်တယ်။ သူ့စွမ်းအားတွေ တဖြည်းဖြည်းကုန်ဆုံးနေတာကို သူသတိထားမိတယ်။ သူ့ခံနိုင်ရည်ကြောင့် ဒီ အဆိပ်က သူ့ကိုတစ်ခဏအတွင်းသေစေနိုင်တဲ့အထိ ဖြစ်စေနိုင်မှာမဟုတ်ပေမဲ့ တိုက်ခိုက်နိုင်စွမ်းကင်းမဲ့သွားစေမှာပါ။ ဒီလိုဆိုရင် အိုင်ဗီရဲ့လက်ခုပ်ထဲက ရေဖြစ်သွားလိမ့်မယ်။
'ဒီလိုဆိုရင်တောင်မှ ဒီနေ့အစ်မကြီးမယ်လီမပါဘဲ ငါအိမ်မပြန်နိုင်ဘူး။' ဒီလိုတွေးရင်း သူ့ကိုယ်သူ မန်ဂါတွေဖတ်လွန်းပြီး ကြောင်သွားပြီလို့တောင် ဖားလေးထင်မိတယ်။ သူဟာ သတ္တိကောင်းသူတစ်ယောက်မဟုတ်သလို ဖတ်နေကျမန်ဂျာဇာတ်လမ်းတစ်ပုဒ်ရဲ့ဇာတ်လိုက်လည်းမဟုတ်ရပါဘူး။ သာမန်အတိုင်း အကောင်းဆုံးကြိုးစားနေတဲ့ ဟီးရိုးလေးတစ်ယောက်ပါ။ ဒါပေမဲ့ သူ့အနားက တစ်စုံတစ်ယောက် ဒီအတိုင်းပဲ ထွက်ခွာပျောက်ကွယ်သွားမှာကို သူမလိုလားဘူး။ ဒါက ရူးသွပ်ရာ ကျတယ်ဆိုရင်တောင်မှ၊ အပြင်မှာ တကယ်မဖြစ်နိုင်ဘူးဆိုရင်တောင်မှ မယ်လီကို သူနဲ့အတူပြန်ခေါ်လာချင်တယ်။
ဖားလေးက မြေပြင်မှာလေးဖက်ထောက်လိုက်ပြီး ဖားတစ်ကောင်အတိုင်းလှုပ်ရှားတယ်။ သူ့မြန်နှုန်းက ချက်ချင်းမြင့်တက်လာပြီး အိုင်ဗီကို အကြိမ်ကြိမ် တိုက်ခိုက်ဖို့ကြိုးစားတယ်။ အိုင်ဗီကတော့ သူ့ထက်အများကြီး ပိုမြန်တဲ့အတွက်ကြောင့် ရှောင်ရုံသာရှောင်နေပြီး လက်ထဲကကျန်တဲ့ ဓားမြှောင်တစ်လက်တည်းနဲ့ တန်ပြန်တိုက်စစ်ဆင်ကာ ဒဏ်ရာတွေ ဆက်ပေးနေပါတယ်။
တဖြည်းဖြည်းနဲ့ ဖားလေးရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေများလာပြီး လူရုပ်သူရုပ်တောင် မပေါ်တော့ပါဘူး။ အိုင်ဗီက စိတ်မရှည်တော့ဘဲ အော်ဟစ်ကာပြောလိုက်တယ်။
"နင်ရူးနေတာလား၊ ငါပြောခဲ့ပြီးသားလေ။ နင်သိတဲ့ မယ်လီက သေသွားပြီလို့။ သူက ငါ့လိုပဲ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဉာဏ်တွေကို ဆက်ခံထားတဲ့ ပိုးကောင်တစ်ကောင်။ အဲဒီထက်ဘာမှမပိုဘူး။ ဘာလို့ဒီလောက်ခေါင်းမာနေရတာလဲ။"
ဒေါသထွက်လာတဲ့အိုင်ဗီက ပိုပြီးကြမ်းတမ်းလာတယ်။ သူလက်ထဲကဓားနဲ့ ဖားလေးပခုံးကို မိမိရရထိုးစိုက်လိုက်ပြီး ဆွဲဖြဲပစ်လိုက်တယ်။ ဖားခန္ဓာကိုယ်က ပိုမာကျောပေမဲ့ အိုင်ဗီရဲ့ဓားကလည်း တအားထက်တဲ့အတွက် ပခုံးကနေတစ်ဆင့် ဓားက ပခုံးအဆစ်အထိရောက်သွားပြီး အရိုးတွေကိုပါ ဖြတ်ချသွားတယ်။ ဖားလေးလက်က ပခုံးရင်းကနေ ပြုတ်ကျသွားပြီး သွေးတွေဒလဟောစီးကျလာတော့တယ်။
ဒါပေမဲ့ဒီလောက်နဲ့အိုင်ဗီက မတော်သေးပါဘူး။ အံ့အားသင့်နေတဲ့ ဖားလေးရဲ့လည်ပင်းကို အားနေတဲ့ ဘယ်လက်နဲ့ ပြုတ်တူလိုဆွဲညှစ်လိုက်ပြီး နောက်ကနံရံနဲ့ အားကုန်ပြေးဆောင့်တယ်။
ဘုန်း....။
ခြံဝင်းနံရံက ဆောက်ထားတာကြာပြီဖြစ်တာကြောင့် အရှိန်ကိုမခံနိုင်တော့ဘဲ အုတ်တွေကျိုးပဲ့သွားကာ ဖားလေးနံရံထဲကို နစ်ဝင်သွားတယ်။ ကိုယ်တွင်းကဒဏ်ရာတွေကြောင့် သွေးကြောတွေပေါက်ပြဲနေပြီဖြစ်တဲ့ ဖားလေးလည်းသွေးတွေအန်ထုတ်လိုက်ရတယ်။ သူ့ရဲ့ဖားပုံစံလည်း ပျောက်သွားပြီ။ ဒါပေမဲ့ သူ့မျက်လုံးတွေထဲမှာ စိတ်အားထက်သန်မှုကို မြင်နိုင်ဆဲဖြစ်ပြီးတော့ အကောင်းအတိုင်းကျန်နေသေးတဲ့ လက်တစ်ဖက်နဲ့ အိုင်ဗီရဲ့မျက်နှာကို ပြန်တွန်းထားတယ်။
"ဘာဖြစ်လို့လဲဆိုတော့... ငါယုံကြည်လို့ပဲကွ။ ဘယ်သူတွေ ဘာပဲပြောနေပြောနေ အစ်မကြီးမယ်လီကို ငါယုံကြည်တယ်။ သူသာ တခြားတစ်ယောက်ဖြစ်သွားပြီဆိုရင် ဘာလို့ငါတို့ကို ဂရုစိုက်နေသေးတာလား။ ငါ့ကို သူသတ်ပစ်နိုင်တဲ့ အခွင့်အရေးမျိုး အခါတစ်ရာမကရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ငါအသက်ရှင်နေတုန်းပဲ၊ ဒါက လုံလောက်တဲ့ အကြောင်းပြချက်ပဲ။"
ဖားလေးရဲ့ရင်ထဲမှာ ဒေါသတွေနဲ့ပြည့်နှက်လာတယ်။ ဒါပေမဲ့ ကယ်လီကိုဒေါသထွက်နေတာမဟုတ်ဘူး။ အဲဒီအစား ဒီအရာတွေအားလုံးရဲ့နောက်ကွယ်မှာ ရှိနေတဲ့အရာကို သူဒေါသထွက်နေတာပါ။ အဲဒီအဓိပ္ပါယ်မရှိတဲ့အရာတွေကို။ သေလုဆဲဆဲအချိန်မှာ ဒေါသအလိပ်လိုက်ထွက်ရတဲ့ ခံစားချက်ကို ဖားလေးတကယ်ခံစားရချိန်မှ အတော်မိုက်မှန်းသိလာရတာ။ သူ့ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းနေသလိုပဲ၊ ပူလောင်လွန်းပြီး အသက်ရှုရခက်လာတယ်။ ဒါပေမဲ့ သူသတိကောင်းကောင်းရှိနေဆဲဖြစ်ပြီး ခွန်အားတွေတောင် ပြန်လာရတယ်လို့ ခံစားရတယ်။
"ဘာတွေဖြစ်နေတာလဲ။" ဖားလေးက သူ့ကိုယ်သူသေပြီလို့ ထင်နေခဲ့ပေမဲ့ အိုင်ဗီက ရုတ်တရက် ထိတ်လန့်သွားတဲ့မျက်နှာနဲ့ သူ့လည်ပင်းကို ဆုပ်ကိုင်ထားတဲ့လက်ကို လွတ်လိုက်ပြီး သူ့လက်သူပြန်ကြည့်တယ်။ အိုင်ဗီရဲ့လက်ဖဝါးတစ်ခုလုံးမှာ
အရည်ကြည်ဖုတွေနဲ့ ရစရာမရှိတော့ဘူး။ နောက်တော့ အိုင်ဗီက ဖားလေးကို ကြည့်လိုက်တယ်။ ဖားလေးရဲ့ပခုံးကနေ သွေးထွက်နေတာ ရပ်သွားပြီ။ အဲဒီအစား သူ့တစ်ကိုယ်လုံးက မီးတောင်တစ်လုံးလို ပူနွေးနေပြီး ချွေးတွေတောင် အငွေ့ပျံနေတာကြောင့် ပေါက်ဆီပူပူတစ်လုံးလိုမျိုးဖြစ်နေတယ်။
သူ့ခန္ဓာကိုယ်ပေါ်က အရေပြားတွေ ဆက်တိုက်ဆိုသလို ပြောင်းလဲနေပြီးတော့ ရွှေရောင်နဲ့အနက်ရောင်ဆက်ထားတဲ့ ဖားမျိုးစိတ်တစ်မျိုးအဖြစ်ကို တဖြည်းဖြည်းပြောင်းလဲသွားပါတယ်။
"မဖြစ်နိုင်တာ၊ သူက ငါ့အဆိပ်ကြောင့် ဆင့်ကဲပြောင်းလဲသွားတာလား။" ငတုံးတစ်ယောက်မဟုတ်တာကြောင့် အိုင်ဗီလည်း အခြေအနေကို ချက်ချင်းသဘောပေါက်သွားတယ်။
ဖားတွေက အခြေအနေပေါ်မူတည်ပြီး ဆင့်ကဲပြောင်းလဲနိုင်စွမ်းအမြင့်ဆုံး သက်ရှိသတ္တဝါတစ်မျိုးပါ။ အထူးသဖြင့် ကြီးမားလွန်းတဲ့ ဖိအားတွေကိုရင်ဆိုင်ရချိန်မှာပေါ့။ အခုဖားလေးက ဆင့်ကဲပြောင်းလဲပြီး နောက်တစ်ဆင့်တက်ဖို့အတွက် အသင့်ဖြစ်နေပါပြီ။