← Chapters

မိစ္ဆာများ တိုက်ပွဲ

Vol. 17 Ch. 228

မိစ္ဆာများ တိုက်ပွဲ

Vol. 17 Ch. 228

လင်းရှန်က ဘုန်းကြီးကို နှုတ်ဆက်လိုက်ပြီး ဟန်မူယဲ့နောက်သို့ လိုက်သွားသည်။

ဘုန်းကြီးက ပြုံးလိုက်ပြီး ထန်ယွမ်ဟောင်နှင့် ကျားမုဟယ်ကို လက်ပြနှုတ်ဆက်လျက် ထွက်သွားသည်။

ကျားမုဟယ်က နေရာမှာတင် ကြောင်အစွာရပ်နေမိသည်။

‘အင်မော်တယ်ဟန်’

‘စီနီယာအစ်ကိုဟန်က အင်မော်တယ်ဟန်ပေါ့’

‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဓားစံအိမ်’

‘အဲ့ဒီတော့ ငါက ဒီရက်တွေမှာ ဒီလိုကျွမ်းကျင်သူတွေနဲ့ ခရီသွားနေခဲ့တာပေါ့’

“ကောင်လေး၊ ငါ့နောက်ကိုလိုက်ပြီး လုပ်ကြံသတ်ဖြတ်သူတစ်ယောက်လုပ်မလား”

ထန်ယွမ်‌ဟောင်က ရုတ်တရက်မေးသည်။

‘လူသတ်သမားဖြစ်လာရမှာလား’

ကျားမုဟယ်က ထန်ယွမ်ဟောင်၏ လေးနက်နေသောမျက်နှာထားကို မြင်လိုက်ရပြီး တစ်ကိုယ်လုံးတုန်ခါသွားသည်။

‘ကျုပ် သဘောမတူရင် အသတ်ခံရမှာလား’

သူ့မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ထန်ယွမ်ဟောင်က ရယ်သည်။

“ကောင်လေး၊ မင်းက တိမ်မြူရွှေကြာပန်းအစေ့ကို ယူဖို့ အဆင့်မမီသေးဘူး။ ဒါပေမဲ့ အစ်ကိုဟန်နဲ့ခရီးသွားနိုင်တာက အခွင့်အရေးတစ်ခုပဲ”

“အခုအချိန်ကစပြီး ငါ့နောက်ကိုလိုက်ခဲ့။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သတင်းတချို့ ပို့ပေးဖို့အတွက်ပဲ မင်းကူညီပေးရမှာ”

ထို့သို့ပြောလိုက်ပြီး သူက ကျားမုဟယ်၏ပခုံးကို ဆုပ်ကိုင်လိုက်သည်။ သူက ညင်သာစွာပြောသည်။

“မင်းက မင်းရဲ့မိသားစုလေးနဲ့တွေ့ပြီး တစ်သက်လုံး အခြေခံအုတ်မြစ်တည်ဆောက်ဖို့ အခွင့်အရေးမရှိတဲ့ ကျင့်ကြံသူလေးတစ်ယောက်ပဲ ဖြစ်ချင်တာလား”

ကျားမုဟယ်၏ မျက်လုံးထဲတွင် မီးတောက်များပေါ်ထွက်လာသည်။

“မင်းက ငါ့လိုပဲ ရည်မှန်းချက်ကြီးတယ်။ သွားကြစို့”

ထန်ယွမ်ဟောင်က ပြုံးလိုက်ပြီး ကျားမုဟယ်၏ပခုံးကိုပုတ်၍ ထွက်သွားသည်။

ကျားမုဟယ်က စကားတစ်ခွန်းမှမပြောဘဲ နောက်မှလိုက်သွားသည်။

....

ဟန်မူယဲ့နှင့် လင်းရှန်က အံ့ဖွယ်ကိုးပါးတောင်သို့ ချက်ချင်းပြန်မသွားပေ။

သူ့မှာ ဘုန်းကြီး၏ ဆေးညွှန်းမရှိလျှင် ချက်ချင်းပြန်သွားလိမ့်မည်။ ယခုအချိန်မှာတော့ သူက နဝင်းကိုးပါး ရွှေကြာပန်းစေ့ဆေးလုံးကို ဖော်စပ်ရန်အတွက် ဝိညာဉ်ဆေးပင်များ ရှာရမည်။

သူတို့နှစ်ယောက် သခင်နှင့် အစေခံအဖြစ် ပြောင်းလဲလိုက်ပြီး များပြားလှသောဈေးကွက်များသို့ သွားသည်။ သူတို့က စုစုပေါင်း သက်တမ်းတစ်ထောင်ရှိသည့် ဝိညာဉ်ဆေးပင်သုံးပင်ကိုသာ ရသည်။

ဈေးမှာရှိသော ပိုင်မိသားစု၏ ဆိုင်မှတစ်ဆင့် သူက ပိုင်စုကျန်းကိုဆက်သွယ်ခဲ့ပြီးနောက်တွင် ဝိညာဉ်ဆေးပင်ငါးပင်၏ သတင်းကို ရသည်။

ကျင့်ကြံသူကြီးများက ဆေးတစ်လုံးအတွက် နှစ်ပေါင်းများစွာအချိန်ယူခဲ့သော အကြောင်းအရင်းကို ဟန်မူယဲ့နားလည်လာသည်။

ဆေးလုံးက ပိုအဖိုးတန်လေ ဆေးပင်က ပိုရှာရခက်လေဖြစ်သည်။

ထိုအချိန်တွင် မီးတောက်မိစ္ဆာတောင်ကြားမှာ ဖြစ်ပျက်ခဲ့သောသတင်းများ ပျံ့နှံ့လာသည်။

တိမ်မြူရွှေကြာပန်းစေ့သုံးစေ့အတွက် ဒါဇင်ချီနေသော ကျင့်ကြံသူများ သေဆုံးသွားသည်။

အဆုံးတွင်တော့ ဆင့်ခေါ်တောင်ကုန်းဂိုဏ်း၏ ဟယ်ဟွမ်ရီက တစ်စေ့ရသွားသည်။

သူ့ကိုအလစ်‌ချောင်းတိုက်ခဲ့သော ကြွက်မိစ္ဆာက နောက်တစ်စေ့ရသွားသည်။

ကျန်တစ်စေ့ကတော့ ပျောက်နေသည်။

ဆင့်ခေါ်တောင်ကုန်းဂိုဏ်း၏ ကမ္ဘာမြေအဆင့်ကျင့်ကြံသူများက အပြန်လမ်းတွင် ဟယ်ဟွမ်ရီကို ကာကွယ်ခဲ့ကြသည်။ သူတို့က လမ်းမှာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံရသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အင်မော်တယ်ဟန်ကလည်း ထိုနေရာမှာရှိခဲ့ပြီး ကြာစေ့အများအပြားရသွားသည်ဟု ပြောကြသည်။

အင်မော်တယ်ဟန်၏ အစောင့်သည် ဓားတစ်ချက်ဖြင့် တောင်ကိုခုတ်ပိုင်းခဲ့ပြီး ထို့ပါ့ချန်၏ ဓားအမှတ်အသားနှင့် ယှဉ်ပြိုင်နိုင်သည်။

ထိုသတင်းများကို ယုံကြည်မှု၊ မယုံကြည်နိုင်မှုများနှင့်အတူ တခြားလူများက ကြားလိုက်ရသည်။

ယုံကြည်မှုကတော့ ဓားချက်အပေါ်မှာ အခြေခံသည်။ ဓားချီက ရစ်ဝဲနေဆဲဖြစ်ပြီး တောင်နှင့် မြစ်များက ပိုင်းဖြတ်ခံလိုက်ရသည်။

ဓားအမှတ်အသားထဲမှာရှိနေသော ဓားဆန္ဒကြောင့် နီးကပ်လာသောလူများက ဆံပင်များထောင်ထလာသည်။

သန်မာသောဓားကျင့်ကြံသူ မဟုတ်လျှင် ထိုဓားချက်မျိုးထုတ်ဖော်ရန် မဖြစ်နိုင်ပေ။

ဟန်မူယဲ့က ရွှေကြာစေ့အများအပြား ယူသွားခြင်းကို မယုံကြည်နိုင်ကြပေ။

ထိုရွှေကြာစေ့များဖြင့် ပြိုင်ဘက်ကင်းကျွမ်းကျင်သူများကို ဖန်တီးနိုင်သည်။

ထိုသတင်းက ကောလဟာလဖြစ်မည်ဟု လူအများယုံကြသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ရန်သူက ထိုကောလဟာလကို ဖြန့်နေခြင်းဖြစ်လိမ့်မည်။

ထိုသတင်းများကိုကြားလိုက်ရသောအခါတွင် ဈေးမှာ ဝိညာဉ်ဆေးပင်များရှာနေ‌သော ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ခေါင်းခါသည်။

နောက်ထပ်ဈေးများကိုသွားပြီး ဘာမှရှာမတွေ့သောအခါတွင် ဟန်မူယဲ့က လင်းရှန်နှင့်အတူ စပါးစိမ်းတောင်ကုန်းသို့ ထွက်လာသည်။

အနာဂတ်တွင် ဝိညာဉ်ဆေးပင်များလိုအပ်လာသောအခါမှာ စပါးစိမ်းတောင်ကုန်းတွင် လာရှာနိုင်သည်ဟု မိစ္ဆာများနှင့် သဘောတူထားသည်။

“ဂိုဏ်းတူအစ်ကိုဟန်၊ ငါတို့နောက်ကို တစ်ယောက်ယောက်လိုက်လာနေတယ်”

သင်္ဘောပျံကို မောင်းနှင်နေသောလင်းရှန်က သင်္ဘောဦးထိပ်မှတစ်ဆင့် အသံပို့လိုက်သည်။

အခန်းထဲမှာ တင်ပျဉ်ခွေထိုင်နေသောဟန်မူယဲ့က မျက်လုံးဖွင့်လာသည်။

“စိတ်မပူပါနဲ့”

သူက ရေရွတ်လိုက်သည်။ သူ့လက်ထဲတွင် အစိမ်းရောင်အလင်းများထုတ်ပေးနေသော ဓားဆေးလုံးသုံးလုံး ရှိနေသည်။

တစ်နှစ်ခန့်ပျိုးထောင်ပြီးသောအခါတွင် ဓားဆေးလုံးသုံးလုံးမှာ အလွန်တက်ကြွနေသည်။

သူက ချီစွမ်းအားများထည့်သွင်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် ဓားဆေးလုံးထဲမှ လေးနက်သော ဝိညာဉ်အလင်းများ ထွက်ပေါ်လာသည်။

ဓားဆေးလုံးသုံးလုံးထဲမှ ရှေးဟောင်းဓမ္မရတနာတစ်ခု၏အရိပ်ကို မြင်နိုင်သည်။

တစ်နှစ်ကျင့်ကြံပြီးသောအခါတွင် ဟန်မူယဲ့သည် ဘက်ပေါင်းစုံမှ တိုးတက်လာသည်။

စွမ်းအင်ကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ်ဆဌမအဆင့်သည် အတော်လေးကောင်းမွန်သည်။

ဓားနှင့် စိတ်ဝိညာဉ်က ပိုမိုသန့်စင်လာသည်။ သူကို မော့ရှန်ဟွားပေးခဲ့သော အစိမ်းရောင်ဓားငယ်ကိုကား အောင်မြင်စွာ သန့်စင်နိုင်ပြီး ဖြစ်သည်။ ထိုဓားငယ်သည် သူ့စိတ်နယ်ပယ်ထဲတွင် ညင်သာစွာတုန်ခါနေသည်။

သူ့ကျင့်ကြံဆင့်က တိုးတက်လာသောကြောင့် ချီပင်လယ်မှာသိုလှောင်ထားနိုင်သော ဓားဆန္ဒက ပိုမိုများပြားလာသည်။

သူ့သက်တမ်းကို ထိခိုက်မှုမရှိဘဲ ဓားဆန္ဒ ၃၆ခုဖြင့် ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်ကို ၃၆ကြိမ် ထုတ်သုံးနိုင်သည်။

သူ့ဒန်ထျန်ထဲမှာရှိနေသော ဓားဆန္ဒက ပိုမိုသိပ်သည်းလာသည်။ ပိုမိုများပြားသော ဓားဆန္ဒများက ရောနှောနေပြီး ဓားမာန်ဟုန်အဖြစ် ပြောင်းလဲသွားတော့မည့်ပုံပေါ်သည်။

မြင်သာသော ထိုတိုးတက်မှုသုံးခုအပြင် အမျိုးမျိုးသောဓားနည်းစနစ်များကို လေ့လာခဲ့သောကြောင့် သူက ဓားကို ပိုမိုနားလည်လာသည်။

လောကမှာရှိသော အရာရာတိုင်းတွင် တာအိုရှိသည်။

ကမ္ဘာမြေအဆင့်ကျင့်ကြံသူများက တာအိုကို ရှာဖွေရခြင်းဖြစ်သည်။

ဟန်မူယဲ့က တခြားလူများအားလုံးကို နောက်ချန်ထားခဲ့ပြီး အဝေးသို့ရောက်နေပြီဖြစ်သည်။ သူက အခြေခံအုတ်မြစ်အဆင့်၌ပင် ကိုယ်ပိုင်ဓားတာအိုကို ရှာဖွေနေသည်။

“ဟမ် ....”

သူ့လက်ထဲမှာရှိသော ဓားဆေးလုံးသုံးလုံးက တုန်ခါပြီး ပျောက်ကွယ်သွားသည်။

ဟန်မူယဲ့က လှုပ်ရှားလိုက်ပြီး သင်္ဘောကုန်းပတ်ပေါ်သို့ ရောက်လာသည်။

ရှေ့မှာတွင် အစိမ်းရောင်တောင်တန်း ဖြစ်သည်။

ထိုတောင်တန်းတွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မိစ္ဆာအများစု ရှိနေသည်။

ကံကောင်းစွာဖြင့် စပါးစိမ်းတောင်ကုန်း၏ မိစ္ဆာများသည် တောင်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေတိုက်ပွဲတွင် ဝင်မပါခဲ့ပေ။

ဟန်မူယဲ့က ခရမ်းဖျော့ရောင်သစ်ကိုင်းတစ်ကိုင်းကို ထုတ်ယူသည်။

ထိုသစ်ကိုင်းကို မိစ္ဆာမလေးထန်ထန်က ဟန်မူယဲ့အား ပေးသည်။

ဟန်မူယဲ့က ရက်ရောမှုရှိပြီး မိစ္ဆာမလေး၏ နောက်ကွယ်မှာရှိသော အဖွားလန်ကို စိတ်ကျေနပ်စေသဖြင့် သူမက အနာဂတ်မှာ အလဲအလှယ်လုပ်နိုင်ရန် အမှတ်အသားတစ်ခု ပေးထားသည်။

ဟန်မူယဲ့သည် သင်္ဘောဦးထိပ်မှာရပ်နေပြီး သစ်ကိုင်းထဲသို့ ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သည်။ သစ်ကိုင်းက အရောင်ဖျော့ဖျော့တောက်ပလာပြီး ရှေ့သို့ လွင့်မျောသွားသည်။

သူက သစ်ကိုင်းနောက်သို့လိုက်သွားပြီး တောအုပ်ထဲမှာ ခြေချလိုက်သည်။ သူက လျင်မြန်စွာပြေးလွှားနေသည်။

လင်းရှန်ကလည်း သင်္ဘောပျံကိုသိမ်းလိုက်ပြီး နောက်မှလိုက်လာသည်။

သစ်ကိုင်းလေးက လှုပ်ရှားနေပြီး ဟန်မူယဲ့ကို မီးတောက်နီပုန်ကန်စစ်တပ်အား လာရှာခဲ့သောနေရာသို့ ခေါ်သွားသည်။

ရုတ်တရက်ဆိုသလို သစ်ကိုင်းက ရပ်တန့်သွားသည်။

ဟန်မူယဲ့ မျက်မှောင်ကြုတ်သည်။

သူ့ရှေ့မှာ ရှိနေသောတောင်ကုန်းသည် တံတိုင်းမွှေးပန်းကို ကျောက်ဖူ ခူးဆွတ်ခဲ့သောနေရာဖြစ်သည်။

ထိုစဉ်က သစ်ပင်မိစ္ဆာကျင့်ကြံရန်အတွက် ကျောက်ဖူက အမြင့်ဆုံးအရည်အသွေး ဝိညာဉ်ကျောက်တုံးတစ်တုံး ပေးသည်။

သို‌ပေမဲ့ ထိုနွယ်ပင်ကြီးမှာ မြေပြင်ပေါ်မှာ ညှိုးနွမ်းနေသည်။

မရေမတွက်နိုင်သောနွယ်ပင်များက ကျိုးပဲ့နေပြီး သစ်ပင်မိစ္ဆာမှာ အသတ်ခံခဲ့ရသည်။

ထိုသစ်ပင်မိစ္ဆာက ဆိုးဝါးသောအရာများကို မလုပ်ခဲ့ပေ။ သို့ပေမဲ့ မျှော်လင့်မထားဘဲ ကပ်ဘေးဆိုးတစ်ခုကို ကြုံတွေ့ခဲ့ရသည်။

လင်းရှန်က ရှေ့တိုးသွားပြီး သစ်ပင်နွယ်များကို လေ့လာကြည့်သည်။ သူက နောက်လှည့်ကြည့်ပြီး ပြောသည်။

“သန်မာတဲ့မိစ္ဆာသားရဲတစ်ကောင် လုပ်သွားတဲ့ပုံပဲ”

‘မိစ္ဆာသားရဲလား’

ဟန်မူယဲ့က သူ့ရှေ့မှာရှိနေသော ခရမ်းရောင်သစ်ကိုင်းကို ကြည့်လိုက်သည်။

စပါးစိမ်းတောင်ကုန်းတွင် မိစ္ဆာသားရဲအများအပြားရှိသည်။ ကောင်းကင်ဘုံတစ်ဝက်အဆင့်သို့ရောက်နေသော သစ်ပင်မိစ္ဆာကို နယ်မြေရှင်တစ်ယောက်အဖြစ် ယူဆနိုင်သည်။

သို့ပေမဲ့ ထိုမိစ္ဆာများက ကိုယ်ပိုင်နယ်မြေများရှိသည်။ ယေဘုယျအားဖြင့် သူတို့က တစ်ကောင်နှင့်တစ်ကောင် မတိုက်ကြပေ။

‘စပါးစိမ်းတောင်ကုန်းမှာ တစ်ခုခုဖြစ်သွားတာလား’ ဟန်မူယဲ့က တွေးမိသည်။

သူက လက်မြှောက်ပြီး လက်ညိုးညွှန်လိုက်သည်။ ချီအလင်းများပေါ်ထွက်လာပြီး ခရမ်းရောင်သစ်ကိုင်းသည် မြားတစ်ချောင်းအသွင် ပျံသန်းသွားသည်။

ဟန်မူယဲ့က လေအသွင်နှင့် လိုက်သွားသည်။

သူတို့နှစ်ယောက်က ရှေ့ဆက်သွားသောအခါတွင် တိုက်ပွဲအပျက်အစီးများဖြင့် ပြည့်နေသောတောင်ကို မြင်လိုက်ရသည်။

ထိုနေရာတွင် သစ်ပင်မိစ္ဆာနှင့် မိစ္ဆာသားရဲအလောင်းများ ရှိနေသည်။

မိစ္ဆာသားရဲများက တိုက်ခိုက်လာပြီး သစ်ပင်မိစ္ဆာများက ခုခံသည်။

တိုက်ပွဲမြေပြင်က အလွန်ဝမ်းနည်းစရာကောင်းပုံပေါ်သည်။

“ဘုန်း”

ရှေ့မှာ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။

ဟန်မူယဲ့က ခရမ်းရောင်သစ်ကိုင်းကိုလှမ်းဆွဲပြီး ထူထပ်သောသစ်ပင်ကြီးများနောက်မှာ ပုန်းလိုက်သည်။

လင်းရှန်၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားပြီး ကျောက်လွှာနှင့်တူသော မီးခိုးရောင်ချီစွမ်းအင်များက သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

ထို့နောက် သူက ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူက ကျောက်တုံးတစ်တုံးနှင့်တူနေပြီး သေချာဂရုစိုက်မကြည့်လျှင် ခြားနားမှုကို မမြင်နိုင်ပေ။

ဟန်မူယဲ့က ကြမ်းတမ်းသောမိစ္ဆာအမျိုးမျိုး၏ အငွေ့အသက်များကို အာရုံခံမိနေသည်။

ထိုအငွေ့အသက်များအားလုံးသည် ကမ္ဘာမြေအဆင့်မှာရှိသည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့် အငွေ့အသက်ကိုလည်း အနည်းငယ်ခံစားမိသည်။

ဟန်မူယဲ့က ထိုထဲမှအငွေ့အသက်တစ်ခုနှင့် ရင်းနှီးနေသည်။ ထိုအရာက သစ်သားမိစ္ဆာဖြစ်သည်။

သို့ပေမဲ့ သစ်သားမိစ္ဆာ၏ အငွေ့အသက်က ဒဏ်ရာရထားသကဲ့သို့ တည်ငြိမ်မှုမရှိပေ။

“ဘုန်း ....”

နောက်ထပ်တုန်ခါသံ ထွက်လာပြန်သည်။

ဟန်မူယဲ့က တောင်ကုန်းကို ဖြတ်ကျော်လိုက်သောအခါတွင် ရှေ့မှာရှိနေသော ချိုင့်ဝှမ်းထဲတွင် မိစ္ဆာသားရဲများက မဂ္ဂနိုလီယာနွယ်ပင်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြောင်း မြင်လိုက်ရသည်။

မဂ္ဂနိုလီယာနွယ်ပင်က နွယ်ရှည်များကိုဝှေ့ယမ်းလျက် မိစ္ဆာသားရဲများကို တိုက်ထုတ်နေသည်။

မိစ္ဆာသားရဲများမှာ အလွန်များပြားသည်။ ရှေ့ဆုံးတွင် မဂ္ဂနိုလီယာနွယ်ပင်အား နှောင့်ယှက်နေသော လူသားပုံစံ မိစ္ဆာများလည်းရှိသည်။

ထိုမိစ္ဆာကြီးများထဲမှ တစ်ယောက်တွင် ကောင်းကင်ဘုံတစ်ဝက်အဆင့်အငွေ့အသက် ရှိနေသည်။

မဂ္ဂနိုလီယာနွယ်ပင်၏ အငွေ့အသက်က တုန်ခါနေပြီး တည်ငြိမ်မှုမရှိပေ။

မဂ္ဂနိုလီယာနွယ်ပင်၏ ပတ်ဝန်းကျင်မှာ ပုံစံအမျိုးမျိုး သစ်ပင်မိစ္ဆာများရှိနေကြောင်း ဟန်မူယဲ့ မြင်ရသည်။

ခရမ်းရောင်သစ်ကိုင်းပေးခဲ့သော သစ်ပင်မိစ္ဆာမှာလည်း ထိုအထဲတွင် ရှိနေသည်။

All Chapters