← Chapters

ရေပင်လယ်ဂြိုလ်၏ စူပါလူသားများ

Vol. 6 Ch. 83

ရေပင်လယ်ဂြိုလ်၏ စူပါလူသားများ

Vol. 6 Ch. 83

အခန်း (၈၃) ရေပင်လယ်ဂြိုလ်၏ စူပါလူသားများ

နံနက်ခင်းဟာ တစ်နေ့တာရဲ့ အကောင်းဆုံးအချိန်ပါပဲ။ ထို့အတူ နံနက်ခင်းသည် တိုက်ပွဲဝင်ရန် အကောင်းဆုံးအချိန်လည်း ဖြစ်သည်။

မနေ့ညက၊ ဟက်စ်လာတပ်ဖွဲ့များသည် စတုတ္ထနယ်မြေကို ရှင်းလင်းနိုင်ခဲ့သည်။ ကားလ်သည် သူ၏တပ်များကို တစ်နာရီခန့် အနားယူရန် အမိန့်ပေးခဲ့ပြီး အလင်းရောင်ပေါ်လာသည်နှင့် ရှေ့သို့ ဆက်လက်ချီတက်ကြသည်။ နောက်ဆုံး တိုက်ခိုက်မှုတစ်ခုတည်းနှင့် အခြေစိုက်စခန်းသို့ ရောက်ရှိလိုကြသည်။

နေထွက်လာသည်နှင့် ဟက်စ်လာတပ်ဖွဲ့များသည် တတိယအဆင့် နယ်မြေတွင် ရန်သူများကို တိုက်ခိုက်နေကြသည်။

ဘုန်း၊ ဗုန်း၊ ဝုန်း

အဆုံးမရှိသော ပေါက်ကွဲသံများသည် မိုးခြိမ်းသံများအလား ဖြစ်ပေါ်နေပြီး တိုက်ပွဲမြေပြင်ကို မီးခိုးများဖြင့် ဖုံးလွှမ်းသွားသည်။ ကျည်ဆန်များနှင့် အမြောက်များ၏ ပစ်ခတ်မှုကြောင့် သစ်တောတစ်ခုလုံး ပျက်စီးခဲ့ပြီး နေရာတိုင်းတွင် ကျည်ဆန်များ ပျံ့ကျဲနေသည်။

ဟက်စ်လာမှ စစ်သားများသည် သံချပ်ကာယာဉ်များနှင့်အတူ ကာကွယ်ရေးယန္တရားများကို ဖျက်စီးနိုင်ခဲ့သည်။ ခံတပ်များ၊ ကင်းစခန်းများနှင့် ကတုတ်ကျင်းများ ပျက်ဆီးသွားသည် ။ ယဲ့ဖန်ရရှိခဲ့သော အချက်အလက်များသည် အလွန်အသုံးဝင်သည်။ ရန်သူ၏ ကာကွယ်ရေး ယန္တရားများသည် တိုက်ခိုက်မှုများကို ကာကွယ်ရန် အသုံးမဝင်ပေ။ တပ်ဖွဲ့များသည် ဆုံးရှုံးမှုအနည်းဆုံးဖြင့် ၎င်းတို့၏ ရည်မှန်းချက်များကို သေချာအောင် ဆောင်ရွက်နိုင်ခဲ့ကြသည်။ သူတို့၏ အောင်ပွဲတွေမှာ အရင်က ဒီလောက်အဆင်မပြေခဲ့ဖူး၍ စစ်သားများက ပီတိဖြစ်နေကြ၏။

“ရှေ့ဆက်တက်မယ်။ လက်ကျန်နယ်မြေနှစ်ခုကို တစ်ချက်တည်းနဲ့ ဖြုတ်လိုက်ကြရအောင်။”

ကားလ်ကို စိတ်လှုပ်ရှားမှု လွှမ်းမိုးသွားသည်။

ယုံကြည်မှုရှိနေသော တပ်ဖွဲ့ဝင်များသည် ဒုတိယနယ်မြေသို့ ဝင်ရောက်လာသောအခါတွင် ကောင်းသောအခြေအနေမှာ ပြောင်းလဲသွားတော့သည်။

ဒုတိယနယ်မြေသို့ ခြေချပြီးနောက် မကြာမီ၊ ဟက်စ်လာတပ်ဖွဲ့များသည် ၎င်းတို့၏ပထမရန်သူ၏ ခြုံခိုတိုက်ခိုက်ခြင်းကို ရင်ဆိုင်ခဲ့ရသည်။ သေသေချာချာ သိုဝှက်ထားသော မိုင်းများဖြင့် သံချပ်ကာယာဉ်နှစ်စီးနှင့် စစ်သားဒါဇင်ပေါင်းများစွာကို သုတ်သင်ရှင်းလင်းခံလိုက်ရသည်။ တကယ်တော့ အဲဒါက အစသာ ရှိသေးသည်။ မကြာမီပင် ဟက်စ်လာစစ်သားများ လုံးဝ ဖွတ်ဖွတ်ညက်ညက် ကြေသွားသည်။ သေဆုံးသူဦးရေ တဖြည်းဖြည်း မြင့်တက်လာပြီး နေရာတိုင်းတွင် ထောင်ချောက်များနှင့် ခြုံခိုတိုက်ခိုက်မှုများ ရှိနေ၏။

ယဲ့ဖန်၏ အချက်အလက်များသည် ဤအဆင့်ရောက်သောအခါ လက်တွေ့တွင် အသုံးမဝင်ပေ။ မှားယွင်းသော အချက်အလက်များကို လိုက်နာခြင်းဖြင့် ပိုမိုကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေသည်။ တပ်စုအသီးသီးသည် လုံး၀ ဆုံးရှုံးခဲ့ရသည်။

ပထမဆုံး နယ်မြေလေးခု နှင့်ပတ်သက်သည့် အချက်အလက်များသည် ဟက်စ်လာ၏စစ်တပ်ကို နက်နဲစွာ ထိုးဖောက်ဝင်ရောက်ရန် ခွင့်ပြုပေးခဲ့ပြီး နောက်ဆုံးတွင် ကျိကျဲသတ်မှတ်သားထားသော ခြုံခိုတိုက်ခိုက်သည့်နယ်မြေထဲသို့ ဝင်ရောက်သွားသည်။

အသေအပျောက်များကလည်း အဆမတန် တိုးလာသည်။

ကားလ်သည် ထိတ်လန့်မှုနှင့် ဒေါသထွက်မှုများကို ရောယှက်ပြီး ခံစားနေရသည်။

ဝင်းနား၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ အမှန်ပင်၊ သူတို့ရရှိသော အချက်အလက်သည် ငါးစာမျှသာဖြစ်သည်။ ဟန်ရှောင်း၏ ခန့်မှန်းချက်များက မှန်ကန်နေသည်။ ကြီးမားသော ဆုံးရှုံးမှုများအတွက် သူတို့တွင် အမှန်တကယ် တာဝန်ရှိနေသည်။

ယဲ့ဖန်က ခေါင်းခါပြီး “ရန်သူတွေက ကောက်ကျစ်ပြီး ရက်စက်လွန်းတယ်။ ငါတို့ကို သွေးဆောင်ဖို့ သူတို့ရဲ့ ရဲဘော်ရဲဘက်တွေရဲ့ အသက်ကို စတေးဖို့ ဆန္ဒရှိခဲ့ကြတယ်။ သူတို့ရဲ့ ဇာတ်ကွက်တွေကို ဖောက်ပြီးမြင်နိုင်ဖို့ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာက ဒါဟာ ခံစစ်ဘက်မှာ ရှိနေခြင်းရဲ့ အားသာချက်ပဲ။ ဂျာမီနယ် အဖွဲ့အစည်းက အကုန်လုံး အသုံးချဖို့ ကြောက်မနေဘူး။ ဒါပေမယ့် အဲဒီလို အတိုင်းအတာမျိုးက ကျွန်တော်တို့ဘက်က မဖြစ်နိုင်ပါဘူး။ ကားလ်ရဲ့ လှုပ်ရှားမှုတွေက အစွန်းရောက်လွန်းတယ်။ သူက ဟန်ရှောင်းရဲ့ အကြံကို နားထောင်ခဲ့သင့်တယ်၊ တပ်ဖြန့်မှုတွေနဲ့ ပတ်သက်ပြီး အလောတကြီး မလုပ်ခဲ့သင့်ဘူး။”

သူသည် နောင်တရနေသော အသင်းဖော်များကို ကြည့်ကာ သက်ပြင်းချလိုက်သည်။

ထိုအချိန်တွင် ကားလ်သည် သူ၏စစ်သားများ တယောက်ပြီးတယောက် လဲကျနေသည်ကို တွေ့လိုက်ရသည်။ သူ့၏ အမူအရာမှာ စိတ်မသက်မသာ ဖြစ်နေသည်။ ချောမွေ့သော ရွက်လွှင့်ခြင်းဟု ယူဆရသည့် အခြေအနေသည် ပြောင်းပြန်ဖြစ်သွားသည်။ 'လွယ်ကူသောအနိုင်ရခြင်း' သည် ပြောင်းပြန်ဖြစ်ပြီး၊ ပြီးပြည့်စုံသော ဘေးဥပဒ်ဖြစ်လာသည်။ သူတို့ တိုက်ပွဲတွင် အောင်နိုင်ခဲ့လျှင်တောင် တန်ဖိုးကြီးကြီးပေးရသော အောင်ပွဲတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ထိပ်တိုက်ရှုံးနှိမ့်မှုများနှင့် ရင်ဆိုင်နေရသော ဟက်စ်လာတပ်ဖွဲ့များသည် ကြီးမားသော ဆုံးရှုံးမှုများကို ခံစားနေကြရပြီး ၎င်းတို့၏ ရှေ့သို့ ချီတက်မှုသည် ခရုတစ်ကောင်၏ အရှိန်အဟုန်ဖြင့်သာ ဆက်သွားနေသည်။

ရုတ်တရက်ဆိုသလိုပင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော ရက်စက်ဟန်ရှိသည့် လူတစ်ဦး ရန်သူဘက်မှ ထွက်ပေါ်လာသည်။ သူ့ကို ဝန်းရံထားသည့် အေးစက်ပြီး ထိုးဖောက်မြင်နိုင်သည့် စွမ်းအင်လှိုင်းလုံးများက မီးတောက်များနှင့် ဆင်တူနေသည်။ ဟက်စ်လာစစ်တပ်ဆီသို့ ပြေးသွားစဉ် သူ့ဘေးမှ လေသည် ပုံပျက်သွားသည်။ စစ်သားများသည် ရိုင်ဖယ်သေနတ်များဖြင့် ချက်ချင်း စတင်ပစ်ခတ်သော်လည်း ထိုလူသည် ပြေးသွားကာ ဓားရှည်ကို အလျင်အမြန် ခုတ်ထစ်လိုက်သည်။ ချဉ်းကပ်လာသော ကျည်ဆန်များသည် ခုတ်ချက်ကြောင့် ကွဲသွားကာ မြေပြင်ပေါ်သို့ ကျသွားသည်။

"တိုက်ခိုက်သူ"

စစ်သားတွေက ထိတ်လန့်နေတုန်းမှာပင်၊ ထိုလူက လူအုပ်ထဲကို တိုးဝင်သွားသည်။ စက္ကန့်ပိုင်းအတွင်း၊ တောက်ပြောင်နေသော ဓားရှည်မှ အစွမ်းထက်သော အဆက်မပြတ် ခုတ်ထစ်မှုများသည် ဟက်စ်လာစစ်သားအများအပြားကို အပိုင်းပိုင်း ဖြစ်သွားစေသည်။ နေရာတိုင်းတွင် သွေးများ ပန်းထွက်ကုန်ပြီး ခြေလက်၊ ဦးခေါင်းနှင့် ကျောရိုးများကို မြေပြင်အနှံ့ တွေ့မြင်နိုင်သည်။

ထိုလူသည် နီရဲနေသော သွေးပင်လယ်ကြီး၏ အလယ်တွင် ယုံကြည်ချက်အပြည့်ဖြင့် ရပ်နေ၏။

"ဖန်ခွမ်း"

အေးဂျင့်များ အားလုံး အံ့ဩသွားကြသည်။

ဖန်ခွမ်းသည် ကျီးနက်တောင်ကြား အခြေစိုက်စခန်းတာဝန်ခံနှင့် ဂျာမီနယ် အဖွဲ့အစည်း၏ အမှုဆောင်အရာရှိဖြစ်သည်။ ထို့အပြင်၊ သူသည် စွမ်းအားကြီးမားသော လူများစွာကို သတ်နိုင်ခဲ့ပြီး Dark Net တွင် ကျက်သရေရှိသော တိုက်ပွဲမှတ်တမ်းတစ်ခု ရရှိခဲ့သည်။

Dark Net တွင်ရှိသော သူ၏တိုက်ပွဲမှတ်တမ်းအရ ဖန်ခွမ်းသည် သူ၏ဓားဖြင့် အလွန်ကျွမ်းကျင်သည်။ သူ၏ တိုက်ခိုက်ရေးပုံစံသည် Rui Lan မှ ဆင်းသက်လာပြီး၊ သူ့ကို 'ဓါးဝိဉာဏ်' ဟု လူသိများကြသည်။

သူ၏ တောက်ပသော ဓားရှည်မှ ရောင်ပြန်ဟပ်သော အလင်းရောင်သည် များသောအားဖြင့် သူ၏ ရန်သူများ အသတ်မခံရမီ နောက်ဆုံး မြင်လိုက်ရသောအရာဖြစ်သည်။

သံချပ်ကာယာဉ်သည် ၎င်း၏ အနေအထားကို ပြန်လည်ချိန်ညှိလိုက်သည်။ ဖန်ခွမ်းထံသို့ ပြန်လည်ချိန်ညှိထားသောပြောင်းဝမှ ပိုမိုကြီးမားသော ကျည်ဆန်များဖြင့် ပစ်ခတ်ခဲ့သည်။ ဖန်ခွမ်းသည် မယုံနိုင်လောက်အောင် လျင်မြန်သော လှုပ်ရှားမှုများဖြင့် ခုန်တက်လာပြီး သစ်ပင်များနောက်ကွယ်မှ ခုန်ဆင်းကာ ဝင်လာသော ပစ်ချက်များကို ရှောင်လိုက်သည်။ ဖန်ခွမ်း၏ အနေအထားကို သာမာန် စစ်သည်များက အတိအကျ ခြေရာခံရန် မဖြစ်နိုင်ပေ။ မကြာခဏဆိုသလို၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန်ခွမ်းသည် မည်သည့်သဲလွန်စမှ မရှိဘဲ ပျောက်ကွယ်သွားကာ၊ ပစ်ခတ်လိုက်သော ပစ်ခတ်မှုများအားလုံး လွဲသွားမည်ဖြစ်သည်။

ဖန်ခွမ်းသည် စစ်မြေပြင်တဝိုက်တွင် လွယ်ကူချောမွေ့စွာဖြင့် ကြီးမားသော အတားအဆီးမရှိဘဲ လှုပ်ရှားနိုင်ခဲ့သည်။

ဖန်ခွမ်းသည် အသက်နုတ်ယူနိုင်သော သေမင်းကဲ့သို့ပင် စစ်သားတစ်ဦးကို တစ်ဦးပြီးတစ်ဦး သတ်ခဲ့သည်။ သူသည် သံချပ်ကာကားကြီးနှစ်စီးကို ဖွင့်ပြီး ကားအတွင်းမှ စစ်သားများကို သတ်ပစ်နိုင်ခဲ့သေးသည်။

ကျည်ဆန်များကို ကာကွယ်ပေးနေသည့် အတားအဆီးများ ရှိနေသရွေ့ စူပါလူသားသည် သူ၏ ကျယ်ပြန့်သော စွမ်းအားကို ဖွင့်ထုတ်နိုင်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်။ သူပိုင်ဆိုင်ထားတဲ့ စွမ်းအင်က သူ့ခန္ဓာကိုယ်ကို ကာကွယ်ထားပြီး သာမန်သေနတ်နဲ့ ကျည်ဆန်တွေဟာ သိသာသော ထိခိုက်မှု မဖြစ်စေနိုင်ပေ။

D-class စူပါလူသားသည် တပ်စုတစ်စုအား တစ်ယောက်တည်း တိုက်ခိုက်နိုင်ပြီး တိုက်ပွဲအပြီးတွင် လွယ်ကူစွာ လွတ်မြောက်နိုင်သည်။

C-class စူပါလူသားတွင် ကြီးမားသော ခွန်အားနှင့် သေနတ်များနှင့် အမြောက်များ၏ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိသော သံကိုယ်ထည်ရှိသည်။ ၎င်းတို့သည် မြေမျက်နှာသွင်ပြင်အားလုံးတွင် ကြီးမားသောပျက်စီးမှုကို ဖြစ်စေနိုင်ပြီး အဆောက်အအုံတစ်ခုကို လက်ဗလာဖြင့် အလွယ်တကူ ဖြိုဖျက်နိုင်သည်။ C-class စူပါလူသားသည် ဂလက်ဆီတွင် အနိမ့်ဆုံးအဆင့်ဖြစ်သည်။ ၎င်းတွင် 'Basic Cosmic Warrior' ဟူသော ဂုဏ်ပုဒ်တစ်ခုလည်း ရှိသည်။ နဂါးငွေ့တန်းရှိ မတူညီသောဂြိုဟ်များသည် မတူညီသောဆွဲငင်အားနယ်ပယ်နှင့် လေထုအခြေအနေများရှိသည်။ C-class စူပါလူသားသည် ဂြိုလ်အများစုပေါ်တွင် ခြေချနိုင်မည်ဖြစ်သည်။ ခက်ခဲကြမ်းတမ်းသော ဂလက်ဆီအခြေအနေတွင် နေထိုင်သော အချို့မျိုးစိတ်များအတွက် မွေးကတည်းက C-class စူပါလူသား ခန္ဓာကိုယ်များ ပိုင်ဆိုင်ရန်မှာ ပုံမှန်ပင်ဖြစ်သည်။

သို့သော် ရေပင်လယ်ဂြိုလ်တွင် C-class စူပါလူသား အလွန်နည်းပါးသည်။ ဤကမ္ဘာပေါ်ရှိ Superhuman များသည် အဆင့်နိမ့်သူများ ဖြစ်ကြသည်။

ဖန်ခွမ်း၏ စူပါလူသား class သည် E+ ဖြစ်ပြီး၊ D-class ဖြစ်လာရန် အဆင့်တစ်ခုသာ ကွာဝေးသည်။ သူသည် ရှုပ်ထွေးသော သစ်တောမြေပြင်တွင် ဟက်စ်လာစစ်သားအုပ်စုများကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သည်။ စူပါလူသားသည် အစွမ်းထက်သော တစ်ကိုယ်တော် တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားပြီး ၎င်းတို့သည် တပ်ဖွဲ့များ၏ အဆင့်အမြင့်ဆုံး တပ်မှူးကို သတ်ရန် သို့မဟုတ် ရန်သူ၏ စစ်ဆင်ရေးကို ဖျက်စီးရန် ထိုးဖောက်စိမ့်ဝင်သွားလေ့ရှိသည်။

လမ်းကြောင်းတွင်ရှိနေသော စစ်သားများကို ချီတက်လာသော ဖန်ခွမ်းက သတ်ဖြတ်ခဲ့သည်။ ဖန်ခွမ်းသည် ကားလ်ထံသို့ ဦးတည်သွားနေသည်မှာ ထင်ရှားလှ၏။

ဖန်ခွမ်း၏ သတ်ဖြတ်လိုစိတ်အတွင်း ကျရောက်နေသော ကားလ်သည် အလွန်စိတ်မသက်မသာ ဖြစ်နေ၏။ သူ့တပ်များ တင်းတင်းကြပ်ကြပ် အကာအကွယ် ပေးထားသည့်တိုင် သူ့တွင် လုံခြုံမှုမရှိသလို ခံစားနေရသည်။ သူက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ "အပူခြေရာခံ ဒုံးပျံတွေကို ပစ်လွှတ်လိုက်!"

ဒုံးပစ်လောင်ချာများ တပ်ဆင်ထားသော သံချပ်ကာယာဉ်တစ်စီး ရောက်ရှိလာပြီး ဖန်ခွမ်းပေါ်သို့ အမှတ်အသားပြုထားသော ဒုံးကျည်များစွာကို ပစ်ခတ်ခဲ့သည်။

ဖန်ခွမ်းသည် သစ်တောကို အရှိန်အဟုန်ဖြင့် လှည့်ပတ်နေပြီး ဒုံးကျည်များသည် သစ်ပင်များပေါ်သို့ ကျရောက်သွားသည်။ နောက်ဆုံး ဒုံးပျံသည် သစ်ပင်ပင်စည်များကြားရှိ ကွက်လပ်များကို ဖြတ်ကျော်ကာ ဖန်ခွမ်းသို့ ဦးတည်သွားခဲ့သည်။

တင်းကျပ်စွာ မျက်မှောင်ကြုတ်ရင်း ဖန်ခွမ်းသည် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ သူသည် မြေဆီလွှာတစ်ချို့ကို ကောက်ယူပြီး လက်နှစ်ဖက်ဖြင့် ဓားရှည်ကို ကိုင်ထားသည်။ ဓားသွားတစ်ဝိုက်တွင် မမြင်နိုင်သော စွမ်းအင်လှိုင်းတစ်ခု ရှိနေသည်။ သူက ဒုံးကျည်ကို ဓားဖြင့် ခုတ်လိုက်သည်။

မြန်ဆန်လှသော ခုတ်ချက်သည် ဒုံးကျည်၏ ဘေးဘက်ကို အချိန်ကိုက် ထိမှန်သွားသည်။ တိုက်ခိုက်မှုမှ တွန်းအားသည် ဒုံးကျည်လမ်းကြောင်းကို ပြောင်းလဲစေခဲ့သည်။ ဒုံးပျံသည် မီတာနှစ်ဆယ်အကွာရှိ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ပျက်ကျကာ မီးလောင်ကျွမ်းသွား၏။ ဖန်ခွမ်းသည် ပေါက်ကွဲမှုလှိုင်းကြောင့် အနည်းငယ် စိတ်ရှုပ်သွားသည်။ အကယ်၍ ဟန်ရှောင်းသာရှိနေခဲ့ပါက ထိခိုက်ပျက်စီးမှုသည် သွေးအမှတ်နှစ်ဆယ်ကျော်ရှိသည်ကို သူမြင်လိမ့်မည်။

ဖန်ခွမ်းအတွက် ဒုံးပျံများပင် အသုံးမဝင်ကြောင်း သိရှိပြီးနောက် ကားလ်သည် ၎င်း၏ အေးဂျင့်များကို ကြည့်လိုက်သည်။ သူ့ကိုယ်သူ ကာကွယ်ဖို့ အေးဂျင့်တွေကို အသုံးချရန် ကားလ်ရဲ့ ရည်ရွယ်ချက်က ရှင်းလင်းနေသည်။

"သွားရအောင်" ဝင်းနားက အော်လိုက်ပြီး၊ ဟက်စ်လာ၏ အေးဂျင့်များသည် သူမနှင့်အတူ ရှေ့တက်လာကြသည်။

ဌာန၁၃ မှ အေးဂျင့်များသည် တစ်ဖက်မှ စောင့်ကြည့်နေပါသည်။ ကားလ်၏ လုပ်ဆောင်ချက်များပြီးနောက် ပူးပေါင်းဆောင်ရွက်မှုသည် အဓိပ္ပါယ်မရှိတော့ပေ။ ထို့ကြောင့် သူတို့သည် ကူညီကြမည် မဟုတ်ပေ။

ဟက်စ်လာမှ အေးဂျင့်များသည် တိုက်ပွဲထဲသို့ ဝင်ရောက်လာကြောင်း သိရှိပြီးနောက် ဖန်ခွမ်းသည် ချက်ချင်းပင် သူ၏ဓားကို ပြန်သိမ်းပြီး နောက်ဆုတ်သွားခဲ့သည်။ အေးဂျင့်တွေရဲ့ ဝန်းရံမှုကို သူမခံချင်ပေ။

အေးဂျင့်များ၏ ပစ်ခတ်မှုကြောင့် တောထဲ၌ သေနတ်သံများ ပဲ့တင်ထပ်သွား၏။

တောက်ပသော ဓားရှည်သည် ဝေ့ယမ်းသွား‌နေသည် ။ အလင်းရောင်သည် ဓား၏မျက်နှာပြင်ကို ရောင်ပြန်ဟပ်နေပါသည်။ ဖန်ခွမ်းကို ပစ်ခတ်တဲ့ ကျည်ဆံသည် တစ်ခြမ်း ပြတ်သွား၏။ ဖန်ခွမ်းသည် ကျည်ဆန်ထက် နိမ့်သောအမြန်နှုန်းဖြင့် လှုပ်ရှားနေသော်လည်း ကျည်ဆန်လမ်းကြောင်းကို မှန်းဆနိုင်ခဲ့ပြီး သူ၏ဓားကို ပြီးပြည့်စုံသောနေရာတွင် နေရာချနိုင်ခဲ့သည်။ သူ့တုံ့ပြန်မှုက မြန်ဆန်လှ၏။

ဖန်ခွမ်း သည် ခံစားချက်ကင်းမဲ့စွာပင် လှည့်ထွက်သွားပြီး တောထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

ဤတိုက်ခိုက်မှုတွင်၊ ဖန်ခွမ်းသည် ရာနှင့်ချီသော ရန်သူစစ်သားများကို သတ်နိုင်ခဲ့ပြီး သံချပ်ကာယာဉ်နှစ်စီးကို ဖျက်ဆီးနိုင်ခဲ့သည်။ ဟက်စ်လာ၏ စစ်သည်များ၏ စိတ်ဓာတ်သည် အနိမ့်ဆုံးဖြစ်‌နေသည်။ ၎င်းတို့သည် ပြင်းထန်သော အသေအပျောက်များကို ခံစားခဲ့ရပြီး ယခင် နယ်မြေလေးခုကို တိုက်ခိုက်မှုများမှ ပင်ပန်းနွမ်းနယ်မှုများသည် စတင်‌ပေါ်ထွက်လာသည်။ အခြေအနေက ကားလ် မလုပ်ဆောင်လိုသော်လည်း တိုက်ခိုက်မှုကို အရှိန်လျှော့ရန် တွန်းအားပေးခဲ့သည်။

ကျိကျဲ သည် ရှေ့တန်းမှ အခြေအနေကို စောင့်ကြည့်နေသည်။ ဒုတိယနယ်မြေသည် ရှုံးနိမ့်သွားပြီး ဟက်စ်လာ၏တပ်များသည် နောက်ဆုံးနယ်မြေဆီသို့ ရွေ့လျားလျက်ရှိသည်။ ဟက်စ်လာစစ်တပ်သည် ကြီးစွာသော ဆုံးရှုံးမှုကို ခံစားခဲ့ရသော်လည်း၊ ၎င်းတို့သည် အခြေစိုက်စခန်းရှိ လက်နက်ကိုင်လုံခြုံရေးအစောင့်များကို အထက်စီး ရယူနိုင်နေဆဲဖြစ်သည်။

သို့သော် အရာအားလုံးက ထိန်းချုပ်မှု အောက်၌သာ ရှိ‌နေသည်။

ဖန်ခွမ်း ပြန်ရောက်ပြီးနောက် ကျိကျဲသည် စခန်းသို့ သွားသော တံခါးများကို သော့ခတ်လိုက်သည်။ ရန်သူသည် ပြင်ပအခြေစိုက်စခန်းကို ဖြိုဖျက်နိုင်သော်လည်း အတွင်းပိုင်းအခြေစိုက်စခန်းကို မတွေ့နိုင်ပေ။ ထို့အပြင် ကျိကျဲ သည် အတွင်းပိုင်းအခြေစိုက်စခန်းအပြင်ဘက်ရှိ ဟက်စ်လာ စစ်သားများအား 'လက်ဆောင်ကြီးကြီး' ပေးရန်အတွက်လည်း ပြင်ဆင်နေပါသည်။

"လက်ထောက်ညွှန်ကြားရေးမှူး၊ ဘယ်တော့ပြန်ဆုတ်မှာလဲ"

“အခုပဲ” ဂျီဂျီက ပြောသည်။

အတွင်းပိုင်းစခန်းမှ ဝန်ထမ်းများသည် တတိယလျှို့ဝှက်လမ်း၏ တံခါးဝတွင် စုဝေးနေကြသည်။ လီယောင်နှင့် လမ်းဘတ်တို့သည် ကျန်သူများနှင့် အဝေးဆုံးတွင် ရှိနေသည်။ ဘယ်သူကမှ မကြည့်တဲ့အခါ၊ အရေးကြီးသတင်းများကို အချင်းချင်း အသိပေးနေကြ၏။ မသိသူတွေကတော့ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောနေကြတာလို့ ထင်ကြလိမ့်မည်။

…

ဘုန်း

နောက်ဆုံးခံတပ်ကို တင့်ကားအသေးစား၏ အမြောက်များဖြင့် ဖြိုခွဲခဲ့သည်။ ကျန်လက်နက်ကိုင်အစောင့်များသည် ရွေးချယ်မှုတစ်ခုသာရှိသည် - အခြေစိုက်စခန်းသို့ ဆုတ်ခွာသွားကြသည်။

ကာကွယ်ရေးလိုင်းများအားလုံး ပြိုပျက်သွားပြီး နောက်ဆုံးတွင် ကားလ်သည် ဖိအားများမှ လွတ်မြောက်သွားသည်။

နောက်ဆုံးနယ်မြေနှစ်ခုတွင် မျှော်မှန်းထားသည်ထက် ခုနစ်ဆယ်ရာခိုင်နှုန်း ပိုမိုဆုံးရှုံးခဲ့သည်။ ကားလ်၏အထက်အရာရှိများသည် တိုက်ပွဲအစီရင်ခံစာကို မြင်သောအခါတွင် အထင်ကြီးမှု နည်းပါးလိမ့်မည်မှာ သေချာပါသည်။

“ရန်သူတွေမှာ နောက်ဆုံးအခြေစိုက်စခန်းပဲ ကျန်တော့တယ်၊ သူတို့နောက်ဆုတ်စရာ နေရာမရှိ‌တော့ဘူး။ ငါတို့တပ်တွေကို ခဏလောက်နားခိုင်းမှာလား။" လက်ထောက်အရာရှိက မေးလိုက်သည်။

ကားလ်သည် လေးလေးနက်နက် တွေးတောနေရင်းမှ ဟန်ရှောင်း၏ ထောက်လှမ်းရေးအစီရင်ခံစာကို ရုတ်တရက် သတိရသွားသည်။ ထိုအစီရင်ခံစာတွင် အတွင်းပိုင်းစခန်းနှင့် လျှို့ဝှက်ထွက်ပေါက်လမ်းလည်း ရှိကြောင်း ဖော်ပြခဲ့သည်။ ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ တိုက်ပွဲမှတ်တမ်းကို တိုးတက်အောင်လုပ်ဖို့ အခွင့်အရေးတစ်ခုလို့ ခံစားလိုက်ရသည်။ ရန်သူများ လွတ်မြောက်ရန် အခွင့်အလမ်းကို လျှော့ချရန် တစ်ခဏမျှ မဖြုန်းချင်ပေ။ ထို့ကြောင့် ယုံကြည်မှုပြင်းထန်စွာဖြင့် အမိန့်ထုတ်ပြန်ခဲ့သည်။

“တိုက်ခိုက်မှုကို ချက်ချင်းစတင်ပါ။ အထူးသဖြင့် သိုလှောင်ခန်းတွေကို သေချာ ရှာဖွေဖို့ မမေ့နဲ့။ ရန်သူရဲ့ အတွင်းပိုင်းစခန်းသို့ ဦးတည်သွားတဲ့ လျှို့ဝှက်တံခါးအချို့ရှိရမယ်။”

အမိန့်ကို အတည်ပြုခဲ့ပြီး၊ ယခင်တိုက်ပွဲ၏ ထိတ်လန့်တုန်လှုပ်ခြင်းမှ မသက်သာသေးသော စစ်သည်များသည် ၎င်းတို့၏ စိတ်ဓာတ်များ ပြန်တက်ကြွလာကာ ကျန်ရှိသည့် ရန်သူများကို ချေမှုန်းရန် အခြေစိုက်စခန်းသို့ ဝင်ရောက်ခဲ့ကြသည်။ စခန်းသည် အလွန်သေးငယ်ပြီး ကျဉ်းမြောင်းသော လမ်းကြားများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်ပွဲတစ်လျှောက်လုံး သေနတ်သံများကို အချိန်တိုင်း ကြားနေရ၏။

“ကျွန်မတို့ သိုလှောင်ခန်းကို ရှာတွေ့ပေမယ့် လျှို့ဝှက်တံခါးတွေကို ရှာမတွေ့ပါဘူး။ ခိုင်မာတဲ့ ကွန်ကရစ်နံရံတွေပဲ ရှိတယ်။ နံရံတွေပေါ်မှာလည်း ဖောက်ခွဲရေးပစ္စည်းတွေကို စမ်းသပ်ခဲ့ပါ‌သေးတယ်။"

“ထောက်လှမ်းရေး အစီရင်ခံစာမှာ တစ်ခုခု မှားနေသလား” ကားလ်က မျက်မှောင်ကြုတ်လိုက်သည်။ သူက သူ့လက်ထောက်ကို ဆင့်ခေါ်ပြီး “ဌာန၁၃က အေးဂျင့်တွေကို ဒီကို ခေါ်လာခဲ့။ ဟန်ရှောင်းကို

လည်း ခေါ်လိုက်ပါ။ သူတို့ တင်ပြတဲ့ ထောက်လှမ်းရေး အစီရင်ခံစာနဲ့ ပတ်သက်ပြီး မေးချင်တယ်။”

အခန်း (၈၃) ပြီး၏။

လင်းဆက်

+++++

All Chapters