တကယ့်အစီအစဥ်
Vol. 6 Ch. 87
အခန်း (၈၇) တကယ့်အစီအစဥ်
အစပိုင်းတွင် ဟန်ရှောင်းသည် ဂျာမီနယ်အဖွဲ့အစည်းမှ ယာယီခိုလှုံခွင့်တောင်းရန် ကြယ်နဂါးနိုင်ငံသို့လာခဲ့ပြီး အရည်အချင်းများ တိုးတက်စေရန် ရည်ရွယ်ချက်ရှိခဲ့သည်။ သူသည် သူ၏ အလင်းမျက်နှာဖုံးကို လွတ်မြောက်ရန် နည်းလမ်းအဖြစ် အသုံးပြုရန် ကြံစည်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။
သူ့တွင် အလင်းမျက်နှာဖုံးရှိသည်နှင့် တပြိုင်နက် ဂျာမီနယ်အဖွဲ့အစည်းသည် သူ့ကို ရှာဖွေရန် မဖြစ်နိုင်ပေ။ သူကို ရှာဖွေတွေ့ရှိပြီး ဖမ်းခံရမှာကို စိုးရိမ်နေစရာ မလိုတော့ပေ။ သဘောက သူသွားချင်သည့်နေရာကို သွားနိုင်မယ်လို့ ဆိုလိုခြင်း ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင်ကို ဒေါသထွက်စေမည့် အန္တရာယ်ရှိနေသည့် နေရာတွင် ကန့်သတ်ချုပ်ချယ်ခံပြီး နေထိုင်ရန် မလိုလားပေ။ ထို့အပြင်၊ သူသည် ၎င်း၏ တည်နေရာနှင့် ပတ်သက်၍ ဂျာမီနယ်အဖွဲ့အစည်းကို လှည့်စားနိုင်သည်။ သူတို့၏ အာရုံစူးစိုက်မှု အားလုံး ကြယ်နဂါးနိုင်ငံတွင် ရှိနေခြင်းသည် ဟန်ရှောင်းအတွက်တော့ လုံးဝပျော်စရာ မဟုတ်ပေ။ လုံးဝ လုံးဝကို မဟုတ်ပေ!
ဂျာမီနယ်အဖွဲ့အစည်းကို ချေမှုန်းရန် ကြယ်နဂါးနိုင်ငံ၏ ခွန်အားနှင့် အရင်းအမြစ်များကို ချေးယူလိုလျှင်တောင် အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် သူ့ကိုယ်သူ ထားရန် မလိုအပ်တော့ပေ။ ထုံးစံအတိုင်း၊ ကြယ်နဂါးနိုင်ငံသည် သူ့ကို ဖော်ရွေစွာ ဆက်ဆံနေသော်လည်း သူ့ကို အပြည့်အ၀ မယုံကြည်ထားပေ။ သူတို့သည် သူ၏ဖုန်းတွင် အလွန်ထူးခြားသော GPS တပ်ဆင်ထားသည်ကို အချိန်ကြာမြင့်စွာကပင် ရှာတွေ့ထားပြီးဖြစ်သည်။ နောက်ဆုံးတော့ ထို GPS ကို ဖြုတ်ပစ်ရန် အချိန်တန်လေပြီ။
အချိန်က open beta မတိုင်မီ နောက်ဆုံးသုံးလ ဖြစ်သည်။ ဟန်ရှောင်းအနေဖြင့် လျင်မြန်စွာ အဆင့်တက်ရန်နှင့် အရင်းအမြစ်များ ပိုမိုစုဆောင်းရန် လိုအပ်သည်။ ကမ္ဘာပေါ်တွင် မရေမတွက်နိုင်သော မစ်ရှင်များ ရှိခဲ့ပြီး သူက ထိုအရာအားလုံးကို အလွန်တန်ဖိုးထားခဲ့သည်။
သူသည် ဌာန၁၃တွင် အလုပ်လုပ်စဉ် လုံလောက်သော အရင်းအမြစ်များ စုဆောင်းထားခဲ့သည်။ ယခုအချိန်သည် ရိုးသားဟန်ဆောင်ထားခြင်းကို ဖြုတ်ချပြီး တစ်ကိုယ်တော် ထွက်ခွာရန် အချိန်တန်လေပြီ။
ယခု ကျယ်ပြောလှသော ကမ္ဘာကြီးပေါ်တွင် သူအလိုရှိရာသို့ သွားနိုင်ပြီ ။
သူ့အစီအစဥ်များသည် စေ့စပ်သေချာပြီး နီးနီးကပ်ကပ် ဆက်စပ်နေ၏။
ဟန်ရှောင်း၏ မျက်လုံးထဲတွင် ကြယ်နဂါးနိုင်ငံနှင့် သူ၏ သာယာသောဆက်ဆံရေးသည် သူ့ကို ပိုမိုအားကောင်းလာစေမည့် အလားအလာမရှိသောနေရာတွင် ရှိနေဖို့ ဆွဲဆောင်ရန်မလုံလောက်ပေ။ ထို့အပြင်၊ ၎င်းတို့သည် ဗားရှင်း 2.0 သို့ရောက်ရှိပါက နိုင်ငံခြောက်နိုင်ငံနှင့် ဂျာမီနယ်အဖွဲ့အစည်းသည်ပင် အားလျော့သွားမည်ဖြစ်သည်။
ဤအရာများသည် ယခုအခါ အားကောင်း တည်ငြိမ်ပြီး ပွင့်လင်းစွာနှင့် လျှို့ဝှက်စွာ နည်းလမ်းအမျိုးမျိုးဖြင့် အချင်းချင်း တိုက်ခိုက်နိုင်သည်။ သို့သော်၊ ဂြိုဟ်ကမ္ဘာအဆင့် ဘေးအန္တရာယ်တစ်ခုက ကမ္ဘာကို လွှမ်းမိုးသွားသည့်အခိုက်တွင်၊ ၎င်းတို့၏ တစ်ဦးချင်းအကျိုးစီးပွားများသည် လူ့မှုအဖွဲ့အစည်းတစ်ခုလုံး၏ ရှင်သန်မှုနှင့် နှိုင်းယှဉ်ပါက အဓိပ္ပါယ်မဲ့ဖြစ်နေကြောင်း သူတို့သဘောပေါက်လာမည်ဖြစ်သည်။ သူတို့၏ အနေအထားများသည် ယခုအခါ နေရောင်အောက်တွင် ပျံဝဲနေသော ရောင်စုံပူဖောင်းများကဲ့သို့ပင်— ၎င်းတို့သည် အနည်းငယ် ထိခိုက်ရုံနှင့်ပင် ပေါက်ကွဲသွားနိုင်သည်။
ဗားရှင်း 1.0က မစသေးဘူး။ အဲဒါက လက်တွေ့ဘဝမှာ ခုနစ်လ ကြာမယ်၊ ဒီတော့ ဂိမ်းကစားချိန်ဆိုရင် သုံးနှစ်ခွဲခန့်အထိ ကြာလိမ့်မယ်။ ပြီးတော့၊ Version Update တွေကြားမှာ အချိန်က တစ်နှစ်အထိ ကြာဦးမယ်။ ဆိုလိုတာက ငါက Undead Crisis နဲ့တွေ့ဖို့ ငါးနှစ်လောက် လိုသေးတယ်။
Undead Crisis က ကြီးမားသော ဘေးအန္တရာယ်တစ်ခုပဲ။ အန္တရာယ်အရှိဆုံးနဲ့ ဖရိုဖရဲဖြစ်မယ့် Version 2.0 ရဲ့အစကို ရှောင်လိုက်တာက ပိုကောင်းပါတယ်။ ဆိုလိုတာက ဒီငါးနှစ်အတွင်းမှာ ဒီကမ္ဘာမြေကြီးပေါ်က ငါ့အတွက် အသုံးဝင်တဲ့အရာအားလုံးကို ရှာဖွေဖော်ထုတ်ပြီးနောက် ကမ္ဘာမြေကြီးကနေ ခဏတာ ထွက်ခွာရန် နည်းလမ်းရှာရမယ်လို့ ဆိုလိုတာပဲ။
ဟန်ရှောင်းက လေးလေးနက်နက် တွေးနေမိသည်။
ဂိမ်းမျက်နှာပြင်တွင် ရုတ်တရက် မက်ဆေ့ချ်အသစ်တစ်ခု ပြသလာသည်။
_________________________________
[စခန်းဖျက်စီးခြင်းမစ်ရှင် - ကျီးနက်တောင်ကြားစခန်းကို ဖျက်စီးပါ။] ပြီးစီးမှုနှုန်း ၁၀၀%။ ပံ့ပိုးမှုနှုန်း ၇၂%။ သင်သည် အတွေ့အကြုံအမှတ် ၃၆,၀၀၀ ရရှိခဲ့သည်။
မစ်ရှင် ပြီးဆုံးပါပြီ။
ဟက်စ်လာစစ်တပ်သည် တိုက်ပွဲ ပြီးသွားပုံရသည်။
ဟန်ရှောင်းသည် ရလဒ်အတွက် အတော်လေး ကျေနပ်သွားသည်။ သူသာ ဖန်ခွမ်းနှင့်အဖွဲ့ကို မသတ်ပါက လေးဆယ်မှ ငါးဆယ်ရာခိုင်နှုန်းသာ ပြီးမြောက်နိုင်မည်ဖြစ်သည်။ သူတစ်ယောက်တည်း ထိုးဖောက်စိမ့်ဝင်ပြီး ရန်သူများ၏ လှုပ်ရှားမှုကို တစ်ချိန်လုံး စောင့်ကြည့်နိုင်အောင် အခြေစိုက်စခန်းမှာ သူလျှိုနှစ်ယောက် ထည့်ထားရတာ ထိုက်တန်ပေသည်။ ဤသည်မှာ မြင့်မားသော ပံ့ပိုးမှုနှုန်းနှင့် ဆုကြေးငွေကို ရရှိခဲ့သော အကြောင်းရင်းဖြစ်သည်။
_________________________________
စခန်းဖျက်စီးခြင်းမစ်ရှင် [ကျီးနက်တောင်ကြားစခန်း] ပြီးဆုံးပါပြီ။
သင်သည် အောက်ပါတို့ကို ပြီးမြောက်ခဲ့သည် -
– [ကင်းထောက်ခြင်း ၁]
– [ကင်းထောက်ခြင်း ၂]
- [ကျီးနက်တောင်ကြား တောတွင်းလုပ်ကြံသူ]
– [တိုက်ရိုက်တိုက်ခိုက်ခြင်း]
– [လုပ်ကြံသတ်ဖြတ်ခြင်း ၂]
– [လုပ်ကြံသတ်ဖြတ်ခြင်း ၃]
- [ကျီးနက်တောင်ကြားစခန်းကို ဖျက်စီးပါ။]
မစ်ရှင် အချက်အလက်များကို တွက်ချက်နေသည်… တွက်ချက်မှုပြီးပါပြီ။ စွမ်းဆောင်ရည် အဆင့်သတ်မှတ်ချက်- အလွန်ကောင်းမွန်သည်။
ကြယ်နဂါးနိုင်ငံ မဟာဗျူဟာကာကွယ်ရေးဌာနနှင့် ဂုဏ်သတင်း သည် ၁,၁၂၀ တိုးလာသည်။ လက်ရှိဆက်ဆံရေး- ရင်းနှီးခြင်း (၁၃၇၀/၃၀၀၀၀)
ဂျာမီနယ်အဖွဲ့အစည်းနှင့် ဂုဏ်သတင်းသည် ၅၀၀ လျော့ကျသွားသည်။ လက်ရှိဆက်ဆံရေး - မုန်းတီးခြင်း (-၁၅၀၀/၃၀၀၀)
သင်သည် အလွန်ကောင်းမွန်သော စွမ်းဆောင်ရည် အဆင့်သတ်မှတ်ချက်ကို ရရှိခဲ့သည်- နောက်ထပ် ၅၀% အတွေ့အကြုံအမှတ် (၁၈,၀၀၀)၊ ကျပန်းဆု x၁။
ကျပန်းဆုအမျိုးအစားကို ဆုံးဖြတ်နေပါသည်...
ကျပန်းဆု ဆုလာဘ်ရှိတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ ဒီတစ်ခါတော့ တော်တော်ကံကောင်းပုံရတယ်။ ဟန်ရှောင်း ဝမ်းသာသွားသည်။ အကြီးစားမစ်ရှင်များနှင့် စီးရီးမစ်ရှင်များသည် ပြီးမြောက်ချိန်တွင် စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်မည်ဖြစ်သည်။ ကျပန်းဆုတစ်ခုအတွက် အလွန်ကောင်းမွန်သော အဆင့်သတ်မှတ်ခြင်း၏ ဖြစ်နိုင်ခြေမှာ သုံးဆယ်ရာခိုင်နှုန်းသာရှိသောကြောင့် ၎င်းသည် အဆန်းမဟုတ်ပေ။ စနစ်သည် ကစားသမားက မည်သည့်ကျပန်းဆုအမျိုးအစားကို ရရှိမည်ကို ဦးစွာဆုံးဖြတ်သည်- ၎င်းသည် အတွေ့အကြုံအမှတ်၊ စက်ကိရိယာ၊ စကေး၊ အမှတ်များ သို့မဟုတ် စွမ်းရည်အမှတ်များကဲ့သို့ မည်သည့်အရာမဆို ဖြစ်နိုင်သည်။ ထို့နောက် ကစားသမားသည် ဆုကြေးအောက်ရှိ ရွေးချယ်မှုများကို ရွေးချယ်နိုင်မည်ဖြစ်သည်။
_________________________________
သင်သည် ကျပန်းဆုအမျိုးအစားကို ရရှိခဲ့သည်- [မွေးရာပါစွမ်းရည်]
ကျပန်းလုပ်ဆောင်နေသည်… ကျပန်းပြုလုပ်ခြင်း ပြီးပါပြီ။ ကျေးဇူးပြု၍ အောက်ပါတို့မှ ရွေးချယ်မှုတစ်ခုကို ရွေးချယ်ပါ-
- အားဖြည့်ကိုယ်ထည်- သွေးအမှတ် +၄၀၀၊ ပုံမှန်မဟုတ်သော ခုခံမှု+၄%
- လျင်မြန်သော အရှိန်အဟုန် - သွက်လက်မှု +၆၊ တိုက်ခိုက်မှု အမြန်နှုန်း + ၅%
- ခိုင်မာသောဝိညာဉ်တော် - လျှို့ဝှက်ဆန်းကြယ်မှု +၅၊ စိတ်စွမ်းအားခုခံမှု +၈%
ဟန်ရှောင်းက သူ့မေးစေ့ကို ကိုင်လိုက်ပြီး စတင်စဉ်းစားနေသည်။
စွမ်းရည် သုံးခုစလုံးသည် အလယ်အလတ် အကျိုးသက်ရောက်မှုများ ရှိသည်။ [အားဖြည့်ကိုယ်ထည်] ကျန်းမာရေးအမှတ်များ တိုးလာသောကြောင့် အမာခံကစားသမားများအတွက် ပိုမိုသင့်လျော်သည်။ ပုံမှန်အားဖြင့်၊ သူသည် တာဝေးပစ်တိုက်ခိုက်မှုများကို အသုံးပြုပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန် သံလိုက်ဝတ်စုံတစ်ခု ရှိနေသေးသောကြောင့် ယခုအချိန်တွင် နောက်ထပ် သွေးအမှတ် မလိုအပ်တော့ပေ။
[လျင်မြန်သော အရှိန်အဟုန်] က ကောင်းမွန်ပုံရသည်။ လျင်မြန်မှု၊ တိကျမှု၊ အရေးပါမှုနှုန်းနှင့် ရွေ့လျားမှုအမြန်နှုန်း စသည်တို့အပါအဝင် တာဝေးပစ်တိုက်ခိုက်မှုများ၏ မတူညီသော ရှုထောင့်များစွာကို သက်ရောက်မှု ရှိစေသည်။ ဤစွမ်းရည်သည် သူ၏ တိုက်ခိုက်မှုပြင်းအားကို ရှစ်ရာခိုင်နှုန်းမှ ဆယ်ရာခိုင်နှုန်းအထိ တိုးလာစေနိုင်သည်။
[ခိုင်မာသောဝိညာဉ်] သည် Mages မှော်ဆရာ နှင့် Psychics စိတ်စွမ်းအားရှင် အတွက်သာအသုံးဝင်သည်။
ထို့ကြောင့် ဟန်ရှောင်းသည် [လျင်မြန်သော အရှိန်အဟုန်] ကို ရွေးချယ်ခဲ့သည်။
_________________________________
သင်သည် မွေးရာပါစွမ်းရည် [လျင်မြန်သော အရှိန်အဟုန်] ကို ရရှိခဲ့သည်။
ဟန်ရှောင်းက ဂိမ်းမျက်နှာပြင်ကို ကြည့်လိုက်သည်။ သူ့တွင် အဆင့်တက်ခြင်းမှ ရရှိသော မသတ်မှတ်ရသေးသော အမှတ် ၁၂ မှတ် ရှိသေးသည်။ ထို့နောက် ၎င်းတို့အားလုံးကို ဉာဏ်ရည်အမှတ်တွင် ထည့်သွင်းလိုက်သည်။ သူ၏ ဉာဏ်ရည်အမှတ်သည် ယခုအခါတွင် ၎င်း၏ အမြင့်ဆုံးစာရင်းတွင် ၈၈ မှတ်ဖြင့် ရပ်တည်နေသည်။
A-class စနစ်၏တောင်းဆိုမှု [ဂျာမီနယ်အဖွဲ့အစည်း ကျဆင်းခြင်း] တွင် ၁.၈% တိုးလာသည်။ ယခုအချိန်တွင် သိသိသာသာ တိုးလာပုံမပေါ်သော်လည်း အနာဂတ်တွင် အလားအလာကောင်းများ ရှိပြီး —အနည်းဆုံး ဆယ်ရာခိုင်နှုန်းမှ ဆယ့်ငါးရာခိုင်နှုန်းအထိ ပိုကြီးလာမည်ကို ဟန်ရှောင်း သိထားသည်။ အဘယ်ကြောင့်ဆိုသော် ကျီးနက်တောင်ကြားစခန်းသည် ဂျာမီနယ်အဖွဲ့အစည်းသို့ ဝင်ရောက်ရန် အနာဂတ်ကစားသမားများအတွက် အနီးဆုံး ဆက်သွယ်ရမည့်နေရာ ဖြစ်သည်။ ထိုနေရာမရှိလျှင် 'အစစ်အမှန်' ကစားသမားတော်တော်များများက သူတို့အတွက် ပိုနီးပြီး ပိုအဆင်ပြေတဲ့ စခန်းတစ်ခုထဲကို ဝင်ကြလိမ့်မည်။ ၎င်းသည် မဝေးတော့သောအနာဂတ်တွင် ဂျာမီနယ်အဖွဲ့အစည်း၏ တိုးချဲ့မှုနှုန်းကို များစွာထိန်းချုပ်နိုင်မည်ဖြစ်သည်။
ဂျာမီနယ်၏ အကြီးအကဲသည် ဤစခန်း၏ အရေးပါပုံကို နားမလည်သေးပေ။ သာမာန် ကြီးမားသော အခြေစိုက်စခန်းတစ်ခု ဆုံးရှုံးလိုက်ရခြင်းကြောင့်သာ တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။
ဟန်ရှောင်းဆီမှ သတင်းများသည် အခြားသော အင်အားကြီးများက ဂျာမီနယ်အဖွဲ့အစည်းကို တိုက်ခိုက်ရန် အခွင့်အရေးပေးခဲ့သည်။ ထိုသို့သောဖြစ်ရပ်များမှ ရရှိသော မစ်ရှင်တိုးတက်မှုသည် ပံ့ပိုးမှုနှုန်းအဆင့် တွက်ချက်မှုအပေါ် အခြေခံ၍ သူကိုယ်တိုင် တိုက်ရိုက်ချေမှုန်းခြင်းထက် နည်းပါသည်။ သို့သော် သူသည် အဖွဲ့အစည်းကို တစ်ယောက်တည်း တိုက်ခိုက်နေပါက၊ သူကိုင်တွယ်နိုင်သည့် တစ်ဦးချင်း ပျက်စီးမှုသည် အဖွဲ့အစည်း၏ တိုးချဲ့မှုနှုန်းကို အမီလိုက်ရန် မလုံလောက်ပါ။ သဘာဝအားဖြင့်၊ သူ၏ အကောင်းဆုံးရွေးချယ်မှုမှာ အဖွဲ့အစည်းကိုထိခိုက်စေနိုင်သော သတင်းအချက်အလက်များကို အစုလိုက်အပြုံလိုက် ဖြန့်ဝေရန်ဖြစ်သည်။
စခန်းဖျက်စီးခြင်းမစ်ရှင်အတွက် လိုအပ်သည့် အနိမ့်ဆုံး တိုးတက်မှုမှာ ၂၀%သာဖြစ်သည်။ အခြားမစ်ရှင်များ ဆုံးရှုံးသွားမည်စိုး၍ ပြီးပြည့်စုံသည်အထိ လိုက်လုပ်ရန်မလိုပေ။
အခုက သတင်းပေးတဲ့နည်းလမ်းကို ပြောင်းရမယ့်အချိန်ပဲ။ ဟန်ရှောင်း မျက်မှောင်ကြုတ်လိုက်သည်။
မစ်ရှင်ပြီးသည့်နောက်၊ သူ့အနေဖြင့် အခြားအရေးကြီး ကိစ္စများ လုပ်ရန်အချိန်ကျလာ၏။
ဟန်ရှောင်းက ရေဒီယိုဖွင့်လိုက်ပြီး လီယောင်နှင့် စကားပြောလိုက်သည်။
"အခြေအနေ ဘယ်လိုလဲ။"
"အစ်ကိုရှောင်း၊ ဟက်စ်လာစစ်တပ်က ထောက်ပံ့ရေးပစ္စည်းတွေအကုန်လုံး သိမ်းယူလိုက်ပြီ။ သူတို့က ဒေါ်မန်အပါအဝင် စခန်းက လူအယောက်ရာကျော်ကိုလည်း ဖမ်းဆီးထားတယ်။ ကံဆိုးတာက ဒါရိုက်တာ ၂ယောက်ဖြစ်တဲ့ ဖန်ခွမ်းနဲ့ ကျိကျဲတို့ ထွက်ပြေးသွားပြီ။”
“စစ်တပ်က အခု ဘယ်နေရာမှာလဲ။”
“သူတို့ စစ်မြေပြင်ကို ရှင်းလင်းနေကြတုန်းပဲ။ သူတို့ နက်ဖြန်လောက်ဆို နယ်စပ်ကို ပြန်ဆုတ်နိုင်တယ်။”
“အိုကေ။ သတင်းရရှိပါပြီ။”
...
ဟက်စ်လာစစ်တပ်သည် စစ်မြေပြင်ကို ရှင်းလင်းပြီးနောက်၊ စခန်းချပြီး နောက်တစ်နေ့တွင် ဆုတ်ခွာရန် ပြင်ဆင်ကြသည်။
လီယောင်နှင့် လမ်းဘတ်တို့သည် ကျန်သူများနှင့် တွေ့ဆုံကြပြီး၊ ဌာန၁၃အေးဂျင့်များသည် အရေးကြီးသော သတင်းများ ရရှိအောင် လုပ်ဆောင်မှုအတွက် သူတို့ကို ချီးမွမ်းရန် စုရုံးခဲ့ကြသည်။
“အေးဂျင့်တွေရဲ့ မျိုးဆက်သစ်တွေက သိပ်ကို အရည်အချင်းရှိတယ်” ဟု မာချင်းယန်က မှတ်ချက်ပေးသည်။
"ရှောင်လင်းလင်း၊ မင်းရဲ့ အသင်းဖော်တွေက အရမ်းကောင်းတဲ့အလုပ်တွေ လုပ်ခဲ့တာပဲ" တိစုစု ကပြော၏။
ကျန်တဲ့သူတွေက အော်ဟစ်ကြတယ်။ “တကယ်ကို ချီးကျူးစရာပါ။”
“အစ်ကိုရှောင်းပေးတဲ့ လမ်းညွှန်ချက်အတိုင်း ငါတို့ လုပ်ခဲ့တာပါ။” လီယောင်သည် ချီးကျူးစကားကြောင့် အနည်းငယ် နေထိုင်ရခက်နေသည်။
ဌာန၁၃မှ အေးဂျင့်များက အသိအမှတ်ပြုမှု အားလုံးကို ခံထိုက်သူမှာ ဟန်ရှောင်းဖြစ်ကြောင်း သဘောပေါက်သွားကြသည်။
ချီပိုင်ကျားသည် ဟန်ရှောင်း၏ ပံ့ပိုးကူညီမှုကို သေသေချာချာ ချီးကျူးရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဟန်ရှောင်း ပြန်မလာသေးကြောင်း သူသိသွားသည်သည်။
"ဟေး၊ သူဘယ်မှာလဲ"
"သူဟာ တစ်ခုခုကြောင့် နှောင့်နှေးနေတာဖြစ်လိမ့်မယ်"
ကောင်းကင်ကြီး မှောင်မိုက်လာသည်နှင့်အမျှ ဟန်ရှောင်ကို မည်သည့်နေရာတွင်မှ မတွေ့မြင်ရသေးပေ။
"သူဘယ်လိုလုပ် ပြန်မလာသေးတာလဲ" လီယာလင်း အံ့ဩသွားသဖြင့် လီယောင်အား ဟန်ရှောင်ထံ ဆက်သွယ်ခိုင်းရန် တိုက်တွန်းလိုက်သည်။
"ကျွန်တော် သူနဲ့ အကြိမ် လေးဆယ်ကျော် ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် သူပြန်မဖြေသေးဘူး။" လီယောင် ဘာလုပ်ရမှန်း မသိတော့ပေ။
မနက်လင်းချိန်သို့ ရောက်လာ၏။ ဟက်စ်လာစစ်တပ်သည် နယ်စပ်သို့ ပြန်သွားရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သော်လည်း ဟန်ရှောင်းမှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ဌာန၁၃မှ အေးဂျင့်များသည် ထိုသို့သော ထူးဆန်းသော အဖြစ်အပျက်တစ်ခုအတွက် ဖြစ်နိုင်ချေများကို တွေးတောလာကြသည်။
ကျန်းဝေတွင် ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။ "ဟန်ရှောင်းက နယ်စပ်ကို ပြန်ရောက်နေပြီဆိုတာ ဖြစ်နိုင်ပါ့မလား"
“ဒါက ဖြစ်နိုင်တယ်။ ဟန်ရှောင်းက သူ့ဘာသာသူ အမြဲတမ်း လှုပ်ရှားတယ်။ အခု သူတို့နဲ့တွေ့ဖို့ မလိုအပ်ဘူးလို့ သူထင်နေနိုင်တယ်။” လူတိုင်းက ဒီဖြစ်နိုင်ခြေကို တွေးတောနေကြ၏။
အေးဂျင့်များအားလုံးသည် ဤစိုးရိမ်ပူပန်မှုများ စိတ်ထဲမှာ စွဲနေချိန်တွင် စစ်တပ်နောက်သို့ လိုက်သွားကြသည်။
…
ဟက်စ်လာတပ်ဖွဲ့များသည် စိတ်အေးလက်အေးနှင့် အပြန်လမ်းတွင် စည်းကမ်းမဲ့နေပုံရသည်။
တပ်ဖွဲ့များအလယ်တွင် ကာနယ်ကားလ်သည် အမိန့်ပေးယာဉ်တွင် ထိုင်နေပါသည်။ အလွန်ဆိုးရွားသော ပြဿနာတစ်ရပ်ကို တွေးတောနေပါသည်။
ဒီမစ်ရှင်မှာ သူ့မှာ ထူးထူးခြားခြား စွမ်းဆောင်မှု မရှိခဲ့ပေ။ ယင်းအစား၊ သူသည် ၎င်း၏ဆုံးဖြတ်ချက်တွင် အရေးကြီးသောအမှားတစ်ခုပြုလုပ်ခဲ့ပြီး မလိုအပ်ဘဲ သေဆုံးမှုများဖြစ်ပေါ်ခဲ့သည်။ ဤသည်မှာ သူ၏စွမ်းရည်ကို နိမ့်ကျသည်ဟု အထက်လူကြီးများမှ အကဲဖြတ်ခြင်းကို ဦးတည်သွားစေသည်မှာ သေချာသည်။
ဤတိုက်ခိုက်မှုအတွက် အကျိုးကျေးဇူးများ ပိုမိုရရှိရန် ဤမစ်ရှင်တွင် သူ၏ အရေးပါမှုကို မြှင့်တင်ရမည် ဖြစ်သည်။
ဌာန၁၃ရဲ့ ပံ့ပိုးမှုကိုသာ ငါ့မှတ်တမ်းအနေနဲ့ ယူနိုင်ရင်...
ကားလ် အကြံတစ်ခု ရသွား၏။ ဟန်ရှောင်းက သူ၏အသင်းဖော်နှစ်ဦးအား အရေးကြီးသတင်းရခဲ့သည့် အခြေစိုက်စခန်းတွင် သူလျှိုလုပ်ဖို့ ခေါ်သွားရန်အတွက် သူက ဟန်ရှောင်းအား ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ရေးသားနိုင်သည်။ ဤအခြေအနေတွင်၊ ကွပ်ကဲရေးမှူးအဖြစ် သူ၏ အရေးပါမှုသည် အလွန်မြင့်မားလာမည်ဖြစ်သည်။
ဒီလိုလုပ်လို့ရတယ်။
ဌာန၁၃သည် စစ်ဆင်ရေးပြီးဆုံးသည်နှင့် ထွက်ခွာမည်ဖြစ်သည်။ သူတို့က ဟက်စ်လာဆီကိုလာပြီး ငါ့ကို ဖော်ထုတ်ဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့၊ အထက်အရာရှိတွေဆီသွားမယ့် ငါ့ရဲ့ အစီရင်ခံစာကို အခြားသူတွေဆီက လျှို့ဝှက်ထားမှာပဲလေ။
ရုတ်တရက် ယာဉ်အပြင်ဘက်မှ ရုန်းရင်းဆန်ခတ် ထွက်ပေါ်လာပြီး တပ်များ ရပ်တန့်သွားသည်ကို ကားလ်က သတိထားမိလိုက်သည်။
“ဗိုလ်ကြီး၊ ငါတို့ရှေ့မှာ အလောင်းနှစ်လောင်းရှိတယ်။ သူတို့က ဖန်ခွမ်းနဲ့ ကျိကျဲတို့ ဖြစ်ပုံရတယ်။”
ကားလ် အံ့အားသင့်သွားသည်။ အလောင်းများကို စစ်ဆေးရန် ကားပေါ်မှ အမြန်ဆင်းလိုက်သည်။ တကယ်ပင် စခန်း၏ ဒါရိုက်တာ နှစ်ယောက်ပင်။
တပ်ဖွဲ့ဝင်များ အံ့ဩသွားကာ စကားစမြည်ပြောဆိုကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ဤဒါရိုက်တာနှစ်ဦးသည် မည်မျှအားကောင်းသည်ကို မှတ်မိကြသော်လည်း ဤကဲ့သို့ အသတ်ခံလိုက်ရသည်။
"ဒါဘယ်သူလုပ်တာလဲ! အလောင်းတွေကို ဘယ်သူက ဒီမှာ ထားခဲ့တာလဲ။” ကားလ်က အော်တယ်။
တပ်ဖွဲ့များ အချင်းချင်းကြည့်ရင်း ဘယ်သူမှ အဖြေမရခဲ့ဘူး။ သူတို့က အလောင်းတွေကို အခုပဲ တွေ့ခဲ့ကြတာ ဖြစ်သည်။
ဌာန၁၃သည် အခင်းဖြစ်ပွားရာနေရာသို့ မကြာမီ ရောက်ရှိလာ၏။ သူတို့သည် အလွန်အံ့အားသင့်နေကြသည်။
"ဒါက ဟန်ရှောင်းလုပ်တာပဲဖြစ်ရမယ်။"
"သူတကယ်အောင်မြင်ခဲ့တာ မယုံနိုင်စရာပဲ!"
“ဒါပေမယ့် အလောင်းတွေကို ဘာလို့ လမ်းမှာ ထားတာလဲ။ ဒါက ဟက်စ်လာကို အခမဲ့ ဂုဏ်ယူခွင့်ပေးနေတာပဲ။”
ကားလ်သည် အလွန် ရွှင်မြူးနေ၏။ သူ့အနေဖြင့် ဒါရိုက်တာတွေကို သတ်လိုက်တာဆိုပြီး နာမည်ကောင်းယူလို့ ရလေပြီ။ အလောင်းများကို ထုပ်ပိုးပြီး စခန်းသို့ပြန်ပို့ရန် သူ၏တပ်များကို အမိန့်ပေးလိုက်သည်။
တပ်ဖွဲ့ဝင်များ ရုပ်အလောင်းများကို ရွှေ့ပြောင်းစဉ် မြေမြှုပ်မိုင်း အသက်ဝင်လာသည့် အသံများ ကြားလိုက်ရ၏။
တပ်ဖွဲ့ဝင်များသည် ထိတ်လန့်တုန်လှုပ်သွားကာ နေရာအနှံ့သို့ လျင်မြန်စွာ ခုန်ဆင်းသွားကြသည်။
ကားလ်လည်း အထိတ်တလန့်ဖြစ်သွားသည်။ သူ့မှာ မြေကြီးပေါ် လှဲချဖို့သာ အချိန် ရှိတော့သည်။
သို့သော် စက္ကန့်ပိုင်းမျှကြာပြီးနောက် ပေါက်ကွဲခြင်းမရှိခဲ့ပေ။ ရဲရင့်သော စစ်သည်တစ်ဦး မတ်တပ်ထရပ်ကာ မြေမြှုပ်မိုင်းများကို တူးဖော်ရန် သွားသည်။ သူ့လက်ထဲတွင် ချိန်ဆကြည့်ပြီးနောက် အရမ်းပေါ့ပါးနေကြောင်း သတိပြုမိလိုက်သည်။
“ဒါက တကယ့် မိုင်းမဟုတ်ဘူး။ သူတို့အားလုံး အလွတ်တွေချည်းပဲ။”
နောက်ပြောင်မှုကြောင့် တပ်သားများ ဒေါသဖြစ်သွားကြသည်။
“ဒါက ရယ်စရာတော့ မဟုတ်ဘူး”
"ဘယ်လို ဆိုးရွားတဲ့ လုပ်ရပ်လဲ!"
"ငါ ဘောင်းဘီထဲ သေးထွက်သွားပြီ!"
ဌာန၁၃မှ အေးဂျင့်များမှာ သူတို့၏ မျက်နှာတွင် ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေကြသည်— သူတို့ မြင်လိုက်ရတာကို ရယ်ရမလားပင် မသိတော့။
"ဒါက ဟန်ရှောင်းလုပ်နေကျ ပုံစံမျိုးပဲ" လီယာလင်းက တိုးတိုးလေးပြောသည်။
ကားလ်သည် စိတ်ရှုပ်နေသော မျက်နှာဖြင့် မတ်တပ်ထရပ်လိုက်သည်။ သူ၏ သန့်ရှင်းပြီး သပ်ရပ်သော အရာရှိဝတ်စုံသည် ယခုအခါ ရွှံ့နှင့် မြက်ပင်များဖြင့် ပေကျံနေ၏။
သူ အခု ဒေါသဖြစ်နေသည်။ ဒါက ဟန်ရှောင်းလုပ်မှန်း သူသိသည်။ သူ့ကို ဒီလို နောက်ပြောင်ချင်တာ။
"ဘယ်လို ကလေးဆန်တဲ့ ကစားနည်းလဲ!" ဒေါသတကြီးနဲ့ပြောလိုက်သည်။
ဒိုင်း!
အဝေးမှ သေနတ်သံသဲ့သဲ့ ကြားလိုက်ရ၏။
ကျည်ဆန်သည် ကားလ်၏ နားထင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး သူ၏ခေါင်းမှ သွေးများ ထွက်ကျလာသည်။
ကားလ်၏ မျက်လုံးများသည် ပြူးကျယ်နေဆဲပင်။ ဖြစ်ပျက်သွားသည့်အရာများကို သူ နားမလည်နိုင်ဘဲ လုံး၀ မသိလိုက်မိပေ။ သူ့မျက်လုံးများသည် အသက်ကို တောင့်တမှုနှင့် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူ့ခန္ဓာကိုယ် တုန်လှုပ်သွားပြီး ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။
မကြာသေးမီက သူသည် သူ၏ စစ်ပွဲအောင်မြင်မှုနှင့် သူ၏တောက်ပသောအနာဂတ်ကို အိပ်မက်မက်နေခဲ့သည်။ မစ်ရှင်အောင်မြင်မှုအတွက် ဂုဏ်ပြုမှတ်တမ်းယူရန် ပြန်လာရာလမ်းတွင် သူအသတ်ခံရသည်မှာ မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။
ယခုအချိန်တွင် ဌာန၁၃မှ အေးဂျင့်များနှင့် တပ်ဖွဲ့ဝင်များ အပါအဝင် အားလုံး အံ့အားသင့်သွားကြသည်။
သူတို့မျက်စိရှေ့မှာ ဖြစ်ပျက်ခဲ့တာတွေကို မယုံနိုင်ခဲ့ကြပေ။
....
အဝေးက ချောက်ကမ်းပါးထိပ်မှာ ဟန်ရှောင်းက စနိုက်ပါသမားမှန်ပြောင်းမှ သူ၏ခေါင်းကို မော့ကြည့်လိုက်တယ်။ သူက အေးအေးဆေးဆေး ကြည့်နေ၏။
သင်ပြုသောကံ သင့်ထံပြန်လာလိမ့်မည်။
အခန်း (၈၇) ပြီး၏။
လင်းဆက်
+++++